Saturday, October 20, 2012

စာပန်းတောထဲ မျောကြည့်ခြင်း (အနောက်တိုင်း ဆေးပညာဆိုင်ရာ နှစ် ၂၀၀ မှတ်စုမှတ်ရာများ)


by ဒေါက်တာလွှမ်းမိုးဟန်(Dr Hlwan Moe Han) on Saturday, October 20, 2012 at 5:23pm ·


                        အနောက်တိုင်းပြည်များ၏ ဖြတ်သန်းမှုသမိုင်းကို အကြမ်းဖျဉ်းလေ့လာကြည့်မည်ဆိုရင် ရှေးဟောင်းဂရိပြည်မှသည် ခရစ်ယာန်အယူဝါဒ ခေတ်ဦး၊ရီနေဆွန်း ခေတ်ဥရောပမှသည် ၀ိတိုရိယ ခေတ်ဗြိတိန်အထိ ရှည်လျားလှသည့် သမိုင်းစဉ်ကိုတွေ့ရမည်။ ထိုထိုသော ခေတ်များနှင့် လက်ရှိမျက် မှောက်ခေတ် ကျန်းမာရေးအဆင့်အတန်းများက အဘယ်မျှကွာခြားပါသလဲ။
ယနေ့ခေတ်ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ လိုအပ်ချက်များ၊အားနည်းချက်များ ရှိနေသည်
ဟု ဝေဖန်ထောက်ပြသံတွေ ဆူညံနေပေမယ့် ရှေးယခင်ခေတ်များနှင့် ယှဉ်ကြည့်လိုက်လျှင် ဘယ်လိုများနေပါသလဲ။
                        ယနေ့ခေတ်မှာ အသက်ဇီဝိန်ကိုခြွေတတ်သည့် ကူးစက်ရောဂါပိုးအသစ်များ၊အစုလိုက်အပြုံလိုက်သေစေသည့်လက်နက်ကြီးများ၊ကမ္ဘာကြီးပူနွေးလာမှုစသည်တို့က လူသားတို့၏ ကျန်းမာရေးကို ခြိမ်းခြောက်လျက်ရှိပါသည်။ ဒါတောင် ဆေးဝါးတွေကို အလွန်အကျွံညွှန်းဆိုလျက်ရှိသည့် ဆေးကုမ္ပ္ပဏီကြီးများ၊ ခဏခဏမှားယွင်းတတ်သည့် ဆေးရုံကြီးများနှင့် ဆရာဝန်များ၏ ရန် မပါသေး။
                        သို့ပေမယ့် ရှေးပဝေသဏီခေတ်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အနေအထားများ ကိုရော ကျွန်တော်တို့ဘယ်လောက်သိထားကြသလဲ။ထိုခေတ်များနှင့် မျက်မှောက်ခေတ်ကျန်းမာရေး အခြေအနေက ဘယ်လောက်အတိုင်းအတာအထိကွာခြားပါသလဲ။ ရှေး ခေတ်ဂရိပြည်မှာ ချောချောမောမောလူ့လောကထဲရောက်လာဖို့မလွယ်။ အကြောင်းအမျိုးမျိုးကြောင့် မိခင်ဝမ်းထဲမှာပဲ ပျက်စီးသွားသည့်နှုန်းက အတော်မြင့်သည်။လူဖြစ်လာပြီဆိုရင်လည်း ကူးစက်ရောဂါများကြောင့်
အသက်ငယ်ငယ်နှင့် သေသွားဖို့ အလားအလာများသည်။ကလေးသူငယ်ဘ၀မှာ မတိမ်းပါးပဲ အသက်ရှင်ကျန်ခဲ့ပြီဆိုရင်လည်း အရွယ်ရောက်ပြီးလူကြီးတစ်ဦး၏ဘ၀ကို ကြမ်းကြမ်းတမ်းတမ်း ပင်ပန်းဆင်းရဲကြီးစွာဖြင့် ဖြတ်သန်းရမှာဖြစ်ပါသည်။
အစာရေစာ ငတ်မွတ်သည့်ဒုက္ခတွေရှိဦးမည်။အသက်အရွယ်ရလာပြီဆိုရင်လည်း သချိုင်းကုန်းကို မျက်စောင်းထိုးနေသည့်အိုကြီးအိုမတစ်ဦးအဖြစ် ဘ၀နေ၀င်ချိန်ကို ခပ်မြန်မြန်ဖြတ်သန်းသွားရမှာ ဖြစ်ပါသည်။
                        ယနေ့ခေတ်မှာ လူဖြစ်လာရသူများအတွက် ကံကောင်းသည့်အချက်က ယနေ့ ကမ္ဘာ့နိုင်ငံများ၏တစ်ဝက်လောက်မှာ လူ့သက်တမ်း အသက် ၈၀ နားကပ်နေပြီ။ဟိုးအရင်ခေတ်များလို ပင်ပင်ပန်းပန်းဖြင့် ဘ၀ကိုဖြတ်သန်းစရာမလို။ အထူးသဖြင့် အနောက်ကမ္ဘာနိုင်ငံများမှာ မွေးဖွားရှုင်သန်ခွင့် ရသူများအတွက် ဘ၀သည် တိုတိုလေးမဟုတ်တော့။
