Tuesday, October 15, 2013

ဘု

October 14, 2013 at 9:50am
ဘုခြင်း (၁)
လူဘ၀ဆိုတာ အဖြူနဲ့ အနက် ပေါင်းစပ်ရောနှောထားတာပဲ တဲ့။

ကျွန်တော်ကတော့ သဘောမတူပါဘူး။ လူဘ၀ဆိုတာ မီးခိုးအဖျော့နဲ့ မီးခိုးအရင့် ပေါင်းစပ်ထားတာပါ။ ကျွန်တော် မြင်ဖူးသမျှ ဘယ်သူမှ ဖြူနေတာ မတွေ့ဖူးပါဘူး။ ဘယ်သူမှလည်း နက်မှောင်နေတာ မတွေ့ဖူး ပါဘူး။ အရောင်တွဲစပ်မှုတွေမှာ အဖြူနဲ့ အနက်ရောရင် အနက်နည်းရာက များလာတဲ့အထိ မီးခိုးအဖျော့ ကနေ အရင့်ကို ကူးပြောင်းလာတာ တွေ့ကြဖူးမှာပါ။

တစ်ချို့တော်တော် ဖြူကြပါတယ်။ ဖြူစွတ်နေတာ မဟုတ်ပါ။ မီးခိုးအဖျော့သာ ဖြစ်ကြပါတယ်။
တစ်ချို့တော်တော် နက်ကြပါတယ်။ ပိတ်မှောင်နေတာ မဟုတ်ပါ။ မီးခိုး အရင့်သာ ဖြစ်ကြပါတယ်။
ကျွန်တော်တို့ တစ်ခါခါ မီးခိုးဖျော့ဖျော့လေး ဖြစ်ကြပါတယ်။
တစ်ခါတစ်ခါလည်း အနက်နီးနီး နက်မှောင်လာကြပါတယ်။ ဘာပဲဖြစ်ဖြစ် လူဆိုတာကတော့ လူပါပဲ။ သင်ဟာ အဖြူနဲ့ အနက်ကို မည်သို့ မြင်ပါသလဲ။ အရောင်နှစ်ရောင် နှစ်သက်ရာ ရွေးဆိုရင် အနက်ကြိုက်တဲ့သူတွေ ပါလာနိုင်ပေမယ့် သင့်စိတ်ဟာ ဖြူသလား၊ နက်သလား မေးရင်တော့ ဖြူချင်သူတွေ များပါလိမ့်မယ်။ တစ်ခါတရံ ကျွန်တော် တွေးခဲ့ဖူးပါတယ်။ စိတ်နေသဘောထား ကောင်းတာကို ဖြူစင်တယ်လို့ သုံးနှုန်းကြခဲ့တာကြောင့် အနက်ရောင်ကို သိက္ခာချသလိုများ ဖြစ်နေသလား။
တကယ်တော့ အနက်ရောင်ဟာ အရောင်မရှိခြင်း သဘောကိုလည်း ဆောင်တာ ကျွန်တော်တွေ့ရှိခဲ့ဖူးတယ်။ အလင်းကြောင့်အရောင်တွေ ဖြစ်တာတဲ့။ အလင်းမရှိရင် အမှောင်ဟာ အနက်ပဲ။ ကျွန်တော်ကတော့ ကျွန်တော့်စိတ်ကို အနက်ရောင်အဖြစ် ထားကြည့်ချင်သူပါ။

