Thursday, October 10, 2013

✿✿✿ တတိယအရွယ်၏ ပထမရင်ခုန်သံ ✿✿✿



“ အပျိုကြီး သီတင်းကျွတ်ပီနော်…. သူများမင်္ဂလာဆောင်တွေပဲလိုက်လက်ဖွဲ့မနေနဲ့ ကိုယ့်အကြွေးတွေလည်း ပြန်ယူဖို့စဉ်းစားအုံး” ရုံးမှာထိုင်နေရင်း မကင်းရာမကင်းကြောင်း မိတ်ဆွေ တယောက်ရဲ့ ဖိတ်စာလေးကို ဖွင့်ကြည့်နေမိစဉ် မန်နေဂျာကြီးပြောသွားတဲ့ ခနဲ့တဲ့တဲ့စကား။
အပျိုကြီးတယောက်အတွက် အခံရအခက်ဆုံးရာသီကိုပြောပါဆိုရင် သီတင်းကျွတ်ကိုသာ ရမယ်ရှာလိုက်ချင်ပါတယ်။ ဟုတ်သည်လေ အေးအေးလူလူ ကျော့ကျော့ကော့ကော့ရှိတဲ့ အမျိုးသမီးဆိုလို့ တရုံးလုံးမှာ ခင်မမတယောက်သာရှိလေတာ။ ကြည့်သူမြင်သူကို မျက်စိပသာဒဖြစ်စေအောင် သားကျွေးမှု၊ မယားကျွေးမှုဆိုတဲ့ ဇာတ်ခုံကြီးပေါ်မတက်ပဲ ကိုယ့်ကို်ယ်ကို ပြုပြင်မွန်းမံအလှဆင်ရင်း ပျိုမြစ်နုနယ်နေတာ။ လူတွေက ကိုယ့်ထမင်းကိုယ်စားပြီး သူများစီးပွားရေးအိုး တုတ်နဲ့မထိုးတဲ့ ဒီအပျိုကြီးတယောက်ကပဲ လူ့ဘ၀တာဝန်တွေကို မကျေပွန်သလိုလို။ ဘုရားတရားတော်တွေနဲ့ မညီညွတ်မအပ်စပ်သော မကောင်းမှုဒုစရိုက်တခုခုကိုပဲ ကျူးလွန်နေမိသူလိုလို။

ခက်တော့လည်း ခက်ပါပေတယ်။ ခင်မမ ဒီအပျိုကြီးဆိုတဲ့စကားလုံးနဲ့ ရင်းနှီးပတ်သက်ခွင့်ရခဲ့တာ အသက်(၃၅)နှစ်ကို မခို့တရို့လေးကျော်ချိန်ကစလို့ ယခု ဟိုသီချင်းထဲကလို “အသက်(၄၀) လူတွေမေးတယ်” အချိန်အခါရောက်သည်အထိ။ ကိုယ့်အလုပ်အကိုင်၊ ကိုယ့်ဝင်ငွေနဲ့ သင့်တင့်လျောက်ပတ်အောင် တိုင်းထွာချင့်ချိန် ဖြတ်သန်းသမှုပြုနေတဲ့ သိမ်းထုတ်သေချာ အမျိုးသမီးတယောက်အတွက် ကင်ပွန်းတပ်ခံရတဲ့ ဒီအမည်က အောင့်သက်သက်တော့နိုင်သား။ ခေတ်နဲ့အမှီ နောက်မကျန်ခဲ့ရလေအောင် ပြေးလိုက်နေရတဲ့ ဒီလိုအချိန်အခါ၊ အခြေအနေမျိုးမှာ အများအမြင်ပသာဒရစေမဲ့ ပြင်ဆင်ချယ်သမှုမျိုးနဲ့ အေးအေးလူလူနေနိုင်တာ။ ကြည့်လေ ကိုယ့်အိမ်နဲ့ကို၊ ကိုယ့်ဗိုက်နဲ့ကိုယ် စားချင်တာစားဖို့ ချက်ပြုတ်၊ ပြီးပြန်တော့ ရုံးချိန်အမှီပြင်ဆင် လူအမြင်မှာရော လက်ရှိဘ၀မှာရော ပူစရာဆိုလို့ ဗိုက်တောင် လေ့ကျင့်ခန်းလုပ်လွန်းသမို့ ပြစရာမရှိ။

