ကျောင်းသား အခြေမပြုသေးတဲ့ အခြေခံပညာရေးစနစ် တစ်ခါပြင်ကြပြန်ပြီ
ဝန်ကြီးတစ်ခါပြောင်း..ပညာရေးစနစ်တစ်ခါပြင်တဲ့..ပြင်ညာရေးလို့ အရပ်ထဲမှာ အသောဖောက်ကြတဲ့ အခြေခံပညာရေးစနစ်ကို ထုံးစံအတိုင်း ခေတ်နဲ့အညီ ပြောင်းဖို့ ပြင်ကြရပြန်ပါပြီ။
ကောင်းမယ်ထင်လို့ လုပ်ကြည့်ကြပေမယ့်…မိဘတွေ ကျောင်းသားတွေဘက်က ထည့်သွင်းစဉ်းစားပေးတဲ့ အခါမျိုးမရှိခဲ့တဲ့ စမ်းသပ်ခံပညာရေးစနစ်ဖြစ်ခဲ့တာ ငြင်းလို့မရတဲ့အချက်တစ်ရပ်ပါ။
(၄)တန်းရောက်မှ အေဘီစီဒီ စသင်ရတဲ့ခေတ်မျိုးလည်း တွေ့ခဲ့ဖူးပါတယ်။ ငါးပြားနဲ့ ဆယ်ပြားပေါင်းရင် ဘယ်လောက်ရလဲ-ဆိုတဲ့ သင်္ချာသင်ခန်းစာကို ကလေးတစ်ယောက်အနေနဲ့ ဖတ်စာအုပ်ထဲမှာပြထားတဲ့ မှုန်ဝါးဝါး ငါးပြားစေ့ ဆယ်ပြားစေ့ပုံလေးတွေကြည့်ပြီး မအူမလည်ဖြစ်ရတာ ကြုံဖူးမှာပါ။ အဘိုးအဘွားတွေရဲ့ အံဆွဲတွေဆီက ငါးပြားစေ့ ဆယ်ပြားစေ့အဟောင်းလေးတွေ ရှာကြရတာ၊ ပိုက်ဆံလည်းရှိ.. သားသမီးလည်း ဂရုစိုက်နိုင်တဲ့မိဘများကြတော့ ဗိုလ်ချုပ်ဈေးပြေးပြီး ငါးပြားစေ့ ဆယ်ပြားစေ့အဟောင်းလေးတွေ ဈေးကြီးပေး ရှာဝယ်ကြပြီး လက်တွေ့ရှင်းပြကြရတာတွေလည်း ရှိပါတယ်။
မိဘများမှာ ကျောင်းသားတစ်ယောက်အတွက် တစ်နှစ် တစ်နှစ် ကုန်ကျရတဲ့စရိတ်က မနည်းပါဘူး။ ကိုယ့်တတ်နိုင်လို့ ကျောင်းထားတာရှိသလို၊ မရှိ ရှိတာလေးနဲ့ ဖြစ်ဖြစ်မည်အောင် တစ်နှစ် တစ်နှစ် ကုန်းရုန်းပြီးထားနေရတဲ့ မိဘတွေကလည်း မနည်းလှပါဘူး။
ကလေးတွေမှာလည်း… ဘာသာရပ်တွေက များများလာတဲ့အပြင် ကျောင်းနဲ့ကျုရှင်… ဂိုက်နဲ့အပိုသင်ရတာတွေကလည်း ပင်ပန်းလှပါတယ်။ ကျုရှင်တွေ ဂိုက်တွေနဲ့အပိုသင်တာတွေဟာ မလိုလားအပ်တဲ့ အပိုအလုပ်တွေပါ၊ မတက်လည်းရတာပဲ၊ ကလေးတိုင်းလည်း တက်နေတာမှမဟုတ်ဘဲလို့ ဆိုချင်ရင်တော့ … မြို့ပြကလေးများရဲ့ယနေ့ အခြေခံပညာရေးသင်ယူနေမှုကို အရင်ဆုံး လက်တွေ့ ကွင်းဆင်းလေ့လာကြည့်လိုက်ပါ။ ရလာတဲ့တွေ့ရှိမှုကိုအခြေခံပြီးမှ ဆက်ဆွေးနွေးတာက ပိုလျော်ကန်မှာမို့လို့ပါ။
