Thursday, April 11, 2013

ဆရာတို့၏ ကဗျာများ

 
** ငါတို့ မိတ်ဆွေ ဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်း **

မင်းသဘာဝကို မြင်ရတိုင်း
ငါ့ရင်မှာ မုန်တိုင်းထန်ခဲ့ရ
ဒီညကျမှ
လရောင်ဟာ
မင်းကမ္ဘာပေါ် ဖြာကျနေရဲ့။

စစ်မဲ့ဇုံ
မင်းရင်အစုံက
စိမ့်ကျလာတဲ့ စမ်းရေအိုင်တအိုင်
နို့နှစ်ရောင် ချိုင့်ဝှမ်းတခု
လျှို့ဝှက်တဲ့ တောအုပ်အစပ်နား
ငါရောက်သွားတော့
လေတိုးသံလို မင်းညည်းညူ
ရေတံခွန်လို တို့သွန်ချ
ငါတို့ မိတ်ဆွေဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်း။ ။

မိုဃ်းဇော်

** သတိရခြင်းဆိုတာ
**

လွတ်လပ်တယ်
တိကျသေချာတယ်
သိုဝှက်ဟန်ဆောင်မှုကင်းတယ်
လုံခြုံတယ်
အချက်အလက်ပြည့်စုံတယ်
ဒါပေမယ့် အထီးကျန်ဆန်တယ်
ဝမ်းနည်းစရာကောင်းတယ်
မရေရာတဲ့မျှော်လင့်ချက်ရှိတတ်တယ်
အဆိုးဆုံးကတော့…
တစ်ဖက်သက်ဆန်တယ်။         ။

                              အယ်လ်ဖြူ

** ရန်ကုန်ည **
*************

ဆုပ်ကိုင်နိုင်သမျှဆုပ်ကိုင်
ရပ်တည်နိုင်သမျှရပ်ထား
ဘာမှအလကား မရဘူးဆိုလို့
စတိုးဆိုင်ရှေ့က လမ်းဖြတ်ကူးခဲ့တယ်။

ဒီမှာလေ
ကျပ်မပြည့်တဲ့ညဥ့်ငှက်တွေ
တစ်ဖန် ပြန်လည်ရှင်သန်ထမြောက်လာကြတဲ့
ရန်ကုန်ဆိုတဲ့ ရန်ကုန်ညမှာ
ပန်းဆိုးတန်းတစ်ဝိုက်
လမ်းသလားကြည့်လိုက်တော့
ရန်ကုန်ညဟာ
ကားမီးရောင်နဲ့ တုန်နေရဲ့။

ဒီခေတ်မှာ
နာတာရှည်ရောဂါကို
ဆေးမြီးတိုနဲ့ ကုသချင်လို့ မဖြစ်ဘူး။
ညပလက်ဖောင်းပေါ်က
အမျိုးကောင်းသမီးလေးရယ်
ဘဝဆိုတာ
ဂွဒ်မောနင်းပေါင်မုန့်စိမ်ထားတဲ့ နို့တစ်ခွက်ပေါ့
သေခြင်းတရားဆိုတာတော့
သတ္တဝါတိုင်းရရှိမယ့် အချိန်ပို လုပ်အားခပဲ။

လန့်နိုးခဲ့တဲ့ အိပ်မက်အတွက်
ဒေါသထွက်နေလို့လည်းအပို
ရှယ်လီကိုရွတ်ဆို
ဘိုနိုကိုဂုဏ်ပြု
မသမာမှုမှန်သမျှ
လက်တကမ်းက ရင်ဆိုင်ထားလိုက်မယ်။

ဒီကနေ့ည မိုးကောင်းကင်မှာ
မိုးသာတိမ်လိပ်တွေ ကင်းစင်ပါရဲ့လား
ခင်ဗျားတို့ရဲ့ သွေးထဲမှာရော
ပိုးမွှားတွေ သန့်စင်ပါရဲ့လား
သံသရာ ချားရဟတ်ထဲမှာ
ငွေကြယ်ကလေးတွေ ပွင့်ခဲ့လို့
ကိုယ့်ဘဝကိုယ် မက်မောမိပြန်တယ်
တကယ်ဆိုရင်
တို့သွေးသားဟာ
အမှန်တရားနဲ့သာ တည်ဆောက်သင့်ပေရဲ့။