ပုံသဏ္ဍာန်ကိုလည်းကြည့် နှုတ်ခမ်းကအနည်းငယ်ထော်လန်တာကလွဲရင်၊ ဆံပင်နဲ့ဖုံးထားရတဲ့ နဖူးက မဆိုစလောက်ကလေး ပြောင်ချော်ချော်နိုင်တာကလွဲရင်၊ ပါးလွန်းလို့ခဲတံရာဗရဗျစ်အမြဲဆွဲနေရတဲ့ မျက်ခုံးမွှေးကလွဲရင်၊ မျက်တောင်တုနဲ့ဖုန်းကွယ်ထားရတဲ့ ခပ်စိုက်စိုက်မျက်တောင်ရှင်ဖြစ်တာကလွဲရင်၊ ဖြူသော ၀ါသော သူများကြားထဲမှာ ကြည့်လိုက်ရင် ထင်းခနဲဖြစ်စေမဲ့ အနက်နုရောင်အသားအရည်ဖြစ်တာကလွဲရင် အားလုံးက အိုကေမှာ စိုပြေလို့။

စွဲသုံးနေကြမိတ်ကပ်အရောင်းကောင်တာက ညီမလေးဆိုခင်မမကိုမြင်လိုက်တာနဲ့ မွမွ၊ မွမွဆိုတဲ့ အခေါ်အဝေါ်က ပါးစပ်ကမချ ၀ယ်နေကြမိတ်ကပ်အပြင် ဟိုအိုင်းရှဲဒိုးက ဘယ်လိုကောင်း၊ ဟိုနှုတ်ခမ်းနီက ဘယ်လောက်အချိန်ကြာကြာခံ၊ ဟိုပေါင်ဒါက မွမွနဲ့လိုက်တာကတဖုံ။ အဲ့သလို အဲ့သလို ကိုယ့်အလှအပနဲ့ကိုက်ညီတာလေးတွေ ထိုးထည့် အဲလေ ရောင်းချပေးရှာတာ။ ခင်မမရဲ့အလှတွေပုံပေါ်နိုင်တာ သူ့ကျေးဇူးတွေကလည်း မနည်းမနော။ ဟော…. နောက်တယောက်ကျန်သေး။ သူကတော့ လမ်းထိပ်စတိုးဆိုင်က မခင်မြဆိုသူ။ အသစ်ကလေးမရောက်လိုက်နဲ့ ခင်မကိုသာ ပြေးမြင်ယောင်တယ်ဆိုတဲ့လူစား။ ဒီလိုတွေ အလှကို အယဉ်ဆင့်ဖို့ စိတ်ကူးပုံဖော်ပေးသူတွေကလည်း ခင်မမမှာ ပတ်လည်ကို ၀ိုင်းနေမှတော့ အပျိုကြီးအလှ ကမ္ဘာမကျော်ရင်သာနေမယ် ရပ်ကွက်ထဲမှာတော့ ကျော်ကြားလိုက်သမှ အပြင်ထွက်လာပြီဆိုတာနဲ့ ဟိုကငေး ဒီကရှိုးနဲ့ဆိုတော့ကာ အသက်(၄၀)ပါဆိုရင်တောင် ဘာဘာ ၂၀လားလို့ မေးရမဲ့ကိန်း။

