Thursday, October 10, 2013

သားသမီးများအကြောင်း

October 8, 2013 at 9:13pm


လူ့ဘဝဇာတ်ခုံကြီးမှာ လူတိုင်းလူတိုင်းဟာ သားသမီးဇာတ်ဆောင်ဘဝကို ဖြတ်သန်းခဲ့ဘူးကြပါတယ်။
မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များဟာ မြန်မာဗုဒ္ဓဘာသာ တရားဥပဒေ (မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ) နဲ့ သက်ဆိုင်တယ်။ ဥပဒေမှာပါတဲ့ သားသမီးများရဲ့ အခွင့်အရေးနဲ့ တာဝန်ပြဋ္ဌာန်းချက်ကို တင်ပြပါမယ်။


သားသမီးအမျိုးမျိုး
ကင်းဝန်မင်းကြီး ဦးကောင်းရေးတဲ့ ဓမ္မသတ်နဲ့ မနုကျယ်ဓမ္မသတ်တို့မှာ မိဘအမွေ ဆက်ခံထိုက်တဲ့ သားသမီး (၆) မျိုး၊ အမွေမခံထိုက်တဲ့ သားသမီး (၆)မျိုး ဖော်ပြထားတယ်။

မိဘအမွေဆက်ခံထိုက်တဲ့သားသမီး (၆)မျိုး
၁။ သြရသ (ရင်၌ဖြစ်သော သားသမီး)
၂။ ကိတ္ထိမ (အမွေခံအဖြစ် အထင်အရှား မွေးစားသော သားသမီး)
၃။ အပတိဋ္ဌ (ကောက်၍မွေးစားသော သားသမီး)
၎။ ပုဗ္ဗက (လင်ပါ၊ မယားပါ အထက်ပါ သားသမီး)
၅။ ဟေဋ္ဌိမ (အမြှောင်မယားနှင့်ရသော သားသမီး)
၆။ ခေတ္တဇ (ကျွန်မနှင့်ရသော သားသမီး)

မိဘအမွေမဆက်ခံထိုက်တဲ့ သားသမီး (၆)မျိုး
၁။ သွာနုတ္တ (မိဘစကားနားမထောင်၊ ခွေးနှင့်တူသော သားသမီး)
၂။ ဒိန္ဒက (သူတပါးက ပေး၍ရသော သားသမီး)
၃။ သဟေတ (ဝယ်၍ရသော သားသမီး)
၎။ ပုနာနုဗ္ဗဝ (မိမိမယား သူတစ်ပါးနှင့်ရ၍ မွေးလာသော သားသမီး)
၅။ ကိဋ္ဌိတ (အပျော်အပါးလိုက်စား မြူးတူးရာမှရသော သားသမီး)
၆။ ဆာတဘတ္တ (ဆာ၍ငတ်၍ မှီခိုလာသော သားသမီး)

ဒီသားသမီး (၁၂)မျိုးထဲက အတွေ့ရနည်းတဲ့၊ ခေတ်သိပ်မစားတော့တဲ့ သားသမီးတွေအကြောင်း မတင်ပြတော့ပါ။

ဘယ်အခါ အမွေရနိုင်သလဲ
(က) မိဘနှစ်ပါးစလုံးသေပြီးနောက်မှ သားသမီးများ အမွေဆက်ခံရရှိတယ်။ မိဘတစ်ပါးပါးသေရုံနဲ့ အမွေမရနိုင်သေးဘူး။ သွားမတောင်းပါနဲ့။
(ခ) မိဘတစ်ပါးပါးသေရင် သြရသသားသမီး ကျန်ရစ်ရင် သြရသက မိဘအမွေ (၄) ပုံ (၁) ပုံတောင်းနိုင်တယ်။
(ဂ) မိဘတစ်ပါးပါးသေပြီး ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုရင် သားသမီးအားလုံး စုပေါင်းပြီး အမွေထက်ဝက် တောင်းနိုင်တယ်။ (တစ်ဦးတည်းသော သားသမီး)ကျန်ရင် အမွေထက်ဝက် တောင်းနိုင်တယ်။
(ဃ) အမွေရှင်သေတာနဲ့ တပြိုင်နက် အမွေဆိုင်သားသမီးများဟာ အမွေရပိုင်ခွင့်ရရှိပြီး မိမိရဲ့ အမွေဝေစု မည်၍မည်မျှ ရသည်ကို အတိအကျ သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်တယ်။ အမွေကို ရပ်ဆိုင်းလို့၊ ရုတ်သိမ်းလို့ မရဘူး။
(င) အမွေရှင်မိဘများက မိမိပစ္စည်းကို သေတမ်းစာနဲ့ စီမံခန့်ခွဲခြင်း မပြုနိုင်ဘူး။ (သေတမ်းစာရေးပြီး ပေးခွင့်မရှိဘူး)
(စ) သေခါနီးဆဲဆဲ ပေးကမ်းခဲ့ရင် ပျက်ပြယ်တယ်။
(ဆ) အမွေရှင်က အမွေစား အမွေခံတစ်ဦးဦးကိုဖြစ်စေ၊ သူစိမ်းကိုဖြစ်စေ၊ အမွေအားလုံးပေးကမ်းခဲ့ရင် ပျက်ပြယ်တယ်။
(ဇ) သားသမီးတစ်ဦးဟာ ကိုယ်အင်္ဂါချို့ ယွင်းစေကာမူ စိတ်ပေါ့သွပ်စေကာမူ၊ အမွေအပြည့်အဝရတယ်။
(ဈ) မိဘသဘောမတူတဲ့သူနဲ့ လင်နောက်လိုက်ပြေးတဲ့ သမီး (သို့မဟုတ်) (ကိတ္ထိမသမီး)ကို အမွေဖြတ်လို့ မရဘူး။ အမွေမဆုံးဘူး။ (မပုနှင့် ဒေါ်အေးမြ - ၁၉၄၈)

