Saturday, October 19, 2013

"အာဏာရှင် မိသားစုနဲ့ ပတ်သက်ပြီး လွမ်းလောက်လို့လားတဲ့"




ကျုပ်တို့ မြန်မာတွေ အခုဆီထမ်း၊ ခုစာကလေးကျော် ဖြစ်တတ်တာက ခေါက်ရိုးကျိုး အကျင့်ပါနေပြီလားပဲ။ နေရွှေသွေးအောင်က သူ့ဘ၀အကြောင်းတွေကို ထုတ်ပြော ..ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖိုးလပြည့်ကို အမွှန်းတင်ထားတဲ့ အစစ်လား အတုမှန်းလား မသိ မှန်တဝက် မမှန်တဝက် ကြိုတင် အကွက်ချ လုပ်ဆောင်ပေးနေရတဲ့ အလံရှူး တချို့ရဲ့ အမွှန်းတင်တဲ့စာကို ဖတ်ပြီး
ချီးကျူးထောမနာ ပြုကြတဲ့ စာတွေဖတ်ရတော့ ကျုပ်လို အတွင်းသိ တယောက်အနေနဲ့ မပြောမဖြစ် မတီးမမြည်လို့ ဒီမိုဝေယံ ခင်ဗျားဆီကတဆင့် ကျုပ်ဖောက်သည်ချလိုက်ဦးမယ်

ကဲ နေရွှေသွေးအောင်က" မိမိအရက်သေစာသောက်စားခြင်း မပြုပါဆိုတာ" ကစပြောရအောင် ၂၀၀၈ခုနှစ်က မြန်မာပြည်ရဲ့ ခရိုနီမောင်ဝိတ်နဲ့ ဗိုလ်ချုပ်ရဲမြင့်သား အောင်ဇော်ရဲမြင့်တို့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ဖမ်းဆီးခံရတဲ့ သတင်းကို ခင်ဗျားတို့ မှတ်မိမှာပေါ့..။
အစပထမ မောင်ဝိတ်နဲ့ အောင်ဇော်ရဲမြင့် ရေပေါ်ဆီတွေနဲ့ အနုပညာအသိုင်းအဝိုင်းကို Ecstasy စိတ်ကြွဆေးတွေကို လက်ဆောင်ပေးပြီး စွဲအောင်လုပ် နောက်ကိုယ်တိုင် ရောင်းဝယ်ရာက စခဲ့တာပဲ။
အဲ့ဒီအချိန်က (၁၇)နှစ်သာ ရှိသေးတဲ့ နေရွှေသွေးအောင် တယောက် Ecstasy စိတ်ကြွဆေး သောက်ပြီး မူးလဲနေတာကို သိသွားတဲ့ အဘိုးဖြစ်သူ ဦးသန်းရွှေက ရောင်းဝယ်သူတွေကို ဖမ်းဆီးပေးဖို့ အမိန့်ပေးလိုက်တာက စတော့တာပဲ။

မောင်ဝိတ်ကို ဖမ်းဖို့လုပ်တော့ မောင်ဝိတ်က နေပြည်တော်က ဆင်းလာတဲ့ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးကို အကာကွယ် ယူဖို့လုပ်သေးသဗျ။ အဘကို (ဗိုလ်မောင်အေး) ကားမောင်း ပို့ပေးရဦးမယ်ဆိုပြီး လုပ်ပေမယ့် ဦးသန်းရွှေ အမိန့်နဲ့ ပြည်ထဲရေးက မဖမ်းမဖြစ် ဖမ်းလိုက်ရတာ။ မယုံရင် ခုလက်ရှိ ပုသိမ်ထောင်မှာ ထောင်လို့ အမည်သာ ရှိပြီး ဋ္ဌာနဆိုင်ရာ အရာရှိတွေ လိုလေသေးမရှိ ဖူးဖူးမှုတ်ထားနေရတဲ့ မောင်ဝိတ်ဆီ အဖြစ်မှန်တွေ ကိုယ်တိုင်သွားမေးကြည့်လို့ ရတယ်။

