Thursday, October 17, 2013

အခြေခံဥပဒေနှင့် ပတ်သက်၍ အသံများ အလွန်ပင်ထွက်ပေါ်နေလေသည်။


အစ

အခြေခံဥပဒေနှင့်ပတ်သက်လျှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အင်န်အယ်ဒီပါတီ၏ ကြားဖြတ်ရွေးကောက်ပွဲဝင်စဉ် ကြွေးကြော်သံသုံးချက်ထဲတွင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး ဟူသောအချက်သည်လည်း တစ်ချက်အပါဝင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနှင့်လည်း
အခါအခွင့်သင့်တိုင်း (အထူးသဖြင့် နိုင်ငံခြားခရီးစဉ်များ) တွင် ထိုကိစ္စကို ထပ်တလဲလဲ ပြောဆိုခဲ့သည်ကို တွေ့ရ၏။ နောက်ဆုံး စင်္ကာပူခရီးစဉ်တွင်မူ ၂၀ဝ၈ အခြေခံဥပဒေကို မပြောင်းလဲပါက နိုင်ငံ့အနာဂါတ် အကောင်းဘက်ကို မမျှော်မှန်းနိုင် ဆိုသည့်စကားမျိုးကိုပင် ထုတ်ပြောလာသည်ကိုတွေ့ရသည်။

သို့သော် ယခင်က ၂၀ဝ၈ အခြေခံဥပဒေဆိုသည်နှင့် ၂၀၁၅ ရွေးကောက်ပွဲကိုနှင့်အတူ ၂၀ဝ၈ အခြေခံဥပဒေ၏ အခန်း ၃ အပိုဒ် ၅၉ (စ) ပါ နိုင်ငံတော်အကြီးအကဲ၏ အရည်အချင်းကိုသာ လူအများက ပြေးမြင်ကြလေ့ရှိခဲ့၏။ ထိုသို့ လူထုအများစုက မြင်အောင်ရလည်း သည့်အပိုဒ်ကိုပဲ ထပ်တလဲလဲ Highlight လုပ်သူများကလည်းလုပ်သည်။ ယခုတိုင် အခြေခံဥပဒေပြင်သည်ဆိုသည်မှာ သည်အချက်ကို ပြင်ဆင်ချင်လို့ပဲ ဖြစ်သည်ဟု ပြည်သူများထင်မြင်အောင် မီဒီယာများကိုအသုံးပြုကာ လုပ်ဆောင်သူများက လုပ်ဆောင်နေကြဆဲပင်၊ လွှတ်တော်ကိုယ်စားလှယ်များ ပါတီခေါင်းဆောင်များထဲမှ ပုဒ်မ ၅၉ (စ) ကို မပြင်ပေးနိုင်ဟု ပြောသူများ၏ စကားကို ပုံနှိပ်မီဒီယာများတွင် ပြူးတူးပြဲတဲ ဖေါ်ပြကြ၏။ ရည်ရွယ်ချက်မှာ အခြေခံဥပဒေပြင်ဆင်ရေးဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်ဟူသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အကျိုးအတွက် သက်သက်ဖြစ်သည်ဟု ပြည်သူအများက ထင်မြင်သွားစေရန်ဖြစ်ပြီး အခြေခံဥပဒေပြင်ဆင်ရေး ရေချိန်ကျစေရန်အတွက်ဖြစ်သည်။ အချို့သော ပါတီခေါင်းဆောင်များက ပြောင်းဖို့ ပြင်ဖို့မပြောနဲ့ ကိုယ်ဝမ်းစာကိုယ်ရှာနေရလို့ ပြည်သူလူထုမှာ အခြေခံဥပဒေထဲ ဘာပါတယ်ဆိုတာတောင် သိတာမဟုတ်ဘူး၊ သာမန်ပြည်သူမပြောနဲ့ ကျနော်တောင် အခုမှ ဖတ်ဖြစ်တာ ဟုပင် ခပ်ပေါ့ပေါ့ဆိုသူကဆို၏။