သားသမီးများရဲ့ အဆင့်အတန်းနဲ့ အခွင့်အရေး

(က) သြရသသားသမီးဖြစ်ရန် လိုအပ်ချက်များ
၁။ တရားဝင် (မိဘနှစ်ပါး တရားဝင်လက်ထပ်၍) ရတဲ့ သားသမီးဖြစ်ရမည်။
၂။ သားရင်း၊ သမီးရင်း  ဖြစ်ရတယ်။ မွေးစားသားသမီး မဟုတ်ရ။
၃။ သားဖြစ်ရင် အဖ၊ သမီးဖြစ်ရင် အမိ မသေမီမှာ အသက် (၁၈)နှစ်ပြည့်ပြီး ဖြစ်ရမည်။
၎။ သားသမီးများထဲမှာ အကြီးဆုံး သားသမီးဖြစ်ရမည်။
၅။ သားဖြစ်ရင် အဖ၊ သမီးဖြစ်ရင် အမိရဲ့ တာဝန်ကို ကူညီဆောင်ရွက်နိုင်ရမည်။

သြရသ၏ အခွင့်အရေး
အဖေသေရင် သြရသသား၊ အမေသေရင် သြရသသမီးဟာ ကျန်ရစ်တဲ့ မိဘထံက အမွေ လေးပုံတစ်ပုံ တောင်းခွင့် ရှိတယ်။

(ခ) ကနိဋ္ဌ သားသမီး
ကျန်သားသမီးငယ်များမှာ ဒီလိုတောင်းခွင့်မရှိဘူး။ ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုမှ ဝေစု (၂)ပုံ (၁)ပုံ စုပေါင်းပြီး တောင်းခွင့်ရှိတယ်။ တစ်ဦးတည်းသားသမီးဆိုရင် (၂)ပုံ (၁)ပုံ တောင်းခွင့်ရှိတယ်။

(ဂ) ကိတ္ထိမသားသမီး
၁၉၃၉ ခု ကိတ္တိမသားသမီး မွေးစားခြင်း မှတ်ပုံတင်အက်ဥပဒေအရ
၁.၄.၁၉၄၁ နေ့ နောက်ပိုင်းမွေးစားသည့် ကိတ္တိမသားသမီးများကို -
(က) မှတ်ပုံတင်စာချုပ် ချုပ်ဆိုပြီး မွေးစားရမည်။
(ခ) မွေးစားသည့် သားသမီး အရွယ်မရောက်သေးလျှင် ၎င်း၏မိဘ သို့မဟုတ် မွေးစားရန် ပေးအပ်သူ လက်မှတ် ထိုးရမည်။
(ဂ) မွေးစားမည့် သားသမီးသည် အရွယ်ရောက်သူဖြစ်လျှင် မွေးစားသူ မိဘနှင့်အတူ စာချုပ်တွင် ကိုယ်တိုင် လက်မှတ်ရေးထိုးရမည်။
(ဃ) စာချုပ်၌ အနည်းဆုံး အသိသက်သေ နှစ်ယောက်လက်မှတ်ထိုးရမည်။
(င) ထို့ပြင် ထိုစာချုပ်ကို မှတ်ပုံတင်အက်ဥပဒေအရ မှတ်ပုံတင်ရုံး၌ မှတ်ပုံတင်ရမည်။ (ပုဒ်မ - ၅)
ဒါမှသာ တရားဝင် အမွေစား အမွေခံ ကိတ္တိမ မွေးစားသားသမီး မြောက်ပါတယ်။ မွေးစားကြောင်း၊ တစ်မြို့လုံး၊ တစ်နယ်လုံး လူသက်သေပြနိုင်လည်း တရားမဝင်ပါဘူး။ သိထားသင့်ပါတယ်။

