Tuesday, October 1, 2013

“ငယ်ငယ်တုံးက သူငယ်ချင်း”

Thanlay Ko

[နေမကောင်းဖြစ်နေလို့ စာတွေ မရေးနိုင်သေးတာနဲ့ အဟောင်းလေးပြန်တင်လိုက်ပါတယ်၊ သည်းခံဖတ်ကြပါကုန် ]
ကျနော်က ကိုးတန်းနဲ့ဆယ်တန်းကို ချင်းပြည်နယ် ပလက်ဝ အ.ထ.က မှာ တက်ခဲ့ရတာ။
အစိုးရရုံးစိုက်တဲ့မြို့ ဆိုပေမယ့် အရမ်းမဖွံ့ဖြိုးတဲ့ ဒေသတစ်ခုပါ။


ကားလမ်း၊ ရထားလမ်းမပေါက်ဘူး။ အစစအရာရာ ကုလားတန်မြစ်ကိုဘဲ အားကိုးကြရတယ်။
မြန်မာပြည်နဲ့ ပလက်ဝမြို့လေးနဲ့က တပတ်တခါဘဲ အဆက်အသွယ် ရှိတယ်။
ပြည်တွင်းရေကြောင်း သင်္ဘောက တပတ်တခါဘဲ လာတာကိုး။
သတင်းစာလည်း တပတ်စာ စုဖတ်ရတယ်။ စာပို့သမားလည်း တပတ်စာ စုပို့ရတယ်။
ဘာလုပ်ချင်လုပ်ချင် တပတ်စောင့်ဘဲ။

ကားမမြင်ဘူးကြဘူး၊ စက်ဘီးမမြင်ဘူးကြဘူး (အပြင်မှာပြောတာပါ၊ ရုပ်ရှင်ထဲတော့ မြင်ဘူးပါတယ်)
ခရစ်ယန်သာသနာပြုအဖွဲ့တွေက ရုပ်ရှင်နယ်လှည့်ပြတာနဲ့ ကြုံရင် ရုပ်ရှင်ကြည့်ကြရတယ်။
ကျန်တဲ့အချိန် ရုပ်ရှင်မရှိဘူး၊ တီဗွီမရှိဘူး။
ရုပ်ရှင်က ပြရင်လည်းတညလုံးပြတာ။ တညလုံးကြည့်၊ မပူနဲ့ နောက်ရက်ကျောင်းပိတ်ပေးတယ်။ ဆရာတွေပါ လာစရာမလိုဘူး။ ကျောင်းအုပ်ကြီးကပြောတယ် 'ငါလည်း မလာနိုင်ဘူး' တဲ့။ သူလည်း ညလုံးပေါက် ကြည့်တာကိုး။
တနှစ်မှာ တခါနှစ်ခါလောက်သာ ကြည့်ကြရတာဆိုတော့ ဘယ်လက်လွတ်ခံမလဲ။

ခရစ်ယာန် သာသနာပြုအဖွဲ့က ပြပေးတာဆိုတော့ ဘာသာရေးကားနဲ့ ဖျော်ဖြေရေးကား တလှည့်စီကြည့်ရတာ။
ရတယ်။ ဘာပြပြ အရုပ်လှုပ်နေရင် ကြည့်မှာဘဲ။
'ပညတ်တော်ဆယ်ပါး' ဆိုတဲ့ကား၊ ဘာသာရေးပေမယ့် အရမ်းကြိုက်ခဲ့တယ်။ စိတ်ဝင်စားစရာကောင်းအောင် အဆင့်မြင့်မြင့်နဲ့ ရိုက်ပြထားတာ။

ဘောလုံးကွင်းထဲ နှင်းတွေအောက်၊ ညနက်နက်၊ သူငယ်ချင်း ချင်းမလေးနဲ့ စောင်ကြီးတစ်ထည်ကို အတူတူခြုံရင်း ကြည့်ရတဲ့ရုပ်ရှင် မကောင်းဘဲနေမလား။
ဒါမျိုးအရသာ ရန်ကုန်ကသမ္မတရုံမှာတောင် မရဘူး။
ရုပ်ရှင်ကလည်း တခါပြရင် ၂ရက် ၃ရက်ပြတာ။
သူပြသလောက် ကျနော်တို့ကလည်း စောင်ခြုံတာဘဲ။
ရုပ်ရှင်မပြတော့တဲ့ နောက်ညဆို စောင်မခြုံရတော့ လူကယောင်တောင်တောင်နဲ့၊ ခြုံတိုးချင်သလိုလို၊ အီးစားချင်ချင်သလိုလို၊ ဘာလိုလိုကြီးမှန်းကို မသိတာ။

