Tuesday, October 22, 2013

★ မြန်မာ့တန်ဖိုး၊ မြန်မာ့ဆော့ဖ်ပါဝါ၏ အခြားတစ်မျက်နှာ ★

(မှူးဇော်)


•နိဒါန်း•
အတိတ်သမိုင်း၌ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်၊ နိုင်ငံခြားရေးမူဝါဒတို့ သည် ကမ္ဘာလုံးချီအဆင့် မဟုတ်ခဲ့သော်ငြားလည်း အာရှဒေသတွင်း၌ သြဇာကြီးမားခဲ့သည့်နည်းတူ မြန်မာ့ နိုင်ငံရေး တန်ဖိုး၊ မြန်မာ့ ဆော့ဖ်ပါဝါ တို့ မနည်းမနော ရှိခဲ့ပါ၏။



အဆိုပါသမိုင်းစဉ်များနှင့်စပ်လျဉ်း၍ ဒေါက်တာနေဝင်းမောင်နှင့် စကားဝိုင်းတစ်ခုတွင် မြန်မာ့တန်ဖိုး၊ မြန်မာ့ဆော့ဖ်ပါဝါ အကြောင်း နှစ်ဦးသား ဆွေးနွေးခဲ့ဘူးသည်။ သိပ္ပံ နည်းကျ သဘောတရားဟု အသိအမှတ်ပြုခြင်းခံထားရသော ဗုဒ္ဓတရားတော် ကျင့်စဉ်များသည် မြန်မာ့ ဆော့ဖ်ပါဝါ ဖြစ်နိုင်-မဖြစ်နိုင် စာရေးသူ၏ မေးမြန်းချက်ကို ဒေါက်တာနေဝင်းမောင်က ကိုးကွယ် ယုံကြည်မှု ဘာသာတရားကို အခြေပြုသော ဆော့ဖ်ပါဝါသည် ကမ္ဘာလုံးချီအဆင့်သို့ ထိုးဖောက်နိုင်ရန် ခဲ ယဉ်းမည် ဖြစ်သည့်အပြင် ဗုဒ္ဓဘာသာဝင်များကိုယ်တိုင် နိုင်ငံတကာသို့ ဖြန့်ချိပေးနိုင်သည့် တရားတော် အပေါ် အလေးအမြတ် ယုံကြည်သက်ဝင်မှု၊ နားလည်မှု၊ သိပ္ပံနည်းကျ ရှင်းလင်းဖွင့်ဆိုနိုင်မှု စသည်တို့ အပေါ်တွင် မူတည်သည်ဟု ဖြေသည်။ တစ်ဆက်တည်းမှာပင် ကာလရှည်ကြာ ဝိပဿနာ ကျင့်ကြံ အားထုတ်ခဲ့သည့် အတွေ့အကြုံများနှင့် ယှဉ်၍ ဗုဒ္ဓတရားတော်ကို ဆော့ဖ်ပါဝါအဖြစ် မြှင့်တင်လိုသော် ဘာသာဝင်များကိုယ်တိုင် စံတော်ဝင် ကျင့်ကြံအားထုတ် ပြုမူဆောင်ရွက်ခြင်းအဆင့်သို့ ရောက်ရှိရန် များ စွာ ကြိုးပမ်းအားထုတ်ရဦးမည် ဟု ဒေါက်တာနေဝင်းမောင်က ရှင်းခဲ့သည်။

အလားတူ ဘာသာတရားနှင့် ဆော့ဖ်ပါဝါ အဆက်အစပ် ဖြစ်နိုင်ချေကို ဒကာရင်း၊ တပည့်ရင်း တစ်ဦးမှတစ်ဆင့် သီတဂူ ဆရာတော် ဘုရားကြီး၏ ထင်မြင်ယူဆချက်အား မေးမြန်းလျှောက်ထား ခဲ့ရာ၌ ယခုလက်ရှိကာလထက် အဆပေါင်း များစွာ ကြိုးပမ်းအားထုတ်ရန် လိုအပ်မည် ဟု မိန့်တော်မူခဲ့ဘူးသည်။

