Saturday, October 6, 2012

ပတေးမှာ ရာဇ၀င်ရှိတယ် (ဒုတိယပိုင်း ဇာတ်သိမ်း)


by မင်းလူ၏ ၀တ္တုတိုများ on Saturday, October 6, 2012 at 5:46am ·


    တစ်ရက်မှာ ဦးကုလားက ပတေးကိုခေါ်သည်။
    "မင်း ဒံပေါက်ချက်တတ်တယ်ဆိုတာ ဟုတ်သလား"
    ဟုမေးသည်။ ပတေးက..
    "သိပ်ဟုတ်တာပေါ့ ဦးလေးရာ"

    ဆိုပြီး သူသည် စားတော်ကဲမျိုးရိုးမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း ရှင်းပြနေသည်။ ဦးကုလားက..
    "မင်းဟာမင်း စားတော်ကဲမျိုးရိုးပဲဖြစ်ဖြစ်၊ တံခါးစောင့်မျိုးရိုးပဲဖြစ်ဖြစ် ငါသိချင်တာကဒံပေါက်ကောင်းကောင်း ချက်တတ်သလား။ ဒါပဲ"
    "ချက်တတ်တာပေါ့။ ဒံပေါက်ဆိုတာ သုံးတဲ့ပစ္စည်းရယ်၊ ဆန်အမျိုးအစားရယ်၊ မီးအပေးအယူရယ်ပေါ်မှာ မူတည်တယ်။ ဇာဖရမ်ကောင်းကောင်းထည့်ဖို့လည်း အရေးကြီးတယ်။ မလေးရှားကလာတာကို သုံးမှကောင်းတာ။ ပြီးတော့ ကျွန်တော်ချက်မယ့် အိရာနိပလောင်ဆိုတာ ဘယ်လိုသဘောသဘာဝရှိသလဲဆိုတော့..."
    စသည်ဖြင့် ဒံပေါက်ဖောက်နည်းအကြောင်းတွေ အသေးစိတ်ပြောပြနေပြန်သည်။ ဦးကုလားမှာ စိတ်မရှည်တော့ဘဲ..
    "ကဲ..မင်းချက်တတ်ပြီဆိုရင် ပြီးတာပဲ။ အပိုတွေပြောမနေနဲ့တော့။ လပြည့်နေ့ကျရင် ငါ့အိမ်မှာ အလှူလုပ်မယ်။ မင်း ဒံပေါက် ချက်ပေးမလား"
    "ဟာ..သိပ်ချက်ပေးနိုင်တာပေါ့ ဦးလေးရာ။ ကျွန်တော်ကလည်း လက်စွမ်းပြချင်နေတာကြာပြီ။ ကျွန်တော်ချက်မယ့် ဒံပေါက်ဟာဆိုရင်"
    "ကဲ..တော်တော့၊ ကောင်းကောင်းသာချက်။ ပိုက်ဆံပယ်လောက်ကုန်မလဲပြော"
    ဦးကုလားသည် ပြီးခဲ့သည့်လက ထီငါးသောင်းဆုပေါက်ထားသဖြင့် အလှူလုပ်ချင်နေသည်။ အရင်လို မုန့်ဟင်းခါး၊ ထမင်း စသည်တို့က ရိုးနေပြီဖြစ်၍ ဒံပေါက်ကျွေးဖို့ စီစဉ်ခြင်းဖြစ်၏။