ဘုခြင်း (၂)
အကြောက်တရားဟာ မသိခြင်းကြောင့် ဖြစ်တာ တဲ့။

သရဲခြောက်တာကို သင်တို့ ကြုံဖူးတယ် ဖြစ်စေ၊ မကြုံဖူးဘူး ဖြစ်စေ၊ သရဲခြောက်ပါက ကြောက်ရမယ်လို့ ဘယ်သူက စပြောခဲ့ပါသလဲ။ ကျွန်တော်တို့ဟာ သရဲကို သိခဲ့ကြတယ်။ မကောင်းဆိုးဝါးကို သိခဲ့ကြတယ်။ ပြီးတော့ သရဲဆိုတာ ခြောက်တယ်လို့ မှတ်သားခဲ့ကြတယ်။ ထိုအခါ ကြောက်ရမယ်၊ လှန့်ရမယ်လို့လည်း သိခဲ့ကြပါတယ်။ တကယ်လို့ ထိုအရာတွေ မသိခဲ့ကြရင် သရဲကို ကျွန်တော်တို့ ကြောက်ကြပါ့မလား။
သင်ဟာ သရဲ ခြောက်တဲ့ အိမ်မှာ တစ်ညလုံး သွားအိပ်ရမယ် ဆိုပါစို့။
သင်ဟာ ထိုအိမ်မှာ သရဲ ရှိမှန်း မသိဘူးလို့ ဆိုပါစို့။
သင့်ကို တစ်ညလုံး သရဲကလည်း မခြောက်ခဲ့ပါရင် သင် ကြောက်စရာမလို။ ကြောက်မှာလည်း မဟုတ်ပါ။ သရဲက ခြောက်ခဲ့ရင်လည်း ခြောက်မှသာ ခြောက်မှန်းသိပြီး ကြောက်မှာ မဟုတ်ပါလော။ ဒါပေမယ့် သင့်ဟာ ထိုအိမ်မှာ သရဲ ရှိတယ်လို့ အစကတည်းက သိနေခဲ့ပါရင် သရဲမခြောက်ခင်ကတည်းက သင်ကြောက်နေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။
တစ်ချို့ကိစ္စတွေဟာ မသိခြင်းထက် သိခြင်းက ပိုပြီး အကြောက်တရားကို ဖြစ်ပေါ် စေပါတယ်။ ထိုထက် ပိုဆိုးတာက တစ်စုံတစ်ခုကို မှားယွင်းစွာ သိရှိနေခြင်းက ပို၍ ပြင်းထန်တဲ့ အကြောက်တရားကို ဖြစ်ပေါ်စေတယ်လို့ ကျွန်တော့်အနေနဲ့ စဉ်းစားမိခဲ့ဖူးပါတယ်။

ဘုခြင်း (၃)
ဝါသနာထက် ၀မ်းရေးခက်တော့ လုပ်သင့်တာကို လုပ်ပါ တဲ့။

ကလေးတစ်ယောက်ဟာ အရုပ်နှစ်ခုကို နှစ်သက်နေပါတယ်။ တစ်ခုက ကလေးကစားစရာ ဂစ်တာ တစ်လက်ဖြစ်ပြီး၊ နောက်တစ်ခုကတော့ ကလေးကစားစရာ ဆရာဝန်သုံး ပစ္စည်းတွေ ဖြစ်နေပါတယ်။
“သား နှစ်ခု မရဘူး။ တစ်ခု ရွေးပါ” တဲ့။ အမေလုပ်သူက သူ့သား ဘာရွေးမလဲ သိချင်တာလားမသိ၊ မေးနေပါတယ်။ ကလေးက နှစ်ခုလုံး လိုချင်တယ်ဖြေတော့ အမေလုပ်သူက “ငါ့သား တစ်ခုပဲ ရမယ်၊ တစ်ခုပဲ ရွေးပါသား” တဲ့။
ကလေးဟာ တွေဝေနေပါတယ်။ ကလေးဟာ ဝေခွဲမရဖြစ်နေပါတယ်။ သင်ဆိုရင်ကော။ ဘ၀မှာ ရွေးချယ်စရာတွေဟာ တစ်ခါတရံ ကျွန်တော်တို့ကို အလှုပ်ရှုပ်၊ စိတ်ရှုပ်ဖြစ်စေပါတယ်။ အချို့ ရွေးစရာများဟာ အချိန်ကြာမြင့်တဲ့ အထိ ရွေးမရဘဲ နှစ်ခုလုံး ဆုံးရှုံးတာမျိုး သင်ကြုံဖူးပါသလား။ ကျွန်တော်ပြောတဲ့ ကလေးကတော့ ဆရာဝန်သုံး ပစ္စည်းများကို ရွေးချယ်သွားပါတယ်။ သူဟာ ရွေးပြီးတဲ့ အထိ ဂစ်တာကို လှည့်ကြည့်နေပါသေးတယ်။
တစ်ချိန်မှာ ထိုကလေးလေးဟာ အရမ်းကို ထူးချွန်တဲ့ ဆရာဝန် တစ်ယောက်ဖြစ်လာမှာလား။
တစ်ချိန်မှာ ထိုကလေးလေးဟာ အရမ်းကို အောင်မြင်တဲ့ ဂစ်တာတီးသူ တစ်ယောက်ဖြစ်လာမှာလား။
သို့မဟုတ် ၀ါသနာမပါတဲ့ အလုပ်ကို လုပ်မိပြီး မအောင်မြင်တဲ့ ဆရာဝန် ခပ်ညံ့ညံ့ ဖြစ်သွားမှာလား။
လူဘ၀ဆိုတာ ဘာမှ ပုံသေမရှိပါ။ ၀ါသနာတွေ၊ ၀မ်းရေးတွေဆိုတာလည်း ဘာမှ ပုံသေမရှိပါ။ ကျွန်တော်ကတော့ စိတ်ထဲရှိလာတာ လုပ်ပါတယ်။ ဘာမှ မအောင်မြင်လည်း ကိစ္စမရှိပါ။ ၀ါသနာကို အချိန်ဘယ်လောက်ပေးပြီး ၀မ်းရေးကို အချိန် ဘယ်လောက်ပေးမယ်ဆိုတာသာ ခွဲခြားတတ်ဖို့လိုပါတယ်။