•အသွင်ကူးပြောင်းရေး ဆော့ဖ်ပါဝါ•

ကမ္ဘာလုံးချီ ဒီမိုကရေစီကူးပြောင်းမှုတွင် စံနမူနာတွင်ခဲ့သော အကူးအပြောင်းများကို လေ့လာကြည့် လျှင် ဆူဟာတို၏ New Order နှင့် အင်ဒိုနီးရှား၊ ဒီကလပ်နှင့် မင်ဒဲလားတို့၏ တောင်အာဖရိက စသည် အားဖြင့် ဒီမိုကရေစီရေစီးကြောင်းအသစ် ဆော့ဖ်ပါဝါများ ဖြစ်ခဲ့သည်။ တော်လှန်ရေးဖြင့် နိဒါန်းဖွင့်လှစ် သော ကူးပြောင်းမှု၊ ပြင်ပအားဖြင့် ပုံစံသွင်းသော ကူးပြောင်းမှု၊ အုပ်စိုးသူတို့က အစပြုသော ကူးပြောင်းမှု စသည့် ကူးပြောင်းမှုမျိုးကွဲ(၃)ရပ်တွင် မြန်မာ့နွေဦး ဟု နိုင်ငံတကာပညာရှင်များ စောင့်ကြည့်ကြကုန်သော မြန်မာ့ဒီမိုကရေစီအကူးအပြောင်းမှာ အပေါ်မှ ပြောင်းသည့် အပြောင်းအလဲတစ်ရပ် ဖြစ်သည်။ ထို့ကြောင့် လည်း ပုံသဏ္ဍာန်အသစ် ကူးပြောင်းမှုအဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်သည်။ ဤမည်သော မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်းသည် ကမ္ဘာလုံးချီ ရာဇဝင်တွင်ရစ်တော့မည့် သင်္ကေတတစ်ရပ် ဖြစ်လာနေ သလို “မြန်မာ” ဟု ဆိုလိုက်သည်နှင့် ငြိမ်းငြိမ်းချမ်းချမ်း ဒီမိုကရေစီသို့ ချီရာလမ်းကို မြင်ယောင်လာကြ တော့မည် ဖြစ်သည်။ ဒီမိုကရေစီနှင့် အသွင်ကူးပြောင်းရေး၊ ဖွံ့ဖြိုးရေး စံတော်ဝင် အိုင်ဒီယာများတွင် မြန်မာ့အကြောင်း တစ်စေ့တစ်စောင်း မဖြစ်မနေ ပါဝင်လာတော့မည်လည်း ဖြစ်သည်။

သို့သော်လည်း မြန်မာ့နွေဦး ပုရစ်ဖူးတို့သည် လူမျိုးရေးစစ်ပွဲများ၊ လူမှုရေးပဋိပက္ခများ၊ ပြုပြင် ပြောင်းလဲရေး ခုခံမှုများကြောင့် သေနတ်သံ၊ ဗုံးသံ၊ ဗုံးပေါက်ကွဲသံ၊ မီးလျှံများဖြင့် တဝေဝေ ဖြစ်လာနေ သည့် အနေအထားမှာ များစွာ အရုပ်ဆိုး အကျည်းတန်လှပေသည်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် သီအိုရီအသစ်ပေါင်း များစွာ ပေါ်ထွက်လာစေနိုင်ပြီး မြန်မာ့ငြိမ်းချမ်းရေးမဟာဗျူဟာ၊ နည်းဗျူဟာများကို လေ့လာဆန်းစစ်ခြင်းအားဖြင့် မတူညီသော၊ ခြားနားသော အယူအဆများစွာ ရရှိစေမည် ဟု အမေရိကန် နိုင်ငံမှ ပညာရှင် တစ်ဦးက ဆိုသည်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ကမ္ဘာပေါ်ရှိ စေ့စပ်ညှိနှိုင်းမှု အားလုံးတို့နှင့် မတူညီဘဲ ပို၍အရောင်စုံ၊ ပိုမိုအသွေးစုံသော အိုင်ဒီယာကွန်ချာကြီး ဖြစ်လာလိမ့်မည် ဟု အဆိုပါ ပညာရှင်က ဆိုသည်။