                        *   *   *

    ဦးကုလားအလှူမှာ ဒံပေါက်ကျွေးမည်။ ပတေးက ဘယ်သူမှမချက်ဖူးသေးသည့် တစ်မူထူးသောနည်းဖြင့် ချက်မည်ဖြစ်ကြောင်း ရပ်ကွက်ထဲ သတင်းရောက်သွားသောအခါ စိတ်ဝင်စားကုန်ကြသည်။ တချို့က ဒံပေါက်စားရတော့မည်ဆိုပြီး ၀မ်းသာကြ၏။ တချို့ကတော့ ပတေးသည် ပါးစပ်ကသာပြောဖူးသည်။ တစ်ခါမှ လက်တွေ့ချက်ပြခဲ့ဖူးတာမဟုတ်။ ထို့ကြောင့် သူချက်တာ မကောင်းဖို့ကများသည်ဟု ဆိုကြသည်။ တချို့ကလည်း..
    "ပတေးက ဟန်ပြန်သက်သက်ပါဟာ၊ တကယ်ချက်တော့ ဘာနူကချက်မှာပါ"
    "ဒါဆို တော်သေးတာပေါ့"
    အမျိုးမျိုးထင်မြင်ချက်ပေးကြသည်။
    ဒီလိုနှင့် ချက်ရပြုတ်ရမည့်ရက်ကို ရောက်လာ၏။ သူတို့ရပ်ကွက်ထုံးစံအတိုင်း ညဘက်မှာ ၀ိုင်းကူမည့်သူတွေ ရောက်လာကြသည်။ ပတေးကတော့ ဆရာကြီးဖြစ်သောကြောင့် တောက်တိုမယ်ရ ဘာမှမလုပ်။ ဆန်ဆေးလိုက်စမ်း၊ မီးမွှေးလိုက်စမ်း၊ ရေထည့်လိုက်စမ်း စသဖြင့် သြဇာသာပေးနေ၏။
    ပွကြီးနှင့် ဖိုးနီတို့ကတော့ ပတေး၏လက်ထောက်များအဖြစ် မညည်းမညူလုပ်ပေးကြသည်။ သူတို့မှာက မျှော်လင့်ချက်ကလေးရှိနေ၏။
    ဒံပေါက်ချက်ရာမှာ ကြက်တစ်ကောင်ကိုလေးပိုင်းသာပိုင်းရသည်။ ခေါင်း၊ ခြေထောက်၊ တောင်ပံတို့မှာ ထည့်ချက်လို့မရ။ ပတေးက ဒါတွေကို သီးခြားအိုးတစ်လုံးဖြင့် အရည်စပ်စပ် မဆလာနံ့သင်းသင်းကလေးချက်သည်။ ပြီးတော့ ဒံပေါက်ဖောက်ခ စရန်ငွေလည်းရထားသဖြင့် အရက်တစ်လုံးဝယ်ထားသည်။
    "ဒီတစ်ခါတော့ အကောင်းစားဝယ်သောက်ရမယ်ကွ"
    ဟု ပတေးကပြောသည်။ ပွကြီးက...
    "ဂျင်အရက်ဆိုတာ တစ်ခါမှ မသောက်ဖူးသေးဘူးကွ။ စမ်းကြည့်ရအောင်"
    ဟု ဆိုသဖြင့် ဒရိုင်းဂျင်တစ်လုံးဝယ်ထားသည်။ ကျော်ကွန့်သည် မသောက်တတ်သော်လည်း လာကူနေသည်။ ညဏ်စိန်ကလည်း ထုံးစံအတိုင်း အားနာပါးနာနှင့် ၀င်ထိုင်ပေး၏။ မောင်ဝကိုတော့ ဆွယ်လို့မရ။
    "အလကားကွာ။ သူတိုက်တဲ့အရက်သောက်ရတာနဲ့ သူ မဟုတ်တာတွေ လျှောက်ပြောတာ နားထောင်ရတာနဲ့ မကာမိပါဘူး"
    ဆိုပြီး သူတို့ဝိုင်းထဲဝင်မပါ။ အလှူအတွက် လိုအပ်သောပစ္စည်းတွေ သွားသယ်ပေးခြင်း၊ ရေဖြည့်ပေးခြင်း စသည်ဖြင့် လိုအပ်သမျှ ဒိုင်ခံလုပ်ပေးပြီးနောက် ပြန်သွားသည်။