ဘုခြင်း (၄)
ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ ခေါင်းဆောင်မို့ မြင့်မြတ်တယ် တဲ့။

ကျွန်တော် အမှတ်တမဲ့ ဟုတ်တာပေါ့လို့ ဖြေခဲ့ဖူးပါတယ်။ တကယ်တော့ မပြည့်စုံပါ။ ကျွန်တော်တို့ဟာ သနားမှုကနေ လေးစားမှုအဖြစ် အလွယ်တကူ ကူးပြောင်းခဲ့ကြပါတယ်။ လူတစ်ယောက် နစ်နာသွားတာနဲ့ ထိုလူဘက်က သင်ဟာ စိတ်ယိမ်းယိုင်သွားပြီး သနားသွားတတ်ကြတာ ကြုံဖူးမှာပါ။ တကယ်တော့ လူတွေဟာ အနည်းနဲ့ အများ နစ်နာမှုတွေနဲ့၊ အသာစီးရသွားမှုတွေနဲ့ ရှိကြတာပါပဲ။
ဆုံးရှုံးသူတွေ၊ နစ်နာနေသူတွေဘက်က ရပ်တည်ပေးပြီး အမြဲတမ်း ကျွန်တော် ဆန္ဒမပြချင်ပါ။ တစ်ခါတရံမှာ ကိုယ်ညံ့လို့ နစ်နာနေတာတွေ ရှိပါတယ်။ ကိုယ် မတော်လို့ ရှုံးသွားတာတွေလည်း ရှိနေတာပါပဲ။ နစ်နာမှုတိုင်းဟာ သနားစရာမဟုတ်ပါ။ ပြုပြင်ပြောင်းလဲဖို့ ပိုကြိုးစားဖို့သာ ရှိပါတယ်။ ခေါင်းဆောင်တစ်ဦးကို ရွေးပါဆိုရင် ကျွန်တော်က သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ ပညာကိုသာ ကြည့်ပါမယ်။ သူဘယ်လောက် နစ်နာခဲ့တာတွေ၊ သူဘယ်လောက် ကိုယ်ကျိုးစွန့်ခဲ့တာတွေ ကျွန်တော် (အများကြီး) မကြည့်ချင်ပါ။
သူက ထောင်ထဲမှာ ပြည်သူအတွက် ကိုယ်ကျိုးစွန့်ပြီး ဘယ်လောက်နေခဲ့ရတာဟာ ကျွန်တော်လိုချင်တဲ့ ခေါင်းဆောင် အရည်အသွေးမဟုတ်ပါ။ ဘယ်နေရာမဆို နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ ဆက်ဆံရေးမျိုးသာ ကျွန်တော်လိုချင်ပါတယ်။ ကျွန်တော်လည်း မနစ်နာ၊ သင်လည်း မနစ်နာတဲ့ ရပ်တည်မှုမျိုးကိုသာ တည်ဆောက်ချင်ပါတယ်။ “မင်းအတွက် ငါ ဘယ်လောက် နစ်နာပါစေ၊ မင်းအဆင်ပြေနေအောင် လုပ်ပေးမယ်ဆိုတာ” ခပ်ညံ့ညံ့ အချစ်ဇာတ်ကားများနဲ့ မိဘ၊ သားသမီး ဆက်ဆံရေး ဇာတ်ကားများမှာသာ ကျွန်တော်ကြည့်နေနိုင်ပါတယ်။
ဘယ်အရာမှ တစ်ဦးတစ်ယောက်တည်း ကိုယ်ကျိုးစွန့်ပြီး အများ မကောင်းစားနိုင်ပါ။ အတူတကွ တိုးတက် ပြောင်းလဲနိုင်အောင် စည်းရုံး တည်ဆောက်သွားမယ့်ခေါင်းဆောင်သာ ကျွန်တော့်အတွက် မြင့်မြတ်တယ်လို့ ပိုယူဆပါတယ်။


 ရင်နင့်အောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...