Friday, October 4, 2013

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၂၁ ) ပညာပါရမီ ( ဂ )

October 3, 2013 at 11:22am
ပညာရည်အဆင့်အတန်းကို ပိဋကတ်စာပေများအဆိုအရ ဤသို့သုံးဆင့်ပိုင်းခြားသတ်မှတ်နိုင်သည်။ ၁။ သညာသိအဆင့်၊ ၂။ ဝိညာဏ်သိအဆင့်နှင့် ၃။ ပညာသိအဆင့်ဟူ၍ဖြစ်သည်။ ဤအကြောင်းအရာများကို မိမိတို့ကိုရင်ငယ် စာသင်သားဘဝတွင်သင်ကြားခဲ့ရသည်။ သို့သော် ယခုကဲ့သို့ ချဲ့ ထွင်ကာ မခံစားတတ်၊ နားမလည်တတ်၊ မမြင်တတ်ခဲ့ချေ။
အထက်ပါ ပညာရည်အဆင့်သုံးဆင့်တွင် နံပါတ် ( ၁ ) ဖြစ်သည့် သညာသိ အဆင့်ကိုဦးစွာပထမတင်ပြပါမည်။ သညာဟူသည်မှတ်သားခြင်းသဘောသက်သက်
မျှပင်ဖြစ်သည်။ အရာရာကို သူမြင်သည့်အတိုင်း ကြားသည့်အတိုင်း သင်ပေးထားသည့်အတိုင်း မှတ်သားခြင်းမျှဖြစ်သည်။ မိမိတို့၏ဆိုင်ရာပသာဒရုပ်များဖြင့် အာရုံငါးပါးကိုထိတွေ့ကာ သိစိတ်အသီး သီးဖြင့် လက်လှမ်းမီသလောက်မှတ်သားရုံသက်သက်မျှ သိခြင်းသဘောသည် သညာသိဖြစ် သည်။ လေးနက်ခိုင်ခံ့၍ အနှစ်အသားပါသော အသိမဟုတ်ချေ။ မေ့ပျောက်တတ်သလို မေ့ပျောက်သွား ပါကလည်း ဘာမျှမကျန်တော့သော အသိမျှသာဖြစ်သည်။ ကိုယ်ပိုင်ဥာဏ်ကိုအားစိုက်၍ စူးစမ်းခြင်း ဝေဘန်သုံးသပ်ခြင်း ကြောင်းကျိုးယုတ္တိကိုဝေဘန်ဆွေးနွေးခြင်းတို့ မပါဝင်ပေ။ အမှန်စင်စစ် လူသားအပါအဝင် သတ္တဝါတိုင်းသည် ထိုသညာသိအဆင့်မှစ၍သင်ကြားခဲ့ကြရသည်။ နားလည်ခဲ့ကြရသည်။

  အနည်းငယ်ချဲ့ပါအံ့။ မိမိတို့ငယ်စဉ်ဘဝတွင် မိခင်ထံမှဦးစွာပထမသင်ယူကြရသည်မှာ သညာသိပညာရေးပင်ဖြစ်သည်။ဤအရာကိုမျက်လုံးလို့ခေါ်တယ်သားရဲ့၊ ဤအရာကိုနားရွက်လို့ခေါ်တယ်သားရဲ့၊ ဤအရောင်ကိုအဖြူရောင်လို့ခေါ်တယ်၊ ဤသူကိုတော့ ဦးကြီး ဘကြီး ဒေါ်ကြီး ဒေါ်လေးလို့ခေါ်တယ်သားရဲ့ စသည်ဖြင့်မှတ်တတ်အောင် မိခင်၏ စတင်သင်ကြားပေးမှုကိုခံယူကြရသည်။ လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ ဆိုသည့်အလျောက် မိခင်နှင့်ဖခင်တို့၏ သင်ကြားပေးသည့်အတိုင်းပင်မိမိတို့မှတ်သားခဲ့ သိခဲ့ကြသည်။ ဘာကြောင့်မျက်လုံးခေါ်သည်၊ ဘာကြောင့်အဖြူရောင်ခေါ်သည်၊ ဘာကြောင့် ဦးကြီး ဒေါ်ကြီးခေါ်သည် စသည်ဖြင့်
ကြောင်းကျိုးကိုဝေဘန်စဉ်းစားသုံးသပ်ခြင်းများ မပါဝင်ခဲ့ပေ။ သူ့အိုးနှင့်သူ့ဆန် တန်ရုံသာ ဟုဆိုသည့်အတိုင်း လူမမယ်ကလေး