အခုကို ပဉ္စမတန်းမှာစာသင်နေတဲ့သမီးမှာ ဖတ်စာအုပ်က (၈)အုပ်၊ ရေးမှတ်ရတဲ့ လေ့ကျင့်ခန်း (ဗလာ)စာအုပ်က (၁၇)အုပ်၊ ဘ၀တွက်တာ၊ စာရိတ္တ၊ ကွန်ပျူတာ၊ သက်မွေးဆိုတဲ့ အပိုဘာသာ(၄)မျိုး အတွက်ကလည်း ဗလာစာအုပ်(၄)အုပ် – စုစုပေါင်း စာအုပ်ချည်း (၂၉)အုပ်ကို နေ့တိုင်းသယ်ရပါတယ်။
ကျောပိုးအိပ်နဲ့သယ်ရင်းက မနိုင်ချင်လာတော့ ပလတ်စတစ်ခြင်းတောင်း တစ်လုံးနဲ့ ခွဲသယ်ရတော့တာပေါ့ (အိမ်ဖော်အများစုကလည်း ကလေးသာသာလေးတွေ ဖြစ်တတ်တာမို့.. ကျင့်ဝတ်တွေအရ… အိမ်ဖော်ကလည်းထားလို့မဖြစ်.. မိဘကလည်း ကိုယ်ခွဲမရှိတော့.. ခမျာရနိုင်သလို လုပ်ရတော့တာပါပဲ)
အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံနဲ့ မသင့်မတင့်ဖြစ်တော့ သူတို့နဲ့သမိုင်းချီပြီးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ဖတ်စာအုပ်တစ်အုပ်လုပ်လိုက်ပြီး သမိုင်းဘာသာမှာ ထပ်တိုးသင်ပါတယ်။ တရုတ်.. အိန္ဒိယ အစရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ မသင့်မတင့်မဖြစ်ရပါစေနဲ့လို့လည်း ဆုတောင်းရပါတယ်။ နို့မို့ ကလေးတွေ ထပ်ကျက်နေရအုံးမှာစိုးလို့ပါ။
သမီး စတုတ္ထတန်းမှာစာသင်တုန်းကလည်း မအေရော သမီးရော.. တခြားမိဘတွေ ကလေးတွေပါ ပြောပြောနေကြတဲ့.. ဂျက်ကာ..ဂျက်ကာ ဆိုပြီး… ဂျက်ကာမှာ ဘာမေးမှာ… ဂျက်ကာကို ပိုင်ပြီလားတွေပေါ့။ စာရေးသူတို့ ငယ်ငယ်ကကြားခဲ့ဖူးတဲ့ (ဂျက်ကာ)ဆိုတာက အဓိပ္ပာယ်တစ်မျိုးပေါက်တဲ့ ဘန်းစကားလေ၊ ဒါနဲ့သေချာအောင်မေးစမ်းကြည့်တော့မှ သင်ရိုးအပြင် အပိုထပ်သင်ရတဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (ဂျိုက်ကာ- JICA)နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ သင်ခန်းစာအသစ်တဲ့၊ ကျောင်းတိုင်းမသင်သေးပဲ အခုရှေ့ပြေးစမ်းသပ်သင်တဲ့ ကျောင်းတွေမှာပဲ သင်ရသေးတာတဲ့။