အခြေခံဥပဒေရေချိန်တက်လာခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxx
နာဂစ်မုန်တိုင်းဟူသည့် မကြုံစဖူးသဘာဝအန္တရာယ်ဘေးဆိုးကြီးကျရောက်နေချိန်တွင် လူထုဆန္ဒ ၉၀% ကျော်နှင့် အတည်ပြုခဲ့သည်ဆိုသော ထို ၂၀ဝ၈ အခြေခံဥပဒေတွင် တရားမျှတမှုမရှိသော ပြည်သူ့ဆန္ဒနှင့်အညီမဟုတ်သော အချက်များ ပါရှိနေသည်ဟု သိထားကြသော်လည်း နိုင်ငံရေးသမားများနှင့် တတ်ကြွသူအချို့ကလွဲ ၂၀ဝ၈ အခြေခံဥပဒေအပေါ် ပြည်သူအများစု၏ စိတ်အာရုံစူးစိုက်မှု များစွာမရှိခဲ့လှပါ။ Highlight အလုပ်ခံထားရသည့် အပိုဒ် ၅၉ (စ) နှင့်ပတ်သက်၍သာ အနည်းငယ်ငြင်းခုံခဲ့ကြသည်။ (ဒီအချက်ပင်လျှင် ဘာသာရေး လူမျိုးရေးအဓိကရုဏ်းများ၏ ဘေးထွက်ဖြစ်သော အမျိုးစောင့် ဥပဒေ ခေတ်စားလာချိန်မှဖြစ်သည်)။

သို့သော် သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရအဖွဲ့သည် ၂၀၁၃ မကုန်မှီ (တိတိပပပြောရလျှင် နိုဝင်ဘာအတွင်း) ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန် အပြင်းအထန် ကြိုးပမ်းလာခဲ့ရာမှ ပြည်တွင်းစစ်၏အဓိကအချက်ဖြစ်သော ဖယ်ဒရယ်စနစ်အကြောင်း ဆွေးနွေးရန်မှာ မလွဲဖယ်နိုင်သော အနေအထားသို့ ရောက်ရှိလာသည်။ ထိုမှတဆင့် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး လက်ခံနိုင်မည့် ညီညွတ်မျှတသည့် ဖယ်ဒရယ်ပြည်ထောင်စုစနစ်အတွက် လက်ရှိအခြေခံဥပဒေက အာမခံချက်ပေးထား မပေးထား ဆိုသည့်အငြင်းပွားမှုနှင့်အတူ အခြေခံဥပဒေ ပြင်သင့်မပြင်သင့်ဆိုသည်က လူထုကြား လှုပ်ခပ်လာလေတော့သည်။ နောက်ဆုံး လွှတ်တော်မှ အခြေခံဥပဒေ ပြင်သင့်မပြင်သင့်နှင့် ပတ်သက်၍ သုံးသပ်ရန် ကော်မတီတစ်ရပ် ဖွဲ့စည်းထူထောင်ရသည်အထိ ဖြစ်လာခဲ့သည်။
ဤဖြစ်စဉ်တွင် မီဒီယာလွတ်လပ်ခွင့်နှင့် မီဒီယာများ၏ တာဝန်ကျေပြွန်မှုက အထူးအရေးပါလှ၏။

အမြင် ၂ ရပ်
xxxxxxxxxxx
အစောပိုင်းတွင် အခြေခံဥပဒေ ပြင်ရေးနှင့် အသစ်ပြန်ရေးဆွဲရေး အငြင်းအခုံများ အသံကျယ်လောင်ခဲ့ပြီး နောက်ပိုင်းတွင် အခြေခံဥပဒေပြင်ဆင်ရန် အချိန်ကျ မကျဆိုသည်နှင့်အတူ အနာဂါတ်မြန်မာ့နိုင်ငံရေးတွင် စစ်တပ်က ဆက်လက်လွှမ်းမိုးထားသင့် မသင့် ငြင်းခုံသံက ပိုမိုကျယ်လောင်လာခဲ့သည်။