                        မှန်ပါသည်။ကျန်းမာရေးအဆင့်အတန်းသည် ယခင်ခေတ်ကာလများနှင့်ယှဉ်လျှင် အလွန်အလွန်ကိုတိုးတက်လာခဲ့သည်မှာ သေချာပါသည်။သို့ပေမယ့် လူ့အလိုကို နတ်မလိုက်နိုင်သေး။ အနောက်တိုင်းဆေးပညာ၏ သမိုင်းစဉ်တလျှောက်တိုးတက်လာခဲ့မှုများကိုမမေ့မှသာလျှင် ယနေ့ခေတ် ဆေးပညာ၏တိုးတက်မှုများကို အသိအမှတ်ပြုနိုင်မည်။
ထို့အတွက် ယူကေနိုင်ငံ၊လန်ဒန်တက္ကသိုလ် သမိုင်းပညာဌာနမှ စီစဉ်သည့် အနောက်တိုင်းဆေးပညာဓလေ့ (၁၈၀၀မှ ၂၀၀၀ပြည့်နှစ်အထိ) The Western Medical Tradition 1800 to 2000ဟူသည့်  စာအုပ်တစ်အုပ်၂၀၀၆ ခုနှစ်တွင် ထွက်ပေါ်လာခဲ့သည်။
                        သမိုင်းပညာရှင် ၅ဦးပူးပေါင်း ရေးသားထားသည့်ယခု စာအုပ်တွင် အခန်းနှစ်ခန်းခွဲထားသည်။ ပထမခန်းမှာက (၁၈၅၀မှ၁၉၄၅)ခုနှစ်ထိ ဆေးပညာတိုးတက်မှုများပါဝင်ပြီး ၁၉၄၅မှ သက္ကရာဇ် ၂၀၀၀ပြည့်နှစ်အထိကို ဒုတိယပိုင်းအဖြစ်ရေးသားထားသည်။ ၁၈၅၀ မှ ပထမကမ္ဘာ စစ်ကြီးမဖြစ်ခင် ၁၉၁၃ခုနှစ်အထိသည်  အနောက်တိုင်းဆေးပညာဖွံ့ဖြိုးတိုးတက်မှု၏အစဖြစ်သည်။ မျက်မှောက်ခေတ်ဆေးပညာ ၏ တိုးတက်မှုမှန်သမျှသည် ထိုကာလအတွင်းမြစ်ဖျားခံခဲ့သည်။ပြည်သူ့ကျန်း
မာရေးပညာ၊ကူးစက်ရောဂါကာကွယ်ဆေးများ၊ ခွဲစိတ်ကုသမှု ပညာ၊မေ့ဆေးပညာ စသည်အားလုံးတို့မှာ ထိုကာလအတွင်း အခြေတည်ခဲ့ကြခြင်းဖြစ်သည်။
                        ၁၉၁၄မှ ၁၉၄၅ခုနှစ်အထိ ကာလများသည် ကမ္ဘာစစ်ကြီးနှစ်ခုကို ဖြတ်သန်းနေရချိန် ဖြစ်သောကြောင့် ဆေးပညာတိုးတက်မှုနှေးကွေးသည့် အချိန်ဟုဆိုရမည်။ ၁၉၄၅ခုနှစ်နောက်ပိုင်းတွင်မူ အနောက်တိုင်းဒီမိုကရေစီစနစ် ဖွံ့ဖြိုးလာမှုနှင့်အတူ ဆေးပညာတိုးတက်မှုများသည်လည်း ပြန်လည် အရှိန်ရလာခဲ့သည်ဟုဆိုရမည်။
                        ၁၉၄၅မှ ၂၀၀၀ပြည့်နှစ်ထိအပိုင်းကို သမိုင်းပညာရှင် သုံးဦးပူးပေါင်းရေးသားထားကြပြီး အနောက်တိုင်းဆေးပညာတိုးတက်မှုများနှင့် အတူ ပေါ်ထွက်လာသည့် ကျင့်ဝတ်ပိုင်းဆိုင်ရာပြသနာများ၊ ဆရာဝန်ကူညီပြီးလူနာအားသေစေသည့်Euthanasia အကြောင်း စသည်ဖြင့် ဆွေးနွေးငြင်းခုံစရာများ ကိုလည်း တွေ့ထိပြသွားသည်။
                        အချုပ်ဆိုရသော် အနောက်တိုင်းဆေးပညာသမိုင်းကို စိတ်ဝင်စားသူများအတွက် အတိုင်းအတာတစ်ခုအထိ ကျေနပ်မှုပေးစေနိုင်မည့် သိပံ္ပပညာဆိုင်ရာသမိုင်းစာအုပ်တစ်အုပ်ဟု ဆိုချင်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...