    ဘာနူးက ကြက်သားခုတ်ပေးပြီးနောက် ချဉ်ပေါင်ရွက်ဟင်းချိုအိုး တည်သည်။ အချဉ်အတွက် ကြက်သွန်နှင့် သခွားသီးကို လှီးပြီး ဒိန်ချဉ်နှင့်နှပ်ထားလိုက်သည်။ ဒံပေါက်အိုးတွေဖိုပေါ်ရောက်ပြီး မီးမျှင်းမျှင်းနှင့်နှပ်ထားသောအချိန်မှာ ခဏမှေးဦးမည် ဆိုပြီး ထွက်သွားသည်။
    ညဉ့်လည်းနက်ပြီ။ လူလည်းရှင်းပြီ။ ထိုအခါကျမှ သူတို့ဝိုင်းစသည်။ ပွကြီးက ပတေးငှဲ့ပေးသောခွက်ကိုယူ၍ နမ်းကြည့်ပြီး..
    "ဟေ့ကောင် ရေမွှေးပုလင်းနဲ့ မှားဝယ်လာမိပြီထင်တယ်"
    ပတေးကပြုံး၍..
    "ဂျင်ဆိုတာ ဒီလိုပဲကွ၊ မွေးတေးတေးနဲ့"
    "မင်း သောက်ဖူးလား"
    "ဟင့်အင်း သူများပြောတာ ကြားဖူးလို့"
    ဖိုးနီက တစ်ငုံငုံကြည့်သည်။
    "ဟာ..ပြင်းတယ်ဟ။ သောက်လို့တော့ကောင်းသား"
    "နည်းနည်းအေးသလိုရှိတာနဲ့ အတော်ပဲပေါ့"
    အမြည်းအတွက်ချက်ထားသော ကြက်ရိုးဟင်းမှာ အရေစပ်စပ်ဖြစ်၍ သောက်လို့လည်းရသည်။ ကျော်ကွန့်က တောင်ပံ တစ်ခုကို ယူစားကြည့်ပြီး..
    "ဟာ တယ်ကောင်းပါလား။ အရိုးတောင် ဒီလောက်ကောင်းနေရင် အသားသာဆို အရသာရှိလိုက်မယ့်ဖြစ်ခြင်းကွာ"
    "ငါက စပါယ်ရှယ်လုပ်ထားတာကွ။ ဒံပေါက်ထဲမှာ သီဟိုဠ်စေ့၊ စပျစ်သီးခြောက်တွေလည်းပါတယ်။ မဆလာကလည်း စပ်ပြီးသားဝယ်တာမဟုတ်ဘူး။ တစ်မည်ချင်းဝယ်ပြီး ဘာနူးကိုယ်တိုင် ကြိတ်ထားတာ"
    ပတေးကပြောပြီး ဒံပေါက်အိုးတွေဆီ ထသွား၏။ အဖုံးကိုဖွင့်၍ ထမင်းအခြေအနေကိုကြည့်သည်။ မီးအနည်းငယ် ပြင်ထိုးပေးပြီး ၀ိုင်းဆီပြန်လာသည်။ စကားဆက်သည်။
    "ဒံပေါက်ဆိုတာ အဆီစာမဟုတ်လားကွ။ ဒီတော့ အချဉ်ကောင်းကောင်းလိုတယ်။ ဒါကြောင့် အချဉ်ကို ဒိန်ချဉ်နဲ့ နှပ်ထားတာ။ ပြီးတော့ မင်းတို့တစ်ခါမှ မစားဖူးသေးတဲ့ အချဉ်တစ်မျိုး ငါ လုပ်ထားသေးတယ်။ ကကျွန်မယ်လို့ ခေါ်တယ်ကွ။ ဒါကလည်း ငါတို့ဘိုးဘေးဘီဘင်လက်ထက်ကတည်းက ထိန်းသိမ်းလာခဲ့တဲ့နည်းပဲ"
    ဟု အစချီပြီး စားတော်ကဲရာဇ၀င်ကို ပြန်ပြောနေပြန်သည်။
    ညဏ်စိန်မှာ တစ်ခွက်တည်းနှင့်မူးသွားပြီးနောက် ၀ိုင်းဘေးကဖျာစုတ်ပေါ်မှာ ကွေးကွေးလေး အိပ်ပျော်နေသည်။ ဖိုးနီတို့ ပွကြီးတို့လည်း မူးစပြုနေပြီ။