အခြေခံဥပဒေ ပြင်ရန်အချိန်ကျပြီ မကျသေးဆိုသည့် အငြင်းပွားမှုသည် အခြေခံဥပဒေတွင် စစ်တပ်က အဓိကကျသည် ဟူသော အမြင်နှင့် အခြေခံဥပဒေတွင် ပြည်သူက အဓိက ကျသည်ဟူသော အမြင် ၂ မျိုးပေါ်တွင် မူတည်၍ အငြင်းပွားခြင်းဖြစ်၏။

ထိုအမြင်၂ ရပ်ကို ပြည်သူလူထုကြားချပြရန် ထုံးစံအတိုင် စတုထ္ထမဏ္ဍိုင်ခေါ် မီဒီယာသမားကပင် ဦးဆောင်ရလေသည်။

ပထမအမြင်ကို ဆရာကျော်ဝင်းက ဦးဆောင်ပြီး စစ်အရာရှိ (အချို့က အငြိမ်းစား အချို့က တာဝန်ထမ်းဆောင်ဆဲ) စာရေးဆရာများက သူ့အား ဝန်းရံကာ ပြည်သူများထံ စာနယ်ဇင်းလမ်းကြောင်းမှလည်းကောင်း၊ နိုင်ငံပိုင်ရုပ်သံလွှင့်လိုင်းများမှ လည်းကောင်း၊ တပ်မတော်ပိုင်နှင့် အစိုးရနှင့် နီးစပ်သူများပိုင် ရေဒီယို အသံလွှင့်ဌာနများမှလည်းကောင်း၊ အသံလွှင့်အွန်လိုင်းဆိုရှယ်မီဒီယာများမှလည်းကောင်း ချပြကြသည်။

ဒုတိယအမြင်ကို စာပေဖြင့် အသက်မွေးဝမ်းကြောင်းသူ စာရေးဆရာများ၊ ကိုမင်းကိုနိုင်ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် အစိုးရမဟုတ်သော ပရဟိတအဖွဲ့အစည်းများက ဦးဆောင်ကာ စာနယ်ဇင်းလမ်းကြောင်း နှင့် အွန်လိုင်းဆိုရှယ်မီဒီယာ လမ်းကြောင်းမှ ပြည်သူများထံ ချပြကြသည်။ စာရေးဆရာများထဲတွင် ဆရာဖေမြင့်၊ ဆရာဇော်သက်ထွေး၊ ဆရာမ မသီတာ(စမ်းချောင်း) စသော နာမည်ကျော် စာရေးဆရာများပါဝင်သည်။

ထိုအမြင်နှစ်ရပ်ကို ဆရာကျော်ဝင်း၏ စကားကို ငှား၍ ဝိဂြိုလ်ပြုရလျှင် ကျော်ဝင်းဂိုဏ်းနှင့် ဖေမြင့်ဂိုဏ်း ဟု ဆိုရမည်။

ကျော်ဝင်းဂိုဏ်း
xxxxxxxxxxxxxxx
ဆရာကျော်ဝင်းသည် နိုင်ငံတကာနှင့် မြန်မာ့အတိတ်သမိုင်းတွင် ဖြစ်ပျက်ခဲ့သမျှကိုလေ့လာကာ လက်တွေ့အကျိုးရှိရာ ဖြစ်တန်ခြေများကို ဆွဲထုတ်ခြင်း၌ ဝါသနာထုံသူဖြစ်၏။ သမိုင်အရ တပ်မတော်သည် ၁၃၀ဝ ပြည့် အရေးတော်ပုံတွင် စတင်သန္ဓေတည်ကာ ဂျပန်ခေတ်တွင် အခြေကျပြီး လွတ်လပ်ရေးခေတ်မှစတင်၍ ရာစုတစ်ဝက်ကျော် စနစ်တကျတည်ရှိသော မြန်မာ့နိုင်ငံတွင် တစ်ခုတည်းသော အင်စတီကျူးရှင်း ဖြစ်သည်၊ ထိုကြောင့် မြန်မာနိုင်ငံတွင် တပ်မတော်သည်သာ အခိုင်အမာဆုံးဖြစ်ပြီး ထိုခိုင်မာမှုကို လိမ္မာစွာ အသုံးချနိုင်ပါက တိုင်းပြည်၏ အပြိုပြိုအကွဲကွဲဖြစ်နေသော သွေးစည်းညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိက အထောက်ပံ့ကြီး ဖြစ်နိုင်သည် ဟု ဆရာကျော်ဝင်းက ယူဆသည်။ ထို့ကြောင့် တပ်မတော်ကို နိုင်ငံ၏ဦးဆောင်မှုတွင် အဓိက အခန်းကဏ္ဍက ပေးထားခဲ့သော ၂၀ဝ၈ အခြေခံဥပဒေသည် မြန်မာနိုင်ငံအတွက် သင့်လျှော်သည်ဟု သူက ယူဆသည်၊ လက်ရှိအခြေခံဥပဒေသည် စတင်လည်ပတ်စ ယန္တယားကြီး တစ်လုံးကဲ့သို့ပင် အသားမကျသေးသောကြောင့် အတုန့်အဆိုင်းများ ထစ်ငေါ့မှုများ ရှိနေသေးသော်လည်း အသားတကျလည်ပတ်နိုင်သည်နှင့် နိုင်ငံကို သာယာဝဖြိုးတိုးတက်ရာဆီသို့ ပို့ဆောင်ပေးနိုင်လိမ့်မည်ဟု ဆို၏။ သူ့က ပတ်ချုံဟီးနှင့် ချန်ဒူးဝှမ်ခေတ် ကိုးရီးယားကို သွားရည်ကျစွာ ညွှန်ပြသည်။

ထိုနှင့်ဆန့်ကျင်ဘက် တပ်မတော်ကို နိုင်ငံရေးမှ ဖယ်ထုတ်ထားမည်ဆိုလျှင် နိုင်ငံအတွက် ကြီးစွာအကျိုးယုတ်နိုင်သည်။ အစိုးရကို ဆန့်ကျင်သူ လက်နက်ကိုင်အင်အား ၁ သိန်းခွဲလောက် ရှိသော နိုင်ငံတွင် အင်အားလေးသိန်းရှိသော လက်နက်အဖွဲ့အစည်းကို နိုင်ငံ့စီမံခန့်ခွဲမှုများမှ ဘေးထုတ်ထားခြင်းမှာ လက်တွေ့မဆန်၊ ထိုသို့ လက်တွေ့မဆန်သော အလုပ်ကို ပြုလျှင် ဆိုးကျိုးနှင့်သာ ကြုံရပြီး လောလောလတ်လတ် အတိတ်တွင် ကြုံခဲ့ရသော အမိုက်တိုက်ကာလသို့ ပြန်လည်ရောက်ရှိသွားနိုင်သည် သူခြိမ်းချောက်၏။ ထိုစိုးရိမ်မှုသည် တည်ငြိမ်စွာ အသွင်ကူးပြောင်းရေးကို မြင်လိုသော သူ၏ဆန္ဒှနှင့် အတိတ်အာဏာရှင်အစိုးရ ၂ဆက်ကဲ့သို့ တင်းကျပ်၍ တရားမဲ့ အုပ်ချုပ်ရေးခေတ်က အခြေနေသို့ပြန်ရောက်သွားမည်ကို စိုးထိတ်ခြင်းအပေါ်တွင် တည်မှီခြင်း ဖြစ်ပုံရ၏။

