တကယ်ဆို အသိပဲလိုတယ်
by Messenger News Journal on Monday, October 22, 2012 at 2:32am ·
ချမ်းချမ်းက ဆိုခဲ့တယ်။ တကယ်ဆို အချစ်ပဲ လိုတယ်တဲ့။ တိုင်းရေးပြည်ရွာကိစ္စနဲ့ ပတ်သက်လို့ကော။လူတိုင်းပဲ ကိုယ့်တိုင်းပြည် ကိုယ်ချစ်တတ်ကြပါတယ်။ ချစ်တယ်ဆိုမှတော့ ကိုယ့်တိုင်းပြည်ကြီး တိုးတက်ချင် စေလား မေး။ တိုးတက်စေချင်တယ်ပဲ ပြောကြမှာပဲ။
တိုးတက်စေချင် ဘယ်သူမဆို အနည်းဆုံးတော့ အသိတရားနဲ့ပဲ ပါဝင်လို့ ရပါတယ်လို့ ပြောကြည့်၊ မင်း က ဆရာကြီးလား၊ သတင်းထောက်လား၊ အလွတ် ဆောင်းပါးရှင် ဟုတ်လား၊ မင်းကကော ဘယ်လောက် အသိရှိလို့လဲ၊ ဘယ်လောက် တတ်လို့လဲ၊ လာပညာ ပေးမနေနဲ့၊ ခရိုနီတွေကို အရင်သွားပြော၊ အာဏာရှင် တွေကို အရင်သွားပညာပေး စသဖြင့် တုံ့ပြန်သံ မျိုးစုံ ကြားရပါမယ်။
စိတ်ကူးနဲ့တင် တွန့်သွားမိတာမို့ ဘယ်သူ့ကိုမှ မျက်နှာချင်းဆိုင် မပြောရဲတော့ပါဘူး။
တွေ့မိတာလေးနဲ့ တွေးမိတာလေးတွေပဲ ရေးပြပါတော့မယ်။ ကိုယ်ချစ်တဲ့ ကိုယ့်တိုင်းပြည် ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်သင့်တာ လေး နေ့စဉ်ဖြစ်ပျက် လည်ပတ်ဖို့ပဲ လူတိုင်းလူတိုင်း အသိတရားလေးနဲ့ နေထိုင်လှုပ်ရှား သွားသင့်တယ်လို့ ပြောချင်တာပါ။
ပထမဆုံး ရန်ကုန်မှာ အခု ကြုံတွေ့နေရတဲ့ ယာဉ် ကြောပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ဥပမာလေးတစ်ခုနဲ့ ပြော ပါမယ်။ စာရေးသူဟာ နေ့စဉ်နီးပါး တောင်ဥက္ကလာပ ပါရမီလမ်းမပေါ်က လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်မှာ ထိုင်လေ့ရှိပါတယ်။ မျက်နှာချင်းဆိုင်မှာ ကမ္ဘာအေး ဘုရားလမ်းဘက်ကို ဦးတည်တဲ့ဘက်က ညောင်ပင် မှတ်တိုင် ရှိပါတယ်။ အဲဒီနေရာဟာ ပါရမီလမ်းတစ် လျှောက် ယာဉ်ကြော အပိတ်ဆို့တတ်ဆုံးနေရာ တစ် နေရာဖြစ်လာပါတယ်။
အဲဒီမှတ်တိုင်က လမ်းဘေးကို ဘတ်စ်ကားဖဲ့ရပ် ဖို့ နေရာအကျအန လုပ်းပေးထားတဲ့ စနစ်ကျတဲ့ မှတ် တိုင်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမှတ်တိုင်တွင်းမှာ ရုံးတက်ရုံးဆင်းချိန်ဆို ပါရမီဂိတ်ထဲကနေ ကမ္ဘာအေး ဘုရားလမ်းဘက်ကို ထွက်မယ့် ဘတ်စ်ကားကြီး တစ်စီး နှစ်စီးဟာ ပင်ရင်းဂိတ်စအနေနဲ့ အမြဲတမ်းလိုလို ဂိတ် ထိုးထားရှိပါတယ်။ ဒီတော့ အဲဒီမှတ်တိုင်ကို ရောက်လာ တဲ့ တခြား ဘတ်စ်ကားတွေအားလုံးဟာ မှတ်တိုင်အလွန် မှာဖြစ်စေ၊ မှတ်တိုင်နဲ့ ကပ်လျက်မှာပဲ ဖြစ်စေ၊ လမ်းပေါ် မှာပဲ အမြဲရပ်ပြီး ခရီးသည် တင်/ချ လုပ်ရပါတော့ တယ်။