ရုပ်ရှင်မရှိဘဲနဲ့ သူ့ခေါ်ပြီး ဘောလုံးကွင်းထဲ စောင်သွားခြုံလို့ကလည်း မဖြစ်ပြန်ဘူးလေ။
ဒါနဲ့ သူ့အိမ်နားသွားပြီး အုတ်ခုံမှာထိုင် ဂစ်တာတီးပြီး လျှောက်ပြန်သံပေးလုပ်ရတယ်။
ကံကောင်းတာက အုတ်ခုံမှာ ထိုင်လိုက်ရင် သူစာကြည့်နေတဲ့နေရာလေးနဲ့ တန်းနေတာဗျ။
ကိုယ်ကလဲ အနုပညာဗီဇပါတော့ ဂစ်တာဂေါက်ရင်း သီချင်းများ ဆိုလိုက်ရင် ‘သွပ်ပြားကိုရိုက်လို့ ကြောင်အော်နေတဲ့ အတိုင်းဘဲ’ တဲ့… မွေးသမိခင်ကိုယ်တိုင်က အဲလို အားပေးထားတာ။

ဒါနဲ့ ဂစ်တာတီးတတ်တဲ့ ရခိုင်သား သူငယ်ချင်းကို ခေါ်ခေါ်သွားရတယ်။
ကိုယ့်လူကလည်း ဈေးကိုင်တယ်ရယ်၊ တခါသွားတိုင်း တခါခေါင်ရေဆက်သရတယ်၊ ပြောရင်းသတိရလာပြီ မအေပေး၊ စေတနာကိုမရှိဘူး။
ကိုယ့်ဒုက္ခကလည်း သေးတာမဟုတ်ဘူး၊
စ,သွားကာစက သူ့အိမ်နားက ခွေးအုပ်ဗျာ၊ လူမြင်တာနဲ့ ဟောင်နေတာ မရပ်တော့ဘူး။
ခဲနဲ့ပစ်လို့လည်းမရ၊ ဒုတ်နဲ့လိုက်လို့လည်းမရ၊ တရစပ်ဟောင်နေတော့တာ။
ကိုယ်ကဂစ်တာတီးပြီး သီချင်းဆိုလိုက်ရင်တော့ မဟောင်တော့ဘူး၊
အဲ… အကောင်းမမှတ်နဲ့ မဟောင်တော့ဘဲ ဝိုင်းအူကြတော့တာ၊ ခက်ဘူးလား။
ကိုယ်တစ်ပုဒ်ဆိုလိုက်၊ သူတို့တစ်ပုဒ်အူလိုက်နဲ့ ဟန်ကိုကျနေရော…

နောက်ရက်လာတော့ အိမ်က အမေ့ထညက်ထုပ် (ထန်းလျက်ထုပ်) ခိုးလာလိုက်တယ်။
ခွေးတစ်ကောင်လာရင် ထညက်တလုံးပစ်ပေးလိုက်တယ်။
ခွေးများသစ္စာရှိချက်၊ အဲဒီကတည်းက ဟောင်လည်းမဟောင် အူလည်းမအူတော့ဘူး။
နောက်ရက်တွေ ကိုယ်များလာရင် တအုပ်ကြီးပြေးလာပြီး ကြိုကြတာများ သူတို့အဖေအလုပ်ကအပြန် မုန့်ဝယ်လာလို့ ဝမ်းသာနေကြတဲ့ အတိုင်းဘဲ။

ကိုယ့်လုပ်ရပ်ကလည်း အောင်မြင်ပါတယ်
ကျောင်းမှာတွေ့တော့ သူငယ်ချင်းလေးကမေးတယ်… …

“ညဘက် ဒို့အိမ်နား သီချင်းလာလာဆိုနေတာ နင်တို့အဖွဲ့လား”
“ဟုတ်တယ်၊ ဘာလို့လဲ”
“ဘာမှမဖြစ်ပါဘူး၊ နင်တို့ဟာက ခွေးတစီစီနဲ့၊ ရီစရာကြီး”