အရွယ်တွင် ဤသညာအဆင့်ပညာရေးသည် သင့်တော်သည်။ လိုက်ဖက်သည်။ ဤသညာအဆင့်ပညာရေးသည် မိဘ၏လက်ဦး
သင်ကြားရေးမှစ၍ ကျောင်းသင်ပညာရေး မူလတန်းနှင့်အလယ်တန်းပြီးဆုံးသည်အထိသင့်တော်၏ဟု မိမိဆိုချင်သည်။ ( မူလတန်း
ကတည်းက သညာအဆင့်ထက်ကျော်လွန်နိုင်လျှင်လည်း ကောင်းပါ၏ ) သို့သော် အထက်တန်းပညာရေးအဆင့်သို့ရောက်လျှင်ကား ဤသညာသိအဆင့်ပညာရေးစနစ်သည် မဆီလျော်တော့ချေ။ အကြောင်းကား အထက်တန်းပညာရေးတွင် ကြောင်းကျိုးဝေဘန်မှု
များ၊ လေးနက်စွာစဉ်းစားသုံးသပ်မှုများ ပါဝင်လာရမည်ဖြစ်သောကြောင့်ပင်ဖြစ်သည်။ လေးနက်သော ကိုယ်ပိုင်ကြောင်းကျိုး
ဝေဘန်စဉ်းစားမှုများ ဖွင့်မပေးနိုင်သော အထက်တန်းပညာရေးသည် ကျွန်ပညာရေးစနစ်တစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ အသုံးချခံပညာရေးမျိုးသာဖြစ်ပေမည်။

  ဤအကြောင်းအရာနှင့်စပ်၍ သင်ကြားနည်းလေးမျိုးကိုတင်ပြလိုသည်။ ၁။ Notes: မှတ်စုပေး၍သင်ကြားနည်း၊ ဆရာခေါ်ပေး တိုင်ပေးသည့်အတိုင်း တပည့်ကလိုက်၍ရေးရ မှတ်ရကျက်ရ၏။ ဤအတိုင်းမေးလျှင် ဤလိုဖြေ၊ သည်ပုံမေးလျှင်သည်လိုရေးဟု
ဆိုကာ အမေမှာသည့်ဆန်တခွဲ သုံးစိပ်နဲ့မလဲ ဆိုသည့်ပမာ မှာထားသည့်အတိုင်းသာ မူသေဆုပ်ကိုင်လျှက် ကိုယ်ပိုင်ဥာဏ်
ထုတ်သုံးဘို့လဲမလို၊ စဉ်းစားသုံးသပ်ခြင်းလဲကင်းကာ ပြန်လည်ဆွေးနွေးမေးမြန်းခွင့်လဲမရှိသော ရေးဖူးဖတ်ဖူးမှတ်ဖူးရုံသက်သက်မျှ
သင်ကြားရေးဖြစ်သည်။ ထိုထိုရေးမှတ်ထားသည်ကိုသာ နှုတ်တက်အာဂုံအလွတ်ကျက်မှတ်ရလေသည်။၂။ Lecture: ဟောပြော
ပို့ချသင်ကြားနည်း၊ ဆရာပြောသည့်အတိုင်းနားထောင်မှတ်သားကာ ဆရာပြောသမျှသည်သာ မှတ်ကျောက်တင်နိုင်သော အပြီးသတ်
ရလာဒ်ဖြစ်သည်။ မိမိ၏ကိုယ်ပိုင်ဥာဏ်ကို သုံးဘို့မလိုအပ်။ ကြားနာဖူးရုံသက်သက်မျှ ပညာရေးဖြစ်သည်။  ထိုသို့ဆရာပြောသည့်
အတိုင်းအလွတ်ကျက်မှတ်ရကြရသည်။ ဧဝ မေသုတံ ကြာနာဖူးရုံသက်သက်မျှပညာသင်နည်းတည်း။

  ၃။ Discussion: ဆရာနှင့်တပည့်အပြန်အလှန်ဆွေးနွေးသင်ကြားနည်း၊ အကြောင်းအရာတစ်ခုအပေါ်ဝယ် ဆရာ့အမြင်နှင့်တပည့်အမြင်တို့ နှီးနှောယှက်သွယ်ဖလှယ်ကြလျှက် ကိုယ်ပိုင်ဥာဏ်များကို အားစိုက်စုပေါင်း၍ ချစ်ကြည်လေးစားစွာ အဖြေရလာဒ်ကိုရှာခြင်းဖြစ်သည်။ ဤသင်ကြားနည်းသည် ယနေ့ကမ္ဘာတွင်အကျိုးသက်ရောက်မှုအားလည်းများ၍ ခေတ်စားနေသော
သင်ကြားနည်းလည်းဖြစ်သည်။ ဤသင်ကြားနည်းကို အသုံးပြုခြင်းဖြင့် ကျောင်းသားများအား မိမိကိုယ်မိမိယုံကြည်စိတ်များမွေး
ထုတ်ပေးနိုင်သည်။ သတ္တိနှင့်အရည်အချင်းကို ပြုစုပေးရာလည်းရောက်သည်။ လူမှုအဖွဲ့အစည်းအတွင်း ပြောဆိုစည်းရုံးလုပ်ကိုင်
ရေးများအတွက် အရောင်တင်ပေးရာလည်းရောက်သည်။ စစ်မှန်သောအရည်အသွေးကို မြတ်နိုးစိတ် တန်ဘိုးထားစိတ်များလည်း
တိုးပွါးလာစေနိုင်သည်။ ထို့ပြင် မိမိကိုယ်ကိုမိမိယုံကြည်စိတ်များတိုးပွါးနိုင်ခြင်းကြောင့် သခင်ပညာရေးလည်းဖြစ်သည်။ မှန်၏။ ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့ကြသော ပညာရှင်များ ခေါင်းဆောင်ကြီးများ စွန့်စားတီထွင်သူများ စသူတို့သည် မိမိကိုယ်ကိုမိမိယုံကြည်သော သခင်ပညာရေးစိတ်ဓာတ်ကိုသာအခြေခံခဲ့ကြသည်။ နယူတန်သည် ဆရာပြောသည့်အတိုင်း တသွေမတိမ်းစာကျက်ခြင်းကြောင့် ကမ္ဘာမြေ၏ဆွဲငင်အား နိယာမကိုဖေါ်ထုတ်နိုင်ခဲ့ခြင်းမဟုတ်။ အိုင်းစတိုင်းသည်လည်း နှိုင်းရ
သီအိုရီနိယာမကို စာကျက်ခြင်းသက်သက်ဖြင့်ဖေါ်ထုတ်နိုင်ခဲ့သည်မဟုတ်ချေ။ ကိုလံဘတ်စ်သည်လည်း သမ္မာကျမ်းစာမှာပါရှိ
သည့်အတိုင်းသာနေထိုင်၍ မိမိကိုယ်ကိုမိမိယုံကြည်သောသခင်စိတ်ထားဖြင့် စွန့်စားသွားလာရှာဖွေမှုမပြုခဲ့လျှင် မြောက်အမေရိကား
တိုက်ကြီးကိုတွေ့ခဲ့လိမ့်မည်မဟုတ်ချေ။ ( သမ္မာကျမ်းစာအရ ထာဝရဘုရားဖန်ဆင်းသော ကမ္ဘာ့မြေပုံထဲတွင် မြောက်အမေရိကားတိုက်ကြီးမပါဝင်ပေ ) ။ အမှန်စင်စစ် မိမိကိုယ်ကိုမိမိယုံကြည်မှုကိုဖြစ်စေနိုင်သော သခင်ပညာရေးစိတ်ဓာတ်
ကြောင့်သာ သီအိုရီအသစ်များကိုကမ္ဘာအတွက်ဖေါ်ထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ နယ်မြေအသစ်များ ကြယ်တာရာအသစ်များ ဂြိုဟ်အသစ်များကို ရှာဖွေတွေ့ရှိကာ ကမ္ဘာသို့ချပြနိုင်ခဲ့ခြင်းဖြစ်သည်။  အထူးသဖြင့် မြတ်ဗုဒ္ဓသည်လည်း သူတို့သကျမျိုးနွယ်၏ အစဉ်အလာအားဖြင့် ကိုးကွယ်လာခဲ့သော ရှေးဟောင်းဟိန္ဒူဘာသာ၏ ဖန်ဆင်းရှင်အယူဝါဒအောက်မှ ရုန်းထွက်ကာ ကိုယ့်ကိုယ်ကို
ယုံကြည်သော သခင်စိတ်ဖြင့်ကြိုးစားအားထုတ်ခြင်းကြောင့် သဗ္ဗညုတရွှေဥာဏ်တော်ကိုရရှိကာ ဘုရားဖြစ်တော်မူခဲ့သည်။