ပါရမီလမ်းမှာ ဒီနေရာဟာ ဘတ်စ်ကား အသွား အလာ အလွန်ထူထပ်တဲ့ နေရာဖြစ်ပါတယ်။ ပါရမီ လိုင်းကား ဂိတ်ဆုံးတွေ ရှိသလို ရွှေမန်းသူ အဝေးပြေး ဂိတ်လည်း ရှိလို့ ရှုပ်ထွေးလှပါတယ်။ ဘတ်စ်ကားကြီး တွေသာမက ဒိုင်နာကားလိုင်း အများအပြားပါ ဖြတ် သန်းသွားလာတဲ့ ကားလိုင်းစုံလွန်းလှတဲ့ နေရာလည်း ဖြစ်ပြန်တာမို့ ကားပြောင်းစီးဖို့အတွက်လည်း အချက် အခြာ ကျပါတယ်။
ဒီနေရာမျိုးက မှတ်တိုင်မှာ ပါရမီဘတ်စ်ကားတွေရဲ့ မောင်ပိုင်စီး တာဝန်မဲ့မှုဟာ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ ကို ပိုမို ဆိုးဝါးစေပါတယ်။ အခုဆိုရင် ငမိုးရိပ်ချောင်း ကူးတံတားသစ်ကြီး ပြီးစီးသွားတဲ့အတွက် အရင် ပိတ် ဆို့မှုတွေဖြစ်ခဲ့တဲ့ ဘေလီမီးပွိုင့်မှာ ယာဉ်ဖြတ်သန်းမှု အများကြီး ချောမွေ့သွားပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ တံတားသစ်ကြီးပေါ်က ဆင်းပြီး ပါရမီလမ်းအတိုင်း တည့်တည့်မောင်းမိလို့ အဲဒီ ညောင်ပင်မှတ်တိုင်နား ရောက်တာနဲ့ ယာဉ်ကြောဟာ တစ်ဆို့သွားပါတော့တယ်။
စောစောက ပြောသလိုပဲ အဲဒီမှတ်တိုင်မှာ ခေတ္တ ရပ်တဲ့ ကားလိုင်းမှန်သမျှ နေရာရနိုင်ပါလျက် လမ်းပေါ် မှာသာရပ်ပြီး ခရီးသည် တင်/ချ လုပ်ရတာကြောင့် အခြားယာဉ်တွေအတွက် ယာဉ်ကြောတစ်ကြောသာ ပွင့် နေပါတော့တယ်။ ဒါကြောင့် အသွားအလာများတဲ့ နံနက် နဲ့ ညနေပိုင်းများမှာ ပါရမီလမ်းမကြီးရဲ့ သုမင်္ဂလာလမ်း ကနေ ဝေဇယန္တာလမ်းအထိ အစိတ်အပိုင်းဟာ မဖြစ် သင့်ပါဘဲ ဆူးလေဘုရားလမ်းမကြီးအလား ကားတွေ ပြည့်နှက် ပိတ်ဆို့နေပါတော့တယ်။
ဒီနေရာမှာ မီးပွိုင့်တွေ နီးတာကြောင့်လို့ ကားကျပ် ရခြင်း တခြားအကြောင်းရင်းတွေလည်း ရှိပေမယ့် အဲဒီ မှတ်တိုင်မှာသာ ဘတ်စ်ကားတွေ စနစ်တကျ ဝင်ရပ် အတင်အချ လုပ်နိုင်မယ်ဆိုရင် ယာဉ်ကြော ပုံမှန်စီးဆင်း ဖို့ အနည်းနဲ့အများကတော့ အထောက်အကူပြုနိုင်မှာပါ။ သက်ဆိုင်ရာ ကားလိုင်းရဲ့ တာဝန်ရှိသူက အသိတရား လေးရှိရှိနဲ့ မှတ်တိုင်မှာ ဂိတ်မထိုးဖို့ ကြပ်မတ်ရုံနဲ့ အများ အတွက် ယာဉ်ကြောတစ်ကြော ပွင့်သွားမှာ ဖြစ်ပါတယ်၊ ဒါလေးလုပ်ဖို့ သမ္မတကြီးအမိန့်စောင့်နေဖို့ မလိုအပ်ပါ။