သြော်…
အနော်ရထာလမ်းမကြီးက
ခြေသံတွေကို ထမ်းထားဆဲ
ချွေးတစိုစို လူတန်းကြီးတွေနဲ့
ခုံးကျော်တံတားကြီးတွေအောက်
ဘဝတွေ စီးဆင်းနေလေရဲ့။

ဘယ်ဆီဘယ်ဝယ်မသိ
ဘဝတွေ စီးဆင်းနေလေရဲ့။

စစ်ကြီးအတွင်းတုန်းက
ရန်ကုန်ညမှာ
ဗုံးခိုကျင်းတွေ တူးခဲ့တယ်။

စစ်ကြီးအတွင်းတုန်းက
ရန်ကုန်ညကို
ဗြိတိသျှစစ်သားတွေ ဆုတ်ခွာခဲ့ကြတယ်။

စစ်ကြီးအတွင်းတုန်းက
‘ကင်ပေတိုင်’ ရုံးခန်းဟာ
‘ရွှေဂုံတိုင်’ မီးပွိုင့်နားမှာ ရှိခဲ့တယ်။

စစ်ကြီးအတွင်းတုန်းက
လူတွေ ကပ်ဆိုက်ခဲ့ကြတယ်

စစ်ကြီးပြီးပြန်တော့
ရန်ကုန်ညမှာ
အင်းစိန်တိုက်ပွဲ ဖြစ်ခဲ့တယ်။

ဒီလိုနဲ့
ရန်ကုန်ညမှာ
‘မိုရှေဒါယန်း’ အိပ်စက်ခဲ့
‘ချူအင်လိုင်း’ အိပ်စက်ခဲ့
‘ချာဗလစ်ယောင်ချိုင်ယု’လည်း အိပ်စက်ခဲ့။
ခုတော့ ရန်ကုန်ညဟာ
ပြီးခဲ့တဲ့စစ်ကြီးကို မေ့လို့
ကြုံခဲ့တဲ့ ဒုက္ခတွေကိုမေ့လို့
‘အဖော်’ကို ဟိုတယ်ပေါ်မှာ ဝေငှလို့
လူငယ်တွေ ကြယ်လို ကခုန်လို့
မရေရာတဲ့ ဆော့(ဖ်)ဝဲတွေနဲ့
ရန်ကုန်ညဟာ သက်ဝင်လှုပ်ရှားလို့။

ဟဲလို… ရန်ကုန်ညရေ
သင်နဲ့ နှစ်ဦးသဘောတူ ပွေ့ဖက်ပြီး
သင်နဲ့ နှစ်ဦးသဘောတူ အိပ်စက်ခဲ့ရတာ
အကုန်အကျ များလွန်းလှပေမယ့်
အခုထိ မငြီးငွေ့နိုင်တာ ဘဝပေါ့
ဂိတ်ထိုးလိုက်တဲ့ အောက်ဆိုက်ကားလေးပေါ်
အနာဂတ်ကို မျှော်ပြီး တက်လိုက်တယ်။

ခုံးကျော်တံတားကြီးတွေအောက်
ဘဝတွေ စီးဆင်းသွားရှာပြီ။      ။

                                မိုဃ်းဇော်
                               ရုပ်ရှင်တေးကဗျာ၊ ဒီဇင်ဘာ၊ ၂၀၀၆
                               ရွှေအမြုတေစာပေဆု (၂၀၀၇)
                               ကြေးစား၊ ၂၀၀၉၊ မတ်လ၊ Majestic publishing


** စကြာဝဠာပန်းမြိုင်လယ် **
**********************

လော့စ်အိန်ဂျယ်လိမြို့မှာ လေယာဉ်ဆင်းသက်ပါတော့မယ်
အပူအချိန် ၇၆ ဒီဂရီရှိပြီး
ရာသီဥတု သာသာယာယာ ရှိပါတယ် ။

ငါမရေးသင့်တော့တဲ့ကဗျာတွေ
သစ္စာမဖောက်သင့်တော့တဲ့ ချစ်သူတွေ
ဟောလီးဝုဒ် မရိုက်သင့်တော့တဲ့ ဇာတ်ကားတွေ
အမ်မင်နမ် မဆိုသင့်တော့တဲ့ စာသားတွေ
အိုဘားမား မပြောသင့်တော့တဲ့ မိန့်ခွန်းတွေ
အားလုံးကင်းရှင်းပြီလား အကြောင်းကြားပါ။


