ဆည်းပူးလေ့လာ နိုင်ငံရေးပညာ အခန်း (၂)
နိုင်ငံတော် (The State) ဆိုရာဝယ် (အပိုင်း-၃)
(၃) Critical theories of the State
(က) Marxism
(၁၈၄၈) ခုနှစ်မှာ ထုတ်ဝေတဲ့ ကွန်မြူနစ်ကြေငြာစာတမ်းမှာ Marx နဲ့ Engels တို့က မော်ဒန်နိုင်ငံတော်ကို အုပ်ချုပ်တဲ့အစိုးရဆိုတာ အရင်းရှင်တွေရဲ့ ဘုံအကျိုးစီးပွားတွေကို စီမံခန့်ခွဲပေးနေရတဲ့ ကော်မတီတရပ် သာဖြစ်တယ်လို့ ဆိုထားပါတယ်။ မတ်စ်ဝါဒီတွေက နိုင်ငံတော်ကို ရှုမြင်သုံးသပ်ရာမှာinstrumentalist approach ကို အသုံးပြုလေ့ရှိပါတယ်။ instrumentalist approach ရဲ့ အခြေခံကတော့ ခေတ်သစ်အရင်း ရှင်တွေဟာ အရင်းရှင်တွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကို ရေရှည်ကိုယ်စားပြုတဲ့ ပြည်သူ့ရေးရာမူဝါဒတွေကို ရေးဆွဲနိုင်စွမ်းရှိပြီး၊ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးအင်စတီကျူရှင်းတွေက ဒီလိုမူဝါဒတွေကို ပြဌာန်းလာအောင်၊ လက်ခံကျင့်သုံးလာအောင် လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ခေတ်သစ်နိုင်ငံတော်ဟာ အရင်းရှင် လူတန်းစားရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို ခံထားရတဲ့အတွက် အရင်းရှင် လူတန်းစားရဲ့ အကျိုးစီးပွားကို ဆောင်ကျဉ်းပေးနေတာဖြစ်တယ်လို့ ယူဆကြပါတယ်။
(ခ) Neo-Marxism
Neo-Marxists တွေက နိုင်ငံတော်ကို ရှုမြင်သုံးသပ်ရာမှာ structuralist approach ကို အသုံးပြုလေ့ရှိပါတယ်။ Structuralists approach အရ နိုင်ငံတော်ဟာ စီးပွားရေးတည်ငြိမ်မှုနဲ့ အရင်းရှင်လူ့အဖွဲ့အစည်းတွေရဲ့ class struggles တွေအကြားမှာ ညှိနှိုင်းဖို့အတွက် နိုင်ငံရေးအရ ပါဝင်ပတ်သက်ရမယ်လို့ ဆိုထားပါတယ်။ Ernest Mandel ရဲ့ structuralist thesis အရ နိုင်ငံတော်ရဲ့ အဓိကတာဝန်ဟာ အရင်းရှင်လူ့အဖွဲ့အစည်းရဲ့ လူမှုဖွဲ့စည်းပုံကို ကာကွယ်ဖို့နဲ့ ပြန်လည်ပြင်ဆင်ရေး ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ မူဝါဒတွေနဲ့ နိုင်ငံတော်ရဲ့ အင်စတီကျူးရှင်းတွေကို သူတို့ရဲ့ အဓိကတာဝန်ဖြစ်တဲ့ အရင်းရှင်စနစ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး တာဝန်ကို ကြည့်ပြီး၊ အရင်းရှင်စနစ်ရဲ့ အေးဂျင့်တွေအဖြစ် ယူဆနိုင်ကြောင်း Neo-Marxists တွေက လက်ခံထားကြပါတယ်။ Jill S. Quadagno က နိုင်ငံတော်ဟာ အရင်းရှင်တွေရဲ့ အကျိုးစီးပွားကို ထိန်းသိမ်းဖို့ mediating bodyအနေနဲ့ တည်ရှိနေခြင်းဖြစ်ကြောင်း ဆိုထားပါတယ်။
(ဂ) Post-Marxism
Post-Marxism ရဲ့ သီအိုရီဆိုင်ရာ ရည်မှန်းချက်က အရင်းရှင်နိုင်ငံများရဲ့ မူဝါဒရေးရာ စွမ်းဆောင်ရည် အားနည်းချက်များကို မီးမောင်းထိုးပြတဲ့ အရင်းရှင်နိုင်ငံတော်ဆိုင်ရာ သီအိုရီတရပ် ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။Marxist နဲ့ neo-Marxist သီအိုရီတွေက နိုင်ငံတော်ဆိုတာကို အရင်းရှင်စနစ် တည်ငြိမ်အောင် ထိန်းသိမ်းစောင့်ရှောက်တဲ့ အေးဂျင့်အနေနဲ့သုံးသပ်မှုတွေ လုပ်ပေမယ့် Post-Marxism ကတော့ အရင်းရှင်လူ့အဖွဲ့အစည်းရဲ့ နှောင်းပိုင်းကာလတွေမှာ ကြုံတွေ့ရတဲ့ crisis tendencies ကို အာရုံထားပါတယ်။ Post-Marxists တွေက နိုင်ငံတော်ကို ရှုမြင်သုံးသပ်ရာမှာ organizational realist approach ကို အသုံးပြုလေ့ရှိပါတယ်။ organizational realists တွေက နိုင်ငံတော်ဆိုတာကို နယ်မြေပိုင်နက်နဲ့ ပြည်သူလူထုကို ထိန်းချုပ်ဖို့နဲ့ နိုင်ငံရေးအာဏာကျင့်သုံးဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတရပ်အနေနဲ့ မြင်ပါတယ်။ organizational realism ရဲ့ အခြေခံသဘောတရားက နိုင်ငံတော်ကို စီမံခန့်ခွဲသူများဟာ self-interested maximizers များဖြစ်ပြီး၊ သက်ဆိုင်ရာ အင်စတီကျူရှင်းရဲ့ ပါဝါကြီးထွားရေး၊ ထင်ပေါ်ကျော်ကြားရေး၊ ချမ်းသာကြွယ်ဝရေးအတွက် လုပ်ဆောင် သူများဖြစ်တယ်ဆိုတဲ့ အမြင်ကို အခြေခံထားပါတယ်။ organizational realists တွေက နိုင်ငံတော်ဆိုတာကို ဆုံးဖြတ်ချက်ချမှတ်တဲ့ အစုအဖွဲ့တွေတင်မဟုတ်ပဲ autonomous organizational actor အဖြစ် သတ်မှတ်ထားပါတယ်။
နိုင်ငံတော်၏ အခန်းကဏ္ဍ
နိုင်ငံတော်နဲ့ ပတ်သက်ပြီး အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ သီအိုရီသဘောတရားတွေမှာ ကွဲပြား ခြားနားမှုရှိသလိုပဲ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍ (The role of the state) နဲ့ ပတ်သက်ပြီးတော့လဲ ကွဲပြားတဲ့အမြင်တွေ ရှိပါတယ်။ မင်းမဲ့ဝါဒီတွေ (anarchists) ကလွဲရင် နိုင်ငံရေးတွေးခေါ်လေ့လာသူ အများစုက နိုင်ငံတော်ဆိုတာ အတိုင်းအတာတခုအထိ လိုအပ်ကြောင်း လက်ခံထားကြပါတယ်။ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍတွေ အပေါ်မှာ အခြေခံပြီး နိုင်ငံတော်ပုံသဏ္ဍာန် (state forms) တွေကို minimal state, developmental state, social-democratic state, collectivized state နဲ့ totalitarian state ဆိုပြီး သဏ္ဍာန် (၅) မျိုး ခွဲခြားထားပါတယ်။
(၁) Minimal State
Minimal State ဆိုတာ လစ်ဘရယ်ဝါဒီတွေ မျှော်မှန်းထားတဲ့ နိုင်ငံတော်သဏ္ဍာန် ဖြစ်ပါတယ်။ Minimal State မှာ လူတဦးချင်းစီဟာ လွတ်လပ်မှုကို အကျယ်ပြန့်ဆုံးခံစားရနိုင်တဲ့ အခွင့်အလမ်းတွေ ရှိမှာ ဖြစ်ပါတယ်။ ဒီအမြင်အရ နိုင်ငံတော်ဆိုတာ ကာကွယ်စောင့်ရှောက်ရေးအစု တခုသာဖြစ်ပြီး၊ နိုင်ငံတော်ရဲ့ အဓိကတာဝန်ဟာ peace and social order ကို ထိန်းသိမ်းပေးဖို့ပဲ ဖြစ်ပါတယ်။ John Locke ရဲ့ အင်မတန်ကျော်ကြားလှတဲ့ အဆိုအမိန့်အရဆိုရင် နိုင်ငံတော်ဆိုတာ nightwatchman ပဲ ဖြစ်ပါတယ်။ လိုအပ်လာတဲ့အခါ ပြည်သူလူထုကို ၀န်ဆောင်မှုပေးရမှာ ဖြစ်ပါတယ်။ Minimal