ရန်ကုန်မြို့မှာ အိမ်နီးချင်းနိုင်ငံများရဲ့ အထင်ကရ မြို့ကြီးများနဲ့ယှဉ်ရင် ယာဉ်စီးရေဘယ်လောက်မှ မရှိပါဘဲ ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေရတဲ့ အကြောင်းရင်းတွေထဲ မှာ လမ်းအသုံးပြုသူတွေရဲ့ စည်းကမ်းမဲ့မှုတွေကြောင့် လည်း ပါတယ်လို့ သိရပါတယ်။ အခုပြောခဲ့တဲ့ ကား မှတ်တိုင်လို မျိုးနေရာတွေ ရန်ကုန်မှာ ဘယ်လောက်များ များရှိနေမလဲ မပြောတက်ပါ၊ ဒါမျိုးစည်းကမ်းမဲ့မှုတွေ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိသမျှစူးစမ်းပြီး ဝိုင်းဝေဖန်ကြ တာဝန်ရှိသူတွေကလည်း အသိတရားလေးနဲ့ ပြုပြင်ကြ မယ်ဆိုရင်တောင် အဆင်ပြေသွားနိုင်တာတွေ အများ ကြီးပါ။
နောက်တစ်ခုပြောချင်တာက ရန်ကုန်မြို့ကြီးဟာ စာရေးသူတို့ ငယ်ငယ်တုန်းကနဲ့မတူ အင်မတန်ခြင်ကိုက် လှပါတယ်၊ ရေစီးရေလာတွေမကောင်းလို့ ခြင်လောင်း တွေခိုအောင်းတဲ့အတွက်ကြောင့်လို့ ပြောကြပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်တယ်ကြားတော့ ကျန်းမာရေးဌာန က အိမ်တိုင်ရာရောက် ရေကန်တွေလည်း ပိုးလောက် လန်းမခိုနိုင်တဲ့ ဆေးတွေ လိုက်ထည့်ပေးပါတယ်။ ဆေး ငွေ့ဖျန်းတဲ့ ဝန်ထမ်းလည်း စက်ကြီးလွယ်ပြီး လမ်းထဲ ဝူးခနဲ တစ်ချက်တော့ ဝှေ့ရမ်းဖျန်းသွားတယ်လို့ သိရ ပါတယ်။
ခြင်တွေက ကိုက်မြဲကိုက်လျက်ပါပဲ တွေ့မိတာက တော့ တောင်ဥက္ကလာပမှာဆိုရင် နောက်ဖေးလမ်းကြား ဆိုတာ သက်ဆိုင်ရာက လုံးဝမတို့မထိတော့တဲ့ နေရာ မို့ ဖြစ်ချင်တိုင်းဖြစ်နေကျပြီး ခြင်သာမက ဆင်ပါ ခိုချင် ခိုနိုင်ကျလို့ပါပဲ။ ပြီးခဲ့တဲ့ စစ်အစိုးရခေတ်မှာ နောက်ဖေး လမ်းကြားတွေကို အစွန်အိမ်တော်တော်များများက လုံခြုံ ရေးအရ ဘေးဘက်ကနေ လူဝင်လို့ရအောင် ပိတ်ပစ်ခဲ့ ကြပါတယ်၊ ဒါမှန်ပါတယ်၊ ဒါပေမဲ့ နောက်တော့ ဘေး ဘက်ပိတ်ရုံမဟုတ်ဘဲ နောက်ဘက်လမ်းကြား ၁၅ ပေ ရဲ့ အလယ်တည့်တည့်ကနေ ခြံခတ်ပြန်တယ်၊ သဘော ကတော့ နောက်ဖေးလမ်းကြားမြေတစ်ဝက် ကိုယ့်သဘော နဲ့ကိုယ်အပိုင်သိမ်းလိုက်တာပါ၊ ဒီ့နောက်တော့ အစွန် အိမ်တွေတင်မက ကြားအိမ်တချို့ကလည်း အားကျမခံ နောက်ဖေးလမ်းကြားမြေသိမ်းပွဲကြီး ကျင်းပခဲ့ကြပါတယ်။