တေနာမ၊ ကိုယ်ကတော့ သူများသိမလားလို့ ဝေဒနာပြပွဲလာလုပ်နေတာကို ရီစရာကြီးတဲ့။
ဒါပေမယ့် စိတ်မပျက်ပါဘူး၊ သူရီရီ မရီရီ၊ ညစဉ်မပျက် ရပ်ကွက်ကို ဆက်လက်နှိပ်စက်လျက်ပါဘဲ။
မကြာဘူး၊ သူ့အဖေက မျက်စိနောက်တယ်နဲ့တူပါတယ်၊ သူ့သမီးကို သူတို့လူမျိုးတစ်ယောက်နဲ့ ပေးစားလိုက်တယ်၊
သမီးနုနုထွတ်ထွတ်လေး ဆယ်တန်းတောင် မအောင်သေးတာကို တေခါနီးကြီးနဲ့ ပေးဂျားလိုက်တယ်ဗျာ။

ဒါနဲ့ အသည်းတွေကွဲပြီး သူငယ်ချင်းရခိုင်သားနဲ့ နှစ်ကောင်သားမူးလိုက်တာ အိမ်တောင်မပြန်ရဲလို့ သူ့အိမ်လိုက်အိပ်ရတယ်။
အဲဒီမှာ ဦးအေးခင်နဲ့ အချစ်ဇာတ်လမ်း အစပြုတော့တာ…
ဦးအေးခင်နဲ့ ချစ်တယ်ဆိုလို့ ကျုပ်ကို ဂေး မထင်နဲ့အုံး
ရခိုင်လူမျိုးတွေက သားဦး သမီးဦးဆိုရင် နာမည်ရှေ့မှာ “ဦး” တပ်မှည့်တာ။
ဦးအေးခင် ဆိုတော့ ‘သမီးဦး မအေးခင်’ ပေါ့

သူငယ်ချင်းရဲ့အစ်မက စစ်တွေကောလိပ်ကျောင်းသူ၊ ကျောင်းပိတ်လို့ပြန်အလာ၊ ကျနော်ကလည်း အသည်းကွဲပြီး သူအိမ်သွားအငို အကြောင်းဖန်လာလို့ တွေ့ကြတော့ ချစ်မိတာပေါ့။
ချစ်မိတာလည်း အပြစ်မတင်နဲ့အုံး၊ သူကလည်းချစ်ချင်စရာ ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီး၊ လုံးကြီးပေါက်လှ ရွှေဘိုမင်းကြိုက်ကြီး (ပြောရင်း လွမ်းထှာဗျာ)
အသည်းကွဲတာ တစ်ညဘဲရှိသေး နောက်ရက်မှာ ချစ်ရမယ့်သူ အသစ်တွေ့ရတယ်။
ကျနော်ကိုက ကံကောင်းတာပါလေ။

သူက ကိုယ့်ထက် ၃နှစ်လောက်ကြီးတယ်။
မမ မမနဲ့ သွားချွဲပြီး စာပြခိုင်းတယ်၊ တကယ်တမ်းက ဘာစာမှ ပြခိုင်းစရာမလိုဘူးရယ်၊
ကျောင်းမှာ ဆရာတွေကို ရစ်ပြီး မေးမြန်းထားတာ ဖွတ်ဖွတ်ကိုကျေနေတဲ့ စာတွေ။
ဒီလိုနဲ့ သံယောဇဉ်တွေ နှောင်တည်းမိကာမှ ကံကြမ္မာသူရက်စက်လို့ ခွဲကြရပြန်တယ်။
သူကျောင်းဖွင့်လို့ စစ်တွေကို ပြန်သွားတာကိုး။

ဒီကောင်က အသည်းနုတော့ လွမ်းလိုက်တာမှ မိုးလင်းကမိုးချုပ် အိပ်ချည့်နေတော့တာ။
ကိုးတန်းတောင် ကံကောင်းလို့ အောင်တာရယ်။
အဲ… သူကျောင်းပိတ်လို့ တခါပြန်လာပြန်တော့ ဝမ်းသာမယ်မှ မကြံသေးဘူးဗျာ၊ မြို့ပိုင်ကုန်းမှာနေတဲ့ ထွေအုပ်က ဗမာအုပ်ချုပ်ရေးမှုးတစ်ယောက်နဲ့ ပေးစားလိုက်ပါလေရော
ကဲ… နှစ်ခါကွဲတဲ့ အသည်း မနာဘဲရှိပါ့မလား၊

အဲဒီကတည်းက မိန်းမတွေကို စိတ်နာသွားလိုက်တာ ပလက်ဝမှာ နောက်ထပ် တစ်နှစ်လောက်နေတဲ့ အတောအတွင်းရီးစား သုံးယောက်ထပ်ထားမိတယ်။ နာချက်။
နှစ်ထပ်ကွမ်း အသည်းကွဲသမားကြီး ဆယ်တန်းရောက်တော့ သိပ်မသောင်းကျန်းရဲတော့ဘူး။
ကျောင်းစာနည်းနည်းလုပ်မှ ရမှာလေ၊

