Thursday, April 11, 2013

“နေ၀င်ချိန်ကို ဖြတ်သန်းခြင်း”

by Soe Min (Notes) on Thursday, April 11, 2013 at 12:25pm
 
          နှစ်ကူးခါနီးကလေးမှာ မမျှော်လင့်ပဲ ကောင်းရာကောင်းကြောင်းကလေးလုပ်ဖြစ်သွားတာကတော့ အမျိုးထဲက အဖွားနှစ်ယောက်ကို သွားကန်တော့ဖြစ်တာပါ။ လက်ကျန်ဆိုလို့လည်းသူတို့နှစ်ယောက်ပဲ ရှိတော့တယ်။ ဒါတောင် အိမ်က အမေဖြစ်သူက “လိုက်ပို့စမ်း” ဆို ခေါ်လို့ပါသွားတာ။ ဟိုကအဘွားတွေက ရန်ကုန်ပြန်ရောက်ပြီဆိုလို့ မျှော်နေတာ ကြာပြီ။ လူကြုံနဲ့တောင်မှာ ယူရတယ်။ ကိုယ့်ဖြင့် သမီးတစ်ကောင် ဖားဖားနေရတာနဲ့ သူတို့ဆီမရောက်ဖြစ်တာ နှစ်ပြောင်းလရှည်ကြာခဲ့ပြီမောင်ရေပဲ။ ကိုယ့်အသက်တောင် ၄၆ ထဲမှာဆိုတော့ အမေက ၆၆၊ ကိုယ့်အဖွားတွေဆိုရင်ဘယ်သူမှ ၈၆ထက် လျော့လိမ့်မယ် မဟုတ်။ အမေ့ဘက်ကအဖွားကတော့ ဘူတန်သွားနေတုန်းက ဆုံးရှာတယ်။အခုဟာကတော့ အဖေ့ဘက်က အဖွားရဲ့ ညီမများ ယောင်းမများပေါ့။
ဝမ်းကွဲညီအမတွေ အပြိုင်းအယိုင်းစုစုစည်းစည်းရှိခဲ့တဲ့ထဲမှာ အခုဆို ပြေးရေကြည့်လို့မှ နှစ်ယောက်၊ သုံးယောက် ကျန်တော့တယ်။ဘိုးမျိုးဘွားမျိုးတွေ ပြုတ်လုပါပေါ့။ ယောင်္ကျားလေး သက်တမ်းနဲ့ဆိုရင် ကိုယ်တောင် သေရခါနီးနေပလားပဲ။ အဖိုးတွေ၊ အဖေတွေ လေးဆယ်ကျော်လောက်ဆို အတုန်းအရုံးလေ။ နောက်နှစ်ခါ တန်ဆောင်မုန်းဆိုတဲ့ကိစ္စဟာကိုယ်လည်း မသေချာဘူး။ သူတို့လည်း မသေချာဘူး။ ပြောတော့သာ သွားကန်တော့တယ်တဲ့။ နံမယ်ကောင်းကယူလိုက်သေး။ တကယ်တမ်းကျတော့ မုန့်ကလေးပဲကလေးသာ ကန်တော့နိုင်တာ၊ ဆရာဝန်ဖြစ်လျက်နဲ့ ဆေးဖိုးဝါးခတောင်တာဝန်ယူနိုင်တာ မဟုတ်။ ခုတောင် ကိုယ့်အမေကန်တော့တဲ့ဆီ လက်အုပ်ကလေးချီလို့ ဒိုင်ဗင်ဝင်ပစ်ရတာ။လူကဖြင့် သေခါနီးတာတောင် ခုထက်ထိ ဘာမှ မဟုတ်သေးတဲ့အကောင် လို့ ပြောရင် ဘယ်မှ မရှာနဲ့။ကိုယ့်ကိုယ်ကိုယ်သာ မှန်ကြည့်ပြီးပြောနေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကလည်း မျက်နှာလေးတွေ့ချင်ရှာလို့ခေါ်တာပါ။ ကိုယ်ကလည်း ဒီမျက်နှာကလေးပဲ ပြစရာရှိပါတယ်။ သူ့မြေး သူ့အဖွား အပေးအယူတည့်နေပြီးတာပဲ မဟုတ်ဘူးလား။