ကျောချင်းကပ်မြေသိမ်းထားသူ နှစ်အိမ်ကြားမှာ ဆိုရင် နောက်ဖေးလမ်းကြား လုံးဝမရှိတော့ဘူးပေါ့။ ဥပဒေကိုလေးစားတဲ့သူတွေရဲ့ နောက်ဖေးခြံစည်းရိုးက တော့ နဂိုအတိုင်းပါပဲ၊ နောက်ဖေးလမ်းကြားဆိုတာ ပုံပျက် ပမ်းပျက်နဲ့ ဖြစ်ချင်တိုင်းဖြစ်ပျက်နေခဲ့တာ ကြာပါပြီ ကျန်သမျှ စပ်ကြားမြေလေးတွေဟာ ချုံနွယ်နဲ့အညစ် အကြေးတွေထူထပ်ပြီး ရေစီးရေလာက လုံးဝမရှိတော့ တာနှစ်ပေါင်းမနည်းတော့ပါဘူး။ ဒီတော့ ခြင်၊ယင် အင်းဆက်ပိုးမွှား ခိုချင်သမျှခိုအောင်းနိုင်တဲ့ စုံတောမြိုင် ဂနိုင်ကြီးတွေ ဖြစ်နေခဲ့တာ ကြာခဲ့ပါပေါ့၊ သွေးလွန် တုပ်ကွေးဖြစ်လို့ လိုက်စစ်ရင်လည်း သုံးတဲ့ရေကန်တွေ နဲ့ ရေမြောင်းကိုပဲ မဲနေကြပြီး နောက်ဖေးလမ်းကြားကြ တော့ ဘယ်တာဝန်ရှိသူမှ စကားထဲ ထည့်မပြောပါဘူး၊ အနောဖလိခြင်က အိမ်နောက်ဖေးလမ်းကြားကို မခိုအောင်း ချင်ပါဘူးလို့ နားလည်မှုစာချွန်လွှာထိုးထားလို့ များလား မသိ။
တာဝန်ရှိတဲ့ဌာနတွေကလည်း ဌာနတွေ အလျောက် ပြည်သူတွေကလည်း ပြည်သူအလျောက် ကိုယ်စီအသိ တရားလေးနဲ့ ဆင်ခြင်ကြပါမှ အဲဒီအရှုပ်တွေလည်း ရှင်း နိုင်ပါမှ ခြင်တွေတကယ်ပြေးပြီး ရောဂါကင်းဝေးနိုင် ပါလိမ့်မယ်။ စည်းကမ်းနဲ့ ပတ်သက်ရင်တော့ နောက် တစ်ခုပြောချင်တာက ရန်ကုန်စည်ပင်သာယာနယ်နိမိတ် မှာ လျှပ်စစ်ဝန်ထမ်းတွေအတွက်သာ ဆိုင်ကယ်စီးခွင့် တရားဝင်ပေးထားတာ အစီးရေ ၇ဝ တောင်မပြည့်ဘူး လို့ သိထားပါတယ်။ ဒါပေမဲ့ စီးနေကြတာတွေ့ရတာ ပါပဲဗျာ၊ ရဲနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးလို ဝန်ထမ်းတချို့ အပြင် သူတို့ရဲ့ သတင်းပေးယောင်ယောင်တွေ အမြစ် မပြတ်သေးတဲ့ နှလုံးဒိုင်တချို့နဲ့ တစ်ခါတလေ မြို့နယ် ဗီဒီယိုအစည်းအရုံးက ပုဂ္ဂိုလ်မျိုးကပါ ထီမထင်မျက်နှာ ထားကြီးတွေနဲ့ ဆိုင်ကယ်တွေ တဝေါဝေါစီးလို့၊ အမယ် လေးလေး တစ်ခေတ်က မိုးကျရွှေကိုယ်အာဏာပိုင်ကြီး တွေရဲ့ စတိုင်အမူအရာဒီဇိုင်းမျိုး ဝူးဝဲ ဗျူးဗြဲနဲ့။
သူတို့တွေစည်းကမ်းဖောက်ပြီးစည်းတာမြင်တော့ လူငယ်တချို့ကလည်း လိုက်စီးကြရော တချို့ကျတော့ လည်း ဆိုင်ကယ်ထက်အန္တရာယ်နည်းတဲ့ လျှပ်စစ်ဘီး လေးတွေ ဝယ်စီးကြတယ်။ ဆိုင်ကယ်တွေကလည်း ခြေနင်းပါတဲ့ လျှပ်စစ်ဘီးဆိုရင်တော့ စက်မှု (၁) ဘီးလို ပဲ ရန်ကုန်မှာ တရားဝင်စီးနိုင်ပါတယ် ဘာဘာညာညာ ပြောရောင်းခဲ့တာကို နောက်တော့ ဒါလည်းစက်တပ် ထားတာပဲမို့ တည်ဆဲဥပဒေအရ တရားမဝင်ဘူးဆိုပြီး အရေးယူမှုတွေလည်းရှိလာတော့ အစီးပြန်ကြဲသွားကြ တယ်။
