အကြည့်ပြောင်းဖို့လိုပါပြီ
by Freedom Sensor Khayey on Wednesday, October 17, 2012 at 12:30am ·
လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ရန်ကုန်မြို့တွင်း ခေတ်မှီဘာသာစကားအတတ်သင်ကျောင်းများ
Native speakersများကိုယ်တိုင်သင်ကြားပေးသော ကျောင်းကြီးများပေါ်ပေါက်ခဲ့ပါတယ်။
နိုင်ငံခြားသို့သွားရောက်ပညာသင်ယူကြမယ့် လူငယ်များအတွက်အဓိကထား တက်ရောက်နိုင်ပါတယ်။
အင်္ဂလိပ်၊ ဂျပန်၊ တရုတ်ဘာသာစကားတွေအတွက် နိုင်ငံခြားခေတ်ရယ်လို့ အနှစ် ၂၀ကျော်လောက်ခေတ်စားနေခဲ့ပါတယ်။
ဘယ်နိုင်ငံမှာလဲ သားကစင်ကာပူ၊ ဦးလေးက ဂျပန် ပြောရရင်ကို ပနံစားလှပါတယ်။
ခုတလောမှာတော့ နည်းနည်းချင်းစီ ပြောင်းလဲလာနေပါပြီ။
အရင်ကလိုတော့ အားရဝမ်းသာမဟုတ်တော့ပြန်ပါဘူး။
နိုင်ငံခြားမှာနေရတဲ့ လူတွေဘဝကို ကိုယ်ချင်းကိုယ်ချင်း သိလာကြလို့ပါပဲ။ ဒီလိုပါပဲ။
မြန်မာပြည်က ကျောင်းသားမိဘတွေမှာလည်း ယခင်က သားသမီးက ဘယ်မှာကျောင်းတက်ချင်တယ်.. ဆိုတာနဲ့ ရှိသမျှပေါင်နှံရောင်းချပြီး ပို့ပေးကြပါတယ်။ အဆင်ပြေရင် ပြန်ဆပ်ပေါ့။ ဒီလိုပါ။ ယခု အချိန်မှာ ကျောင်းသားမိဘတွေမှာလည်း နိုင်ငံခြားလွှတ်အလုပ်လုပ်ခိုင်းဖို့ရာ သေချာစဉ်းစားကြပါတယ်။ နိုင်ငံခြားခေတ်တစ်ခေတ်အတွင်းမှာ နိုင်ငံခြားဘာသာစကားလေ့လာသူတွေ မြောက်မြားစွာပေါ်ပေါက်ခဲ့ပါတယ်။ ထိုသို့ ဘာသာစကားတစ်မျိုး သင်ယူကြတဲ့နေရာမှာ သင်ယူရာဘာသာစကားရဲ့ ယဉ်ကျေးမှုကိုလိုက်၍အငွေ့အသက် နေ့စဉ်နေထိုင်မှုဓလေ့တို့သည်လည်း လူငယ်ဘဝမှသည် အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ပြောင်းလဲလာပါတယ်။ အသက်မွေးဝမ်းကြောင်းပြုရာမှာလည်း နေ့စဉ် လေ့လာရာ ဘာသာစကားကိုသာ အသုံးပြုနေခဲ့သည့်အတွက် ဘာသာစကားတတ်သူက ခေါင်းတစ်လုံးပိုသာတယ် စသည်ဖြင့်...ဘာသာစကားလေ့လာသူတစ်ဦးမှာ လူတစ်ကိုယ်နဲ့ ဘဝနှစ်မျိုး ဆိုရင်လည်း မှန်ပါတယ်။ အများအားဖြင့် ဘာသာစကားသင်ယူစမှာတော့ နိမ့်ပါးနေတဲ့မိမိတို့တိုင်းပြည်အခြေအနေအရ တိုင်းပြည်ကြီးများနဲ့နှိုင်းယှဉ်လေ့လာရာတဲ့အခါတွင်လည်းကောင်း၊ အသားကျနေသော လူထု၏နိုင်ငံကြီးသားပီသမှု၊ တစ်ဦးစီစောင့်ထိန်းလိုက်နာတတ်သော အကျင့်တို့အပေါ်တွေ အထင်ကြီးမှုများလည်း ဖြစ်ရသည် အမှန်ပင်။