          အဖွားနှစ်ယောက် တစ်အိမ်စီနေကြတာပါ။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင်နှစ်ယောက်စလုံးက ကိုယ့်တ နေတော့ တလက်စတည်း နှစ်အိမ်လုံး ပတ်ဝင်ခဲ့လိုက်တယ်။ သိတဲ့အတိုင်းရန်ကုန်မြို့ထဲ ကားမောင်းရတာ၊ သပ်သပ်စီသွားရင် ကျုပ်အဖွားတွေ အသက်မီဖို့ မလွယ်ဘူး။ပထမသွားတဲ့ အဖွားက အသက် ၉၀ကျော်နေပြီ။ အဖေ့ဘက်အဖွား၊ အမေ့ဘက်ကအဖွား၊ နှစ်ယောက်စလုံးနဲ့ညီအမ၀မ်းကွဲတော်တယ်။ သူတို့အချင်းချင်းက အဖေညီအကို အရင်းမွေးတွေ။ ကိုယ်တို့က သူ့ကိုခေါ်တာမေမေကြည် လို့ ခေါ်ရတယ်။ သူတို့တတွေက တစ်ယောက်တစ်ယောက် ဘယ်တော့မှ နံမယ် အပြည့်အစုံ မခေါ်ကြဘူး။ကြည်ကြည်ရေ။ ညွန့်ညွန့်ရေ။ ရီရီရေ။ အဲသလိုမျိုး နံမယ်တစ်လုံးကို နှစ်ခါထပ်ပြီးခေါ်ကြတယ်။ကလေးတွေက ရှေ့က မေမေတပ်ခေါ်ရတယ်။ အငယ်မို့ကျန်တဲ့ ညီမတောင် ၉၀ကျော်ဆိုတော့ အသက်ရှည်လွန်းလို့သာခုထက်ထိ ကျန်းကျန်းမာမာ တွေ့ရတာ။ သွားတွေ တစ်ချောင်းမှ မကျန်တော့ဘူး။ အံကပ်ကလေးနဲ့နေတယ်။နားမကြားတော့ဘူး။ ပါးစပ်ကလေး လှုပ်တာကို အကဲခပ် စကားပြောတယ်။ ပြောရင်းပြောရင်းနဲ့မှအားမရတော့ရင် ၀ှိုက်ဘုတ်ကလေးထိုးပေးတယ်။ ရေးပြစမ်း။ သူဖတ်မယ်။ သူငယ်ပြန်ချင်နေပြီလို့ကွယ်ရာမှာ ပြောကြပေမယ့် သူသိတာ သတိရတာတွေဖြင့် ကိုယ်တွေတောင် လိုက်မမီဘူး။ အိမ်က မောင်နှမဘုစုခရု မကျန် ဘယ်သူဘာဖြစ်၊ ဘာပြဿနာရှိ။ သူအကုန် အပ်ကျတာကအစ သိတယ်။ ရောက်တိုင်း လူစေ့အောင်မေးတယ်။
          ဆေးတွေမသောက်ရသေးဘူးမှတ်ပြီး အတင်းထပ်အတိုက်ခိုင်းတတ်ပေမယ့် မုန့်ဟင်းခါးစားနေတာ ငေးတောင်ကြည့်ယူရတယ်။ပလပ်စတစ်ခြင်းတောင်းကလေး တစ်လုံးယူပြီး အဲဒီထဲက ဆီချက်၊ ငရုတ်သီးမှုန့်၊ ငံပြာရည်၊ နံနံပင်သူ့ဟာသူ စိတ်ကြိုက် မမှားမယွင်းထည့်စားတယ်။ အကြော်တွေ မာလို့ မ၀ါးနိုင်တာဆို ပန်းကန်တစ်ချပ်နဲ့ သပ်သပ်ဖယ်ပစ်တယ်။ ဘေးကို အဖိတ်အကျ မရှိဘူး။ ကိုယ့်ဘာဟာ စားသောက်ပြီးရင် ကောင်မလေးခေါ်အသိမ်းခိုင်း၊ သူ့စားပွဲကလေးကို အစအနမကျန် ပြောင်နေအောင် သုတ်၊ သူ့လက်ကို အနံ့မစွဲအောင်သေသေချာချာ သုတ်သင်တယ်။ ဧည့်သည်လာပြီ။ ကော်ဖီတိုက်စမ်း၊ အအေးတိုက်စမ်း။ အကုန် သူစီမံတယ်။သူကိုယ်တိုင် သူ့မြေးတွေကို လက်ထဲဖန်ခွက်အရောက် တိုက်တယ်။ ကိုယ်တွေလို ခြေမမြဲလက်မမြဲတောင်ဆွဲ မြောက်ဆွဲ မဆွဲဘူး။ စကားတွေဆိုတာကတော့ သူကချည့်ဖောင်နေအောင် ပြောတော့တာ။ စိန်ဗေဒါကြီးပတ်စမ်းသလို တစ်ဝိုင်းလုံးရှိသမျှ ပတ်လုံး အကုန်မြည်အောင် လိုက်တီးသလား မှတ်ရတယ်။ ဘယ်သူနဲ့မှစကားမပြောလိုက်ရဘူးဆိုတာ မရှိ။ နံမယ် မှားခေါ်ရိုး ထုံးစံမရှိ။ သတိတရကလည်း ရှိပါ့။ “ဖိုးချိုတစ်ကောင်နယ်ရောက်နေတာ ကြာလှပြီ။ ခုလောက်ရှိ ရန်ကုန်ပြန်ရောက်ဖို့တော်ပေါ့။ ဖုန်းဆက်ကြည့်စမ်း။”ဆိုလို့ ကိုယ်က လာရတယ်။ တို့လူကြီးတွေဖြင့် တစ်လတစ်ခါ မျက်နှာပြတာတောင် မှတ်မိချင်မှမှတ်မိတာ။ (သူတို့ အပြစ်တော့ ဟုတ်ပါဘူး။ အမျိုးမှ မတော်ပဲကိုး)။ သည်မှာတော့ ကိုယ့်မြေးကိုယ့်အဖွားဆိုတော့ မလာနိုင်ကာမှ နေရော။ ရောက်မှတော့ အောင်မယ်မင်း မသေလို့ တွေ့ရ မေ့နိုင်ပါရိုးလားပေါ့။
           အိမ်ရှိလူကုန်မာကြောင်းသာကြောင်း မေးမြန်းပြီးတော့ မကြာသေးခင်က ကျုံမငေးပြန်ပြီး အကြီးအကျယ် အလှူလုပ်ခဲ့တဲ့အကြောင်းပြောပြတယ်။ ဘယ်သားသမီး ဘယ်လောက်ထောက်ပံ့လို့ သူ ဘယ်လို လှူနိုင်တန်းနိုင်တယ်ဆိုတာ ၀မ်းပန်းတသာပြောရင်းကမှမျက်ရည်စမ်းစမ်းနဲ့တစ်ခါ သူအခုလို အေးအေးချမ်းချမ်း မတောင့်မတ နေနိုင်စားနိုင် လှူနိုင်တန်းနိုင်တာကိုသွားလေသူကြီးများနဲ့တွေ့ပြီး ပြောပြချင်လိုက်တာတဲ့။ ဟုတ်တာပေါ့။ ဟိုတလောက ရေးတဲ့ တရုတ်ဇာတ်လမ်းတွဲထဲမှာတရုတ်စစ်သူကြီးပြောတဲ့ “ကိုယ့်အောင်မြင်မှုဆိုတာ ကိုယ့်ဇာတိရပ်ရွာကို ပြန်မပြနိုင်ခဲ့ရင်အချည်းနှီးပဲ” ဆိုတာလေး ပြန်သတိရသွားတယ်။ သူပျော်နေတယ်လေ။ သူစိတ်ချမ်းသာနေတယ်လေ။ ဒါတွေကိုသူပြောပြချင်နေတယ်။ မျှဝေချင်နေတယ်။ ဒါပေမယ့် သူပြောပြချင်တဲ့သူတွေက အခု မရှိတော့ဘူး။အမျှပဲ ဝေလို့ရတယ်။ အမေတို့ အဖွားတို့ ဘုရားရှိခိုးရင် တဖြေးဖြေး ပိုပိုကြာလာတယ်လေ။တမလွန်မှာ အမျှဝေစရာ ဆွေမျိုးတွေက တိုးတိုးလာတာကိုး။
         လူတွေဆိုတာသင်္ဘောဆိပ်မှာ အသုတ်လိုက် အသုတ်လိုက် တက်တက်သွားတဲ့ ခရီးသည်တွေလိုပဲ။ တစ်စီးဝင်လာလိုက်။တစ်စီးထွက်သွားလိုက်၊ ကိုယ့်အပေါင်းအဖော်တွေက ပါသွားနှင့်လို့ ကျန်ရစ်ခဲ့ရတဲ့အခါ နောက်သင်္ဘောစောင့်ရင်းနောက်လူတွေနဲ့ စကားသာပြောနေရတယ်။ စိတ်ကတော့ အရင်သင်္ဘောပေါ်ပါသွားတဲ့သူတွေနောက်ကို