Friday, October 11, 2013

ပေတံ



ဆရာတော် အရှင်ဝီရိယ(တောင်စွန်း) ရေးတဲ့ လက်တစ်ဖက်တော့ စင်ကြယ်ပါစေ ဆိုတဲ့ ဆောင်းပါးထဲမှာ ဆရာတော်ဟောသွားတာက သီလနဲ့ ပညာဆိုတာ လက်နှစ်ဖက်လိုပါပဲတဲ့။
အရက်မူးနေတဲ့အမတ်ကြီးဟာ မြတ်စွာဘုရားထံခစားမိတဲ့အခါ အရင်ဘ၀အဆက်ဆက်က ဖြည့်ခဲ့တဲ့ ပညာကြောင့် တစ်ခဏနဲ့ တရားကို ထိုးထွင်းသိသတဲ့။
ရဟန္တာအရှင်မြတ်အဖြစ်ကို ခဏချင်းရောက်ရပြီး အဲဒီနေ့မှာပဲ ပျံလွန်တော်မူရတယ်။ သီလမပြည့်ပေမယ့် ပညာပြည့်တဲ့ နမူနာပေါ့။
နောက်တစ်ခုကတော့ စာသင်စာချနေတဲ့ ကျောင်းထိုင်ဆရာတော်ကြီးဟာ ဒီဘ၀မှာ ဖြည့်ကျင့်ခဲ့တဲ့ သီလစင်ကြယ်ပုံကို ပြန်လည်သုံးသပ်ပြီး လက်ဖျောက်တစ်ချက်တီးအတွင်းမှာ ရဟန္တာသူမြတ်အဖြစ်ပြောင်းသွားနိုင်ခဲ့တဲ့ နမူနာပါ။

ဆရာတော်အရှင်ဝီရိယက လက်တစ်ဖက်စင်ကြယ်ရင် နောက်လက်တစ်ဖက်ကို ဆေးကြောနိုင်ပါတယ်တဲ့။

မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ လောကုတ္တရာအတွက်သာ အသုံးဝင်တာမဟုတ်ပါဘူး။ လောကီရေးမှာလည်း တိုင်းတာစရာပေတံတွေအဖြစ် အင်မတန်အဖိုးတန်လှပါတယ်။ အထူးသဖြင့် မြန်မာတွေ မျက်စိထဲမှာပေါ့လေ။

မိန့်တော်မူခဲ့တာက သီလတည်းဟူသော မြေကြီးပေါ်တွင်ရပ်၍ တဲ့။ သီလဆိုတာ ကိုယ်ကျင့်၊ စည်းကမ်း၊ ဥပဒေ၊ ၀ိနည်း၊ စကားလုံးပြောင်းပေမယ့် အဓိပ္ပါယ်မပြောင်းပါဘူး။ မြေကြီးတွေမှ ရှိသေးပါရဲ့လား။

လူတစ်ယောက်ချင်းအနေနဲ့ကတော့ ဒီနေ့အောင်မြင်နေတဲ့ မြန်မာပဲဖြစ်ဖြစ်၊ ကမ္ဘာပေါ်မှာပဲဖြစ်ဖြစ် ကြည့်လိုက်ရင် ပညာ ဒါမှမဟုတ် သီလ မှာထူးချွန်သူတွေပါ။ ဥပမာ ဘီလ်ဂိတ်၊ မာသာထရီဆာ။ ဒီလောက်မကျော်ကြားရင်တောင် ကိုယ့်အနီးနားက ကိုယ်ကြည်ညိုလေးစားရတဲ့ ပုဂ္ဂိုလ်တွေမှာ တစ်မျိုး၊ ဒါမှမဟုတ် နှစ်မျိုးလုံးဦးညွှတ်ရလောက်အောင် တော်ကြတာကို တွေ့နိုင်ပါတယ်။

နိုင်ငံတစ်နိုင်ငံချင်းအနေနဲ့လည်း ဒီလိုပါပဲ။ အနီးဆုံးဥပမာကတော့ စင်္ကာပူပါ။ မြန်မာကို အမှီလိုက်မယ်လို့ကြွေးကြော်ခဲ့စဉ်က လီကွမ်ယုဟာ တိုင်းပြည်ရဲ့ပညာရေးကို အားကုန်ဖြည့်ခဲ့ပါတယ်။ ကိုယ်တိုင်က ဗြိတိန်ကျောင်းဆင်းဖြစ်ပေမယ့် ပညာရေးမှာ ဗြိတိန်ရော၊ အမေရိကန်ရော စံတွေကို ယူခဲ့ပါတယ်။ ထူထောင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့စင်္ကာပူကျောင်းသားတွေကို ကမ္ဘာ့အဆင့်မှီ ပညာတတ်ဘွဲ့ရတွေအဖြစ် မွေးထုတ်နေပါပြီ။ နိုင်ငံခြားသားပညာသင်တွေကို ခပ်ကြွားကြွားလက်ခံပြီး တိုင်းပြည်ဘဏ္ဍာကို ရှာပေးနေပါပြီ။ သဘာဝသယံဇာတမရှိတဲ့နိုင်ငံမှာ လူသားတွေကို သယံဇာတထက် တန်ဖိုးရှိအောင် အတောက်ပြောင်ဆုံး အရောင်တင်ပေးနိုင်ခဲ့တာ။