ယာဉ်ထိန်းရဲကို ကိုယ်တိုင် ကျူးလွန်ခြင်း မရှိပါဆိုလို့ ပြောရဦးမယ်။ ဒီကိစ္စပေါ်လာတော့ ချုပ်ချုပ်ဟောင်းကြီး ကိုယ်တိုင် ဦးရွှေမန်းကို ခေါ်ပြီး မင်းဒီကိစ္စ ကြည့်စီစဉ်လိုက်ပါ ဆိုပြီးခိုင်းတာ ကျုပ်တို့ အတွင်းသိ တိုင်းသိတယ်..။ ဆက်ပြောလိုက်ဦးမယ် နေပြည်တော်က တပ်ချုပ်ဟောင်းကြီး မိသားစု(၈)ဦးအတွက် ဆောက်လုပ်ရေး ကုမ္ပဏီတွေက ဖားယားဆောက်ထားတဲ့ ၈လုံးတွဲတွေ အိမ်ရှိတယ်။ ဒီ (၈)လုံးတန်းမှာ တပ်ချုပ်ကြီးက လွဲပြီး ကျန်တဲ့သူတွေက ရန်ကုန်မှာ နေကြတာ။ ဘယ်သူမှ မနေဘူး စကားပြောဖော် မရှိတဲ့ ဆေးညွှန်မှူး ဗိုလ်ချုပ် သန်းအောင် ညစဉ် တပ်ချုပ်ကြီးဆီသွား စကားစမြည်ပြော တပ်ချုပ်ကြီးနဲ့ ဘောလုံးပွဲ အတူထိုင်ကြည့်ပြီးမှ ပြန်လာရတာ အတွင်းသိတိုင်းသိတယ်။
ဒီထက် ထပ်ပြောရင် ကျုပ်ဘယ်သူဆိုတာ သိတော့မှာမို့ ဒီမှာပဲ ရပ်မယ်။ သူ့ဆန်စားလို့ ရဲနေတာမဟုတ် ပြည်သူ့ဆန်စား နေတယ်လို့ပဲ ကျုပ်က မှတ်ယူတယ်။ အလံရှူးတွေ ရပ်တန်းက မရပ်ရင်တော့ ကျုပ်သိတာ ထပ်ပြောရမှာပဲ။

သနားတတ် ခွင့်လွှတ်လွယ်တတ်တဲ့ ကျုပ်တို့ မြန်မာတွေ ချင့်ယုံကြ၊
ပြောလက်စနဲ့ ထပ်ပြောလိုက်ဦးမယ်.. ဦးသိန်စိန်နဲ့ ဦးရွှေမန်း အားပြိုင်ပွဲ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းက ဘာနဲ့တူနေသလဲဆိုတော့ ယခင်နအဖခေတ် နိုင်ငံတကာမှာ ပြုပြင်ပြောင်းလဲရေး လိုလားသူဆိုပြီး ထောက်လှမ်းရေးတွေ အရောင်တင်ခဲ့တဲ့ ဗိုလ်ခင်ညွှန့်နဲ့ နိုင်ငံတကာမှာ Image မကောင်းလှတဲ့ ဗိုလ်သန်းရွှေတို့ နှစ်ဦး အားပြိုင်တဲ့ ပုံနဲ့ ထပ်တူပဲပေါ့။ ဗိုလ်ခင်ညွန့်ကတော့ အဂတိ လိုက်စားမှု မရှိဆိုပြီး ထောက်လှမ်းရေး အုပ်စုက အသွင်ဖော်ထားပြီး ဗိုလ်သန်းရွှေ မိသားစုကတော့ အဂတိလိုက်စားတယ် ဆိုပြီး အာဏာရှင် ဆိုတဲ့ နာမည်ပျက်နဲ့ နိုင်ငံတကာမှာတော့ လူကြမ်းပေါ့။