သုခမိန်လှိုင်


** စီးကရက်သောက်ခြင်း အနုပညာ **
*****************************

ရှင် ကျွန်မကို တစ်လိပ်ပြီးတစ်လိပ် သောက်ပစ်တယ်။
ရှင် ကျွန်မကို တစ်နေ့ပြီးတစ်နေ့ သောက်ပစ်တယ်။
ကျွန်မ ဘဝကို ပထမဆုံးလောင်ကျွမ်းစေခဲ့တာ ရှင်။
ရှင့်မျက်နှာရှေ့ကနေ မကြာခဏ မောင်းထုတ်ခံရတာ ကျွန်မ။
ကြမ်းပေါ်လွှင့်ပစ်ပြီး ခြေထောက်နဲ့ နင်းခြေခဲ့ခံရ အကြိမ်ကြိမ်။
နောက်ဆုံးတော့ ပြာမှုန်တွေအဖြစ် အမှိုက်ပုံးထဲမှာ။

ဒါပေမယ့် ကျွန်မဘဝကို ကျွန်မ ကျေနပ်မိပါတယ်။
ရှင့်နှုတ်ခမ်းဖျားကနေ တယုတယ
မီးခိုးငွေ့ကွင်းလေးတွေအဖြစ် လှလှပပ
စိတ်လိုလက်ရ ရှင်မှုတ်ထုတ်နေတတ်တဲ့
ဟိုးအရင်အချိန်တွေကို ပြန်တွေးမိရင်ပေါ့။      ။

                                    မြင့်မိုးအောင်



ငါ ပါရီကို သွားချင်သေးတယ်


               (၁)

အလက်ဇင်းဒါး  သည်ဂရိတ်ဘုရင်ကြီး
ဥရောပတစ်ခွင်  အာရှတစ်ခွင်  ပြဲပြဲစင်အောင်
နယ်ချဲ့ကျူးကျော် သိမ်းပိုက်ခဲ့တဲ့  တိုက်တိုင်းအောင်
စစ်ပွဲတိုင်းမှာ  ထမင်းချက်တစ်ယောက်မှမပါဘူးလားဗျာလို့
ဂျာမန်ကဗျာဆရာ  (ဘားဒေါ့ဗရက်)  က  (အလုပ်သမားတစ်ဦး)
သမိုင်းဘာသာရပ်ကိုလေ့လာခြင်း  ကဗျာထဲမှာ  ရေးခဲ့တာဖတ်ဖူးတယ်။
သမိုင်းဆိုတာ ရာဇဝင်မဟုတ်ဘူး
ရာဇဝင်ဆိုတာ  ရာဇဝံသပဲ  မဟုတ်လား
မဟာမျိုးမဟာနွယ်  အုပ်စိုးသူ  ပဒေသရာဇ်
ဧကရာဇ်တို့ရဲ့  ရွှေဘုန်းတော်တိုးပါလို့
ရွှေမိုးတွေရွာဆိုတဲ့  ဘုန်းတော်ဘွဲ့ကို
ရာဇဝင်လို့ခေါ်တာပါပဲ။

ကွယ်လွန်သွားရှာပြီဖြစ်တဲ့  သမိုင်းပါမောက္ခကြီး
ဒေါက်တာသန်းထွန်းကို  စာရေးဆရာတစ်ဦးက
ဆရာသမိုင်းကို  ဘာကြောင့်သင်ရတာလည်းလို့မေးတော့
(မအအောင်လို့ပေါ့)  လို့ဆရာကြီးက  တိုတိုတုတ်တုတ်ပဲ  ဖြေခဲ့တယ်။

ရာဇဝင်ကိုတုတ်ထမ်း  ဓားထမ်းပြောရမယ်ဆိုတဲ့
မကျက်တစ်ကျက်  မုန်းစိမ်းပေါင်းတွေ  ရှိသေးတယ်
တုတ်ထမ်း  ဓာထမ်းပြီးပြောဖို့  မလိုပါဘူး
ပေါက်ပြားထမ်း  ပေါက်တူးထမ်းပြီး  ပြောရင်လည်း
ရပါတယ်လို့  ဆရာကြီးဦးဖေမောင်တင်က  ပြောဖူးပါတယ်။