  ၄။ Field: ကွင်းဆင်းလေ့လာသင်ကြားနည်း၊ စာသင်ခန်းတွင်သင်္ခန်းစာများပြီးဆုံး၍ လက်တွေ့ကွင်းဆင်းသင်ကြားပြသခြင်းဖြစ်၏။ အထက်ပါစာသင်နည်းလေးမျိုးတွင် မိမိတို့မြန်မာနိုင်ငံသည် အဘယ်နည်းများကို အသုံးပြုနေပါသနည်း။ လောကီနယ်ပယ် ဘာသာရေးနယ်ပယ်မှ မျက်နှာစာအသီးသီးရှိစာသင်သားများ မည်သို့သောနည်းဖြင့်ဖြေဆိုအောင်မြင်နေကြသနည်း။ အောင်မြင်လာသည့်စာမေးပွဲများအလိုက်အမှန်တကယ် တတ်မြောက်မှုရှိပါသလော။ ဤအချက်များကို စာဖတ်သူကိုယ်တိုင် အဖြေပေးတတ်ပါသည်။ အမှန်ကိုအမှန်အတိုင်း ဖြေဆိုဘို့ရန်သတ္တိသာလိုသည်။ ဆက်လက်၍ မိမိတို့နိုင်ငံနှင့်ပတ်သက်၍ လက်လှမ်းမီသမျှ ခံစားနားလည်မိသမျှကို ဤသို့သုံးသပ်ပြချင်ပါသည်။ မြန်မာနိုင်ငံရှိ ပညာရေးစနစ်သည် အုပ်ချုပ်သူလူတန်းစား
တစ်ရပ်၏ အာဏာသက်ဆိုးရှည်ရေးအတွက် ပြဋ္ဌာန်းထားသော ကျွန်ပညာရေးသာသာမျှသာဖြစ်သည်၊သခင်ပညာရေးအစစ်
မဟုတ်ချေ။ ဤအကြောင်းအကျယ်ချဲ့ ၍ ရှင်းစရာမလိုမည်မထင်။ အကြောင်းမှာ မျိုးဆက်သစ်လူငယ်များအကြားဝယ် စာမေးပွဲ
အောင်သူအရေအတွက်များလာသလောက် အရည်အချင်းပြည့်လူငယ်များ ပေါ်ထွက်မလာခြင်းက ပညာရေးစနစ်အားနည်းနေကြောင်း သက်သေခံနေပေသည်။ ထို့ပြင် ဤကျွန်ပညာရေးသာသာစနစ်သည် မျိုးဆက်သစ်များအတွက် တိုးတက်ဘို့အခွင့်အလမ်း အားနဲ
စေခဲ့သည်မှာ လက်တွေ့ပြယုဂ်အမှန်ပင်ဖြစ်နေဆဲဖြစ်သည်။

  အဆိုးဆုံးအချက်မှာ နိုင်ငံတော်တွင်ထာဝရအရေးအကြီးဆုံးဖြစ်သည့် ပညာရေးဘတ်ဂျက်ကို လုံလောက်အောင်မသုံးစွဲခြင်းကြောင့် ပညာရေးဝန်ထမ်းများ၏ စာရိတ္တမဏ္ဍိုင်ကိုယိုင်နဲ့စေခဲ့သည့်အချက်ဖြစ်သည်။ ထိုပညာရေးဝန်ထမ်းများ၏ စာရိတ္တမဏ္ဍိုင်ယိုင်နဲ့
လာခြင်းကြောင့် ဘုရားနှင့်တစ်ဂိုဏ်းတည်းထား၍ အကြည်ညိုအလေးစားခံခဲ့ရသော ဆရာဆရာမများသည်၏ ချစ်မြတ်နိုးဘွယ်ရာ
တန်ဘိုးသည်လည်း ကျဆင်းခဲ့ရသည်။ ငယ်စဉ်ပညာသင်စဉ်ဘဝမှစ၍ ကျောင်းသင်ပညာရေးဘဝတွင် စာရိတ္တယိုင်နဲ့မှု၏ အစွန်း
အထင်းများပေကျံလာခဲ့ရသောလူငယ်များသည် ကျောင်းပညာရေး ပြီးဆုံးသောအခါတွင်လည်း သူတို့၏တက်ကြွ၍အားမာန်ပါသော စိတ်ဓာတ်အင်အား ဥာဏအင်အားနှင့်စာရိတ္တမဏ္ဍိုင်တို့ကို အဂတိရောင်စုံလွှမ်းခြုံထားသော လူမှုစနစ်ကြီးကထပ်မံ၍ ယိုင်နဲ့စေခဲ့