ဆရာကျော်ဝင်းက စစ်တပ်ကို နိုင်ငံ့ဦးဆောင်အခန်းကဏ္ဍတွင် အဓိကထား ထည့်သွင်းရေးဆွဲထားသော ၂၀ဝ၈ အခြေခံဥပဒေသည် တိုင်းပြည်ကို တည်ငြိမ်စွာနဲ့ အသွင်ကူးပြောင်းကာ သာယာဝဖြိုးမှုဆီ ဦးတည်မည်ဟု ဆိုခဲ့သော်လည်း သူနှင့်အမြင်မတူသူများကမူ ၂၀ဝ၈ အခြေခံဥပဒေ၌ ပေးထားသော ကာချုပ်၏ အာဏာနှင့် ပတ်သက်၍ အနာဂါတ်တွင် ကြီးမားသော နိုင်ငံရေးအကျပ်အတည်းကြီးနှင့် ကြုံရနိုင်ကြောင်း ထောက်ပြကြသည်။

လက်ရှိအခြေခံဥပဒေ အပိုဒ် ၂၃၂ အပိုဒ်ခွဲ ၂ အရ ကာချုပ်သည် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးကို ခန့်အပ်ပိုင်ခွင့်ရှိသူဖြစ်နေသည်။ သမ္မတက ကာချုပ်ထံမှ ဝန်ကြီးလုပ်နိုင်မည့်သူ၏ အမည်စာရင်းတောင်းကာ ဝန်ကြီးအဖြစ် ခန့်အပ်ရမည်ဟု ဆိုထားသော်လည်း ထိုဝန်ကြီးဌာန ၃ ခု ဝန်ကြီးများသည် ကာချုပ်၏ လက်အောက်တွင် ရှိနေသကဲ့သို့ ဖြစ်နေ၏။ လက်ရှိအစိုးရ သက်တမ်းတွင်း၌ပင် ကာချုပ်က ဝန်ကြီးအပြောင်းအလဲ ကို သူ့သဘောကျ လုပ်သွားနိုင်သည်ကိုတွေ့လိုက်ရသည်။ သမ္မတသည် ဝန်ကြီးအဖွဲ့၏ ခေါင်းဆောင်ဆိုသော်လည်း ကာဝန်ကွယ်ရေးဝန်ကြီးသည် ကာချုပ်၏ အထက်အရာရှိမဟုတ်။

လက်ရှိသမ္မတကြီး ဦးသိန်းစိန်သည် ယခင် တပ်မတော်အရာရှိဟောင်းဖြစ်ပြီး လက်ရှိကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တစ်ဦးနှင့်တဦး ပုဂ္ဂိုလ်ရေးလေးစားခင်မင်မှု ရှိသူများဖြစ်ကြကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် သမ္မတကြီးနှင့် တသဘောတည်းရှိနေသောကြောင့် ပြဿနာမရှိသော်လည်း အကယ်၍ အနာဂါတ် သမ္မတ တစ်ယောက်ယောက်သည် တပ်မတော်သားအသိုင်းအဝန်းမှ မဟုတ်လျှင် အခြေခံဥပဒေ၏ ပြတ်သားမှုမရှိသောအချက်က အုပ်ချုပ်ရေးတွင် ကာချုပ်နှင့် သမ္မတကြား ပုဂ္ဂိုလ်ရေးပွတ်တိုက်မှုကို ဖြစ်စေမည်မှာ သေချာနေ၏။ ထိုမှ ဆိုးဝါးသော နိုင်ငံရေးအရ မတည်ငြိမ်မှုများ ဖြစ်ပေါ်လာစေပေလိမ့်မည်။ အပိုဒ် ၃၄၂ တွင် ကာချုပ်ကို သမ္မတက ကာလုံ၏ အဆိုပြုထောက်ခံချက်နှင့် ခန့်အပ်ရမည်ဆိုထားသော်လည်း ကာလုံအဖွဲ့တွင် ကာချုပ်နှင့် ဒုကာချုပ် ပါဝင်လေရာ ကာချုပ်သည် သူ့အရိုက်အရာကို သူသာခန့်အပ်နိုင်သူဖြစ်နေစေသည်၊ ထိုပုဂ္ဂိုလ်သည် လွှတ်တော်တိုင်း၏ ၂၅% သော ကိုယ်စားလှယ်များကို ခန့်အပ်ပိုင်ခွင့် ရှိသူလည်း ဖြစ်နေလေရာ အကယ်၍ သမ္မတသည် သြဇာရှိသော စစ်အရာရှိဟောင်း မဟုတ်လျှင် ကာချုပ်နှင့် တချိန်မဟုတ်တချိန် ပွတ်တိုက်မှု ဖြစ်စေမည်မှာမြေကြီးလက်ခတ်မလွဲ သလိုပင်။ ထိုအချက်က တိုင်းပြည်အနာဂါတ်အတွက် အလွန်အန္တရာယ်ကြီးသောအချက် ဖြစ်သည်။