    အမှန်တော့ ဂျင်အရက်ဆိုသည်မှာ နှစ်ပက်လောက်ထည့်၊ ရေခဲအတုံးလိုက်ထည့်၊ သံပုရာသီးလေးစိတ်ထည့်ပြီး ဖြည်းဖြည်းချင်း ဇိမ်ဆွဲသောက်ရခြင်းဖြစ်၏။ သူတို့က ဒါကို နားမလည်။
    အရင်သောက်နေကျဘီအီးလိုပင် တစ်ခွက်ပြီးတစ်ခွက် ဆင့်သောက်ကြသည်။ ပြီးတော့ ဂျင်အရက်သည် အူမြူးတတ်သည်။ ထို့ကြောင့် ပွကြီးက..
    "ဟေ့ကောင်တွေ၊ သီချင်းဆိုရရင် ကောင်းမယ်ကွာ"
    "အေးကွ၊ ဒါပေမဲ့ ဒီနားမှာတော့ ဆိုလို့မကောင်းဘူး။ အိပ်နေတဲ့လူတွေ နိုးကုန်လိမ့်မယ်"
    "ဒါဆိုချောင်းစပ်မှာ လေညင်းခံရင်း သွားဆိုရအောင်"
    "ကောင်းတယ်ကွ"
    ကျော်ကွန့်က သူတော့ မလိုက်တော့ဘူးဟု ဆိုသည်။ ထို့ကြောင့် ပတေးက ဒံပေါက်အိုးတွေကြည့်ထားဖို့ မီးမှန်မှန်ထိုးဖို့မှာပြီး ချောင်းစပ်ဘက်သို့ ထွက်လာခဲ့ကြ၏။
    လကလေးက ခပ်ကွေးကွေးလေးသာနေသောကြောင့် ချောင်းရေမှာ တလက်လက်ဖြစ်နေ၏။ လေညင်းကလည်း တသုန်သုန် တိုက်နေသည်။ ဂျင်အရက်ကြောင့် အူမြူးလက်စလည်းရှိနေသဖြင့် သီချင်းတွေတစ်ပုဒ်ပြီးတစ်ပုဒ် ဆိုကြသည်။
    ပတေးက အများဆုံးဆိုသည်။ သူက ကုလားသီချင်းတွေဆိုတတ်သဖြင့် ဆွဲဆွဲငင်ငယ်ဟစ်လိုက်ရာ ချောင်းရိုးတစ်လျှောက် သူ့အသံက စီစီဝေေ၀ ပျံ့လွင့်သွားသည်။ ခေလိုးနားဇာတ်ကားထဲက သီချင်း၊ ဒစ္စကိုဒန်းဆားထဲက သီချင်း၊ ရာဒွန်ကီဘာရက်သီချင်း၊ တစ်ပုဒ်ပြီးတစ်ပုဒ်၊ ပွကြီးနှင့် ဖိုးနီတို့မျာ မဆိုတတ်သော်လည်း ပတေးသံယောင်လိုက်ပြီး "ပြာရေ၊ ပြာရေ" ဟု လိုက်ဆိုကြ၏။
    သူတို့မသိသောအချက်တစ်ချက်ရှိသည်။ ဂျင်အရက်၏သဘောမှာ လေတိုက်လေ ပိုမူးလေဆိုသောအချက်ပင်ဖြစ်၏။ ချောင်းစပ်နားလည်းဖြစ်၊ ကွင်းပြင်လည်းဖြစ်၍ လေက တဖြူးဖြူးတိုက်ခတ်နေသည်။ ထိုအခါ သူတို့လည်း အမူးဒီဂရီတစ်ရစ်ပြီးတစ်ရစ် တက်လာ၏။ နောက်ဆုံးတော့ တစ်ယောက်ပြီးတစ်ယောက်လဲကျကုန်သည်။ ဖိုးနီက နောက်ဆုံးကျမှလဲသည်။ သူသည် ပတေးဆိုသည့် သီချင်းကို မပီမသလိုက်ဆိုရင်း မှောက်သွားလေ၏။
    "ကနိနဲ ဒစ်စကို ဒန်းဆား...ဒွန့်... ဒွန့်... အင့်...."

