Thursday, October 10, 2013

ရှက်စရာပေမဲ့ ကျေနပ်ပါတယ်

“စားဝတ်နေရေး ရှာဖွေကျွေး ကျေးဇူးများပေ ဒို့ဖေဖေ”ဆိုတဲ့ဖတ်စာလေးကို အမှတ်ရမိတယ်။ တစ်နေ့…ဇာတိရွာမှ ဆွေမျိုးအသိုင်းဝိုင်း-ဒကာဒကာမတွေဆီက လက်ဝါးဖြန့်ပြီးအလှူခံခဲ့တဲ့ အ၀တ်စားတွေနဲ့ဆေးဝါးတွေကို သာသနာပြုကျနာဂရွာက နာဂလူမျိုးများကိုကျောင်းမှာခေါ်ပြီး ဝေစုကျခွဲ ဝေပေးဖြစ်တယ်။

ဒါနဲ့..နာဂအဖိုးကြီးတစ်ယောက်ကို မေးလိုက်တယ်။ ဘယ်လိုလဲ သဘောကျရဲ့လားပေါ့။ နာဂ အဖိုးကြီးကပြန်ပြောရှာတယ်။ မပီကလာပီကလာနဲ့ “ကောင်းတာပေါ့ ဘုန်းကြီးရယ်။ မင်းတို့သာသနာ ပြုဘုန်းကြီးတွေဆိုတာငါတို့ရွာအတွက်အဖေတစ်ယောက် ပါပဲ၊ ဒါကြောင့်လဲ ဘုန်းကြီးကို ငါတို့တစ်ရွာလုံးက ခင်ကြတာပေါ့”တဲ့။

ကိုယ်လဲ ဘာပြန်ပြောရမှန်းမသိတာနဲ့ အေး….ဟုတ်တာပေါ့လို့ဖြေခဲ့ရတယ်။ အင်း…အခုမှပဲ…. ဖြစ်သွားတော့တယ်။ဒီအခွင့်ရေးတော့ ဒီတစ်သက်မရတော့ဘူးလို့ထင်ထားတာ။ အခုတော့….ကြုံခဲ့ရလေရဲ့။ဘာတဲ့……..အဖေတစ်ယောက်တဲ့။ ကောင်းသား၊ဘာပဲဖြစ်ဖြစ်ကျေနပ်ပါတယ်။ သူတို့လေးတွေပြုံးနိုင်ဖို့က အရေးကြီးပါတယ်လေ။

တကယ်တော့….မိမိဘ၀မှာ မိဘဆီကတောင် တစ်ခါမှလက်ဝါးဖြန့်ပြီး မတောင်းခဲ့ဖူးဘူး။ ပေးပါအုံး-လှူပါအုံးလို့လဲ တစ်ခါမှယောင်လို့ တောင် မထွက်ဖူးဘူး။ ဘုံလောင်းတိုးဆွမ်းခံအိမ်သွားရင်တောင် ကန်တော့ဆွမ်းလို့ပြောခံရတဲ့နေ့ဆိုရှက်တတ်လွန်းလို့မလှမပမျက်နှာတောင်ဘယ်ထားရမှန်းမသိဖြစ်ခဲ့ရတယ်။ဒါကြောင့်လဲ…ဘယ်တော့မှမတောင်းခဲ့ဖူးအလှူမခံခဲ့ဖူးဘူးဆိုပါတော့။ ဖြတ်သန်းလာခဲ့ရတဲ့ဘ၀ခရီးတစ်လျှောက်အတိတ်ကပေးတဲ့ကံနဲ့ပစ္စုပ္ပန်မှာပြုလုပ်တဲ့ပညာကံ- ကောင်းကံလေးတွေ ပေးသ လောက်နဲ့ပဲ ကျေနပ်ရောင်ရဲခဲ့တယ်။

ဟော…..နာဂတောင်တန်းဒေသကိုသာသနာပြုထွက်ရမည်လဲဆိုရော။ရှက်ကြိုးတွေလေးလဲတစစပြတ်ခဲ့ရတယ်။ တောင်တန်းဒေသဆိုတာ သာယာချောမွေ့တဲ့ခရောင်းလမ်းမှမဟုတ်တာ။ ကန္တာရ ခရီးကြမ်းတစ်ခုပေမို့ ပြင်ရဆင်ရစုရဆောင်းရ၊ တောင်းရရမ်းရ၊၀ယ်ရချမ်းရသာသနာပြုရဟန်းတော်များ၏ ဘ၀ပါပေတည်း။

ဒီတော့…. မိဘမနေရ၊ ရဟန်းဒကာ-ဒကာမတွေမနေရ၊ ဆွေမျိုးတွေမနေရ၊ ရွာသူ-ရွာသားတွေ မနေရ၊ဆွမ်းခံအိမ်တွေမနေရ၊သူငယ်ချင်းတွေမနေရ။ ပေးအုံးလှူအုံးတမ်းအုံးလို့မနားတမ်း နုတ်ဖျားကနေ တဖွဖွပေါ့။ သူငယ်ချင်းတွေကတော့ စပြောကြလေရဲ့ “ဒီကောင်ကြီး သူ့အမေက ချက်ကြိုးတင်ဖြတ်ပေး လိုက်တာထင်နေတာ၊ ဘယ်ဟုတ်မလဲရှက်ကြိုးပါဖြတ်ပေးလိုက်တာကို”တဲ့။ ဒီချိန်ကနေ ရှက်ကြိုးစပြတ် ခဲ့တာ အခုချိန်ထိဆိုပါတော့။

ဒါပေမဲ့---ကျေနပ်ပါတယ်။ မြေခံရေခံမကောင်း၊ ရာသီဥတုကကြမ်း၊ လမ်းပန်းဆက်သွယ်မှုကခက်၊ အသိပညာမရှိ၊လူမသိသူမသိအပယ်ခံဘ၀တွေအဖြစ်နဲ့ဒီတောင်တန်းဒေသတွေမှာဆင်းဆင်းရဲရဲခက်ခက်ခဲခဲ အသက်တွေရှင်သန်ဖို့ ရုန်းကန်နေရတဲ့ သူတို့ေ လးတွေ-နာဂအရိုင်းပန်းလေးတွေ အတွက် အရှက်တွေရတာ၊ အပြောခံရတာတွေကို ကျေကျေနပ်နပ်ကြီး ခံရဲပါတယ်။

“တောင်းပါများကမုန်းတတ်တယ်”ဆိုတဲ့အဆိုစကားကိုလဲတစ်ခါတစ်ခါဆင်ခြင်မိပါတယ်။သို့သော်လည်း”ကိုယ်တည်းတစ်ယောက် ကောင်းရာရောက်ဖို့ ခုလောက်ကြိုးကုတ် အားမထုတ်ဘူး” ဆိုတဲ့လင်္ကာဆောင်ပုဒ်ကို ပြန်တွေးပြီး အားအင်တွေကိုစုစည်းထားရတယ်။

နောက်..”တစ်စတစ်စ၊စွန့်ဝင့်မှလျှင်၊ဘ၀နောက်နောင်း၊ဆက်တိုင်းကောင်းလိမ့်..”ဟူသောဆရာကြီးဦးရွှေအောင်ရဲ့အဆိုလင်္ကာကိုလက်ကိုင်ပြု၍ပရဟိတအလုပ်၊သူတို့လေးတွေအတွက်ဖြည့်ဆည်းပေးခြင်းဖြင့်အရှက်သိက္ခာတွေကို နောင်သံသရာအတွက်စွန့်ရသည်ဟုခံယူပြီး ရှေ့ဆက်လျှောက်လှမ်းရပါသည်။

နောက်..” By protecting others, you protect yourself. By protecting yourself, you protect others. သူများကိုကာကွယ်ပေးခြင်းသည် ကိုယ့်ကိုယ်ကို ကာကွယ်လိုက်ခြင်း။ မိမိကိုယ်ကို ကာကွယ်ခြင်းသည် သူများကိုကာကွယ်ပေြး ခင်း” ဟူသောဒဿနကို ရွတ်ဆို၍ ပရဟိတအလုပ်ကိုလုပ်ခြင်း၊ သူများအကျိုးကိုဆောင်ရွက်ပေးခြင်းသည် အတ္တဟိတ-မိမိအကျိုးကို လုပ်ဆောင်ခြင်းဟူသောစိတ်ဓာတ်ဖြင့်သူတို့လေးတွေအတွက်၊ပရဟိတအတွက် မောသည်ပန်းသည်စိတ်မှာမချီပဲဆက်လက်ခရီးနင်ခဲ့သည်။

ဒါကြောင့်….ပရဟိတအကျိုးကိုဆောင်ရွက်နေသောပရဟိတအဖွဲ့များအားလုံး၊ပရဟိတပုဂ္ဂိုလ်များအားလုံးကို“ရှက်စရာပေမဲ့ ကျေနပ်ပါတယ်”ဟူသောပို့စ်ဖြင့်ဂုဏ်ပြုကာ…….

“အများအကျိုး ရွက်သည်ပိုးက၊ ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း၊ မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေ့ရှုနင်လော့”ဟူသော ရွေဟင်္သာဆရာတော်ဘုရားကြီး၏အဆုံးမလာအတိုင်းဘယ်သူတွေဘာပဲပြောပြော၊ဘယ်သူတွေကဘယ်လိုပင်ကဲ့ရဲ့ပါစေ၊ပရဟိတအများအကျိုးလမ်း ကြောင်းကို မပြောင်းပဲရှေ့ဆက်လျှောက်ပါလို့…..

အားလုံးလိုအင်ဆန္ဒပြည့်၍ ငြိမ်းချမ်းပါစေ! မေတ္တာဖြင့် အမေ့မေတ္တာရှင်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...