အထက်ထောက်ပြချက်များမှာ ၂၀ဝ၈ အခြေခံဥပဒေပါ တပ်မတော်၏ကဏ္ဍကိုကြီးမြှင့်ထားသော အချက်ကြောင့် အနာဂါတ် အုပ်ချုပ်ရေးကဏ္ဍတစ်ခုတည်းတွင် ဖြစ်ပေါ်လာနိုင်သော ထိတိုက်မှုများကိုသာ ထောက်ပြထားခြင်းဖြစ်ပြီး ပြည်နယ်နှင့် ဗဟို အာဏာခွဲဝေမှုကဏ္ဍ၊ တိုင်းရင်းသားအရေး၊ စီးပွားရေး ကဏ္ဍ၊ ဥပဒေပြုအာဏာ နှင့် တရားစီရင်ရေး စသည်တို့တွင်လည်း ပွတ်တိုက်မှုများစွာ ရှိနိုင်သေးသည်။ သို့ဖြစ်ရာ လက်ရှိအခြေခံဥပဒေ၏ ပစားပေးမှုက တပ်မတော်သည် ဆရာကျော်ဝင်းမျှော်လင့်နေသော တဖြေးဖြေးနှင့် ဒီမိုကရက်တီလိုက်ဇေးရှင်း ဖြစ်လာလိမ့်မည်ဟူသော အယူအဆအား ဆန့်ကျင်နေသည်ဟု ဆိုရမည်။

ဖေမြင့်ဂိုဏ်း
xxxxxxxxxxxx
ခပ်လွယ်လွယ်ဖြစ်အောင် ဆရာဖေမြင့်ကို ခေါင်းတပ်လိုက်သော်လည်း တကယ်တန်း ပြည်သူအဓိကအယူအဆသည် လွတ်လပ်ရေးမရခင်ကတည်းက မြန်မာနိုင်ငံတွင် ဖြစ်တည်ခဲ့သောအယူအဆဖြစ်၏။ လွတ်လပ်ရေးရအပြီး သမိုင်းစဉ်ဆက် ပြည်သူအဓိကအယူအဆဖြင့်သာ အာဏာရှင်အဆက်ဆက်ကို တွန်းလှန်ခဲ့ကြခြင်းဖြစ်သည်။
ပြည်သူအများ စုပေါင်းနေထိုင်သော အရပ်ကို တိုင်းပြည်ဟု အမည်တပ်လျှင် ထိုတိုင်းပြည်တွင် ပြည်သူများထက် မည်သူက ပို၍အဓိကကျနိုင်မည်တဲ့လည်း။ ပြည်သူကြားမှ ပေါက်ဖွားလာသော တပ်မတော်သည် ပြည်သူ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပြည်သူ့အစိတ်အပိုင်းတစ်ရပ်သာဖြစ်သည်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဆိုသည်မှာမဟုတ်ပဲ တိုင်းပြည်အင်အားရှိမှသာ တပ်မတော် အင်အားရှိနိုင်မည်ဖြစ်ပြီး ပြည်သူအင်အားရှိမှ တိုင်းပြည်အင်အားရှိမည်။ အခြေခံဥပဒေသည် ပြည်သူ့ကိုအခြေခံရမည် ပြည်သူအပေါ်မှာစဉ်းစားရမည်ဖြစ်ပြီး တိုင်းပြည်ဦးဆောင်အခန်းကဏ္ဍတွင် ပြည်သူသာ ရှိရမည်။ ထို့ကြောင့် ပြည်သူ့ဦးဆောင် အခန်းကဏ္ဍကို မေးမှိန်ထားသော ၂၀ဝ၈ အခြေခံဥပဒေကို အချို့တစ်ဝက်ဖြစ်စေ ၁၀ဝ% ဖြစ်စေ ပြင်ရမည် ဟုဆိုကြသည်။