လိုက်ချင်နေပြီ။အဲသည်ကောင်မတွေ ဟိုရောက်ရင် ငါ့မှစောင့်နေပါဦးမလား။ ပြန်မှ မတွေ့တော့ရင် ဘယ့်နှယ်လုပ်မလဲနဲ့ စိတ်စောနေရပြီ။ အဲသလိုတွေးလိုက်တော့လည်း သေခြင်းတရားဆိုတာ ငယ်တုန်းကလောက် အကြောက်အကန်မဟုတ်တော့ပါဘူး။ တစ်သက်နဲ့တစ်ကိုယ် ကုသိုလ်တွေလည်း တတ်စွမ်းသလောက် လုပ်ခဲ့ပြီးပြီ။ငရဲငအုံ အပယ်ဘုံတွေထဲရောက်လောက်စရာ အကုသိုလ်ကြီးတဲ့သူတွေ ကိုယ့်ဆွေကိုယ့်မျိုးထဲ မပါတာမင်္ဂလာရှိလိုက်လေ။ (ရှင်ဘုရင်အမျိုးဆို သည်လိုပြောနိုင်ဖို့ ခက်ရှာမပ) ဇရာကနေ ဗျာဓိ၊မရဏကို အစဉ်လိုက်ကူးသွားပြီးတဲ့အခါ သံသရာဘုံမှာ အသစ်တဖန်စရဦးမှာ မဟုတ်လား။
           နောက်အဖွားတစ်ယောက်ဆီကူးတဲ့အခါ သူတို့ချင်းလည်း မကြာသေးခင်ကမှ တစ်အိမ့်တစ်အိမ် ကူးသန်းပြီး စကားစမြည်ဖောင်ဖွဲ့ကြတဲ့အကြောင်းသိရတယ်။ သူတို့ချင်းက ယောင်းမတစ်ဝမ်းကွဲဆိုလည်း ဟုတ်သလို၊ ခမည်းခမက်ဆိုလည်း တော်ပြန်တယ်။မြောင်းမြအိမ်က ၀မ်းကွဲအမများရဲ့ မောင်ကလေးနဲ့ အကြောင်းပါလို့ ယောင်းမလို့စပ်ရင်လည်းတော်တယ်။ ကိုယ်တို့အမျိုးများဟာ နှစ်ဝမ်းသုံးဝမ်းကွဲရင် ဖူးစာပြန်ပြန်ဆုံတတ်လို့ ခမည်းခမက်လည်းပြန်တော်ကြရတယ်။ ကိုယ့်မိဘများဟာလည်း သူတို့ ညီအမ၀မ်းကွဲချင်း ကိုယ့်အိပ်ထဲကိုယ် အဖိတ်ခိုင်းထားတာလေ။ဒါကြောင့် ကိုယ်တို့ထဲမှာ အကြေအညာက နေရာပဲဝေးတာ။ သွေးမဝေးဘူး။ ဒီအဖွားကိုတော့ ကိုယ်တို့ကဒေါ်ဒေါ်ခင်လို့ ခေါ်ကြတယ်။ သူလည်း မငယ်တော့ပါဘူး။ ၈၄ နှစ်ရှိပြီ။ သွားတွေ တစ်ချောင်းမှမကျန်တော့ဘူး။ ဒူးတွေနာနေလို့ အထိုင်အထ နည်းနည်းလေးပေမယ့် လူကတော့ ငယ်ငယ်ကအတိုင်း လူသွက်။ပြောဆိုစိတ်မြန် အာသွက်ခယံ။ စကားတတ်ရတဲ့အထဲ ဘ၀ကစုံတော့ သူ့ဆီရောက်ရင် အမြဲ ပြောပြစရာတွေကလည်းတပုံကြီးရှိသေးတယ်ရှင့်ပဲ။
          သူကထူးထူးခြားခြား “ဖိုးချို။ နင်ရေးတဲ့စာအုပ် ငါဖတ်ရတယ်။” ဆိုတော့ ကိုယ့်မှာ ရှက်ကိုးရှက်ကန်းဖြစ်ရသေး။ ကိုယ့်အမျိုးတွေဟာ လှတောက မဟုတ်ပေမယ့်လို့ ဘယ်သူမဆို စကားကို စီကာပတ်ကုံးကွက်ကွက်ကွင်းကွင်း မြင်အောင် ပုံတိုပတ်စလေးတွေနဲ့ ခိုင်းခိုင်းနှိုင်းနှိုင်း ပြောလေ့ရှိကြတယ်။ဒါကြောင့် မောင်စံဖားကလေး လေဖောတယ်ဆိုတာ ကိုယ့်အမျိုးတွေရှေ့ကျ ပြောရဲဘူး။ ကျုပ်ဘကြီးကကျုပ်ထက်တတ်တဲ့သူချည့်ပဲ။ ပြောရင်းဆိုရင်းသား စကားစပ်မိလို့ မငြိမ်မသက်တဲ့အကြောင်းတွေရောက်ကုန်တဲ့အခါ ကိုယ်ကလည်း မနေနိုင်လို့ အငေါ်တူးလိုက်မိတယ်။ “ဒေါ်ဒေါ်ခင်ရေ။ အပြင်သိပ်မထွက်နဲ့။အိမ်မှာပဲနေနော်။ သူများတွေက ဟိုဟာဒီဟာတွေဖြစ်တာ ဗကပစနက်လို့ ပြောနေကြတယ်။ ဒေါ်ဒေါ်ခင်တို့အဆက်အနွယ်တွေ ကျန်သေးလို့လား။” ဆိုတော့ “လာဖမ်းလှည့်လေဟယ်။ ငါတစ်ယောက်ကျန်တော့တာ။”လို့ ပြန်သောတယ်။ ဒေါ်ဒေါ်ခင်ဟာ ကိုယ့်အဖိုးနဲ့ တောထဲမှာ အကြောင်းပါလာတာပါ။ ကိုယ်တို့အဖိုးလေးဟာဗိုလ်သင်တန်း တတိယအပတ်စဉ်ဆင်းပဲ။ နိုင်ငံခြား ပညာတော်သင်သွားဖို့ မင်္ဂလာဒုံလေဆိပ်ရောက်တဲ့အချိန်မှာဗကပကို မတရားသင်းကြေငြာလိုက်တဲ့အတွက် ဘားမားရိုင်ဖယ်တပ်နဲ့အတူ အရှင်လတ်လတ်ကြီး မြေမမြိုပဲအန်ဒါဂရောင်းရောက်သွားသူပါ။
         ကိုယ်သိသလောက်ကတော့ဗကပဆိုတာ ဖြုတ်ထုတ်သတ်၊ ရန်ငါမကွဲရင် အမျိုးပြုတ်အောင်သတ်၊ ဗားကရာချောက်ကြီးကို ဆိုရှယ်လစ်အရိုးတွေနဲ့ဖို့ပစ်မယ် လို့ ကြိမ်းဝါး၊ ရုပ်ရှင်ထဲမှာဆို အောင်ခိုင်တို့၊ အံ့ကျော်တို့မှ ရတာ။ဗကပတွေ ကောင်မလေးတစ်ယောက်ကို ကြည့်နေပြီဆို မတရားကျင့်တော့မလို့။ အဲသလို သဘောပေါက်ထားတာပါ။မြန်မာပြည်မှာ ဗကပလောက် အန္တရာယ်ကြီးတာ မရှိဘူး။ ဆူပူမှုတိုင်းရဲ့ နောက်ကွယ်မှာ ဗကပကစံနစ်တကျ ကြိုးကိုင်နေတယ် လို့ ယူဆထားတာပါ။ (သည်ပုတ်ထဲနေမှတော့ သည်ပဲကလေးပေါ့ဗျာ နော့)ဗကပ နဲ့ပတ်သက်ပြီး ကြောက်တာက သူတို့တတွေဟာ ဘာသာမရှိဘူး။ ဘုန်းကြီးရဟန်းလည်း သတ်ဖို့ဝန်မလေးဘူး။မန်းလေးက နံမယ်ကျော် စာရေးဆရာကြီး စာရေးဆရာမကြီးတို့ရဲ့သားဆိုရင် သူ့မိဘကို သူကိုယ်တိုင်ခေါင်းဖြတ်၊လည်ချောင်းသွေးနဲ့ ခြေဆေးပြီး ခေတ်သစ်အဇာတသတ်ဘွဲ့ကို ခံယူမယ် လို့ ဓါတ်ပုံနဲ့တကွ၊ ကြော်ငြာစာရေးကပ်ထားတာတွေ့လိုက်ဖတ်လိုက်ရတော့ “ဘုရား ဘုရား” လို့ တောင် တ မိတယ်။