ဒါပေမဲ့ စောစောက အာဏာပိုင်ဒီဇိုင်းနဲ့ ဆိုင်ကယ် တွေကတော့ အခုထိစီးနေကြတုန်းပါပဲ၊ သမ္မတကြီးက လည်းRule Of Law အရေးကြီးတယ်လို့ အထပ်ထပ်ပြော ဒေါ်အောင်ဆန်းစုကြည်ကလည်း တရားဥပဒေ စိုးမိုးမှု လိုတယ်လို့ အကြိမ်ကြိမ်ပြောရင်း တရားဥပဒေစိုးမိုးရေး နဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ တာဝန်ယူထားခဲ့ ပြီးပြီ၊ အုပ်ချုပ်ရေးပိုင်းက အခြေခံ ရပ်ကွက်/ကျေးရွာ နဲ့ မြို့နယ်အဆင့်မှာ အထက်ကအတိအလင်း တားမြစ် ထားတာကို ဖောက်ဖျက်ကျူးလွန်နေကြတာတော့ အင် မတန်အရုပ်ဆိုးလှပါတယ်။ ဒီနေရာမှာလည်း ကိုယ့်အသိ တရားနဲ့ကိုယ် မဆင်ခြင်နိုင်ကြ၊ ကြီးကြပ်ရမဲ့သူတွေက လည်း နှာစေးနေကြလို့ ဖြစ်ချင်ရာဖြစ်နေကြတာပါပဲ။
လူတိုင်းလိုက်နာမှု အားနည်းတဲ့ အထဲမှာ လမ်း ဖြတ်ကူးမှုကလည်း ထိပ်ဆုံးကပါဆဲပါပဲ၊ ရန်ကုန်မြို့ လယ်ကောင်မှာ ခုထိလူများလူနိုင် ကားများကားနိုင်စနစ် မီးပွိုင့်တွေမှာ ကားတွေအတွက် စိမ်းနေတဲ့ကြားက လူ တွေက စည်းကမ်းဖျောက်ပြီး ကူးနေကြတော့ ယာဉ် မောင်းတွေ အခက်တွေ့စရာပါ။ ကိုယ်တိုင်ကားမောင်း ကြည့်ဖူးမှ လမ်းကူးသူတွေလည်း ဘယ်လောက်စည်း ကမ်းမဲ့ကြတယ်ဆိုတာ ပိုသိနိုင်ပါတယ်။
အဲဒါနဲ့ လူကူးမျဉ်းဝါကြားလည်းရောက်ရော ကား ဆရာ တချို့က လမ်းကူးသူတွေကို ပညာပြန်ပေးကြ ပါတော့တယ်။ လူအုပ်စုအားကောင်းမှပဲ ဒါမှမဟုတ် ယာဉ်ထိန်းရဲ မြင်မှပဲ ကားတွေက အရှိန်သပ်ပေးချင် ကြတယ်။ တချို့နေရာတွေမှာဆို တော်တော်ဆိုးတယ်၊ ဥပမာ ကမ္ဘာအေးဘုရားလမ်းမက ဂမုန်းပွင့်ကုန်တိုက် အလွန် လူကူးမျဉ်းကြားနေရာ မှတ်တိုင်နဲ့ မျဉ်းကြား ခွာပေးထားပေမဲ့ ဘတ်စ်ကားတွေက မှတ်တိုင်မရောက် ခင်မျဉ်းကြားပေါ်မှာတင်ရပ်ပြီး တင်ချလုပ်ကြတော့ မျဉ်းကြားတစ်ဝိုက်မှာ အမြဲရှုပ်ထွေးနေပါတော့တယ်၊ အဲဒီနေရာက လမ်းဖြတ်ကူးလို့ တော်တော်နဲ့အဆင်မပြေ တော့ဘူး။