ငါတို့ရွာဦးက   ဘုရားငုတ်တိုဟာ
(သီရိဓမ္မာသောကမင်းကြီး  တည်သွားတာကွ)  လို့
ရှေ့မှီနောက်မှီ  လူကြီးတစ်ဦးက  အလှူအိမ် ၊ အသုဘအိမ်တွေမှာ  အလျဉ်းသင့်တိုင်း  လက်ဖက်ဝါးရင်
ရေနွေးသောက်တိုင်း  လူထူထူ  ရှိတဲ့  နေရာတိုင်း  အာပေါင်းအာရင်းသန်သန်နဲ့
ပြောနေကျဆိုနေကျ  တစ်နေ့တော့  ရွာမြောင်ပိုင်းက
အသုဘအိမ်တစ်အိမ်မှာ  ထုံစံအတိုင်း  အဲ့ဒီလူကြီးက
အပ်ကြောင်းထပ်နေပြီဖြစ်တဲ့  စကားအိုစကားဟောင်း
ရွာဦးက  ဘုရားငုတ်တိုအကြောင်းကိုပဲ  ပြောနေလေတော့
နားကြားမြင်းကတ်ဟတ်ရှိနေတဲ့  လူလတ်ပိုင်း  ရောက်နေတဲ့  လူတစ်ယောက်က
(သူက  မူလတန်းလေးတန်းအထိနေဖူးတယ်) ဘယ်ဟုတ်ရမှာလဲဗျ
အလောင်းစည်သူမင်းကြီး  ဖောင်စင်္ကြာလှည့်ရင်း  ကျုပ်တို့ရွာမှာ  နားနေတုန်း
ဒီဘုရားကို  တည်ခဲ့တာဗျ ၊ ခင်ဗျားကြီး  ဘာသိလို့လဲ
(အဲ့ဒီရွာက  မြစ်နားချောင်းနားနဲ့  နီးတဲ့ရွာ  မဟုတ်ဘူး၊ ကုန်းခေါင် ခေါင်အရပ်)
တစ်ယောက်တစ်ခွန်း ရုတ်ရုတ်သဲသဲ  ရန်ပွဲဖြစ်လိုက်ကြတာ  ဆွေစဉ်မျိုးဆက်တွေအထိ
ကူးစက်သွားတော့တယ်၊ ဓားထမ်းတုတ်ထမ်း  ဆိုတာ  ဒါမျိုးပဲလားမသိ။
မှန်နန်းရာဇဝင်ထဲက  ဇာတ်ညွှန်းအရဆိုရင်  အနော်ရထာမင်းကြီး  မြစ်ခြေအရပ်မှာ  ကျွဲရိုင်းခတ်လို့
နတ်ရွာစံသွားရရှာတယ်တဲ့
(မြစ်ခြေဆိုတာ  ပန်ချီလည်းဆွဲ၊ ကဗျာလည်းရေးတဲ့  မောင်ဒီရဲ့  ဇာတိမြေပေါ့)
ကျွဲရိုင်းအမည်က  (စက္ခုပါလ)  ဆိုပဲ
စိတ်ကူးများရင်  သမိုင်းမဟုတ်  သမိုင်းဟုတ်ရင်  စိတ်ကူးမပါ
အဲ့သလို  ဒေါက်တာသန်းထွန်း  ပြောဖူးတယ်

                  (၂)

