Wednesday, April 10, 2013

“အိပ်မက်တိုင်းပြည်”

by Soe Min (Notes) on Thursday, April 4, 2013 at 12:30pm


          ခုနေများ တစ်ယောက်ယောက်က ဘယ်မှာနေလဲ မောင်ရေခဲ လို့ လိပ်စာလာမေးရင် ကားပေါ်မှာနေတယ်လေ လို့ ဖြေမိမလား မသိပါဘူး။ တနေ့တနေ့ ကားပေါ်မှာ တန်းစီရင်း အသက်တွေ ကြီးကြီးလာတယ်။တစ်နေ့တစ်လံ ပုဂံလည်း ဘယ်မှ မရွေ့ဘူး။ ကားလည်း ဘယ်မှ မရွေ့ဘူး။ မနေ့ကဆို ဆေးရုံကြီးကနေဗိုလ်ချုပ်လမ်းအတိုင်းလာတာ သိမ်ဖြူမီးပွိုင့်ကိုရောက်ဖို့ တစ်နာရီကြာတယ်။ သိမ်ဖြူရောက်တော့ဝင်လို့တောင် မရတော့ဘူး။ လမ်းဘေးကားထိုးရပ်ပြီး ဆင်းလျှောက်ရတယ်။ ရွှေဂုံတိုင်၊ လှည်းတန်း၊ဘုရင့်နောင်ဆိုတာကတော့ ဘလ္လာတိယပျို့ထဲကလို ချောင်းခြားနေတယ်ပဲ အောင့်မေ့ လိုက်တယ်။ သည်ဘက်ကဟိုဘက်ကို ကူးဖို့ဆိုတာ လွယ်တဲ့ကိစ္စမှတ်လို့။
ရန်ကုန်မြို့ကြီးဟာ လေဖြတ်နေတဲ့ လူမမာကြီးတစ်ယောက်လိုပဲ။စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တာ ကြာပြီ။ ကားတွေကလည်း ဟိုဘက်ကထိုးဝင်လိုက်၊ သည်ဘက်ကထိုးဝင်လိုက်၊လမ်းလည်ခေါင် ပိတ်ရပ်လိုရပ်၊ လူတိုင်းလူတိုင်းက စိတ်တိုနေ၊ အရင်လိုနေ၊ ဒေါသထွက်နေတဲ့သူတွေချည့်ပဲ။ ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ မိုက်ကယ်ဒေါက်ကလပ်ကြီး ကားလမ်းပိတ်လို့ သေနတ်နဲ့ထွက်ပစ်တဲ့ရုပ်ရှင်ကို ခဏခဏ သတိရမိတယ်။ ခုတော့ ကိုယ်ချင်းစာနိုင်ပြီလေ။ သူ့အလွန်တော့ မဟုတ်ဘူး။ ကိုယ်တောင် သေနတ်များပါလို့ကတော့ ထပစ်လိုက်ပြီးပြီ။ လမ်းထဲမှာ ကားရပ်စရာနေရာမရလို့ နှစ်ခေါက်လောက် ပတ်ရရင် ပိုစိတ်တိုလာတယ်။ စည်ပင်အပိုင် ကားလမ်းမပေါ်မှာ ၀ါးလုံးကျိုးလေးကြက်ခြေခတ်ထောင်ထားပြီးဘိုးဘွားပိုင်မြေလို ဘယ်သူမှ လာမရပ်ရ။ မကျူးကျော်ရလုပ်ထားတာ ကလေးတွေ ပွဲခင်းထဲ ဖျာဦးတာထက်ဆိုးတယ်။ သူရောကိုယ်ရော ဘီးခွန်၊ ညအိပ်ခွန်၊ ယာဉ်ရပ်နားခွန် ပေးရတာချင်းအတူတူ ယောက္ခမအမွေပေး သွားတဲ့မြေကွက် ကျနေတာပဲ။ သူများလိုရပ်ချင်ရင် သူများလို နေရာဦးထားမှပေါ့ ဆို သဟောက်သဟာက လုပ်သေးတာ။သေရင်ကော အဲဒီမှာ မြှုပ်မလို့လားလို့ မေးချင်လာတယ်။ ဒီအတိုင်းသာဆိုရင်တော့ စိတ်ချမ်းသာလက်ချမ်းသာမွေးမြူထားလို့ နုပျိုနေတဲ့ ရုပ်သွင်ကလေးက ဒေါသ၊ သောက၊ ဒေါမနဿတွေနဲ့ တခဏချင်း အိုမင်းရင့်ရော်သွားရချည်သေးရဲ့နော်။ အရင်တုန်းကလို သီချင်းလေး တအေးအေးနေနိုင်တဲ့ ဘ၀က ဘယ်တုန်းကများနတ်သက်ကြွေသွားပါလိမ့်။ လိပ်ပြာလေးရေ ကလူကလူ လို့ ခေါ်သလိုပဲ အရင်က ကိုယ်နေခဲ့တဲ့ သာယာနာပျော်ဖွယ်ဘ၀ကလေးတွေကိုမြူးရယ်ဟန်ဓလေ့ အောင့်တမေ့မေ့ဖြစ်လာရတယ်။