ကိတ္ထိမသားသမီးရဲ့ အခွင့်အရေး
ကိတ္တိမသားသမီးဟာ သားရင်း သမီးရင်းနဲ့ တန်းတူအမွေဆက်ခံခွင့်ရှိပါတယ်။ သားရင်း သမီးရင်းနဲ့ ကိတ္တိမ ခြားနားတဲ့ အခွင့်အရေး (၃)ရပ် ရှိတယ်။
(၁) သားရင်း သမီးရင်းဟာ သြရသ ဖြစ်ခွင့်ရှိတယ်။ ကိတ္တိမ သားသမီးဟာ သြရသဖြစ်ခွင့်မရှိဘူး။
(၂) မွေးစားမိဘဟာ ဗုဒ္ဓဘာသာကို စွန့်ပြီး သားသမီးမွေးစားခြင်းကို အသိအမှတ်မပြုတဲ့ ဘာသာ (ဥပမာ ခရစ်ယာန်ဘာသာ) ကို ကူးပြောင်းကိုးကွယ်ရင် ကိတ္တိမဟာ မွေးစားခြင်း ပျက်ပြယ်တယ်။ အမွေရခွင့် ဆုံးရှုံးတယ်။ သားရင်း သမီးရင်းကတော့ ဘာမှဖြစ်မသွားဘူး။
(၃) မွေးစားမိဘရဲ့ မိဘ (ဘိုးဘွား) အမွေမခွဲရသေးမီ မွေးစားမိဘသေရင် ကိတ္တိမဟာ ဘိုးဘွားအမွေတစ်ဝက်ပဲ ရတယ်။ သားရင်း သမီးရင်းက အပြည့်ရတယ်။
(အတိုမှတ် - သြရသ၊ ဘာသာပြောင်း၊ ဘိုးမွေတစ်ဝက်တောင်း)

(ဃ) အပတိဋ္ဌ မွေးစားသားသမီး
မွေးစားခဲ့သော်လည်း ကိတ္တိမသားသမီးလို မှတ်ပုံတင်စာချုပ်နဲ့ မမွေးစားခဲ့ရင် ကိတ္တိမအဆင့် အခြေအနေ မရတော့ဘဲ ရိုးရိုး (ကောက်၍ မွေးစားသောသားသမီး) အဆင့်ပဲ ဖြစ်သွားပါတယ်။ သားရင်း၊ သမီးရင်း၊ ကိတ္တိမတို့နဲ့ တန်းတူယှဉ်ပြီး အမွေမရနိုင်တော့ဘူး။

အပတိဋ္ဌ ဟာ
(၁) မွေးစားမိဘသေမှ အမွေရနိုင်တယ်။
(၂) မွေးစားမိဘနဲ့ အတူနေမှ အမွေရနိုင်တယ်။
(၃) မွေးစားမိဘမှာ သားသမီးရင်း၊ ကိတ္တိမသားသမီး မရှိမှ အမွေရနိုင်တယ်။
(၄) ရခွင့်ရှိရင်လည်း အမွေပုံအားလုံး မရနိုင်ပဲ တစ်ဝက်သာ ရခွင့်ရှိတယ်။
(အတိုမှတ် - သေမှ၊ နေမှ၊ မရှိမှ တစ်ဝက်ရ။)

သားသမီးများ မိဘအမွေဆုံးရှုံးခြင်း
(၁) မိမိအား သူတပါးထံ မွေးစားရန် ပေးအပ်ခံရခြင်း။
(၂) မိဘနှစ်ပါး ကွားရှင်းပြတ်စဲသွားတဲ့အခါ အဖေနောက် အတူလိုက်နေတဲ့ သားသမီးဟာ အဖေအမွေကိုပဲရတယ်။ အမေနောက် အတူလိုက်နေတဲ့ သားသမီးက အမေ့အမွေကိုပဲ ဆက်ခံရရှိတယ်။
(၃) မွေးစားသားသမီးဟာ ခွဲခွာခဲ့ပြီးဖြစ်တဲ့ မိရင်းဘရင်းရဲ့ အမွေဆုံးရှုံးတယ်။
(၄) ရဟန်းတော်များဟာ ၎င်းတို့ရဲ့ မိဘအမွေကို ဆက်ခံခွင့်မရှိတော့ဘူး။
(၅) သားသမီးတို့ ကျင့်ဝတ်ပျက်ပြားရင် အမွေဆုံးတယ်။
(၆) သွာနုတ္တ (မိဘစကား နားမထောင် ခွေးနှင့်တူသော သားသမီး) ဖြစ်သွားရင် အမွေဆုံးရှုံးတယ်။