ပြန်သည်။  ဤသို့ဖြင့် လူမှုလောကအတွင်းဝယ် အလွှာအထပ်ထပ် လုပ်ငန်းအရပ်ရပ် နယ်ပယ်အသီးသီး၌ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားသည်သာမက မကျက်လည်းစား ကျက်လည်းစား ဘယ်သူသေသေ ငတေမာပြီးရောဆိုသည့် ငို့ဘငါ့ဘို့
စိတ်ထားများဖြင့် အတ္တကိုပုံကြီးချဲ့ မိတ္တူပွါး၍ ရိုးသားမှုများကင်းပျောက်ကာအချင်းချင်းယုံကြည်မှုကင်းမဲ့သောအခြေအနေသို့
ရောက်ရှိနေပေပြီ။ ဤသည့်ဖြစ်စဉ်ဖြစ်ရပ်တို့မှာ ပညာရေးနယ်ပယ်မှအစပြု၍ နေ့စဉ်လက်တွေ့ သက်ဝင်လှုပ်ရှားမှုမှန်သမျှ၌ ဖြစ်ပျက်နေသောဖြစ်စဉ်အမှန်ပင်ဖြစ်သည်။

   ဤအခြေအနေဆိုးတို့မှလွတ်မြောက်အောင် နိုင်ငံသားတိုင်းတာဝန်ကိုယ်စီရှိသဖြင့် သညာသိပညာရေးမှလွန်မြောက်သော
အဆင့်ကိုတက်ညီလက်ညီတက်လှမ်းသင့်ပေပြီ။ ယခုမိမိနေသောဖင်လန်နိုင်ငံတွင် ကျူရှင်ယူသောကလေးဟူသည်တစ်ယောက်
တစ်လေမျှပင်မရှိ၊ ရှိဘို့မဆိုထားနှင့်၊ ကျူရှင်ယူရသည်ကိုကြားဖူးသောကျောင်းသားပင်မရှိချေ။ မိမိကမြန်မာနိုင်ငံ၏ ကျူရှင်
အကြောင်းပြောပြသောအခါ သူတို့သည် အံ့သြသောမျက်လုံးများဖြင့် ဝိုင်း၍ကြည့်ကြသည်။ မိမိပြောပြသောအကြောင်းအရာသည် သူတို့အတွက် ထူးဆန်းသောအကြောင်းအရာဖြစ်နေသည်။  ထို့ပြင် အိမ်တွင်စာကျက်သောကျောင်းသားဟူ၍ မရှိသလောက်ပင်
ဖြစ်သည်။ အိမ်စာကိုလုပ်ရသည်မှာလည်း နာရီဝက်ထက်မပိုကြပေ။ အထက်တန်းကျောင်းသားများအတွက်ဆိုလျှင် တစ်နာရီထက်
ပိုသော အိမ်စာမရှိပေ။ ကျောင်းတွင်သာ တည်ငြိမ်သောပညာရေးပြဋ္ဌာန်းစာများကို မှန်ကန်သောနည်းစနစ်ဖြင့် အချိန်ကိုမဖြုန်းဘဲ တန်ဘိုးရှိအောင်အသုံးပြုကြရသည်။ မြန်မာနိုင်ငံကဲ့သို့ မနက်မိုးလင်းမှ ညမိုးချုပ်သည်အထိ အချိန်ကိုပင်ပန်းကြီးစွာခါးစည်း၍
မရင်းနှီးရ။ ငွေကြေးလဲအပိုမကုန်၊ လူလဲမပင်ပန်း၊ လန်းဆန်းသက်သာလှသော ပညာရေးဖြစ်သည်။ သို့သော် ပညာရည်အဆင့်
အတန်းသည် ကမ္ဘာ့အဆင့်မီဖြစ်သည်။

  ၂၀၀၆ ခုနှစ်တွင် နိုင်ငံတကာမှအစိုးရအဖွဲ့များနှင့်အခြားသောကိုယ်စားလှယ်အဖွဲ့ ၁၀၀ ကျော်တို့၏လေ့လာစူးစမ်းမှုအရ ဖင်လန်နိုင်ငံသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ပညာရည်အမြင့်ဆုံးအဆင့်ရှိကြောင်းတွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့သည်။ဤသို့မြင့်မားသောရလာဒ်ကိုရရှိခြင်းသည် သညာသိပညာရေးစနစ် သို့မဟုတ် Notes and Lecture သင်ကြားနည်းတို့ကို အလေးမပေး မဏ္ဍိုင်မပြုဂရုမထားသောကြောင့်ဖြစ်သည်။ မိမိတို့နိုင်ငံ၏ သညာသိပညာရေးစနစ်နှင့်မတည်ငြိမ်သောပညာရေး