သူများ(ရပ်ကွက်ထဲက)အမွှန်းတင် ပြောစကား ပြန်ကြားရတာလားလို့တော့မမေးနဲ့။ ကိုယ့်ဘာသာကို ပြင်းပြင်းထန်ထန်ဝေဖန်ကြည့်မိတာပါ။ လူတိုင်းကို လိုက်မေးမှမဟုတ်။ ဒီအသက်အရွယ်ရောက်နေပြီကွယ်။ လူတွေရဲ့အကြည့်၊ အပြုံးကိုမြင်လိုက်တာနဲ့ ချက်ခနဲဆို ခင်မမနားခွက်က မီးဟုန်းဟုန်းတောက်ပြီးသားပဲလေ။ မည်သို့ပဲလှပ နုရွနေပါစေ ဘယ်သူတွေ ဘယ်လိုပဲပြောပြော ဘ၀င်မြင့်စိတ်အလျဉ်းမရှိပဲ သီတင်းကျွတ်နဲ့ပတ်သက်တဲ့ အားကျစရာမင်္ဂလာသတင်းတွေကို မသိချင်ယောင်၊ မကြားချင်ယောင်ဆောင်လာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့တာ ကိုယ်နဲ့သက်တူရွယ်တူတွ ဘုစုခရုရလို့ သူတို့လေးတွေရဲ့အခေါ် တီတီအရွယ်တောင် ရောက်လာခဲ့ပေါ့။ သို့အတွက် မန်နေဂျာကြီးပြောသွားတဲ့ ခနဲ့တဲ့တဲ့စကားကို လိုက်ခံစားနေရင်ဖြင့် ခင်မမတို့အတွက် မဆုံးနိုင်တဲ့ ဂမုန်းခိုင်မဖြစ်စေဖို့အရေး ဥပက္ခာလက်နက်မှာ ကျည်ဆံများများထည့်ပြီး ပစ်ခဲ့တာချည်းမို့ ဒီလက်နက်ပဲထုတ်သုံးဖို့ သံဓိဌာန်ချခဲ့ရတာပေါ့။

သွားရမဲ့ဖိတ်စာရှင်ကလည်း ရှောင်လွှဲလို့မရတဲ့ မိတ်ဆွေအရင်းခေါက်ခက်ကြီးဖြစ်နေတာကြောင့် သွားဖို့လာဖို့ ပြင်ဖို့ဆင်ဖို့ စဉ်းစားရပြီပေါ့။ ကြိုတင်သိထားတဲ့ မင်္ဂလာပွဲမို့ ကြိုတင်ပြင်ဆင်ခွင့်ရတဲ့အတွက် အတော်လေး သက်သောင့်သက်သာရှိလှပါတယ်။ ရုံးပိတ်ရက်ဖြစ်တာကြောင့် အေးအေးလူလူပြင်ဆင်ချယ်သနိုင်သည့်အတွက်လည်း ကျေးဇူးတောင် တင်ရမလို။ အတွေးတွေနဲ့ အချိန်ကုန်ရင်း သူများမင်္ဂဆောင်မှာ အလှပြဖို့အရေး စိတ်စောနေရပါတော့တယ်။

ခင်မင်ရင်းနှီးတဲ့ အသိမိတ်ဆွေတယောက်ရဲ့ မင်္ဂလာပွဲမို့ လာရောက်သူအတော်များများကလည်း ခင်မနဲ့ ရင်းနှီးသူတွေများလှပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ သက်တူသူငယ်ချင်းတွေကိုတွေ့ရတဲ့အခါ အသက်နှစ်ပြန်စာလောက် ငယ်သွားရတာမို့ ခင်မတို့အတွက် ပိုမိုကြွရွလို့နေပါတော့တယ်။ ငယ်ငယ်ကကျောင်းတက်စဉ် ရယ်စရာဟာသတွေ၊ ကျောင်းပြီးတော့ကြုံတွေ့ရတဲ့ လုပ်ငန်းခွင် အခက်အခဲတွေဖလှယ်ကြရင်း အချိန်တွေတဖြည်းဖြည်း ကုန်လွန်လာခဲ့ပါတယ်။ မင်္ဂလာပွဲနဲ့ ပါတ်သက်ရာပါတ်သက်ကြောင်းတွေကို နှုတ်ဆက်အပြီး စားပွဲဝိုင်းကထွက်မယ်အလုပ
“ခင်လေးမဟုတ်လား”
ကြားလိုက်ရတဲ့အသံက တုန်တုန်ရီရီရှိလှပေမဲ့ ပြတ်သားစွာ နားဝင်ပီယံရှိလှပါတယ်။ သူ…. ဟုတ်ပါတယ်။ သူမှသူအစစ်ပါ။