          ဘူတန်မှာနေတုန်းကတော့ နေ့တာပဲရှည်ရှည် ညတာပဲရှည်ရှည် နားထဲမှာသီချင်းသံကလေးတွေကို ပလေးဘက်ဖွင့်သလို ကြားယောင်တယ်။ ဒါနဲ့တောင် အားမရနိုင်သေးဘူး။ အိမ်မှာတစ်ယောက်တည်း လည်း တေးသံစုံ ကျူးရင့်လို့၊ အင်တာနက်ထဲမှာလည်း သီချင်းလေးတွေပဲရှာနားထောင်တယ်။ သည်လိုနဲ့ မနေနိုင်လွန်းလို့ သီချင်းလေးတွေအကြောင်း သိုင်းကာဝိုင်းကာရေးရင်းနဲ့ စာရေးတဲ့ဘ၀ရောက်လာတယ်။ ခုတော့ အဲဒီဘ၀ရောက်ခဲ့တာ အိပ်မက်လိုပဲ။ အဲဒီတုန်းကနေ့တိုင်းနားထဲမှာ ကြားယောင်ခဲ့တဲ့ သီချင်းလေးတစ်ပုဒ်လည်း ပြန်အောင့်မေ့လာတယ်။ ပြင်သစ်သီချင်းလေးမို့မြန်မာလိုတောင် ဘာသာပြန်တင်ပေးခဲ့သေးတယ်။ အိပ်မက်ကျွန်း တဲ့။ ပြင်သစ်လိုတော့Youkali လို့ခေါ်တယ်။ ကိုယ်တို့ မြန်မာသီချင်းထဲကဆိုရင်တော့ ဆရာမြို့မငြိမ်း ရေးတဲ့မပြီးသေးသောပန်းချီကား နဲ့ အကြောင်းအရာချင်း ခပ်ဆင်ဆင်ပဲ။ ကမ္ဘာကြီးရဲ့အစွန်တနေရာကိုလှေငယ်ကလေးတစ်စင်းနဲ့ ရွက်လွှင့်ခဲ့တော့ လှိုင်းလေတွေငြိမ်သွားလို့ ရောက်ခဲ့တဲ့ ကျွန်းကလေးကအရမ်းကို အိပ်မက်ဆန်ပါသတဲ့။ ကျွန်းညိုရှင်နတ်မိမယ်ကလေးက အလည်လာပါခေါ်တော့လည်း မငြင်းသာဘူး။ ကျွန်းကလေး သေးကွေး ပုလုမှာ ပျော်စရာတွေကလည်း တပုံကြီးတဲ့။ ဆန္ဒတွေလည်း ပြည့်ဝရသတဲ့။တို့ကမ္ဘာကြီးပေါ်မှာ ရှိနေကျ ပူပင်သောကတွေလည်း ပါမလာတော့ဘူးဆိုပဲ။ လမိုက်ညသန်းခေါင်ယံမှာလျှပ်ပြက်လိုက်သလို ၀င်းနဲလက်ကနဲ လင်းသွားတဲ့ နေရာလေးလည်းဖြစ်သတဲ့။ ကြယ်ရောင်ပြိုးပြက်တဲ့ညကလေးနဲ့လည်း တူသတဲ့။ ချစ်သူနှစ်ဦးအတွက်ဆိုရင်တော့ ယူကာလီက အဓိပ္ပါယ်ပိုပြည့်စုံသွားတာပေါ့။ အပြန်အလှန်မေတ္တာယှက်နွယ် နိုင်ကြတာကိုး။ ဒါပေမယ့်လည်း ပြောမယ့်သာပြောနေတာပါ။ ယူကာလီဆိုတာအပြင်မှာ တကယ်မှ မရှိပဲနဲ့။ လူတွေကသာ တကယ်ရှိတယ်လို့ ထင်နေကြတာ။ အိပ်မက်ထဲမှာတော့ ရှိချင်ရှိလိမ့်မပေါ့။ဟုတ်ဘူးလား။ ဒီသီချင်းကလေးက Kurt Weill လို့ခေါ်တဲ့ စန္ဒယားဆရာကြီးတစ်ယောက်က ၁၉၃၄ မှာရေးခဲ့တဲ့ Tango Habanera လို့ခေါ်တဲ့ ဂန္တ၀င်တေးဂီတ ကလေးပါ။ သူ့ဂီတထဲမှာ နစ်မျောခံစားမိသွားတော့တကယ်ပဲ အဲဒီကျွန်းကလေး ဆီ ရောက်သွားတယ်။ အိပ်မက်ထဲမှာလား ဆိုတော့ မဟုတ်ပါဘူး။ အိပ်မက်ဆန်တဲ့ပျော်ရွှင်စရာ တိုင်းပြည်ငယ်ကလေးတစ်ခု ကို ရောက်ဖူးသလား လို့ မေးရင် သိပ်ရောက်ဖူးတာပေါ့။အဲဒါ ဘူတန်လေ။