ထို့အပြင် မျက်နှာစာအမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုး တည်ရှိနေသည့်ကြားမှ ရှေ့သို့ တစ်လှမ်းချင်း လျှောက်လှမ်းနေသည့် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးသည် အံ့သြဖွယ်ရာ အောင်မြင်မှုများ ရရှိနေ ကြောင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတို့၏ အဓိက ပေတန်မှာ ရှေ့သို့ မည်မျှလှမ်းနိုင် သလဲ ဟူသော အချက် ဖြစ်ပြီး မြန်မာနိုင်ငံသည် စိုးရိမ်ဖွယ်ရာ အခင်းအကျင်းသို့ ရောက်ရှိ သွားခဲ့သော်လည်း ယင်းထောင် ချောက်မှ လွတ်မြောက်ကာ ရှေ့သို့ ခြေလှမ်းများ တက်လှမ်းနေခဲ့ သည်ကို တွေ့ရှိရကြောင်း၊ စိန်ခေါ်မှုများ မှာလည်း မည်သို့မျှ ထင်မှတ်မထားခဲ့သော မျက်နှာစာများ ဖြစ်နေပြီး လက်ရှိ အချိန်အထိ မြင်တွေ့ရသမျှ စိတ်လှုပ်ရှားဖွယ်ရာအကောင်းဆုံးသော ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတစ်ရပ် ဖြစ်လာနေကြောင်း ကမ္ဘာ နှင့်ချီ၍ သြဇာကြီးမားသော ပုဂ္ဂိုလ်ကြီးတစ်ဦးက ဆိုသည်။

မှန်ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲများ မတိုင်မီက မြန်မာနိုင်ငံ ယနေ့အနေအထားမျိုး ရောက်ရှိ လာလိမ့်မည်ဟု ပြည်တွင်း-ပြည်ပ မည်သူကမျှ ထင်မှတ် မထားခဲ့သလို မထင်မှတ်ဘဲ တွေ့ကြုံလာရသည့် စိန်ခေါ်မှုများကိုလည်း နိုင်ငံတော်သမ္မတကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဌကြီးများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ပညာရှင်များ၊ ကျော် ကြားထင်ရှားပုဂ္ဂိုလ်များက နိုင်ငံရေးယဉ်ကျေးမှုအသစ်ဖြင့် ပူးပေါင်းဖြေရှင်းခဲ့ကြသည်။ ဆိုရလျှင် လမ်းပေါ် မှာ ချော်ထွက်တော့မည် ဟူ၍ စိုးရိမ်တကြီး စောင့်ကြည့်ကြရသည့် အချိန်ကာလမျိုးတွင် ရုန်းရင်း ကန်ရင်း ပြန်လည်ထိန်းညှိရင်းဖြင့် လမ်းကြောင်းမှန်ပေါ်တွင် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ နိုင်ငံတော်သမ္မတ ကြီး လက်ထက် ဒီမိုကရေစီလမ်းကြောင်းသို့ လျှောက်လှမ်းတော့မည် ဟု ထုတ်ပြန်ကြေညာခဲ့ချိန်တွင် အရပ်ရှစ်မျက်နှာသော မိတ်သင်္ဂါဟများက သံသယမျက်လုံးများဖြင့် အထင်သေးအမြင်သေး ကြည့်ခဲ့ကြ သည်။ သို့သော် အဆိုပါ သံသယမျက်လုံးများ အရောင်ပြောင်းလဲကာ အားလုံးမင်တက်သွားစေရန် မြန်မာ ဟူသော အဆင်းရဲဆုံး နိုင်ငံငယ်ကလေးက လုပ်ပြခဲ့သည်။