“ကိုခန့် မဟုတ်လားဟင်”
ခင်မအသံတွေကလည်း ထပ်တူ တုန်ရင်နေပါတယ်။ သူ့အသံ၊ သူ့အပြုံး၊ သူ့မျက်လုံး အရာအားလုံးက အရင်တုန်းကအတိုင်း သာယာကြည်နူးဖွယ်အတိဖြစ်နေပါတယ်။ သူဆိုတာ ခင်မရဲ့ကျောင်းနေဖက်၊ သူဆိုတာ ခင်မရဲ့ တိုင်ပင်ဖက်၊ သူဆိုတာ ခင်မရဲ့ ကောင်းတူဆိုးဖက်၊ သူဆိုတာ တချိန်က ခင်မရဲ့လက်တွဲဖော် ချစ်သူ။ ရင်နှင့်ရင်း၍ချစ်မိရသောသူ၊ ပျော်ရွှင်စရာအချိန်အတော်များများကို ဖန်တီးပေးခဲ့သူပေါ့။

ခုအသက်အရွယ်မှ ပြန်ဆုံတွေ့ရပေမဲ့ အရင်တုန်းကအကြောင်းအရာတွေက ခင်မမျက်လုံးထဲမှာ ရုပ်ရှင်ကြည့်နေရသလို တဖြတ်ဖြတ်။ ကိုခန့်နဲ့ တက္ကသိုလ်တက်ချိန်တလျှောက် ခင်မင်ခဲ့ရာက စိတ်တူကိုယ်တူ၊ ခံစားချက်တူမို့ မိန်းကလေးသူငယ်ချင်းတွေထက် ပိုမိုရင်းနှီးဖြစ်ခဲ့ကြပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ သံယောဇဉ်ကြိုးက ရှည်သထက်ရှည်ရင်း ရစ်ပတ်ဖွဲ့နှောင်ခဲ့တဲ့နောက်တော့ နှုတ်ကဖွင့်မပြောပေမဲ့ ကိုခန့်ရဲ့ အကြည့်တွေမှာ ခင်မကိုချစ်တဲ့အကြောင်း သိသာထင်ရှားလွန်းလှပါတယ်။ ခင်မလည်း ချစ်တတ်သူတယောက်မို့ ငြင်းစရာမရှိပေမဲ့ ကိုယ်ကစတင်ဖို့မရဲတဲ့အတွက် တိတ်တိတ်မြိုသိပ်လို့သာ ချစ်ခဲ့ရတာပေါ့လေ။