ကျိုးကြောင်းတွေးခေါ်ဆက်စပ်သင်ယူမှုမပါဘဲ.. ဒီကနေ..ဒီအထိကျက်.. ဒီမေးခွန်းမေးရင် ဒီလိုဖြေဆိုတဲ့ သင်ကြားမှုကနေ သင်တာ အလွတ်ကျက်ပြီး..ရတာအလွတ်ရေးရတဲ့ ပညာရေးပုံစံခွက်ထဲမှာ တစ်ဘာသာ တိုးကျက်ရလို့ ကလေးတွေ စိတ်ပင်ပန်းရတာတော့အမှန်ပါပဲ။ ကျွန်တော်တို့ရဲ့ကလေးတွေအကုန်လုံးဟာ ပိဋ္ဋကသုံးပုံ အာဂုံအောင်လို့ နှုတ်ငုံဆောင်နိုင်လိမ့်မယ်လို့ ထင်ထားလို့တော့မရပါဘူး။
တစ်လောကလည်း စိုက်ပျိုးရေးဝန်ကြီးက မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်တာမို့ စိုက်ပျိုးရေးဟာ အရေးကြီးကြောင်း၊ အခြေခံပညာသင်ရိုးမှာ စိုက်ပျိုးရေးဘာသာရပ်ကို အတန်းလိုက် ထည့်သွင်း သင်ကြားနိုင်ဖို့ ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်သွားမယ်လို့ ပြောတာကြားလိုက်ရပါသေးတယ်။ ကျွန်တော်တို့ရဲ့ကလေးတွေဟာ သင်ပေးနေသမျှ ခေါင်းထဲအကုန် ထည့်နိုင်မယ့် ဉာဏ်ကြီးရှင်လေးတွေတော့ မဟုတ်နိုင်ပါဘူး။
ကုန်ခဲ့တဲ့ သုံးလေးငါးနှစ်လောက်တုန်းက ကလေးတွေ ကိုယ့်ကျောင်းမှာကိုယ် အပိုကြေးပေးပြီး အချိန်ပိုတက်ခဲ့ကြရတာတွေ ရှိခဲ့ဖူးတာ မှတ်မိကြအုံးမှာပါ။ အခုထိလည်း အချို့သောကျောင်းတွေမှာ အချိန်ပိုတက်ရတဲ့စနစ် ကျင့်သုံးနေဆဲလည်း ရှိနိုင်ပါတယ်။ သင်ရိုးပါ သင်ခန်းစာနဲ့ သတ်မှတ် စာသင်ချိန်နဲ့ မလုံလောက်တာကြောင့် စာသင်ချိန်အပြင် အပိုထပ်ဆောင်း သင်နေကြရတာလားဆိုတာ သုံးသပ်ကြည့်သင့်ပါတယ်။
ကျွန်တော်တို့လိုလူကြီးအရွယ်တွေတောင် နိုင်ငံရပ်ခြားမှာ ကိုယ့်လုပ်ငန်းဆိုင်ရာ ပညာရပ်မွမ်းမံသင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်လို့ တက်ရောက်ကြရင် အချိန်နဲ့ သင်ရိုးဘာသာရပ်ကို ကိုက်ညီအောင် စီမံပြင်ဆင်ထားကြတာ သတိပြုမိပါတယ်။
” ခု (၄)နာရီကြာ ဆွေးနွေးပို့ချပြီးပြီ၊ မင်းတို့ခေါင်းထဲမှာ ဒီထက်ပိုထည့်ဖို့ မရလွယ်တော့ဘူး ” လို့ ဥရောပက ဘာသာရပ်ကျွမ်းကျင်သူ အမျိုးသမီးကြီးတစ်ဦးနဲ့ အောက်စဖို့ဒ်က ဆရာမတစ်ဦးကတော့ သူတို့သင်တန်းတွေမှာ ဖွင့်ပြောဖူးပါတယ်။