အာဆီယံ ဥက္ကဌတာဝန်ကို လွှဲပြောင်းရယူခဲ့သည်။ မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝှမ်းရှိ ခရီးသွား ကုမ္ပဏီများ၌ အများဆုံး စုံစမ်းမေးမြန်းခြင်းခံရသော ခရီးသွားနေရာတစ်ခု ဖြစ်လာသည်နှင့်အညီ ခရီးသွား များ တိုးမြှင့်ဝင်ရောက်လာမှုကြောင့် ဟိုတယ်ခန်း မလုံလောက်သည့် အကျပ်အတည်းနှင့်ပင် ရင်ဆိုင်လာခဲ့ ရသည်။ နှစ်ပေါင်းများစွာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း မရှိခဲ့သော ဤနိုင်ငံတွင် ဆီးဂိမ်းပြိုင်ပွဲကြီးကို တခမ်းတနား ကျင်းပတော့မည်။ နိုင်ငံတော်သမ္မတကြီးလက်ထက် ပြုပြင်ပြောင်းလဲမှုများ၏ အကျိုးဆက် အားဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများ တစ်စီဖြေလျှော့ပေးပြီးနောက် ရင်းနှီးမြုပ်နှံသူများ ဝင်လာမစဲ တဖွဲဖွဲ အိမ်ဦးနှင့် ကြမ်းပြင် ဖြစ်လာခဲ့သည်။ တစ်အမျိုးသားလုံး ညီညွတ်ရေးအတွက် ဖက်ဒရယ်သံ တညံညံဖြင့် အခြေခံဥပဒေပြင်ဆင်ရေးကို ဦးတည်နေကြသည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တစ်ရပ် ထွက်ပေါ်လာတော့မည် စသည် စသည် အခင်းအကျင်းများဖြင့် မင်္ဂလာရှိသော မြန်မာနိုင်ငံသည် မကြာသေးခင်ကပင် ဗုံးပေါက်ကွဲမှု၊ ဗုံးလန့်မှုများဖြင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေနိုင်သော ဆောင်း လက်မည်းကြီးများ ပေါ်ပေါက်လာခဲ့ပြန်သည်။ သံသယပျိုး ပွဲတော်ကြီးတစ်ရပ်ကို ဖန်ဆင်းနေသလိုလို၊ မျက်နှာစုံညီ Blame Game ၏ လက်ညိုးပေါင်းများစွာ သူပြန်ကိုယ်ပြန် ထိုးလာနေတာ့မလိုလို အခြေအနေ တစ်ရပ်ကိုလည်း မြင်တွေ့ရသည်။ ဤသည်တို့သည်ပင် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပုံရိပ်များ ၏ အမြစ်ကို ချိုးနေကြခြင်း ဖြစ်သည်။

•မြန်မာ့တန်ဖိုး သမိုင်း•

ဒုတိယကမ္ဘာစစ် မြန်မာနိုင်ငံစစ်မြေပြင်တွင် စစ်ရှုံးနိမ့်၍ ဖရိုဖရဲ တပ်ဆုတ်ခွါခဲ့ကြရသည့် ဂျပန် စစ်သည်များကို ရန်ဘက်ပင် ဖြစ်လင့်ကစား အမုန်းမထားဘဲ ကယ်တင်စောင့်ရှောက်ခဲ့ကြကုန်သော မြန်မာနိုင်ငံသားများအကြောင်း ယနေ့အချိန်အထိ ရှေးမီဂျပန်လူမျိုးများက တဖွဖွ ပြန်ပြောင်း ပြောကြဆဲ ဖြစ်သည်။ ယနေ့ခေတ် နိုင်ငံတကာနယ်ပယ်တွင် ရှေ့တန်းရောက်ရှိလာခဲ့သော လူသားချင်းစာနာ ထောက်ထားမှုကို လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် မြန်မာနိုင်ငံသားတို့သည် စံနမူနာယူလောက် ဖွယ်ရာ လက်တွေ့ကျင့်သုံးဖော်ဆောင်ခဲ့ကြပြီး ဖြစ်သည်။ မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း ဟု ဆိုအပ်သော မြန်မာနိုင်ငံသားတို့၏ စိတ်နေမြင့်မြတ်မှုသည် သမိုင်းနှင့်ချီ၍ တင်ကျန်ရစ်ခဲ့သော မြန်မာ့တန်ဖိုးတစ်ရပ် ဖြစ်ပေလိမ့်မည်။ နိုင်ငံတကာမှတ်တမ်းစာပေများ၊ ခရီးသွားစာပေများတွင်လည်း မြန်မာနိုင်ငံနှင့် မြန်မာ နိုင်ငံသားများသည် ရိုးသားခြင်း၊ လှိုက်လှဲပျူငှာခြင်း၊ ယဉ်ကျေးခြင်း၊ နှစ်လိုဖွယ်ရာ ရှိခြင်း၊ ဧည့်ဝတ် ကျေ ပွန်ခြင်း စသည့် အမှတ်တံဆိပ်များဖြင့် အပြည့် ဖုံးလွှမ်းခဲ့ကြောင်း တွေ့ရှိရသည်။ ဂျပန်ခေတ်ကဆိုလျှင် မြန်မာတို့သည် အိမ်တံခါး မပိတ်၊ ခိုးဝှက်ယူငင်သူမရှိ အေးချမ်းလှသည့် လူ့အဖွဲ့အစည်းတစ်ရပ် ရှိခဲ့သည် ဟူသော သမိုင်းတစ်ကွေ့သည်လည်း ဒဏ္ဍာရီလိုလို ပုံပြင်လိုလို ထင်ယောင်ထင်မှတ် မှားနေကြရပြီ ဖြစ် သည်။