သို့သော် ထိုအယူဆကို လက်မခံလိုအချို့က လူမျိုးစုများစွာရှိ၍ စိုက်ပျိုးရေးကို အဓိကထားသောနိုင်ငံတွင် ဆင်းရဲကျပ်တည်းမှုနှင့် အလုပ်လက်မဲ့ ပြဿနာများအပြင် ရာစုနှစ်တစ်ဝက်ကျော်ကြာအောင် ပညာရေးသင်းကွပ်ခံထားရခြင်းနှင့် တရားဥပဒေစိုးမိုးမှုကင်းမဲ့မှုကို နှစ်ကာလကြာရှည် ခံစားထားရခြင်းတို့ကြောင့် အပြောင်းအလဲကာလတွင် ကြုံတွေ့ခဲ့ရသော လူမျိုးရေး ဘာသာရေးကို အခြေခံသော အဓိကရုဏ်းများကို ထောက်ပြ၍ ပြည်သူက တိုင်းပြည်ကို ဦးဆောင်ရမည်မှာ အမှန်ပင်ဖြစ်ငြား လက်ရှိအခြေနေတွင် သြဇာရှိသော အဖွဲ့အစည်းတစ်ရပ်၏ ထိန်းကွပ်မှုကို လိုအပ်သည်၊ ထို့အဖွဲ့အစည်းမှာ တပ်မတော်ပင်ဖြစ်သည်ဟု ဆို၏။

ထိုအဆိုကိုပင် အတိတ် နှစ်အစိတ်ခန့် တပ်မတော်က ထိန်းကွပ်အုပ်ချုပ်ခဲ့သော်လည်း အထူးသဖြင့် တရားဥပဒေစိုးမိုးမှု နှင့် ပညာရေးကဏ္ဍတွင် ယခင်အခြေနေထက် များစွာကျဆင်းသွားသည်ဟူသော ချေပချက်နှင့် ပြန်လည်ချေပသောအခါ အချေနှင့် အဆိုက ရှေ့ဆက်မရ အမယ်ဘုတ်ချည်ခင် ဖြစ်သွားသည်။

ငြင်းခုံပွဲမှ အမြတ်
xxxxxxxxxxxxxxx
မည်သို့ပင်ဖြစ်စေ ကွဲပြားသော အမြင် ၂ ရပ်ကို ယခုကဲ့သို့ လွတ်လပ်စွာ ပြည်သူကြား ချပြနိုင်ခြင်းသည်ပင်လျှင် တိုးတက်မှုဟု ဆိုရပေမည်။ (ကျော်ဝင်းဂိုဏ်းက နိုင်ငံတော်ငွေကို အသုံးပြုရသော ရုပ်သံ၊ ရေဒီယို နှင့် အစိုးရပိုင် စာနယ်ဇင်းကို အသုံးပြုခွင့်ရချိန်တွင် ဖေမြင့်ဂိုဏ်းက ဂျာနယ်နှင့် ဆိုရှယ်မီဒီယာ ကိုသာသုံးနိုင်သည့်အချက်က သိပ်တော့မမျှတ)။ ထိုကဲ့သို့ ကွဲပြားသော အမြင်ကို လွတ်လပ်စွာ ချပြခြင်းက ၂ ဖက် လက်ခံနိုင်သော အခြေအနေတစ်ရပ်ကို ပေါ်ထွန်းလာလိမ့်မည်ဟု မျှော်လင့်မိသည်။

ငြင်းခုံပွဲမှ ပြည်သူတို့ အမြတ်ထွက်နိုင်ပါစေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...