                        *   *   *

    ဘာနူးသည် ဦးကုလားအိမ်ရှေ့က ကွပ်ပျစ်ပေါ်မှာ ခဏလှဲနေရာမှ မှေးခနဲအိပ်ပျော်သွား၏။ သူသည် တကယ်လည်း ပင်ပန်းနေပြီ။ ဘယ်လောက်ကြာအောင် အိပ်ပျော်သွားမှန်းမသိ။ ဖျတ်ခနဲပြန်နိုးလာသောအခါ သူ့နှာခေါင်းထဲမှာ အနံ့တစ်ခု ရနေသည်။ ညှော်နံ့လိုလို ဘာလိုလို။ ပြီးမှ တစ်စုံတစ်ခု သတိရပြီး မျက်လုံးပြုးသွားသည်။ ညှော်နံ့မဟုတ်၊ တူးနံ့ဖြစ်၏။
    လူးလဲထပြီး ဒံပေါက်အိုးများတည်ထားရာ နောက်ဖေးဘက်ကွက်လပ်သို့ ခပ်သုတ်သုတ်လာခဲ့သည်။ ကျော်ကွန့်နှင့် ညဏ်စိန်တို့မှာ မလှမ်းမကမ်းမှာ ခွေခွေကလေးအိပ်ပျော်နေကြ၏။ ပတေးတို့ကတော့ဘယ်ရောက်နေသလဲမသိ။
    တူးနံ့သည် ဒံပေါက်အိုးများဆီမှ ထွက်ပေါ်လာခြင်းဖြစ်၏။ ဘာနူးသည် အိုးအောက်မှရဲရဲတောက်နေသောမီးကျီးခဲများကို အမြန်ဖယ်ပစ်ရသည်။
    ဖြစ်ပုံမှာ ကျော်ကွန့်သည် ပတေးတို့ထွက်သွားပြီးနောက် မှာထားသည့်အတိုင်း မီးကို ဂရုစိုက်သည်။ သူ ဂရုစိုက်ပုံက မီးရှိန်နည်းနည်း လျော့လျှင် ထင်းထပ်ထည့်ပေးခြင်းဖြစ်၏။ အမှန်က မီးကျီးခဲကလေးနှင့်နှပ်ထားရမည်ဖြစ်သည်။ ခုတော့ မီးရှိန်က နည်းနည်းများသွားသည်။
    ထိုမျှမကသေး။ ပတေးတို့ထွက်သွားပြီး အတန်ကြာသောအခါ တစ်ယောက်တည်းပျင်းလာတတ်သည်။ အိပ်လည်း အိပ်ချင်လာသည်။ နောက်တော့ မနေနိုင် မထိုင်နိုင်လောက်အောင် ငိုက်လာ၏။ ထို့ကြောင့် အိုးတွေ မကပ်အောင်ဆိုပြီး ရေနည်းနည်းစီ ထည့်လိုက်သည်။ ပြီးတော့ ညဏ်စိန်ဘေးမှာ လှဲချလိုက်ရာ တုံးခနဲ အိပ်ပျော်သွားခဲ့လေသည်။
    ထို့ကြောင့် ဘာနူးလာကြည့်သောအချိန်တွင် ဒံပေါက်အိုးတွေအပေါ်ပိုင်းမှာ ပျော့စိစိဖြစ်ပြီး အောက်ပိုင်း တူးစပြုနေခြင်းပင် ဖြစ်၏။