လောကနီတိ၊ လူမှုနီတိများဖြင့် လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမခဲ့ကြကုန်သော ယဉ်ကျေးမှု ထုံးတမ်းများသည်လည်း တိုးတက်ထွန်းကားလာသော နည်းပညာ၊ လူနေမှုနစ်တို့အောက်တွင် အချို့ ပျောက်ကွယ်၊ အချို့လွင့်ပြယ်ကြကုန်လေပြီ။ တစ်ခေတ်တစ်ခါက လွမ်းမောဖွယ်ရာ ကောင်းသော ရုပ်ရှင်၊ ဂီတ၊ သဘင်၊ သုခုမတို့၏ မြန်မာ့လူ့အဖွဲ့အစည်းသို့ ဆွဲဆောင်မှု၊ ထိန်းကျောင်းမှုတို့သည် ဟောလိဝုဒ်၊ တောင်ကိုရီးယား ယဉ်ကျေးမှုတို့အကြား တိမ်မြုပ်ပျောက်ကွယ်လုလု ဖြစ်နေပေပြီ။ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းတစ်ရပ်လုံး၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ထိန်းကျောင်းပြုပြင် လမ်းထွင်ပေးရန် တာဝန် ရှိသော စာပေ(စာနယ်ဇင်း၊ သတင်းစာ)၊ ရုပ်ရှင်၊ သဘင်၊ ဂီတရပ်ဝန်းတို့သည်လည်း မိမိတို့၏ အသွင်ကူး ပြောင်းရေးဖြစ်စဉ်မှာပင် ရုန်းကန်နေကြရဆဲ ဖြစ်သည်။ ဟောလိဝုဒ် ရုပ်ရှင်များတွင် မကြာခဏ မြင်တွေ့ ကြသည့် မြင်ကွင်းတစ်ရပ်မှာ အပြစ်ရှိသူ တရားခံတစ်ဦးဦးကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရာ၌ “မင်းကို ရဲတပ်ဖွဲ့က ဖမ်းလိုက်ပြီ၊ မေးမြန်းချက်များကို ဖြေဆိုလိုက ဖြေဆိုနိုင်သည်၊ မဖြေဘဲ နေလိုက မဖြေဘဲ နေနိုင်သည်၊ ရှေ့နေ ငှားလိုလျှင် ငှားနိုင်သည်၊ မငှားနိုင်က အစိုးရက ငှားပေးမည်” စသည်ဖြင့် ပုံသေပြော ကြားလေ့ ရှိသော ဇာတ်ဝင်ခန်း ဒိုင်ယာလော့များသည် ယင်းလူ့အဖွဲ့အစည်း၏ ဒီမိုကရေစီတန်ဖိုးကို ကိုယ်စားပြုနေသလို အဆိုပါလူ့အဖွဲ့အစည်း၏ နိုင်ငံရေးစနစ်ကို ညွှန်းဆိုနေခြင်း ဖြစ်သည်။