သွာနုတ္ထဖြစ်၊ မဖြစ် စီရင်ထုံးများ
(၁) မိဘတို့ ဆုံးမသောစကားကို မယုံကြည်သော၊ နားမထောင်သော သားသမီး။
(၂) မိဘတို့ ပြုခဲ့သောအမှုကို ဖျက်ဆီးသောသားသမီး။
(၃) အကျင့်မကောင်းသော သားသမီး။
(၄) မိဘစကားကို အာဏာဖီဆန်၍ ဆန့်ကျင်သော သားသမီး။
(၅) မိဘကို ဆဲရေး သတ်ပုတ်သော သားသမီးများ (ဓမ္မသတ်များ)
(၆) သားသမီးတို့၏ အပြုအမူ သွာနုတ္ထအဖြစ် ရောက်/မရောက်ဆိုသည့်အချက်မှာ အမှု့အသီးသီး၏ အချင်းရာ အခြေအနေပေါ် လုံးဝတည်ရှိနေသည်။ သားသမီးသည် မိဘပစ္စည်းကို သုံးကြိမ်ခိုးသည်။ နှစ်ကြိမ် မိဘအား လက်ရောက် ကျူးလွန်သည်။ အမွေမှ ပယ်ထုတ်ခံရသည်။ (မောင်အေးမောင် စီရင်ထုံး)
(၇) ဖခင်ဖြစ်သူသည် သမီးနှင့်အတူ နေထိုင်သည်။ သမီးဖြစ်သူက ဖခင်အား ဓါးဖြင့် ထိုးခုတ်မည်ကဲ့သို့ ပြုမူသည်။ မပြောထိုက်သော အသုံးအနှုန်းဖြင့် ကြမ်းတမ်းစွာ ဆဲရေးသည်။ ဖခင်မှာ အခြားသားတစ်ယောက်အိမ်သို့ ပြောင်းနေ ရသည်။ ဖခင်မမာစဉ် သမီးထံသတင်းပို့ရာ၌ မဖွယ်မရာပြောဆိုလွှတ်ပြီး မလာရောက်ချေ။ ဖခင်အသုဘချချိန်၌လည်း မလာချေ။ ထိုအပြုအမူကြောင့် သမီးသည် ဖခင်၏ အမွေကို ဆုံးရှုံးသည်။ (မငွေဘွင့်အမှု)

ကိုဖြူ။  ။ဆရာရယ်။ ဒီလောက်ဆိုးသွမ်းတဲ့ သားသမီးတွေက ကိုယ်သေရင် ကိုယ့်အမွေကို မုချဆက်ခံ ကြတော့ မယ်တဲ့လား။ အမွေရှင်ကလည်း သေတမ်းစာရေးပြီး အမွေစီမံခဲ့လို့မရဘူးဆိုတော့ ----- ဒုက္ခပါဘဲ။

ယူတီကေ။  ။ မစိုးရိမ်ပါနဲ့။ သဘာဝတရားဥပဒေဆိုတာ ရှိပါတယ်။ အမှုတစ်ခုမှာ သားဆိုးတစ်ယောက် ဘိန်းဖြူမှုနဲ့ ထောင်ကျနေတယ်။ အပြင်မှာရှိတဲ့ သူ့အဖေ သေတယ်ကြားတော့ အမွေရတော့မှာဆိုပြီး ထောင်ထဲမှာ ကနေတယ်တဲ့။ ဒါပေမယ့် ဒီကလေး ထောင်ထဲက အရှင်ပြန်ထွက်မလာတော့ပါဘူး။ ရောဂါစုံနေပြီလေ ''မွေခံထိုက်စေ'' ဆိုတာ အမွေခံ ထိုက်အောင်နေမှ အမွေစံစားကြရတာပါ။ သားသမီး လိမ္မာရင် မိဘမသေမှီ ကာလမှာတောင် ''ပေးဝေနှီးရင်း'' ဆိုတဲ့ အရင်းအနှီးတွေ ထုတ်ပေးတာ ရှိပါတယ်။ မလိမ္မာတဲ့ သားသမီး၊ မိဘကို မရိုသေ မလေးစားတဲ့ သားသမီးတွေဟာ စခန်းမှူး၊ နယ်ထိန်း၊ ထောင်မှူး၊ အချုပ်ကြပ်၊ ဘာယာ ၊ တန်းစီးတွေကို ပြားပြားဝပ် ကြောက်ရွံ့ ရိုသေနေရတတ်တယ်ဗျ။ မျက်မြင် ကိုယ်တွေ့ပဲ။

UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...