ထိုသို့အထင်ကြီးခြင်းနှင့်အပြိုင် ဘာသာစကားသင်ယူကြသော လူငယ်တို့၏စိတ်တွင် လူမျိုးကြီးများ၏ဘာသာစကားကို တတ်နေသူတစ်ဦးဖြစ်သဖြင့် မိမိကိုယ်ကိုယ် ယုံကြည်မှုသည်လည်း အပြည့်၊ ဘဝအနာဂတ်အိမ်မက်တဖြစ်လည်း မလွဲပေ။ လူလူချင်းလည်းကွာလှသည်မဟုတ်။ နိုင်ငံခြားသားတစ်ဦးရှိနေရင်ပင် စိတ်ဝင်စားစရာလေးဖြစ်နေခဲ့သည်။ မြန်မာပြည်မှသွားကြသော ကျောင်းသားလူကြီးလူငယ်များအတွက်မူထိုသို့မဟုတ်ပေ။ မြန်မာဟုဆိုလျှင် မသိသူများစွာရှိနေသေးသည်။
မြန်မာစာ မြန်မာစကား ဆိုလျှင် ဝေးပါလေ့။ သို့သော် စိတ်ဝင်တစား သင်ယူကြသော နိုင်ငံခြားသားများရှိခဲ့သလို မိမိဘာသာစကား၏အတိမ်အနက် နက်ရှိုင်းမှု၊ စကားလုံးခမ်းနားကြွယ်ဝမှုတို့ကို မသိသူများထဲတွင် ယခုစာရေးသူကိုယ်တိုင် ပါဝင်သည်။ နာမည်ကြီးစာရေးဆရာကြီးများ၏ ဝတ္တုကောင်းများထဲမှ လူပြောများလွန်းသည်ကို သာဖတ်တတ်ခဲ့သည်။ ဤတွင် မိမိတို့စာပေ၏နက်နဲမှုကို သိတန်သလောက်သိသည်။ သို့ရာတွင် အချိန်ပေးလေ့လာဖို့ရန်မှာ ယခုအခြေအနေတွင် နေ့စဉ်ဘဝ အသက်မွေးဝမ်းကြောင်းအတွက် အခြားဘာသာစကားကိုသာ အဓိကထားလေ့လာရသည့် အခြေအနေ။ တိုင်းပြည်- လူမျိုး- နေ့စဉ်သုံးဘာသာစကား- ယဉ်ကျေးမှု၊ ဓလေ့၊ ပညာရေးအဆင့်အတန်း တို့ အပြန်အလှန်ဆက်နွယ်နေသည်။ စာရေးသူ၏မိတ်ဆွေထဲတွေ ပြင်သစ်နိုင်ငံမှ အထက်တန်းအောင်ကျောင်းသားတစ်ဦးသည် ရေကူးကန်ကိုယ်တိုင်ဖန်တီးနိုင်သည်။ အိမ်ကိုလည်း စိတ်ကြိုက်ပုံ ကိုယ်တိုင်ဆောက်နိုင်သည်။ လူငှားရမ်း၍မဟုတ်၊ ငွေအင်အားသုံး၍မဟုတ်ပဲ ဖြေးဖြေးချင်း အမျိုးများအိမ်အနီးအပါးမှလူများ