ဒီနေရာမှာ ကျူပ်ပြောလိုတာက ဦးရွှေမန်းရဲ့သား အောင်ရွှေမန်းရဲ့ ပိုင်ဆိုင်မှုနဲ့တင် နအဖလက်ထက် အာဏာနဲ့ လုပ်ပိုင်ခွင့်တွေ အခွင့်အရေးယူခဲ့သူလား ဘာလားဆိုတာ ခင်ဗျားတို့ မြင်အောင်ကြည့်ကြ။ ဒီနေရာမှာ နိုင်ငံတကာမှာ နာမည်ရတဲ့ ဦးသိန်းစိန်နဲ့ ဗိုလ်ခင်ညွန့် ရိုးသားမှုက အပုံကြီးကွာတယ်ဗျ။
ကျုပ်တခုပြောပြမယ် ဦးသိန်းစိန်ရဲ့ နေအိမ်ရှိတဲ့ ဧရာဝတီတိုင်း ငပုတောမြို့နယ် ကျုံကူးရွာဆိုတာ မိုးတွင်းဆို ရွာလယ်လမ်း ရေမြုပ်ပြီး ဦးသိန်းစိန် နေအိမ်ဆို အောက်ထပ်တခုလုံး ရေမြုပ်နေကျပေါ့။ သမ္မတသူ့ဇာတိ ရွာကိုလာရင် ရွာလယ်လမ်းကို စက်လှေနဲ့ ဝင်ရပြီး အဲ့ဒီကမှ သူနေတဲ့ လမ်းထဲကို လှေနဲ့ တဆင့်ပြန်ဝင်ရတာ။ ဒါကို ဧရာဝတီတိုင်း ဝန်ကြီးချုပ်က အိမ်ကို ပြင်ပေးချင်ပေမယ့် သမ္မတက ခွင့်မပြုလို့ မပြင်ရတာ ကျုပ်တို့အသိပေါ့။

ကျုပ် သမ္မတဘက်က လော်ဘီလုပ်နေတာ မဟုတ် ခုလက်ရှိ ဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့ ရိုးသားမှုကို စဉ်းစားချင့်ချိန်ဖို့ နှိုင်းယှဉ်ဖော်ပြနေတာ။ ကျုပ်ကတော့ ပြတ်ပြတ်ပဲ။
ဒီထက် ထပ်ပြောဖို့ အချိန်မကျသေးလို့ ဒီလောက်နဲ့ပဲ ရပ်ထားဦးမယ်။

ကျုပ်တို့ မြန်မာတွေ ဖြစ်တတ်တဲ့ ကောက်ရိုးမီးနဲ့ လွမ်းခန်းကို မျက်စိနဲ့တောင် မြင်ရတာ မဟုတ်ပဲ မျက်ရည်ဝဲတတ်ကြတဲ့ ကျုပ်တို့ မြန်မာတွေ ယုံလွယ်၊ သွေးပူလွယ်၊ သွေးအေးလွယ်တာကို ကျုပ်ပြောနေတာ။ အဲ့ဒီတော့ နေရွှေသွေးအောင်က စာပို့တယ်ဆိုပြီး ဘယ်သူရေးမှန်းမသိတဲ့ စာကို ယုံလွယ်တတ်ကျ၊ သနားတတ်ကျလွန်းလို့ ကျုပ်ပြောနေတာ..။ အေးတကယ်တန်း ရှင်းရဲ၊ ပြောရဲရင် မီဒီယာကနေ အင်တာဗျူးလေး တပုဒ်လောက် ရုပ်လုံးထွက်ပြပြီး ဖြေရှင်းဖို့ နေရွှေသွေးအောင်နဲ့ တပ်ချုပ်ဟောင်းကြီးကို ကျုပ်တောင်းဆိုချင်တယ်..။ မေးတတ်၊ မြန်းတတ်တဲ့ အင်တာဗျူး ဆရာတွေနဲ့ တွေ့စမ်းစေချင်ပါတယ်.။

ဒီတော့ ကျုပ်တို့ မြန်မာတွေ လွမ်းခန်းကို ရောက်ရင် မျက်ရည်ဝဲရအောင် အနှစ်(၂၀)ကျော် ခါးစည်းခံခဲ့ရတဲ့ ကျုပ်တို့တတွေ ဒီအာဏာရှင် မိသားစုနဲ့ ပတ်သတ်ပြီး လွမ်းလောက်လို့လားလို့ ကျုပ်ပြန်မေးပါရစေ။

အတွင်းသိ

အေးချမ်းမွန် Credit To >Wai Yan De Mo<

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...