          ပြန်စဉ်းစားကြည့်တော့ ကိုယ့်ဘ၀သက်တမ်းတလျှောက် ဘူတန်မှာလောက် ကောင်းကောင်းမွန် မွန်အေးအေးချမ်းချမ်းနေခဲ့ရဖူးတာ မရှိဘူး။ မြို့တော်နဲ့ ကားနှစ်ရက်စီးရတဲ့ တောင်ပေါ်မြို့ကလေးမှာနေ ရပေမယ့် သူတို့အစိုးရက ကိုယ်လို ဧည့်သည်အထူးကုဆရာဝန်ကို အိမ်ကြီးအိမ်ကောင်းနဲ့ထားတယ်။ ပရိဘောဂ အစုံအလင်၊ ရေပူရေချမ်း၊ အနွေးပေးစက်၊ ရေခဲသေတ္တာပါ မကျန်ရဘူး။ လူကသာ တစ်ယောက် တည်းရယ်။အိပ်ခန်းက သုံးခန်းတောင်ရှိတယ်။  အင်တာနက်ဆိုတာကတော့ဖုန်းလိုင်းနဲ့ ADSL ကို ဧည့်ခန်း မှာပဲ သုံးတယ်။ အိပ်ခန်းထဲမှာ Laptop နဲ့သုံးချင်Wireless data card ကလေးနဲ့သုံး၊ ကမုတ်ပေါ်ထိ သယ်သွားပြီး ချက်လို့ရတယ်။ Connectionကတော့ ရုပ်ရှင်တောင် Download လုပ်လို့ရသေး။ အသည်းခိုက်အောင် အေးတဲ့အရပ်မှာ နွေးနွေးထွေးထွေး၊စောင်ခြုံကွေးလို့ လိုင်း ၃၀ လောက်တပ်ထားတဲ့ တီဗီကို မိုးအလင်းဖွင့်ထားနိုင်တယ်။ အိမ်မှာမီးချောင်းတစ်ချောင်းကျွမ်းတာကအစ ကိုယ့်ဘာသာ လုပ်စရာ မလိုဘူး။ ဆေးရုံကို ဖုန်းဆက်လိုက်ရုံပဲ။အိမ်သန့်ရှင်းရေးလည်း ဆေးရုံက အလုပ်သမား ခေါ်လုပ်ခိုင်းလို့ ရတယ်။ မုန့်ဖိုးပေးလို့တောင်မယူဘူး။ အ၀တ်လျှော်ဖို့ ဆေးရုံ လောင်ဒရီိကို ပေးလို့ရတယ်။
          စည်းစိမ်ဆိုတာ ဘယ်လောက်ပဲ ပြည့်စုံပြည့်စုံ၊ အချိန်ကလည်း ရှိဦးမှခံစားလို့ရတာပါ။ ဘူတန်က ချစ်စရာကောင်းတာ အချိန်တွေ အားကြီးပေါတာလည်းပါတယ်။ မနက်အိပ်ယာထ၊ကော်ဖီလေးသောက်၊ မုန့်လေးစားပြီးရင် ဆေးရုံပေါ်တက်။ အတွင်းလူနာ အပြင်လူနာကြည့်။ ၁၁ ခွဲ၁၂လောက်ဆို အိမ်ပြန် ထမင်းစားလို့ရပြီ။ ဆေးရုံ နဲ့ အိမ်နဲ့က တခေါ်လောက်ရယ်။ နေ့လည် ၂နာရီလောက်မှလိုတာလေး ဘာလေးကျန်မလဲ ရှာကြံလုပ်၊ ခွဲစရာရှိခွဲ။ ၃ နာရီသာသာဆို အိမ်ပြန်ရုံပဲ။ အိမ်ပြန်ရေမိုးချိုးပြီး အညောင်းပြေအညာပြေ ဈေးထွက်တယ်။ ဆယ်မိနစ်လောက် လျှောက်ရင် ရောက်ရော။ပျင်းလို့သာသွားရတယ်။ ဘာမှလည်း ၀ယ်စရာရှိတာ မဟုတ်ပါဘူး။ ကာဖီလေးဘာလေးသောက်။ ဟိုလျှောက်ကြည့်သည်လျှောက်ကြည့်။ ဟိုလူ့ပြုံးပြ သည်လူ့စကားပြောပေါ့။ အိပ်ထဲကပိုက်ဆံကလေး ပြတ်ကာနီးရင်ဈေးထဲက ငွေထုတ်စက်ကလေးထဲက လိုသလောက် ထုတ်ယူ။ သည်မှာလို ပိုက်ဆံကြီး တကူးတက ရေကာတွက်ကာသယ်စရာ မလိုဘူး။ လခလည်း ထုတ်မနေနဲ့။ အချိန်တန် သူ့ဘာသူ ဘဏ်စာရင်းထဲ ၀င်သွားလိမ့်မယ်။တို့ဆီက ဘဏ်တွေ ထက်သာတာ အတိုးရသကွဲ့။ ဒါလည်း သူတို့ ပြောလို့သာ သိရတာ။ စာရင်းထဲပဲ ၀င်သွားရော။ ကိုယ်သုံးနိုင်တာထက် ပိုလျှံတဲ့လခရတယ်ဆိုတာ မင်္ဂလာတစ်ပါးပါကွယ်။ မယုံရင် ပုံပြင်မှတ်ပေါ့။ ကိုယ်လည်း အဲဒီရောက်မှ ခံစားဖူးတာ။ အပျော်ဆိုတာ ငွေကုန်ခံနိုင်မှရယ်လည်း မဟုတ်ပါဘူး။ ရသုံးမှန်းခြေ ငွေစာရင်းမှာ အပေါင်းလက္ခဏာပြနေရင်လည်း ပျော်ရတာပဲ မဟုတ်လား။
          လုပ်ငန်းခွင်ထဲမှာလည်းအပူအပင်ကင်းရတယ်။ ဘယ်လူနာကိုမှ ပိုက်ဆံမရှိလို့ စိတ်ပူပေးစရာ မလိုဘူး။ ဆေးရုံပေါ်မှာအလုံးစုံ အခမဲ့ကုသပေးတယ်။ လိုချင်တာရှိသေးရင် စာရေးပြီးတင် လိုက်၊ ရောက်အောင် ပို့ပေးတယ်။ မပို့နိုင်ရင် အကျိုးသင့် အကြောင်းသင့် တောင်းပန်တယ်။ ကော်ဖီ၊ လက်ဖက်ရည်အပြင် လူနာကျွေးတဲ့ထမင်းလည်းစားနိုင်သပဆို ယူစား။ မြို့တော်က ဆေးရုံမှာဆို ပါလာတဲ့ထမင်းဗူးကလေးနွှေးဖို့ မိုက်ကရိုဝေ့ဖ်ကလေးတောင်ထားပေးသတဲ့။ (ကိုယ့်ဖြင့် ခလုတ်တောင် ဖွင့်တတ်မှာ ဟုတ်ဘူး) တောမှာတော့ ထမင်းဗူးယူစရာမလိုပါဘူး။ အိမ်သာတောင် ကိုယ့်အိမ်ကိုယ်ပြန် တက်လို့ရတယ်။ ဆေးရုံတစ်ရုံလုံးမှာကို လူနာအစိတ် သုံးဆယ်လောက်ဆိုတော့ နိုင်နိုင်နင်းနင်းပဲ။ ခေါင်း သိပ်မစားဘူး။ ကိုယ်လည်းအေးအေးဆေးဆေးပဲအလုပ်လုပ်တယ်။ သူတို့လည်း အေးအေးဆေးဆေးပဲ လုပ်တတ်တယ်။ လူနာတွေဆို ရေခဲတုံး။
          အဲလို အေးအေးဆေးဆေးလုပ်နေရတာတောင် သူတို့ဆီမှာတော့ စိတ်ဖိစီးမှုများမှာစိုးလို့ ၀န်ထမ်းတိုင်း တစ်နှစ်ကုန်ရင် မယူမနေရ ခွင့်တစ်လပေးသဗျ။ ဟင့်အင်း ဟင့်အင်း။လုပ်မှာပဲ လုပ်မှာပဲ၊ ခွင့်မယူချင်ပါဘူးဆိုရင် လစာတစ်လစာ အပိုဆောင်းပေးပါလေရော။ ဒါ့အပြင်နှစ်ကုန်တိုင်းကုန်တိုင်း အစိုးရကပေးတဲ့ ဘောနပ်စ်ငွေဆိုတာလည်း လူတိုင်းရကြတယ်။ သူတို့ဆီကခွင့်တစ်လဆိုတာ ပြောလို့တောင် ယုံမှာ မဟုတ်ဘူးဗျာ။ ပိတ်ရက်တွေကို ထည့်မတွက်ပါဘူးတဲ့။ ရုံးဖွင့်ရက် ရက်ပေါင်း ၃၀ ပြည့်အောင်ယူခိုင်းတာပါ။ ရှောင်တခင်ခွင့်ဆယ်ရက်က ကျန်သမျှကိုလည်း တပါတည်းပေါင်းယူလိုကယူ၊ မယူလိုက နေ့တွက်နဲ့ ပြန်အမ်းပေးသဗျ။ အဲလိုနဲ့ လေးဆယ့်ငါးရက်လောက်ဖြစ်သွားရော။ ကိုယ်တွေအတွက်ဆို မြန်မာပြည်ပြန်ဖို့ အသွား အပြန် လေယာဉ်လက်မှတ်စားရိတ်ခံပါသေးတယ်။အပြောင်းအရွှေ့အမိန့်တွေထွက်ရင်လည်း မပူပါနဲ့။ သည်ဘက်အိမ်တံခါးဝကနေ ဟိုဘက်အိမ်တံခါးဝအရောက်လိုက်ပို့မယ့်အပြင် ပြောင်းတဲ့လမှာလည်း လခနှစ်လခရပြန်ပါသတဲ့။ စာချုပ်သက်တမ်းပြည့်လို့ တာ့တာဘိုင့်ဘိုင်လုပ်တဲ့အခါမှာလည်း နောက်ထပ် တစ်လခ ဆောင်းပေးပြန်ရော။ အကျိုးကိုနည်းလို့ဗျာ။သူတို့ဆီအလုပ်လုပ်မိကာမှ ကိုယ့်ပါးချည့် ကိုယ် ပြန်ပြန် ရိုက်ချင်စိတ်တွေ ပေါက်လာတယ်။အိပ်မက်တော့ ဟုတ်ဘူးဗျာ။ ဂယ်ကြီးမှ ဂယ်ကြီး။ ထောင့်ငါးရာတန် ဆင်းကဒ်ဆိုတာ ဘာဟုတ်သေးတုန်း။ပြောရရင် ကိုယ့်ဆီက ဆရာဝန်စုံတွဲတွေ ရင်ကွဲနာကျကုန်ဦးမယ်။ သူတို့ဆီမှာ ၀န်ကြီးဌာနတူတူ မတူတူ၊ လင်မယားနှစ်ယောက်ထဲက တစ်ယောက် ကို နေရာအရွှေ့အပြောင်းလုပ်ချင်ရင် နောက်တစ်ယောက်ကိုပါအတူတူ တခါတည်း ပြောင်းပေးရတယ်။ ဘယ်သူ့ဆီမှ လိုက်ပြောစရာ မလိုဘူး။ နှစ်ယောက်လုံး လခနှစ်ဆ၊ခရီးစားရိတ်ကို မိသားစုဦးရေ၊ ခရီးမိုင် အကွာအဝေး၊ ရာထူးအဆင့် နဲ့ မြှောက်ပြီးပေးတယ်။သူတို့ဆီက လူကြီးတွေက သူတို့ဝန်ထမ်းတွေကို ချစ်ပုံများ ရာမဇာတ်ထဲကလို မျောက်မျက်ရည်ဝိုင်းဖြစ်ရပါတယ် လို့ ပြောပါပကောလား။
          မမြင်ဖူးလို့ မူးမြစ်ထင်တယ် ဆိုချင်လည်းဆိုပေါ့ဗျာ။ ဘာမဟုတ် ညာမဟုတ်၊ တောင်ပေါ် တိုင်းပြည်ကလေး သွားလုပ်ပြီး ဗာရာဏသီချီးမွှန်းခန်းဖွင့်နေတာ စင်္ကာပူ၊ မလေးရှား၊သြစတြေးလျား၊ အင်္ဂလန်မှာ အလုပ်လုပ်နေတဲ့ ဆရာကြီး ဆရာမကြီးများက ရယ်ချင်လိုက်တာ ဖတ်ဖတ်မောရှိနေပေမပေါ့။ ဒါပေသိ ကိုယ့်ငါးချဉ်မို့ ကိုယ်ချဉ်တာ မဟုတ်ပါဘူး။ ဘူတန်မှာ အလုပ်လုပ်ရတာ လခအားဖြင့်သူတို့ကို မယှဉ်နိုင်ပေမယ့် မြန်မာရယ်လို့ အနှိမ်မခံရတာကတော့ သာတယ်လို့ ပြောရမလိုပဲ။ မြန်မာ ဆရာဝန် ဆိုတာကို သူတို့ဆီက ဆရာဝန်တွေထက် တော်တယ်လို့ သဘောထားတယ်။ အနည်းဆုံးတော့မာစတာဘွဲ့လေ။ သူတို့ဆီမှာလည်း အထူးကု မရှိဘူး မဟုတ်ဘူး။ ရှိတယ်။ ဒါပေမယ့် အဲဒီအထူးကုတွေကတောမဆင်းချင်ဘူး။ ကိုယ်တွေအတွက်က သူတို့မြို့တော်ကိုက တောလို့ပဲ သဘော ထားတာ။ ဒါကြောင့်တောကလူတွေက သူတို့ဆီ တကူးတက ဆေးလာကုတဲ့ နိုင်ငံခြားသား ဆရာဝန်တွေဆိုပြီး တလေးတစား ဆက်ဆံတယ်။ ကျောင်းသားလေးတွေ က လမ်းမှာတွေ့ရင် လက်ကလေးပိုက်၊ ခေါင်းကလေးညွှတ်ပြီး ဆာတပ်လို့ နှုတ်ဆက်တယ်။ညနေဈေးဘက် လမ်းလျှောက် တာမြင်ရင် ကလေးမလေးတွေက ပြောလက်စ စကားတွေတိတ်သွားပြီး ဟဲ့ ဟိုမယ်လာပြီ လာပြီ ဆို တစ်ယောက်နဲ့တစ်ယောက် လက်တို့ပြီးပြတယ်။ ချောင်းကြည့်တယ်။ (ဒေဝေါကြီးမှတ်လို့နေမယ်။ဟိဟိ) တယ်လီဖုန်း ဘီလ်သွားဆောင်ရင် မန်နေဂျာက သူ့ရုံးခန်းထဲကစောင့်ပါ လို့ ခေါ်ပြီးကော်ဖီတိုက်တယ်။ ဒီဆရာဝန်လေးနဲ့ ခင်တဲ့သူဟာ သူတို့ချင်းတွေထဲမှာ မျက်နှာပွင့်တယ်။ ကဲလှေက အဲသလောက် လူးနေမှတော့ သည်က ဘုန်းကြီးလည်း မရုးပဲ ခံနိုင်မလား။