အဲဒါကိုပဲ ဒီနေရာမှာ စည်းကမ်းမဲ့လမ်းဖြတ်ကူး တဲ့သူ များတယ်ဆိုပြီး ဖမ်းတဲ့အဖွဲ့က ကားကြီးတစ်စီး ရပ်ပြီး အဖွဲ့ဝင်တွေက ရေတမာပင်လေးတွေအောက်က နေစောင့်လို့ လူဖမ်းပွဲကြီးလုပ်နေတာ ကိုယ်တိုင်မြင်ခဲ့ ဖူးပါတယ်။ မျဉ်းကြားပေါ်မှာ အရှေ့မှာ အနောက်မှာ ဘတ်စ်ကားတွေက နှစ်ထပ်လောက် ရပ်ချင်တိုင်းရပ် ရှုပ်ယှက်ခတ်နေတာတော့ ဒီအတိုင်းကြည့်နေပြီး ကား တိုက်မခံရအောင် ခပ်လှမ်းလှမ်းက သွားကူးမိတဲ့သူတွေ ကိုပဲ စောင့်ဖမ်းတဲ့ လှေနံဓားထစ် Óဏ်ကြီးရှင်တွေကို လည်းအံ့သြမိပါတယ်၊ ဆင်ခြေပေးမှာပေါ့၊ သူတို့က လည်း လူဖမ်းတဲ့အဖွဲ့ ကားဖမ်းတဲ့အဖွဲ့ မဟုတ်ပါဘူး လို့။
နောက်တစ်ခု ကိုယ့်အသိတရားနဲ့ကိုယ် ထိန်းသိမ်း သင့်တာကတော့ ကွမ်းတံတွေးကိစ္စ စာရေးသူတို့ခပ် ငယ်ငယ်က ရန်ကုန်မှာ လူတွေဒီလောက်ကွမ်းမစားကြ ပါဘူး။ ဆေးတွေဝါးတွေ ထည့်သုံးတဲ့ ခုခေတ်ကြီးကျမှ ကွမ်းတွေစားလိုက်ကြ ကွမ်းတံတွေးတွေထွေးလိုက်ကြ တာ အင်မတန် အရုပ်ဆိုးလွန်းလှပါတယ်။
စာရေးသူမိတ်ဆွေ စင်ကာပူကို အလယ်သွားဖူး ခဲ့သူ ပြန်ပြောတာကတော့ စင်ကာပူမှာတောင် မြန်မာ လုပ်သားတွေ အနေများတဲ့နေရာက အမှိုက်ပုံးတွေမှာ ဆိုရင် တခြားနေရာက အမှိုက်ပုံးတွေနဲ့မတူ ကွမ်းတံတွေး တွေနဲ့ ညစ်ပတ်နေပါသတဲ့ ဒုက္ခပါပဲ ဘာကောင်းကျိုး မှမပေးတဲ့ ဒီကွမ်းတံတွေးကိစ္စတော့ စင်ကာပူမှာ ပီကေ/ ချွင်းဂမ်းပြဿနာကို ဒဏ်ရိုက်ဖြေရှင်းသလို ဖြေရှင်းတန် ဖြေရှင်းသင့်ပြီလို့ တွေးမိကြောင်းပါ။
တကယ်တော့ အစိုးရကိုချည်း အားကိုးမနေဘဲ ကိုယ့်အသိနဲ့ကိုယ် ပြုပြင်ဆောင်ရွက်သင့်တာတွေလည်း ရှိတဲ့အထဲက တချို့ကိုသာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း တဲ့ အနေနဲ့ ဆွေးနွေးကြည့်တာပါ။ ပြောရမယ်ဆိုရင် ဥပမာ ဘာသာရေးအကြောင်းပြု အသံချဲ့စက်နဲ့ လော် စပီကာ အလွန်အကျွံသောင်းကျန်းတဲ့ကိစ္စလိုမျိုး အခြား အခြားသော ပြဿနာတွေ အများကြီးကျန်ပါသေးတယ်။ အထူးသဖြင့် ကိုယ့်ကြောင့် သူတစ်ပါးအနှောင့်အယှက် မဖြစ်အောင် အသိတရားလေးနဲ့ နေတတ်၊ ထိုင်တတ် လုပ်တတ်၊ ကိုင်တတ်ဖို့မှာ ရွှေမြန်မာတွေ သိပ်ကိုအား နည်းလှပါသေးတယ်။
ကာတွန်းဆရာဦးဘဂျမ်းရဲ့ ရသေ့ကြီးဦးဖျောက် ဆိပ်ပြောသလို သူများကလာပြောရင် မညှာမတာထောင်း မှာမို့ ကိုယ့်ဘာသာကိုယ်ပဲ နမူနာသဘောနဲ့ ဖွဖွလေး ထောင်းကြည့်တာပါ။
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့ပေါ့ ဗျာ...တကယ်ဆို အသိပဲလိုပါတယ်။
မင်းမြတ်စံ
0 comments:
Post a Comment