မူဝါဒကို အမြန်ပင်ပြုပြင်ပြောင်းလဲ နိုင်ပါစေဟုလည်းဆုတောင်းမိသည်။ ထို့ပြင် မင်္ဂလသုတ်ပရိတ်တော်တွင် ဗာဟုဿစ္စဉ္စ သိပ္ဗဉ္စ ... ဧတံမင်္ဂလ မုတ္တမံဟူ၍ ဘုရားရှင်ဟောကြားတော်မူခဲ့သည်။ ဗာဟုဿစ္စဟူသည် အထွေထွေဗဟုသုတများကိုသိမြင်နားလည်ခြင်း
ဖြစ်သည်။ စာပေဗဟုသုတများ နိုင်ငံရေးဗဟုသုတများ၊ ဘာသာရေးဗဟုသုတများ လူမှုရေးဗဟုသုတများစသည်ဖြင့် အကြားအမြင်နှင့်အသိအမြင်များပြားခြင်းသည် ဗာဟုဿစ္စမင်္ဂလာဖြစ်သည်။ သိပ္ဗဟူသည် သိပ္ဗံအတတ်ကိုသာဆိုလိုသည်မဟုတ်၊ဤနေရာ၌ သိပ္ဗဟူသည် ဝိဇ္ဖာသိပ္ဗံဘာသာရပ်များသာမက သက်ဆိုင်ရာဘာသာစကားများ နည်းပညာများစသည့် ခေတ်စနစ်နှင့်အညီ
ပေါ်ပေါက်လာသော အတတ်ပညာရပ်များပင်ဖြစ်သည်။ ထိုဆိုခဲ့ပြီးသော အထွေထွေဗဟုသုတရှိခြင်းသိခြင်းဟူသောဗာဟုဿစ္စနှင့် ဝိဇ္ဖာသိပ္ဗံပညာရပ်များကိုတတ်မြောက်နားလည်ခြင်းသည် ကြီးပွါးကြောင်းမင်္ဂလာဖြစ်၏ဟု ဘုရားရှင်မိန့်ကြားတော်မူခဲ့သည်။

   အမှန်စင်စစ် ဘုရားရှင်သည် လောကီအရေးတွင်သာမက လောကုတ္တရာအရေးအထိအကြံအဖန်ကင်း၍တိုးတက်သောပညာရေးကို အလေးပေး၍မိန့်ကြားခဲ့ပါသော်လည်း ယနေ့မိမိတို့မြန်မာဗုဒ္ဓဘာသာဝင်များ၏ ပကတိဖြစ်ရပ်များကိုကြည့်လျှင် ဗုဒ္ဓ၏တရားတော်
နှင့်ထက်အောက်ပြောင်းပြန်လန်ချင်တိုင်းလန်နေသည်ကိုသာ ( အများစု ) တွေ့ရမည်ဖြစ်သည်။ ရှက်ဖွယ်ရှိစွ။ အထူးသဖြင့် ပို၍ဝမ်းနဲဘွယ်ရာကောင်းသည်မှာ အထက်တန်းနှင့်အမြင့်တန်းပညာရေးဘွဲ့များကို နည်းမျိုးစုံသုံး၍ ငွေကြေးဖြင့် ပြည်တွင်းပြည်ပ
တွင် အရောင်းအဝယ်တွင်ကျယ်စွာလုပ်နေခြင်းပင်ဖြစ်သည်။ ထိုသို့သောပညာရေးသည် ဘုရားရှင်ဟောကြားတော်မူသော ဗာဟုဿစ္စဉ္စ သိပ္ဗဉ္စ မင်္ဂလာမဖြစ်နိုင်တော့ချေ။ မဖြစ်လျှင် တောက်ပြောင်သောထက်မြက်သော ပညာရေးဟူသည် အဘယ်မှာ
ရှိချိမ့်မည်နည်း။ ထိုသို့ ဘွဲ့တု ဂုဏ်တုများကိုသာရှာဖွေခဲ့သည့် အစစ်အမှန်ပညာရည်မရှိသောသူသည် ထိုဘွဲ့တု ဂုဏ်တုများဖြင့်