          နောက်ထပ် ကောင်းခြင်းတစ်ခါ သာခြင်းတစ်ထပ်၊ စကားစပ်လို့ ပြောစရာရှိတာကတော့ အင်မတန်အေးချမ်းတဲ့ သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် ရှိတာပါပဲ။ ဆေးရုံရှေ့ ကားပတ်ကင် ကနေမျှော်ကြည့်လိုက်ရင်တိမ်တွေက ကိုယ့်အောက်မှာ။ ဟိုးဝေးဝေးမှာ မြစ်ဝှမ်းကလေး။ မြို့က တောင်ခါးပန်းပေါ်မှာလေ။ကားနဲ့ လေးဆယ့်ငါးမိနစ်လောက်သွားရင် ယုန်ဖူလာဆိုတဲ့ တောင်ထိပ်မြေပြင်ကလေးကိုရောက်တယ်။လှချက်ကတော့ ပြောမကုန်ဘူး။ ဘယ်ဓါတ်ပုံကမှ အပြင်မှာရှိတဲ့ အလှအပကို ရအောင် မဖမ်းနိုင်ဘူး။နာရီစက်ဝန်းအလိုက်ရော ရာသီစက်ဝန်းအလိုက်ပါ မရိုးနိုင်တဲ့အလှတွေ ရှိတယ်။ အဲဒီထဲမှာမှရှေးကျတဲ့ ယဉ်ကျေးမှုနဲ့ မဟာယနဗုဒ္ဓဘာသာ အစဉ်အလာတွေ ထိန်းသိမ်းထားတယ်။ တောင်ပေါ်တိုင်းရင်းသားတွေထဲမှာ သည်ကနေ့ခေတ် မြို့သားတွေ မယုံနိုင်စရာ ရိုးရာတွေ ကျန်သေးတယ်။
         ဟိုတလောကဖေ့စ်ဘုတ်ပေါ်မှာ လူတွေ အုတ်အော်သောင်းနင်း ဖွနေတဲ့ရှေးထုံးတစ်ချို့ဟာ ဘူတန်ကလာတယ်။မိန်းမတစ်ယောက်တည်းက ညီအကိုငါးယောက်ကိုယူတယ်ဆိုတာ ဘူတန်မှာရှိတယ်။ Reverse Polygamyလို့ ခေါ်တယ်။ သူတို့ဆီမှာ မိခင်အုပ်ထိန်းသောခေတ်ကလိုပဲ။ အိမ်မှာ အိမ်ရှင်မ လုပ်သူက စီမံခန့်ခွဲချက်ပြုတ်ကျွေးမွေးရတာ။ ယောင်္ကျားတွေက စပါးစိုက်တဲ့သူကစိုက်၊ ထင်းခွေ ရေခပ်တဲ့ သူကခပ်။စာမရီလို့ခေါ်တဲ့အမွှေးရှည် နွားနောက်ကြီးတွေ မွေးကြတယ်။ နွားရောလူပါ ရွက်ဖျင်တဲကြီးတွေနဲ့ အတူနေတယ်။ ပိုက်ဆံမသုံးတတ်ဘူး။ ပစ္စည်းချင်း အလဲအထပ်လုပ်တယ်။ အိမ်ကိုဦးဆောင်မယ့် မိန်းမမရှိရင်မိသားတစ်စုလုံး ဒုက္ခရောက်ရတာမို့ မိန်းမလေးတစ်ယောက်ရထားရင် ညီအကိုတတွေ အဆင်ပြေသလိုတို့ရွာသားတွေ အားလုံး ဓူဝံအင်ဗာတာပဲ သုံးတယ် လုပ်ရတယ်။ ဒီလိုဒီလို စိတ်ချမ်းသာ စရာပစ္စည်းကောင်းကလေး ရထားတာ မဟုတ်လား။