                        *   *   *

    အလှူမှာ စည်ကားလှသည်။ မစားရတာကြာပြီဖြစ်သော ဒံပေါက်ကျွေးမည်ဖြစ်၍ အားရပါးရ ဟဲလိုက်မည်ဟု အားခဲပြီး လာကြသူတွေချည်းဖြစ်၏။
    သို့ရာတွင် စားကြည့်လိုက်သောအခါ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ဘယ်လိုလဲဆိုပြီး မျက်စပစ်မိကြ၏။ ဒံပေါက်က ခပ်ပျော့ပြဲပြဲ။ အနံ့က တူးနံ့ကလေးသင်းသင်း။ ဘာမှတော့မပြောရဲကြ။ အလှူရှင်ဦးကုလားကို ကြောက်သောကြောင့်လည်းဖြစ်၏။ ဒါ့အပြင် ပတေးက "အိရာနိပလောင်"ဟု ပြောခဲ့သောကြောင့် ဒါမျိုးဆိုတာ ဒီလိုပျော့စိစိကလေးပဲလားမသိဟု ထင်မိသောကြောင့်လည်းဖြစ်၏။
    ဆရာတော်ကတော့ ဆွမ်းဘုဉ်းပေးပြီးနောက် ဦးကုလားက အဆင်ပြေပါရဲ့လားဘုရားဟု လျှောက်မေးရာ...
    "အိမ်း ဒံပေါက်ဆိုတာ ရင်ပြည့်ရင်ကယ်တတ်တဲ့ အစာမျိုးပဲ။ ခုလို ပျော့ပျော့ပျောင်းပျောင်းဆိုတော့ အစာကြေလွယ်တာပေါ့ ဒကာကြီး။ သင့်ပါတယ်၊ သင့်ပါတယ်"
    ဟု မိန့်လေသည်။ ဆရာတော်၏ စကားတစ်ခွန်းက ပေးတကို ကယ်တင်လိုက်ခြင်းပင်ဖြစ်သည်။
    ဘာပဲဖြစ်ဖြစ် စားဖို့အားခဲလာသူတွေကတော့ တစ်ယောက်ကို နှစ်ပန်းကန်၊ သုံးပန်ကန်စားနိုင်ကြသည်ချည်းဖြစ်၏။ ဆရာတော်က "သင့်ပါတယ်"ဟု ဆိုခဲ့သောကြောင့်လည်း ဘယ်သူကမှမကောင်းဘူးဟု မပြောကြတော့။ ပတေးနှင့် ဘာနူးတို့လည်း "ဟင်း"ချနိုင်ကြသည်။ သို့နှင့် ဦးကုလား၏အလှူမှာ အောင်မြင်စွာ ပြီးဆုံးသွားသည်။
    တစ်ခုပဲရှိသည်။ နောက်တစ်နေ့မနက်တွင် ပတေး၏ဆိုင်ရှေ့မှာ ဘယ်သူလာချိတ်ဆွဲသွားမှန်းမသိသောလက်ဖြစ်ဆိုင်းဘုတ် တစ်ခု တွေ့လိုက်ရခြင်းပင်ဖြစ်၏။

    "စားတော်ကဲကြီး ဦးပတေး၏
    စပါယ်ရှယ် ထမနဲ ဒံပေါက်
    ငုံး၊ စာကလေး၊ နှံပြီစုတ်၊ ဖား၊ ကြွက်၊ ပုတ်သင်ညို
    ကင်းလိပ်ရှော ကြိုက်ရာအသားနှင့်
    အထူးအော်ဒါ လက်ခံပါသည်"


မင်းလူ
====================
(ရယ်မောခြင်းလက်ရွေးစင်.. စာအုပ်မှ)
====================

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...