လူမှုလောကမျက်နှာစာအသီးသီးဝယ် အတုများကိုအရောင်ပြကာ လမ်းစဉ်တုဖြင့် သက်ဆိုင်ရာတို့ကို အတုဖြစ်စေတော့မည်။ ထိုသို့သောကိစ္စများပပျောက်ရန်မှာ လူထုအများစုကြီးက ဗာဟုဿစ္စဉ္စ သိပ္ဗဉ္စ မင်္ဂလာတို့နှင့်ညီအောင် ကြိုးစားထားဘို့ သိထားဘို့လိုအပ်လှသည်။ သို့မှသာလုပ်စားကိုင်စားအတုအယောင်များနည်းပါးနိုင်ပေမည်။

  ပညာရည်မဲ့လျှင်ပညာကိုအခြေခံသောနှလုံးရည်လည်းမရှိနိုင်တော့ချေ။ ပညာရည်နှင့်နှလုံးရည်မဲ့သောသူတို့သည် ကိုယ်ကျင့်စွမ်းရည်လည်းရှိနိုင်တော့မည်မဟုတ်ချေ။ ထိုသို့ ပညာရည်များ နှလုံးရည်များနှင့်ကိုယ်ကျင့်စွမ်းရည်များကင်းမဲ့သော
သူသည် အဘယ်သို့လျှင်နိုငံ့သားကောင်းများဖြစ်လာနိုင်ပါတော့မည်နည်း။ အမျိုးဘာသာ သာသနာဂုဏ်ကိုမည်သို့ဆောင်ကြပါ
မည်နည်း။ အကယ်၍ခေါင်းဆောင်လုပ်ကြမည်ဆိုလျှင် မည်သို့သောပညာရည် နှလုံးရည်နှင့်ကိုယ်ကျင့်စွမ်းရည်တို့ဖြင့် ဦးဆောင်ကြမည်နည်း။ အမှန်စင်စစ် ပညာရည်နှလုံးရည်နှင့်ကိုယ်ကျင့်စွမ်းရည်ကင်းမဲ့သောခေါင်းဆောင်သည် မြတ်ဗုဒ္ဓ၏
လမ်းစဉ်မှသွေဖည်သော လက်ရုံးရည်နှင့်မတရားသောနည်းလမ်းများကိုသာ အားကိုးပေတော့မည်။ အသုံးပြုပေတော့မည်။  ပညာရည်နှလုံးရည်နှင့်ကိုယ်ကျင့်စွမ်းရည်ထက် အဓမ္မလက်ရုံးရည်ကိုသာစွဲကိုင်ကျင့်သုံးခဲ့ခြင်းကြောင့်အမိမြန်မာပြည်တွင် သဘာဝသယံဇာတများလည်း ပြည်သူအများမစားရမသုံးရဘဲကုန်လုပြီ။ brain drain ဟူသော ဦးနှောက်ယိုစိမ့်မှုမျှသာမက brain pain ဟူသော ဦးနှောက်ထိခိုက်မှုအထိ ရဟန်းရှင်လူပြည်သူများခံစားကြရသည်။ ထို brain pain မှ heart pain ဖြစ်သည်အထိ ခံစားနေကြရသည်မှာလည်း ယနေ့လက်တွေ့ဖြစ်သည်။  ထို့ပြင် အမိနိုင်ငံ၏လွတ်လပ်ရေးရပြီးနောက်ပိုင်း သမိုင်းကိုအနည်းငယ်
ပြန်လည်စဉ်းစားကြည့်လျှင်လည်း အုပ်ချုပ်သူလူတန်းစားတစ်ရပ်၏ ပညာရည်နှလုံးရည်နှင့်ကိုယ်ကျင့်ရည်မဲ့မှုများကြောင့် ရဟန်းရှင်လူပြည်သူအများ ဒုက္ခတွေပင်လယ်ဝေခဲ့ကြဖူးပြီ။ သောကမျက်ရည်တွေချေင်းစီးခဲ့ကြဖူးပြီ။ ကြိတ်မနိုင်ခဲမရသည့် ဒေါမနဿဝေဒနာအခိုးအငွေ့များ ကောင်းကင်တလွှားဖုံးလွှမ်းခဲ့ကြဖူးပြီ။ အထူးသဖြင့် မိမိလက်တွေ့သိမြင်ပြီးကြုံတွေ့ရသည့် နဝတ နအဖ စစ်အုပ်အုပ်ချုပ်ရေး ကာလတစ်လျှောက်လုံးသည် လက်ရုံးရည်တစ်ခုတည်းသက်သက်ကိုသာ အသုံးပြု၍ ပြည်သူ