         နောက်တစ်ခုကဘုရားဆင်းတုလိုလိုအပေါ်မှာ မျက်နှာချင်းဆိုင် ခွထိုင်ထားတဲ့ ရုပ်ထုပုံတော် ကလေးတစ်ခုကိုကုလားတွေက ဗုဒ္ဓဘာသာကို စော်ကားပါတယ်ဆိုပြီး မဟုတ်က ဟုတ်က သတင်းတွေ လွှင့်ကြတာ ဖတ်လိုက်ရပါတယ်။ဘယ်သူဘယ်ဝါမှန်းမသိတဲ့သူတွေမို့ အရေးတယူ လိုက်ဖြေရှင်းမနေတာ။ တကယ်တော့ အဲဒါ ဘုရားဆင်းတုမဟုတ်ပါဘူး။ မဟာယနဗုဒ္ဓဘာသာက ဂုရုရင်ပုချီရဲ့ တန်ခိုးပြာဋိ ဟာ ပြခန်းပါ။ ဂုရုရင်ပုချီဆိုတာဘူတန်နယ်တလွှားမှာ မကောင်းဆိုးဝါး မိစ္ဆာတွေကို နှိမ်နှင်းအောင်မြင် သွားတဲ့ သူတော်စင်ကြီးတစ်ပါးပေါ့။သူ့မှာ ဇနီးမယားရှိတယ်။ သူရော သူ့ဇနီးရောဟာ တရားဓမ္မများကျင့်ကြံပွားများပြီး သူတော်စင်ဘ၀နဲ့အဖန်တလဲလဲ ၀င်စားကျင်လည်ကြတယ်။ တစ်ခုသောဘ၀မှာ အိန္ဒိယပြည် အာနာချာပရာဒက်ခ်ျက မင်းသမီးတစ်ပါးအဖြစ်နဲ့စေတီပုထိုးတွေ တည်သွားဖူးတယ်။ အဲဒီသူတော်စင်လင်မယားရဲ့ ဇနီးမောင်နှံရုပ်ထုကို သားကောင်းသမီးကောင်းရဖို့သားဆုပန်တဲ့ အရုပ်အနေနဲ့ ထုလုပ်ကိုးကွယ်ကြတယ်။ အမျိုးသမီးသဏ္ဍာန်နဲ့ဆိုရင် အမြင်ရိုင်းမစိုးလို့ကလေးပုံသဏ္ဍာန်နဲ့ ထုလုပ်ကိုးကွယ်ကြတယ်။ ကိုယ်တို့ဆီက အောင်ခြင်းရှစ်ပါးလိုပဲ ဂုရုရင်ပုချီကြီးတန်ခိုးပြာဋိဟာပြခန်း ရှစ်ခန်းရှိတယ်။ ပညာအရာနဲ့ ပြတဲ့ရုပ်ထုကို ကျောင်းတွေမှာ နန်းဆောင်နဲ့ကိုးကွယ်တယ်။ စစ်တိုက်တဲ့ရုပ်ထု၊ တရားစီရင်တဲ့ရုပ်ထု၊ အစရှိသဖြင့် သင့်ရာသင့်ရာ ရုပ်ထုရုပ်ပွားကလေးတွေနဲ့ကိုးကွယ်ကြတယ်။ သူ့ဓလေ့ သူ့စရိုက်နဲ့မို့ အဲဒါကို ယဉ်တယ်လည်းပြောလို့မရဘူး။ ရိုင်းတယ်လည်းပြောလို့မရဘူး။
         ဒီ့ထက်ပိုပြီးအံ့သြဖို့ကောင်းတာလည်း ရှိသေးတယ်။ အဲဒါကတော့ အရည်းကြီးသာသနာပါ။ ကိုယ်တို့ဆီမှာ ညောင်ပင်ကနတ်ကွန်းသွားပြီး အရှင်ရုက္ခစိုးမင်းဆီ သားဆုပန်သလိုပဲ သူတို့ဆီမှာလည်း အရည်းကြီးနွယ်ဝင်ဆရာအရှင်များထံမှာ လင်စုံမယားဘက် သားဆုပန်ရပါတယ်။ အရင်တုန်းကတော့ ဥစ္စာရင်လို ဥစ္စာရင်ခဲဆိုသလိုဆုတောင်းမပြည့်မှာစိုးလို့ အရည်းဆရာတော်ကိုယ်တိုင် ပန်းဦးကုသိုလ်ပြုလို့ အနစ်နာခံပါသတဲ့။သို့သော်လည်း မနက်လင်းအားကြီးကတည်းက လာတန်းစီတဲ့ ပရိသတ်က တစ်ရာနှစ်ရာဆိုတော့ သူလည်းပဲအဘလက်လျှော့နေလေတော့ ဖြစ်သွားပြီး စတိမျှလောက်သာ တစ်ယောက်တတို့ မောင်ကျန်တစ်တို့ လိုက်တို့ပေးရပါသတဲ့။ နောက်ဆုံးတော့ ဖေဇော်ဂျီရဲ့ ဆေးကြိမ်လုံး ကို အကိတ်ကြီး အဆင်တူအောင်ထုထားပြီး နဖူးပေါ်လက်တင်နတ်ရေစင်ပေးသနားရပါသတဲ့။ အားမရလို့ အိမ်အပါသယ်သွားချင်သူများအတွက်ဆိုရင်တော့ အဲသည်အရုပ်ကြီးကိုအိမ်ဦးမှာ မြင်သာအောင်ထား၊ မကောင်းဆိုးဝါးများ မ၀င်နိုင်ဘူးဆိုပဲ။ ဒါလည်း သူ့အရပ်နဲ့သူ့ဇာတ်ပေါ့နော်။