မောင်လေးအောင်တို့  ကျွန်တော်တို့  အမြည်းနည်းနည်း
စကားလုံးအမြည်းများများ  ပလုပ်ပလောင်းစားပြီး
ပုဇွန်တောင်  အမေ့ဆိုင်မှာ  သောက်တုန်းကပေါ့
လမ်းလျှောက်အမြည်းရောင်းတဲ့  ကုလားလေးတစ်ယောက်ရှိတယ်
ဟိန္ဒူမျိုးနွယ်  လူငယ်တစ်ယောက်ပါ
သူ့မှာ  ဘယ်ဘက်  လက်တစ်ဖက်  မရှိဘူး  ဘယ်လက်ပြတ်ပေါ့
ငယ်ငယ်က  ရထားကြိတ်လို့ဆိုလားပဲ  ညာတစ်ဖက်ပဲရှိတယ်
သူ့ကိုမောင်လေးအောင်က  ဗိုလ်လက်ယာလို့  နာမည်ပေးထားတယ်
ပုဇွန်တောင်အရက်ရွာထဲ  လာရောက်သောက်သုံးသူတွေကလည်း
ဆိုတဲ့အမည်ကို  ကန့်ကွက်သူမရှိ  ထောက်ခံကြတယ်
သူ့ကိုခင်လို့။ သနားလို့  သူရောင်းတဲ့  ကွမ်းယာဆေးလိပ်
မြေပဲလှော်  အချည်ထုပ်တွေကိုအားပေးကြတယ်။
ဗိုလ်လင်္ကျာ  အမြည်းရောင်းရင်း  ကျွန်တော်တို့ဝိုင်းကို
(အရက်စကားဝိုင်း)
နေ့စဉ်ခဏတစ်ဖြုတ်ထိုင်ပြီး  ကျွန်တော်တို့ပြောတာတွေကို
စိတ်ဝင်တစားနားထောင်တယ်။တစ်နေ့တော့
ကိုလေးအောင်  ခင်ဗျားတို့ပြောပြောနေတဲ့   ” လူဆိုတာ  ကိုယ့်သမိုင်း  ကိုယ်ရေးရတယ်”
ဆိုတာဘာလဲဗျ ၊  သမိုင်းဆိုတာ  ဘာလဲ
ကျုပ်သိတဲ့သမိုင်းကတော့  အုန်ကျင်းပြီးတော့  သမိုင်းဆိုတာပဲသိတယ်
ဗိုလ်လင်္ကျာ ဝင်ပြောတယ်  (ပါဝင် ဝင်ရောက်ဆွေးနွေးတယ်ပေါ့  လေ)
အဲ့ဒီအချိန်မှာ   ဗိုလ်လင်္ကျာ  အစာအိမ်ထဲမှာ  ဘီအီးသုံးလေးပက်လောက်ဝင်နေပြီ
ဟုတ်တယ်….ဟုတ်တယ်   ဗိုလ်လင်္ကျာ ပြောတာ  လွှတ်မှန်တယ်
ပစ္စုပ္ပန်တည့်တည့်က  သမိုင်းစစ်စစ်ကိုပြောတာ
ကိုရွှေရက  ထောက်ခံလိုက်တော့
ဝေါခနဲ  ရယ်သံလှိုင်းလုံးကြီး  အရက်ဝိုင်းထဲ  ပြိုကျသွားပါတော့တယ်။

နပိုလီယံ၊  စိန့်ဟယ်လီနာ၊  ဝါတာလူးစစ်ပွဲ၊  ပါရီကွန်မြွန်း  လူဝီ(၁၆)၊  မေရီအင်တွိုင်းနက်
ပြင်သစ်တော်လှန်ရေး
ပေါသိုး  အားသိုးဓားတစ်ညံ၊  ဂါစကွန်နယ်၊  နိုင်ငံတကာသီချင်း
ယူဂျင်းဖော်တီရဲ၊  မိုပါးဆွန်း၊  ဂေါ်ဂင်၊  အီဖယ်မျှော်စင်
ရှောင်ဇေလီလမ်းမ၊  ဟစ်တလာရဲ့ကိုလိုနီ၊  အိုင်ရင်ဘတ်
ပါရီကျဆုံးခန်း၊  ကွန်မြူနစ်ပါတီအတွင်းရေးမှုးရဲဘော်သောရက်(စ်)
ယန်းပေါဆတ်၊  ဒီဂေါ၊  နော်မန်ဒီကမ်းခြေ၊  အယ်ဂျီးရီးယားစစ်ပွဲနဲ့
ရုပ်ရှင်မင်းသမီး  ဘားဒေါ့၊ ဇီဒန်းတို့ရဲ့ပြင်သစ်ကို
သမိုင်းလေ့လာ  သင်ကြားဖို့ ငါ ပါရီကိုသွားချင်သေးတယ်
(အောင်ဘညိုရေ)  မင်းလည်းလိုက်ခဲ့။


မောင်သင်းခိုင်
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း  2/2010

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...