စာမေးပွဲနောက်ဆုံးရက်မှာ ကိုခန့်ဆီက ဖွင့်ဟ၀န်ခံချက်တခုကိုသိလိုက်ရတဲ့အတွက် ၀မ်းသာလိုက်ရတာ။ မကွယ်ဝှက်စတမ်း ပြန်အဖြေပေးလိုက်အပြီး နောက်တနေ့ သူ့မိဘတွေနဲ့တွေ့ဖို့ ခင်မကိုဖိတ်ပါတော့တယ်။ ကိုယ်ချစ်သူချစ်၊ သူ့အကြောင်းကိုယ့်အကြောင်းသိပြီးသားတွေမို့ ခင်မကလည်း နီးဖို့ရာဆိုရင် တဖြတ်ဖြတ်ခုန်နေတဲ့ရင်အစုံကိုဖိလို့ အလှကြိုက်သူပီပီ ယောက္ခမအမြင်တင့်တယ်စေရန်အလို့ငှာ အလှပဆုံးပြင်ဆင်လို့ အိမ်ကထွက်လာခဲ့ပါတယ်။ ကျော့ကျော့ကော့ကော့သွားလာရမဲ့အတွက် အငှားယာဉ်တစ်စီးကိုသာ ခပ်မြန်မြန်ငှားလိုက်ရပေမဲ့ ကားမောင်းထွက်တော့မှ နောင်တလုံးလုံးရရပါတော့တယ်။ အကြောင်းအရင်းက စပရိန်ပြုတ်နေတဲ့ ဆိုဖာထိုင်ခုံတွေက မြင်းစီးနေရသလို ကားဘရိတ်အုတ်လိုက်တိုင်း လူတကိုယ်လုံး နတ်ဝင်ပူးတဲ့သလို ရှေ့တိုးသွားလိုက်၊ နောက်ပြန်လန်သွားလိုက်။ ကားမှန်တွေကလည်း လေမတိုက်အောင် တင်လို့မရ။ တရသေဖြစ်နေတဲ့ ကားမှန်မိုင်ကုန်ဖွင့်ထားချက်က အပီပြင်ဆင်ဖီးသင်လာတဲ့ ခေါင်းကအမောက်ကို ပြိုယိုင်လဲစေတော့မလို ဘုရားတရင်းက တပ်ဆင်လာတဲ့ မျက်တောင်တုကလည်း လေဆင်နှာမောင်းဝင်ခံရသကဲ့သို့ လူးလာခေါက်တုံ့လျက်၊ ကားဘော်ဒီက ဘယ်နှစ်နှစ် ဘယ်နှစ်ကာလက ရှေးဟောင်းသမိုင်းဝင်သည်မသိ၊ ဟိုနေရာက ကျွီ၊ ဒီနေရာက ဂွီ၊ ဒုတ်ဒုတ်မြည်သံကတမျိုး၊ ဖုန်းဒိုင်းဆိုသံကတဖုံ မသိရင် ဆိုင်းချက်နဲ့အညီလူက ယိမ်းနွဲ့လို့နေသယောင်။ အလှမပျက်ချင်လို့ ကားငှားစီးလာတယ်သာပြောတော ကားနဲ့အပြိုင်ပြေးလိုက်နေရသလို ပင်ပန်းလိုက်တာလွန်ပါရော။

ငှားလက်စနဲ့ မထူးတော့တဲ့လမ်းခရီးမို့ ဆက်လက်လိုက်ပါလာရပေမဲ့ ရာသီဥတုကပူ၊ လူကပင်ပန်း၊ ချွေးတွေကပြန်နေ ပါတော့တယ် တခုတည်းသော တစ်ရှုးတစကို ဟိုသုတ်ဒီသုတ်လုပ်ရင်း လိုက်ပါလာလိုက်တာ ကိုခန့်အိမ်ခြံရှေ့တောင် ရောက်လာရောပေါ့။ ကားခကိုမြန်မြန်ဆန်ဆန်ရှင်းပြီး မှန်ထုတ်ကြည့်မယ်လုပ်တော့ ဟော….. မှန်ကပါမလာ။ အိမ်ရှေ့မှာစောင့်နေတဲ့ ကိုခန့်က ခါးကြီးထောက်လို့။ ပြီးတော့ အံ့သြတဲ့အကြည့်နဲ့။ အမယ်.. မမြင်ဖူးတဲ့သူများမှတ်လို့။ ကြည့်နေလိုက်တာများ ဓါတ်ရှင်မင်းသမီးကြီးတယောက်ကို အပြင်မှာမြင်တွေ့ရသလို အံ့ဖွယ်လိလိ မလှုပ်မရှက်ဖြစ်နေလိုက်တာ။