           သူတို့ဓလေ့သူတို့အယူတွေကို ကိုယ့်စိတ်နဲ့နှိုင်းပြီး ရိုင်းပြလိုက်တာ၊ မယဉ်ကျေးလိုက် တာ ပြောလို့မရပါဘူး။သူတို့ကိုးကွယ်တဲ့ မဟာယနဗုဒ္ဓဘာသာကို ကိုယ်တွေဆီက မိရိုးဖလာ ထေရ၀ါဒ သမားများထက် ဆယ်ပြန်ဆယ်ဆယုံကြည်လိုက်နာကြပါတယ်။ သူများအသက်ကို လုံးဝမသတ်ပါဘူး။ ဒါကြောင့် တစ်နိုင်ငံလုံး သားသတ်ရုံမရှိ။ကြက်ခြံ၊ ဘဲခြံ။ ၀က်မွေး၊ ဆိတ်မွေးမရှိ။ အသားစားချင် အိန္ဒိယက မှာစားပါတယ်။ မြစ်ချောင်းအင်းအိုင်တွေရှိပေမယ့်ငါးမဖမ်း၊ ဖမ်းတဲ့သူကို ကင်မရာများနဲ့စောင့်ရိုက်ပြီး ကြီးလေးစွာ ဒဏ်တပ်ပါတယ်။ ဆရာတော်ကြီးတွေတရားချီးမြှင့်ဖို့ ကြွလာရင် အိမ်ရှိလူကုန်၊ မွေးကင်းစ ကလေးပါမကျန်၊ ချမ်းချမ်းစီးစီးလဟာပြင်ထဲအရောက်လာပြီး ဆုတောင်းမေတ္တာ ခံယူပါတယ်။ လမ်းမှာ ဆရာတော်နဲ့တွေ့ရင် သုမေဓာရှင်ရသေ့လိုမှောက်လျားကြီးထိုးလို့ ရှိခိုးပူဇော်ပါတယ်။ ဘုရားပွဲတော်ကျင်းပရင် တစ်မြို့လုံးတစ်ရွာလုံးနောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုသလို အရောက်သွားကြပါတယ်။ အပျောက်အရှ အခိုးအ၀ှက်ဆိုတာလည်းရှိကိုမရှိသလောက်ပါပဲ။ သူတို့ဆီက အကျဉ်းထောင်ဆိုတာ ကျီးနဲ့ဖုတ်ဖုတ်ပါ။ ခြေလွန်လက်လွန်ရန်ဖြစ်တဲ့သူနည်းနည်းပါးပါး၊ (နိုင်ငံခြားသား ဆီက ကင်မရာယူသွားတယ်ဆိုတဲ့သူတစ်ယောက်တော့တွေ့ဖူးတယ်။) ကျန်တာ နိုင်ငံရေးအကျဉ်းသားတွေပဲ ရှိသတဲ့။ (ဒါတော့ သူ မချန်နိုင်ရှာဘူး)ခြံစည်းရိုးလေးပဲခြားတဲ့ အာသံနယ်ကနေ ဘူတန်အတွင်းဘက် ၀င်လိုက်တာနဲ့ အလုံးစုံ လုံခြုံစိတ်ချ၊သက်ပြင်းကြီးချလို့ ရတယ်ဆိုတာ အဲသည်ဘက်ကို သွားဖူးတဲ့သူတိုင်း အသိပါ။
       တရားဥပဒေစိုးမိုးမှုရှိတယ်။ အုပ်ချုပ်သူက တိုင်းသူပြည်သားအပေါ်မှာ စေတနာမှန်တယ်။ ကိုယ့်တိုင်းပြည်ရဲ့ ယဉ်ကျေးမှုကိုတလေးတစား ဆက်ခံထိန်းသိမ်းတယ်။ အချင်းချင်း အပြန် အလှန် လေးစားသမှုရှိတယ်။ ထိုက်သင့်တဲ့လူနေမှုအဆင့်အတန်းနဲ့လုံလောက်တဲ့လစာဝင်ငွေရတယ်။ သဘာဝပတ်ဝန်းကျင် သာယာအေးချမ်းတယ်။ ဒိဟာတွေအကုန်လုံး အိပ်မက်ထဲ ထည့်မက် ရင်တောင်တော်တော် လောဘကြီးရာကျနေပြီ။ အပြင်မှာ တကယ်ရှိနေတဲ့ တိုင်းပြည်ကိုဆိုရင်တော့ အိပ်မက်တိုင်းပြည်လို့ မခေါ်ရင် ဘယ်လိုခေါ်ရမလဲ။  Kurt Weill ကြီးသာဘူတန်ကိုရောက်ဖူးခဲ့ရင်တော့ ယူကာလီဆိုတာ အိပ်မက်လို့ ပြောမှာ မဟုတ်တော့ပါဘူး။

http://youtu.be/7DFPMnsZMFY

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...