ဒေါက်တာနေဝင်းမောင် ညွှန်းဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည်စုကြည်၏ မြန်မာ့ဝတ်စား ဆင် ယင်မှု ဖက်ရှင်ဒီဇိုင်းသည် အရပ်ရပ်အပြည်ပြည် ထိုးဖောက်ဖွယ် ရှိသည်ဟု ဆိုသော်ငြားလည်း ပြည် တွင်း၌ အရှိန်နှေးနေဆဲ ဖြစ်ပြီး မြန်မာ့တန်ဖိုးတစ်ရပ်အဖြစ် ထွက်ပေါ်မလာသေးသည်မှာလည်း စိတ် မကောင်းဖွယ်ရာ ဆုံးရှုံးမှုတစ်ရပ် ဟု ဆိုနိုင်သည်။ မျက်စေ့အေး ဘဝင်အေးစေသည် ဟု နိုင်ငံခြားသားများ မကြာခဏ ညွှန်းဆိုကြသော မြန်မာ့ဝတ်စားဆင်ယင်မှုသည် ပရိုမိုးရှင်း မြှင့်တင်ရန် လိုအပ်နေသော သဘောမျိုး တွေ့ရှိရသည်။ မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးတွင် ကာလရှည်ကြာ တာဝန်ထမ်းဆောင်သွား ခဲ့ပြီး ယခုတိုင် မြန်မာနိုင်ငံအပေါ် သံယောဇဉ်ကြီးလှသော အမေရိကန်အမျိုးသမီးကြီးတစ်ဦးက အာဆီယံ နိုင်ငံများတွင် ဘောင်းဘီ၊ ကုတ်၊ နက္ကတိုင်၊ ရှူးတို့နှင့် အနောက်ဆန်လာကြချိန်တွင် ပုဆိုးနှင့် ထဘီတို့ တွင်ကျယ်စွာ ဝတ်ဆင်နေကြဆဲ ဖြစ်သော မြန်မာနိုင်ငံသည် ၂၁ ရာစု၏ ရှားရှားပါးပါး ကျန်ရစ်ခဲ့သော အာရှ အမွေအနှစ်တစ်ရပ် ဟု မှတ်ချက်ချခဲ့ဘူးသည်။

မြန်မာ့လွတ်လပ်ရေး ဖွားဖက်တော် ဟု ကင်ပွန်းတင်အပ်သော ပြည်တွင်းစစ်မီးလျှံတို့သည်ကား မြန်မာ့တန်ဖိုး အဆိုးမျက်နှာသဖွယ် ယခုတိုင် မပျက်မကွက် ကြီးစိုး မင်းမူနေကြဆဲ ဖြစ်သည်။ မြန်မာနိုင်ငံ အကြောင်း ဂူဂဲလ် ခေါက်လိုက်သည်နှင့် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးသော ပြည်တွင်းစစ် ဟူသည့် ကမ္ဗည်းမှတ်တမ်းက အထင်အရှား ထင်ဟတ်နေဆဲ ဖြစ်သည်။ ဤစစ်မီးလျှံ ဤအမုန်းတရား ဤရယ်ဒီ ကယ်အစွန်းများကို မိမိတို့ခေတ် အရိုင်းခံကာ ဆက်လက်မွေးမြူထားမည် ဟု ဆိုခဲ့ပါလျှင် သန်း(၆၀)၏ ကံကြမ္မာဟုသာ အပြစ်ဖို့ရချေတော့မည်။

•နိဂုံး•

မြန်မာနိုင်ငံရေးယဉ်ကျေးမှုဖြစ်သည့် ရယ်ဒီကယ်ထောင်ချောက်ကို ဆရာတင်မောင်သန်း (သင့်ဘဝ) က အတု-အစစ် ပြဿနာဟု သရုပ်ခွဲပြခဲ့သည်မှာလည်း စိတ်ဝင်စားဖွယ်၊ သတိပြုဖွယ် ဖြစ် နေလေသည်။