(၁၁)တန်းတွေ (၁၂)တန်းတွေဆိုတဲ့ အရေအတွက်တွေထက် စာသင်နှစ်တစ်နှစ်စာ သင်ခန်းစာတွေရဲ့ အရည်အသွေးနဲ့ အသုံးချနိုင်မှုနယ်ပယ်ကို ပိုဦးစားပေးနိုင်ရင်တော့ ဒီမှာဆယ်တန်းအောင်ထားတဲ့ ကလေးတစ်ယောက်က နိုင်ငံခြားတက္ကသိုလ် ပထမနှစ်ကို စတက်နိုင်ပါလိမ့်မယ်။
(၁၁)တန်းတွေ (၁၂)တန်းတွေဆိုတဲ့ အရေအတွက်တွေကြောင့် အိမ်နီးချင်းနိုင်ငံတွေကို မယှဉ်နိုင်တာလား၊ သင်ကြားမှုအရည်အသွေး၊ သင်ခန်းစာ၏အကျိုးဖြစ်ထွန်းမှုနှင့် သင်ယူသူ၏လက်ခံနိုင်မှုပမာဏ၊ ပံ့ပိုးပေးနိုင်မှုပတ်ဝန်းကျင်ကောင်းတွေ လိုက်မမီနိုင်လို့ အိမ်နီးချင်းနိုင်ငံတွေကို မယှဉ်နိုင်တာလားဆိုတာကလည်း သုံးသပ်သင့်ပါတယ်။
ပညာသင်ကြားရေးစနစ်တစ်ရပ်ကို ပြုပြင်ပြောင်းလဲရေးဖော်ဆောင်တဲ့နေရာမှာ.. ပညာရှင်တွေရဲ့အမြင်တွေကိုသာ အားပြုခြင်းထက် လက်ရှိစာသင်နေတဲ့ဆရာ/ဆရာမတွေ၊ ကျောင်းသားမိဘတွေ၊ ကျောင်းသူ/ ကျောင်းသားလေးတွေရဲ့အမြင်တွေကိုပါထည့်သွင်း စဉ်းစားနိုင်ရင်တော့ ပကတိလက်တွေ့အခြေအနေတွေနဲ့ ပိုဆက်စပ်နိုင်လိမ့်မယ်လို့မြင်မိပါတယ်။
ဝန်ကြီးတွေ ၀န်ကလေးတွေကို ပရိုဂျက်တာမှာဆလိုက်ထိုးပြီးတင်ပြရတဲ့ တင်ပြမှု (ပရဆန်တေးရှင်း)တွေမှာ – ညွှန်ကြားမှုကိုနာခံအပ်ပါတယ် – ဆိုတဲ့ နောက်ဆုံးဆလိုက် (စာမျက်နှာ)အရောက်မှာ လက်ကလေးနှစ်ဖက် ရှေ့မှာ အသာယှက်လို့ လမ်းညွှန်မှာကြားမှုကို ငြိမ်ငြိမ်လေး နာယူဆောင်ရွက်ရတဲ့ပညာရှင်တွေရဲ့အယူအဆ အမြင်တွေအပြင် လက်တွေ့ ပညာရေးနယ်ပယ်ကို ထိတွေ့ဆက်ဆံနေရတဲ့ ဆရာ/ဆရာမတွေ၊ မိဘတွေ၊ ကျောင်းသူ/ကျောင်းသားလေးတွေရဲ့အမြင်တွေကလည်း စိတ်ဝင်စားဖို့ကောင်းမှာပါ။
ပညာသင်ကြားရေးစနစ်တစ်ရပ်ကို ပြုပြင်ပြောင်းလဲရေးဖော်ဆောင်တဲ့နေရာမှာ.. မိဘတွေ ကျောင်းသူ/ ကျောင်းသားတွေအတွက် အခက်အခဲမရှိစေဖို့ကတော့ မဖြစ်မနေထည့်သွင်းစဉ်းစားသင့်တဲ့ အချက်ပါပဲ။
(မောင်တင်)
0 comments:
Post a Comment