           နောက်တော့ဖေ့စ်ဘုတ်ကြီးရဲ့ ကျေးဇူးကြောင့် လို့ပဲ ပြောရမယ် ထင်တယ်။ ဓါတ်ပုံတွေကို အလွဲသုံးစားလုပ်ပြီးသူများသားသမီးကို အသရေဖျက် အပုပ်ချ၊ ကိုယ်လိုချင်သလို သွေးထိုးလှုံဆော်ဖို့ဆိုတာ လွယ်လွယ်လေးပါကလားလို့ သိလိုက်ရတဲ့အချိန်ကျတော့ ဘယ်သူ့ကိုမှ မယုံတော့ဘူး။ ဗကပက ယုတ်မာတယ်။ ဆိုရှယ်လစ်ကယုတ်မာတယ်။ စတဲ့ ၀ါဒစွဲအမြင်လေး ကွာသွားပြီး ဘယ်သူပဲဖြစ်ဖြစ် ယုတ်မာတဲ့အမှုကို ပြုသူကယုတ်မာတာပဲ လို့ ဓမ္မဒိဋ္ဌာန်ကျကျ မြင်တတ်လာပါတယ်။ ဘာလို့ဆိုတော့ ၈၈ မှာလည်း မြင်ခဲ့ရတယ်။စက်တင်ဘာမှာလည်း တွေ့ခဲ့ရတယ်။ ဘယ်သူတွေက ဘာလုပ်သလဲဆိုတာ။ ဒါပေမယ့် ဦးနှောက် နဲ့ အတွေးအခေါ်မရင့်ကျက်သေးသူတွေကတော့ မသမာတဲ့သူက “ဒီမှာကြည့်စမ်း။ တွေ့လား။ သေကုန်ပြီ။ အဲဒါ ကုလားသတ်တာ။ဗမာသတ်တာ။” စသည်ဖြင့် ဆွပေးလိုက်ရင် သွေးဆူပြီး မစဉ်းမစား ယုံကြလွန်းလို့ သင်ခန်းစာယူနိုင်အောင် ကိုယ်အ တဲ့အကြောင်း ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတာနော်။
          ကိုယ့်အဖိုးဗကပကြီးကတော့ ဘုရားသွားကျောင်းတက်၊ ဘာသာရေးနဲ့ မကင်းကွာတဲ့သူပါ။ ပညာတတ်၊ စစ်ဗိုလ်ဘ၀ကနေကံအလှည့်မသင့်လို့ တောထဲရောက်သွားရှာတော့ ခြေမွေးလက်မွေးတင်မကဘူး။ ခေါင်းမွေးပါ ခဏခဏမီးလောင်တဲ့အထိ ဒုက္ခသုက္ခတွေကို စုံ လို့။ ဒေါ်ဒေါ်ခင်ကိုယ်တိုင်တောင် ကလေးမျက်နှာမြင်ပြီးတာနဲ့သွေးနုသားနု စစ်တလင်းပြင်ခဲ့ရတယ်လို့ ဒဏ်ရာလေးတွေ ပြပြပြီး ပြောရှာတယ်။ ကိုလိုနီပညာရေးကိုကျကျနန မီခဲ့တဲ့ အမွေကလေး ထိန်းထားချင်သလား မသိပါဘူး။ မွေးသမျှသားသမီးတွေ အကုန် မြန်မာနံမယ်တစ်ယောက်မှ မရှိဘူး။ သူတို့ချင်းလည်း အင်္ဂလိပ်လိုပဲ ပြောကြသတဲ့။ ခုချိန်ထိ အမယ်ကြီးအိုဒေါ်ဒေါ်ခင်ဟာ ဧည့်လမ်းညွှန်တွေ ငေးရလောက်အောင် ဒိုးဒိုးဒေါက်ဒေါက် ပြောနိုင်ပါတယ်။ “ဒေါ်ဒေါ်ခင်ကွန်မြူနစ်ဝါဒကို တကယ် ယုံခဲ့သလား။” လို့ မေးကြည့်တော့ “အဲဒီအချိန်တုန်းက သူပဲ အကောင်းဆုံးရှိတာလေ။တရုတ်ပြည်မှာလည်း မော်စီတုံးကြီးက အရမ်းအောင်မြင်နေတာ မဟုတ်လား။ နောက်တစ်ခုက ဘားမားရိုင်ဖယ်တပ်ကဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ကွန်မြူနစ်ပါတီထဲ ၀င်ခိုင်းထားတာလေ၊ ဦးနုက မတရားသင်းကြေငြာလိုက်တဲ့အခါသူတို့လည်း တောမခိုလို့ ဘယ်လိုလုပ်မတုန်း။ အဲဒီအချိန်မှာ အစိုးရဘက်က ရန်ကုန်စုစုကလေးပဲကျန်တော့တာ။ အကုန်လုံး ဟိုဘက်ကသူပုန်၊ သည်ဘက်သူပုန်၊ သိမ်းထားပြီးသား။ နောက်တော့ ပါတီကခေါင်းဆောင်တွေကလေယာဉ်ပျံနဲ့ စာတွေကျဲတယ်။ ရဲဘော်တို့။ ငါတို့လမ်းစဉ် မှားနေပြီ။ နောက်ပြန်ဆုတ်ကြ။ပြန်လာကြ။ ဆိုလို့ ပြန်လာကြတာ။” တဲ့။ သူတို့က ဗိုလ်ဇေယျကြီးနဲ့ တစ်ဖွဲ့တည်း လို့ ပြောပါတယ်။ဗိုလ်ဇေယျကြီးသမီးတွေတောင် ရိုးထဲမှာမွေးလို့ ရိုးရိုး လို့မှည့်၊ တောထဲမှာ မွေးလို့တောတော လို့ မှည့်တယ် လို့ ပြောပြတယ်။
           သူတို့ခေတ်တုန်းကအလင်းဝင်စစ်ဗိုလ်တွေဟာ သည်ကနေ့ခေတ် ဦးခွန်ဆာတို့၊ ဦးဖုန်ကျားရှင်တို့လို ကုဋေကုဋာသဲကိုးဖြာ မကြွယ်ဝကြပါဘူး။ ထောင်ထဲတန်းဝင်ကြရပါတယ်။ အမများဖြစ်တဲ့ ကိုယ့်အဖွားတတွေခမျာရင်ထုမနာနဲ့ထောင်ဝင်စာ သွားသွားတွေ့ရပါသတဲ့။ ထောင်ကထွက်တော့လည်းပဲ အလွန်ပင်ပန်းစွာလုပ်ကိုင်စားသောက်ခဲ့ရပါတယ်။ ကိုယ့်ဖိုးအေ မာနခဲကြီးက အပေါင်းအသင်းတွေ ကောင်းစားနေသော်ငြားဘယ်သူ့အောက်မှ မကျို့ချင်လို့ဆို ဘယ်သူ့ဆီမှ မသွားဘူး။ အိမ်မှာ စီးကရက် လက်ကြားညှပ်နေတယ်။အဲဒီစီးကရက်ကလည်း ရာဇ၀င်နဲ့ဗျ။ တောထဲမှာရှိတုန်းကရော၊ ထောင်ထဲမှာ ရှိတုန်းကပါ၊ အမတွေကအဆက်အသွယ်ရတိုင်း လူကြုံနဲ့ပို့ပေးရတဲ့ လန်ဒန်ဂိုးဖလိတ် သံဗူးနဲ့မှ သောက်ပါသတဲ့။ နောက်တော့အစီခံမပါတဲ့ ခပေါင်းကလေးတွေ ခဲခဲနေတာ မြင်ရင် စိတ်တောင် မကောင်းကြဘူး။ အဖိုးပေမယ့်ကိုယ်တို့က ဖေဖေအေး လို့ ခေါ်ပါတယ်။ သူက အ၀တ်အစားကလေးတွေ နွမ်းချင်နွမ်းမယ်။ လူကတော့ဘယ်တော့မှ တပတ်မနွမ်းဘူး။ သန့်ပြီးကျော့နေတယ်။ ကုလားထိုင်ပေါ် ခြေထောက်ချိတ်ထိုင်ရင်ကိုပုံစံကို ကျနေတာပဲ။ ကိုယ်တို့အမျိုးထဲမှာ အင်္ဂလိပ်လို အတတ်ဆုံး။ မနက်မိုးလင်းရင် အင်္ဂလိပ်သတင်းစာတစ်စောင်နဲ့စီးကရက် လက်ကြားကမချ၊ ၀မ်းတီးတူးတီး ကော်ဖီဆိုင်မှာ မသောက်ချင်ဘူးဆိုတဲ့ အစားမျိုးဗျ။
           ဖေဖေအေးအကြောင်းကိုအခုမှ ပြန်တွေးမိပြီး တစိမ့်စိမ့်သဘောကျတာက သူဟာ ဆင်းရဲပေမယ့် မဟုတ်တာ ဘယ်တုန်းကမှမလုပ်ဘူး။ သူများဆီလည်း အောက်ကျမခံဘူး။ ပိုက်ဆံမရှိပဲနဲ့ သူ့ကိုယ်သူ ပညာတတ်တစ်ယောက်ရဲ့အဆင့်အတန်းနဲ့ ညီအောင်နေတယ်။ ဘယ်အချိန်ကြည့်ကြည့် စုတ်တီးစုတ်ဖတ်၊ ပိုသီပတ်သီဆိုတာမရှိဘူး။ လူ့ရှေ့သူ့ရှေ့ သူ့ပညာကြီးလူသိခံချင်လို့ ဘိုလိုမှုတ်နေတာ မဟုတ်ဘူး။ သူ့ကလေးတွေနဲ့ထမင်းစားရေသောက်ပြောပေမယ့် တစိမ်းနဲ့ဆို မေးမှ ဖြေတယ်။ ထူးဆန်းတာက သေသာသွားရော သူ့ဆီကနိုင်ငံရေးနဲ့ ပတ်သက်တဲ့ အတွေးအမြင် ချိုသည်ခါးသည် တစ်လုံးတစ်ပါဒမှ မကြားခဲ့ရဘူး။ စကားစပ်လို့တောင်ဝင်မှတ်ချက်မပေးဘူး။ အဲသည်နေ့ကမှ ဒေါ်ဒေါ်ခင့်ဆီက ကြားခဲ့ရတာ တစ်ခုပဲ ရှိတယ်။ နိုင်ငံတော်ပွဲတစ်ပွဲကအပြန်စိတ်တိုတိုနဲ့ ပြောဖူးသတဲ့။ “ကိုယ်က အပင်စိုက်ခဲ့တာလေ။ အသီးစားဖို့မှ မဟုတ်တာ။ ကိုယ့်တာဝန်ကျေပြီ။ပြီးပြီ။” တဲ့။ အဲဒီနောက် ဘယ်ပွဲမှ မတက်တော့ဘူး လို့ ဆိုတယ်။ ကိုယ့်ကိုယ်ကိုယ် တော်တော်လေးအထင်ကြီးထားမိတဲ့ သည်အကောင်ဟာ သူ့ဘိုးသူ့ဘွားတွေနဲ့ တွေ့မှပဲ အလကား ဖွတ်ကျား။ မင်းအများကြီးလိုသေးပါလား လို့ သိလိုက်ရပါတယ်။
         ဘမျိုးဘိုးတူ။ဗီဇဆိုတာကတော့ ပါသင့်သလောက် ပါလာဟန်တူပါတယ်။ ဟောသည်အကောင် အူကြောင်ကျား မောင်စံဖားတစ်ယောက်ဟာလည်းဘယ်တော့မှ အများညီ ဤကျွဲဖတ်ခိုင်းလို့မရဘူး။ သူ့စိတ်ထဲထင်ရာကို စွတ်ရွတ်လုပ်၊ စွတ်ရွတ်ပြော၊ဟော အခုဆို စွတ်ရွတ်ရေးနေတော့တာပဲ။ သည်စကားပြောလိုက်ရင်ဖြင့် လူမုန်းများတော့မယ် သိသိကြီးနဲ့လည်းနှုတ်က မစောင့်စည်းဘူး။ စဉ်းစားကြည့်။ ဖေ့စ်ဘုတ်ပေါ်မှာ အဲသလောက် လူသိများနေပြီဆိုကတည်းကဟုတ်ဟုတ်ငြားငြား အကျိုးရှိ၊ ပိုက်ဆံရမယ့် အလုပ်တွေ မလုပ်ပဲ အားအားယားယား အချိန်တွေဖြုန်းနေလို့သာပေါ့။ ဒင်းသာ ဆေးခန်းတွေ လှည့်ပတ်ထိုင်နေ ခွဲနေရရင် သူများရေးတဲ့စာတောင်သဘောပေါက်အောင် ဖတ်ချိန်ရမှာ မဟုတ်ဘူး။ သူ့ဘ၀တလျှောက်လုံးမှာ ဘယ်တုန်းကမှ ဟုတ်ဟုတ်ငြားငြားပိုက်ဆံလည်း မရှာဖူးဘူး။ ဟန်ကလေးနဲ့တော့ နေချင်တယ်။ မာနကလည်း ကြီးချင်သေးတယ်။ ငယ်ငယ်တုန်းကအဖွားက စောင့်ရှောက်ရတာ။ နောက်တော့ အမေက စောင့်ရှောက်၊ ခုတော့ မိန်းမက သမီးက ပြန်စောင့်ရှောက်နေရတယ်။သူ့အနား စောင့်ရှောက်ပေးမယ့် မိန်းမသူတစ်ယောက်ရှိမနေရင် အဲသည်အကောင် လူမွှေးလူတောင်ပြောင်မှာ မဟုတ်ဘူး။ အသက်သိပ်ကြီးလာလို့ မြေးမလေးက “ဖိုးဖိုး။ အိပ်ယာထဲမှာ ရှူရှူးတွေပေါက်မချနဲ့။” ဆိုပြီး ဒိုင်ယာပါကလေး လဲပေးရတဲ့အထိတော့ အသက်မရှည်ချင်ပါဘူးလေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...