အတိုချုံးရရင် အိမ်ရှေ့ကိုအရောက် ကိုခန့်က အိမ်ထဲမခေါ်သေးပဲ “မင်းပုံမင်းပြန်ကြည့်စမ်း” ဆိုတဲ့စကားလုံးနဲ့ မှန်ယူပြမှ အမယ်လေးလေး။ ဒါဘယ်သူပါလိမ့်။ ဆံထုံးကရွဲ့၊ အမောက်ကပျက်၊ နှုတ်ခမ်းနီတွေ မေးစေ့မှာပေလို့၊ မျက်တောင်တုက တဖက်ကတ၀က်ပြုတ်၊ တဖက်က ကွာလုကွာခင်၊ အိုင်းရှဲဒိုးတွေက မျက်ကွင်းတွေမှာ ညိုမဲလို့ ကိုယ့်ကိုယ်ကိုကြည့်ရတာ ဟိမ၀န္တာကမျောက်အိုကြီးကမှ ကိုယ့်ထက်သာနိုင်ဦးမဲ့အဖြစ်။ အမယ်မင်း ဒီပုံနဲ့ယောက္ခမ၀င်တွေ့ရင် နှလုံးရောဂါအခံရှိသူဆို တခါတည်းတောင် ရှော့ဖြစ်သွားရချည်သေးရဲ့။ မဖြစ်ဘူး မဖြစ်ဘူး။ ရှက်တဲ့စိတ်အစုံက ကိုခန့်ကိုလည်းမမြင်နိုင်တော့ ငိုယိုရင်းပြန်ပြေးထွက်လာခဲ့ပြီး ဇာတ်မြုပ်ခဲ့တာ ခုချိန်ထိ။

“ဘာတွေတွေးနေတာလဲဟင်” ကိုခန့်ရဲ့အသံစာစာ။ သူကပဲဆက်ပြီး
“ဘာကိုမှတွေးမနေပါနဲ့၊ ပြီးတာတွေကလည်း ပြီးခဲ့ပြီပဲ။ ခင်လေးကိုပြန်တွေ့ရတာ နတ်ရေကန်ထဲကျသွားတဲ့သူတယောက်ကို မြင်လိုက်ရသလို ခံစားရတယ် အရင်ကထက် ပြင်ဆင်ချယ်သတတ်လာသလို၊ အရင်ကထက် ၀တ်တတ်စားတတ်လာတယ်။ သိပ်တည်ငြိမ်တဲ့အလှနဲ့ လှသထက်လှနေတဲ့ ခင်လေးကိုတွေ့ရတာ ၀မ်းသာလိုက်တာ။ ကိုခန့်ရဲ့ စိတ်ဓါတ်တွေ၊ ကိုခန့်ရဲ့ ရင်ခုန်သံတွေ ခုထိ ပျိုမြစ်နေဆဲပါပဲခင်လေးရယ်။ အဲ့ဒီလိုပဲ ကိုခန့်ရဲ့ မျက်လုံးထဲမှာ ထာဝစဉ်ထာဝရ ခင်လေးရဲ့ အလှကလည်း အရင်ကထက် ပျိုမြစ်နုနယ်နေအုန်းမှာပါ…..”

၄၀ကျော် ခင်မမရဲ့ ရှက်သွေးဖြာနေတဲ့မျက်ဝန်းတစုံကနေ၊ အရင်လိုပျိုမြစ်ဆဲ ရင်ခုန်သံတွေကို ပြန်လည်ထုတ်လွှတ်နိုင်ခဲ့ပေမဲ့ ကိုခန့်ပြောသလို အရင်ကထက် ပျိုမြစ်နုနယ်နေအုန်းမှာပါဆိုတဲ့ စကားလုံးက ယုံနိုင်စရာမရှိတဲ့ မဟုတ်တမ်းတရား စကားချိုတွေဖြစ်တယ်ဆိုတာ မင်္ဂလာပွဲမလာခင် တွေ့ခဲ့ရသော ဆံထုံးအတွင်းတွင် ဖုံးဖိထားရသည့် ဆံပင်ဖြူတချို့က သက်သေပြနေပါတယ် ဆိုတဲ့စကားလုံးတွေကတော့ ရင်တွင်း၌သာ…..။

ရေကြည်သူ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...