လုပ်အားပေး၍ ကိုယ်တိုင်တည်ဆောက်ကြကြောင်းသိရသည်။ ထို့အတူ ယခုအသစ်ဆောက်လုပ်ပြီးစ အဆောက်အဦးတစ်ခု၏ ဖွဲ့စည်းပုံအဆင့်ဆင့်ကို အဲကွန်း လေပူလေအေးပေးစံနစ်၊ security စံနစ်တို့ထားရှိပုံ၊ မှစ၍ အသေးစိတ် အထက်တန်းအောင်တစ်ယောက်မှ ရှင်းပြခဲ့ဖူးသည်။ အသက် ၂၂အရွယ် ဂျပန်လူမျိုးတက္ကသိုလ်ကျောင်းသားတစ်ဦး ဒိုင်းနမိုက်များပြုလုပ်သည့် ဘာသာရပ်ကို မိခင်ဘာသာစကား ဂျပန်ဘာသာဖြင့် လေ့လာနိုင်ပြီး၊ အသက် ၂၅နှစ် တိုကျိုဒန်းခိရှိ တက္ကသိုလ်ကျောင်းမှ ကျောင်းသားတို့သည် နိုင်ငံတကာသို့သွားရောက်ပြီး ကျောင်းပေါင်းစုံ ဂျပန်ဘာသာအခြေခံသော Programဖြင့် Robot ပြပွဲတို့တွင် ပါဝင်ဆင်နွဲနေခဲ့သည်။ ဤတွင် ပြင်သစ်၊ ဂျပန် အစရှိသောတိုင်းပြည်တို့တွင် မိခင်ဘာသာစကားပြန့်ပွားမှုကြောင့် လူထုမှရရှိသော အကျိုးကျေးဇူးများပင်။
ထိုသို့တိုင်းပြည်ကြီး လူမျိုးကြီးများကိုကြည့်လျှင် မိခင်ဘာသာစကားမည်မျှပြန့်ပွားနေသည်ကို ပူးတွဲသိရှိနိုင်သည်။ အသက်အရွယ်၊ ဥာဏ်ရည်၊ တူပါလျှက် ပညာရပ်တစ်ခုကိုလေ့လာဖို့ရာတွင် ဘာသာစကားခံနေ၍လည်းကောင်း၊ မိမိတို့နိုင်ငံတွင် မရှိသေးသော ခေတ်ပညာရပ်များ ပြန့်ပွားနေခြင်းကြောင်းလည်းကောင်း အထင်ကြီး အားကျနေရခြင်းသာဖြစ်သည်။
မြန်မာလူမျိုးတစ်ဦး နိုင်ငံရပ်ခြားတွင် ပညာရပ်တစ်ခု ကို ကျွမ်းကျင်စွာတတ်မြောက်သွားခြင်းသည် နိုင်ငံကို ကယ်တင်နိုင်ခြင်းမဟုတ်ပေ။ သို့ရာတွင် ထိုသူသည် သူတတ်မြောက်ထားသော ပညာရပ်ကို မိခင်ဘာသာစကားသို့ ပြန်ဆိုနိုင်ပါက ပညာရေးအရနိမ့်ပါးနေသော နိုင်ငံကို မုချကယ်တင်နိုင်မည်မှာ သေချာပြီ။ သို့ဆိုလျှင် မြို့တွင်းလှည့်လည်သွားလာနေကြသော နိုင်ငံခြားသားများကို ငေးလှည့်ကြည့်စရာ ကွမ်းယာသည်လေးပင် လိုတော့မည်မဟုတ်ပေ။ ထို့သို့သော ဘဝကို တစ်နေ့ မြန်မာလူမျိုးတို့ မုချရောက်အောင် ကြိုးပမ်းရပေမည်။
(အခြားလုပ်စရာများရှိနေသဖြင့် စာပြန်မစစ်နိုင်ခဲ့ပါ။ ဖတ်ရသည်တွင် အဆင်မပြေသည်များ ရှိပါက နားလည်ခွင့်လွှတ်စေချင်သည်။)
0 comments:
Post a Comment