ကျောင်းမှာက ဆရာအများစုက ချင်းလူမျိုးတွေများတယ်၊ မှတ်မှတ်ရရ ဗမာဆရာ နှစ်ယောက်ဘဲရှိတာ။
မြန်မာစာပြတဲ့ ဆရာဦးအောင်ညွန့်ရယ်၊ သင်္ချာဆရာ ဦးမြင့်ဦးရယ်။
ဗမာဆရာတွေနဲ့က ကျောင်းချိန်ပြင်ပမှာဆို ညီအကိုတွေလို ပေါင်းတာလေ။
စာသင်ခန်းထဲမှာတော့ ဆရာတပည့်ပေါ့။

စာသင်ခန်းထဲမှာ ဆရာနှစ်ယောက်လုံးက ကိုယ့်ကိုချဉ်တယ်၊ (ချစ်တာမဟုတ်ဘူးနော် ချဉ်တာ)
ချဉ်မှာပေါ့၊ အမေးအမြန်းထူတာကိုး၊ ကွန်ပလိန်းကလည်းများသေး။
မြန်မာစာဆိုတာကလည်း မေးချင်စရာတွေချည့်ဘဲ မဟုတ်လား၊ စကားပြေ၊ ကဗျာခက်ဆစ်၊ နားမလည်တာ မသိတာကို ရှင်းရှင်းလင်းလင်းသိချင်လို့ မေးတာပါ။
မေးပါများ စကားမရဘဲ ဆရာတွေက ချဉ်လာရော
နောက်များတော့ ဆရာဦးအောင်ညွန့်က စာရှင်းပြပြီးလို့ရှိရင် ကျောင်းသားတွေကို ပြောတယ်…

“ကဲ… မင်းတို့ နားမလည်တာရှိရင် မေးနိုင်တယ်၊ ဟိုကောင် ငဦးမပါဘူး”… တဲ့၊ ခက်ဘူးလားဗျာ

အဲဒီလို ကွန်ပလိန်းတက်တာလည်း ဆရာဦးမြင့်ဦး ချွတ်တော့မှ ကျွတ်တန်းဝင်တော့တာ… …
တစ်ရက်မှာ ဆရာက ဂျီးသြမေတြီပုဒ်စာတစ်ပုဒ်ကို ရှင်းပြနေတယ်၊
ကျောင်းသားတွေ နားလည်အောင် တမျိုးပြီးတမျိုးပြောင်းပြီး ရှင်းပြနေတယ်၊
ရှင်းပြနေရင်းနဲ့ ပြောတယ်… …

“မင်းတို့ကို တိုက်ရိုက်မတွက်ဘဲ သွယ်ဝိုက်တွက်ပြတာ၊ အဖြေက အတူတူဘဲ၊ ‘အဖေ’ လို့ မပြောချင်လို့ ‘အမေ့ယောက်ျား’ လို့ပြောတာ၊ အတူတူဘဲ နားလည်လား”… တဲ့

ဒီမှာ ပွဲတိုင်းကျော် ကျနော်က ထပြီး မေးတယ်… …

“ဆရာ…”
“ဘာလဲ…”
“အဖေ ဆိုတိုင်း အမေ့ယောက်ျားမှန်ပေမယ့်၊ အမေ့ယောက်ျားဆိုတိုင်း အဖေမဖြစ်နိုင်ဘူး ဆရာ”

ဆရာက မျက်ထောင့်နီကြီးနဲ့ လှမ်းကြည့်တယ်
ပြီးတော့ တလုံခြင်းပြောတယ်… …

“အေး… မင်းတို့အိမ်မှာတော့ ဟုတ်မှာပေါ့”… တဲ့
“ဂျာ…”

တေဟ… လျှာရှည်ချင်အုံး
ဒါနဲ့ ကိုယ့်အမေကို ပတ်ဝန်းကျင်က အထင်အမြင်လွဲမှာ စိုးလို့ အဲဒီကနောက်ပိုင်း ကွန်းပလိန်းမတက်ရောတော့ဘူး ဟူး ဟူး
ဆရာပါဆိုမှ တကွက်တော့ ကျန်တယ်ရယ်… …



သန်၎ကို-ပေါက်ကရရေးသည်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...