လီကွမ်ယုက ၀န်ကြီးချုပ်လစာကို စတင်သတ်မှတ်စဉ်မှာ ပြောခဲ့တဲ့စကားတစ်ခွန်းရှိပါတယ်။ လခနဲ့မလောက်ရင် ကျုပ်ကတော့ လာဘ်စားမှာပဲ တဲ့။ ဒီနေ့ စင်္ကာပူဟာ လာဘ်ပေး လာဘ်ယူ အနည်းဆုံးနိုင်ငံတွေစာရင်းထဲမှာ ခေါင်းမော့နေနိုင်တာ စတင်တည်ထောင်သူရဲ့ ဥာဏ်အမြှော်မြင်နဲ့ လိုက်နာခဲ့တဲ့ ကျင့်ဝတ်ကြောင့်ဆိုတာ အထင်အရှားပါ။

စင်္ကာပူတင် မကပါဘူး။ အခြား အခြားသော အောင်မြင်တိုးတက်နေတဲ့နိုင်ငံတွေကို တိုင်းကြည့်လိုက်ရင် အုပ်ချုပ်သူအစိုးရအနေနဲ့ရော၊ မှီတင်းနေထိုင်ကြသူ တိုင်းသူပြည်သားများအနေနဲ့ပါ ပညာ နဲ့ သီလ အချိုးညီညီ ပေါင်းစပ်နိုင်စွမ်းရှိကြတာကို မြင်ရပါတယ်။

ဒီနေရာမှာ လောကုတ္တရာအဆင့်အထိ သီလ၊ ပညာပြည့်တာမျိုးကို မဆိုလိုပါဘူး။ လိုလည်းမလိုအပ်ပါဘူး။ လောကီပေတံထဲမှာ အတိုင်းအတာတစ်ခုအထိ ပြည့်စုံရင် အချိုးကျအောင်မြင်ဖြစ်ထွန်းတာမျိုးကိုသာ ရည်ရွယ်ပါတယ်။

ဒီနေ့ ကျွန်မတို့ရဲ့ တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့မှာ တစ်ချို့က စီးပွားရေးကောင်းလာရင် အားလုံးကောင်းလာမလိုလို ပြောနေကြတာတွေ့ရပါတယ်။ ငွေရှိရင်အရာရာပြီးတယ်ဆိုတဲ့ အမြင်မျိုးပါ။ ကြောင်ဖြူဖြူ မည်းမည်း ကြွက်ခုတ်ဖို့အရေးကြီးတယ်ဆိုတဲ့ အဆိုအမိန့်ကလာပါတယ်။ တရုတ်တို့ရဲ့ စီးပွားရေး မူဝါဒတွေကဘယ်လို၊ အနောက်တိုင်းကဘယ်ပုံ၊ အာဆီယံကဘယ်သို့နဲ့ ဆိုကြပါတယ်။ ဟုတ်ပါတယ်။ ဆင်းရဲခြင်းကို တိုက်ဖျက်ဖို့ စီးပွားရေးက ပဓါန ကျတဲ့ထိပ်တန်းဦးစားပေးတွေထဲမှာ ပါနေပါတယ်။

ဒါပေမဲ့လည်း စီးပွားဖြစ်မယ်၊ မဖြစ်ဘူး၊ ဂုဏ်သိက္ခာရှိရှိ အောင်မြင်ထွန်းပေါက်မယ်၊ မပေါက်ဘူးဆိုတာကို တိုင်းတဲ့ပေတံက သီးသန့်ပါ။

ရိုးရိုးလေးပါပဲ။
ပညာရှိလား။ သီလရှိလား။ နှစ်မျိုးလုံးမရှိတောင် အနည်းဆုံးတစ်မျိုးတော့ပိုင်ရပါမယ်။

စီးပွားရေးပညာ၊ အုပ်ချုပ်ရေးပညာတွေကို တစ်စိုးတစ်စိမှ မသိတဲ့ သာမာန်ပြည်သူတစ်ယောက်အနေနဲ့ ဘုရားပေးတဲ့ ပေတံနဲ့သာ တိုင်းတတ်ပါတယ်။
ဘယ်လိုအစိုးရကို လိုချင်သလဲလို့မေးရင် ပညာ၊ သီလ ပြည့်စုံတဲ့အစိုးရမျိုးကိုသာ အလိုရှိပါတယ်။

ဒီအစိုးရက ဘာလုပ်ပေးစေချင်သလဲလို့ မေးရင် ပြည်သူတွေကို ပညာနဲ့သီလနဲ့ ပြည့်စုံအောင် အားပေးပံ့ပိုး ထူထောင်ပေးစေလိုပါတယ်။ ကျင့်သုံးဖို့က လူထုရဲ့တာဝန်ပါ။

ဘယ်သူပဲတက်လာ၊ တက်လာ ပညာနဲ့သီလ အခြေခိုင်စေမယ့် အုတ်မြစ်တွေကို ချမပေးဘူးဆိုရင်၊ ပညာမဲ့အောင်၊ သီလကင်းအောင် အားပေးအားမြှောက်ပြုနေတယ်ဆိုရင် မအောင်မြင်တဲ့အစိုးရဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။ ဘယ်ပညာရှင်ရဲ့ ထင်မြင်ချက်ကိုမှ စောင့်စားနေစရာမလိုပါဘူး။

ဆရာတော် အရှင်ဝီရိယရဲ့ စကားလက်ဆောင်ကို လက်ဆင့်ကမ်းပါရစေ။
လက်တစ်ဖက်တော့ စင်ကြယ်ပါစေတဲ့။

သန္တာဝင်း
( ၀၉.၁၀.၁၃ )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...