ပြည်သားများကို အနိုင်ကျင့်ဗိုလ်ကျခဲ့သည်။ ပညာရည် နှလုံးရည်နှင့်ကိုယ်ကျင်စွမ်းရည်ဟူသောစကားလုံးနှင့်အကြောင်းအရာတို့မှာ သူတို့အတွက် အလွန်ခါးသီးသော အကြောင်းအရာများပင်ဖြစ်ပေမည်။ မှန်၏။ နှလုံးရည်မဲ့သောသူသည် အဘယ်မှာလျှင် ကရုဏာရှိနိုင်တော့မည်နည်း။

  ယနေ့ကမ္ဘာသည်လက်ရုံးရည်အားကိုးကာ အကြမ်းဖက်၍ သူရဲကောင်းလုပ်သောဝါဒချုပ်ငြိမ်းပေပြီ။ ပိဋကစာပေတွင် လက်ရုံးအားကိုးကာ အလွန်ကြမ်းတန်းခက်ထန်ရက်စက်ခဲ့ဖူးသော စဏ္ဍာသောကမည်သောမင်းသည် မြတ်ဗုဒ္ဓ၏စစ်မှန်သော
ဓမ္မများကိုသင်ကြားနားလည်ပြီးသောအခါ သိရီဓမ္မာသောကဘုရင်အဖြစ်သို့ရောက်၍ ပညာရည်နှလုံးရည်နှင့်ကိုယ်ကျင့်ရည်တို့ဖြင့်
နိုင်ငံကိုအုပ်ချုပ်၍ ကျယ်ပြန့်စွာသာသနာပြုနိုင်ခဲ့သည်။ ထို့ပြင် သိရီဓမ္မာသောကမင်းသည် နိုင်ငံရေး သာသနာရေး လူမှုရေး ပညာရေး တိရစ္ဆာန်အရေး သဘာဝပတ်ဝန်းကျင်အရေးတို့ကို ကမ္ဘာဝယ်ပထမဆုံးဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့
သည်။ ထိုအကြောင်းအရာများကို အသောကကျောက်စာဘာသာပြန်များတွင် ဖတ်ရှုလေ့လာနိုင်သည်။ ထို့ပြင် ခေတ်ကာလနှင့်
လျှော်ညီသော လောကီပညာရပ်များအပြင် သောတာပတ္တိမဂ်ဖိုလ်ပညာကိုသိမြင်ပိုင်ဆိုင်ထားသော ဗိမ္ဗိသာရဘုရင်သည်လည်း နှလုံးရည်ပညာရည်နှင့်ကိုယ်ကျင့်ရည်တို့ဖြင့်ပင် တိုင်းပြည်ကိုအုပ်ချုပ်နိုင်ခဲ့သည်။ ထို့ကြောင့်ပင် ထိုမင်းများလက်ထက်တွင် တိုင်းပြည်သာယာဝပြော၍ အေးချမ်းခဲ့သည်။ သာသနာတော်လည်းထွန်းတောက်ခဲ့သည်။ ထို့ပြင် မဃဒေဝလင်္ကာတွင် မာန်လည်ဆရာတော်ဘုရားကြီးက " ပညာပြည့်ဝ နှလုံးလှသော် ကိစ္စကြီးငယ် ဆောက်သဖွယ်လျှင် ကြီးကျယ်ထွင်းဖေါက် ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏ " ဟုစပ်ဆိုတော်မူခဲ့သည်။ လိုရင်းတိုရှင်းနှင့် ထိရောက်သောလင်္ကာပင်ဖြစ်သည်။ အထက်ပါ ပညာရည်အဆင့်သုံးမျိုးတွင် ဤသို့မှတ်သားရုံသက်သက်မျှသာဖြစ်သော သညာသိပညာရေးသည် ခိုင်မာမှုလည်းမရှိ၊ မြင့်မားတိုးတက်သော အခြေအနေသို့လည်းမရောက်စေတတ်၊ တီထွင်ဖန်တီးမှုဟူသည် ဝေလာဝေးဖြစ်ကာ မေ့ပျောက်သွားပါက ဘယ်အရာကိုမျှမသိရှာတော့သော လူနုံလူအသဖွယ် သနားဖွယ်ရာသာဖြစ်သော ပညာရေးဖြစ်သည်။ ( ဆက်လက်ဖေါ်ပြပါမည် )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...