လွတ်လပ်ရေးမရခင်ကပင် အတု-အစစ် ငြင်းခုန်ကာ တောင်းယူသော လွတ်လပ်ရေးထက် တိုက်ယူသော လွတ်လပ်ရေးက စစ်သည် ဟု ဆိုကာ တိုက်ကြ ခိုက်ကြ သေကြ ကြေခဲ့ကြသည်။ (ယခု သော် တုသလား၊ စစ်သလား မည်သူကမျှ ဂရုမစိုက်ကြတော့။)

ဆိုရှယ်လစ်လမ်းစဉ်ကို လျှောက်ကြမည် ဟု ဆိုစဉ်ကလည်း အတု-အစစ် ငြင်းခုန်ကြကာ ကွဲကြ ပြဲကြ တိုက်ကြ ခိုက်ကြ ဖြစ်ခဲ့ပြန်သည်။ ယခုသော် ဆိုရှယ်လစ် အသံ ဆုံးဆုံးမြုပ်ခဲ့လေပြီ။ မည်သူကမျှ ဂရုမစိုက်ကြတော့။

ယခုလည်း ဖက်ဒရယ်စနစ်ကို ဖော်ဆောင်မည် ဟု ဆိုကြချိန်တွင်လည်း အတု-အစစ် ငြင်းခုန်နေ ကြသည်။ သူ့ဟာက စစ်သည်၊ ငါ့ဟာမှ စစ်သည် သဘောထားကွဲလွဲ “ချသမိုင်းသစ်” ရေးရန် ပြင်ဆင်ကုန် ကြလေ၏။ ပြည်သူများမှာ မည်သည့်နေရာ “တု”၍ မည်သည့်နေရာ “စစ်” နေသည် ရေရေရာရာ နား မလည်။ (နောင်သောအခါ နောက်မျိုးဆက်များက ဤသို့ အတု-အစစ် ငြင်းခုန်ကာ ကွဲကြ၊ ပြဲကြကို စိတ်ပျက်ဖွယ်ရာ ကောက်ချက် ပြုကြပါလိမ့်မည်။)

ဒီမိုကရေစီနှင့် စပ်လျဉ်း၍လည်း အတု-အစစ် တိုက်ပွဲက ပြင်းပြင်းထန်ထန် ဖြစ်ပွားနေဆဲ ဖြစ် သည်။ အသက်နှင့်ရင်း၍ တောင်းဆိုမည့် သူများ ရှိသလို အသက်နှင့်ရင်း၍ ကာကွယ်ကြမည့် သူများ လည်း ရှိနေကြသည် ဟု ဆိုကြပြန်သည်။ ဒီမိုကရေစီတုခြင်း၊ ဒီမိုကရေစီစစ်ခြင်း အငြင်းပွားမှုများကို ရယ်ဒီ ကယ်စိတ်ဓါတ်ခံများဖြင့် အားဖြည့်လိုက်ကြသောအခါ နှောင်းလူတို့ စံထားရမည့် “ချ ရာဇဝင်”တစ်ရပ် ဖြစ် ပေါ်လာတော့မည် ဖြစ်သည်။ (နောင်သောအခါ နောက်မျိုးဆက်များက ဤသို့ ဒီမိုကရေစီ အတု-အစစ် ငြင်းခုန်ကာ ကွဲကြ ပြဲကြသည်ကို စိတ်ပျက်စရာ ဟူ၍ မှတ်ချက်ပြုကြပါလိမ့်မည်။)

ဆိုခဲ့ပါ လွတ်လပ်ရေး မရရှိခင်ကတည်းကပင် အမြုတေအဖြစ် တည်ရှိခဲ့ကြကုန်သော အတု-အစစ် အကွဲအပြဲနှင့် ရယ်ဒီကယ်ရှင်းတမ်းသည်ပင် မြန်မာ့တန်ဖိုး၏ အခြားတစ်မျက်နှာပင် ဖြစ်နေလေမည်လား ဟု တွေးဆဖွယ်ရာပင်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[The Voice Weekly, Vol.9/No.41]


Hmuu Zaw facebook စာမျက်နှာမှ ကူးယူဖော်ပြသည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...