State ရဲ့ တာဝန်သုံးရပ်ကို နိုင်ငံရေးပညာရှင်များက ဖော်ပြထားကြရာမှာ ပထမတာဝန်က ပြည်တွင်းတရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းရန်ဖြစ်ပြီး၊ ဒုတိယတာဝန်ကတော့ နိုင်ငံသားတွေအကြားမှာ ချုပ်ဆိုတဲ့ contract တွေကို လိုက်နာစေရန်ဖြစ်ပါတယ်။ တတိယတာဝန်ကတော့ ပြည်ပရန်ကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်ပါတယ်။ သမိုင်းကြောင်းအရ ထင်ရှားတဲ့ Minimal State တွေကတော့ ၁၉ရာစုခေတ် စက်မှုတော်လှန်ရေး ကနဦးပိုင်းကာလက အမေရိကန်နိုင်ငံနဲ့ ယူကေနိုင်ငံတို့ပဲဖြစ်ပါတယ်။
(၂) Developmental State
Developmental State ဆိုတာ စက်မှုကဏ္ဍတိုးတက်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် economic life ထဲမှာ နိုင်ငံတော်က ၀င်ရောက်ပါဝင်ပတ်သက်တဲ့ နိုင်ငံသဏ္ဍာန် ဖြစ်ပါတယ်။ ဒီလို စွက်ဖက်မှုဆိုရာမှာ ဆိုရှယ်လစ်စနစ်သဏ္ဍာန်လိုမျိုး ဈေးကွက်ကို နိုင်ငံတော်က ထိန်းချုပ်တာနဲ့ မတူပါဘူး။ နိုင်ငံတော်နဲ့ အရေးကြီးတဲ့ economic interests တွေအကြားမှာ ပူးတွဲဆောင်ရွက်တာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ ဥပမာကတော့ ဂျပန်နိုင်ငံ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးကာလမှာ ဂျပန်နိုင်ငံရဲ့ Ministry of International Trade and Industry (MITI) နဲ့ Bank of Japan တို့က ပရိုက်ဗိတ်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာမှာ ၀င်ရောက်ကူညီပေးပြီး၊ ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို ဦးမော့လာအောင် ဆောင်ရွက်ခဲ့ပါတယ်။
အလားတူပါပဲ။ ပြင်သစ်နိုင်ငံမှာလဲ လက်ဝဲ၊ လက်ယာ အစိုးရတွေ အားလုံးက စီးပွားရေးစီမံကိန်းတွေ လိုအပ်ကြောင်း အသိအမှတ်ပြုထားကြပြီး၊ state bureaucracy ကို တိုင်းပြည်ရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တဲ့ custodian အဖြစ် သတ်မှတ်ထားပါတယ်။ သြစတြီးယားနဲ့ ဂျာမဏီနိုင်ငံတွေမှာလဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် နိုင်ငံတော်နဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ အကြား ပူးတွဲဆောင်ရွက်တဲ့ 'partnership state' သဏ္ဍာန်ကို အသုံးပြုခဲ့ကြပါတယ်။ အာရှကျား နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး မှာလဲ transnational competition အတွက် နိုင်ငံတော်က စီးပွားရေးမဟာဗျူဟာများ ရေးဆွဲချမှတ်ပေးခဲ့တာတွေ ရှိပါတယ်။
(၃) social-democratic state
Developmental state မှာ နိုင်ငံတော်ရဲ့ ၀င်ရောက်ပါဝင်ပတ်သက်မှုဟာ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး အတွက် ဖြစ်ပြီး၊ social-democratic state မှာ နိုင်ငံတော်ရဲ့ ၀င်ရောက်ပါဝင်ပတ်သက်မှုဟာ တရားမျှတမှု၊ ညီမျှမှုနဲ့ social justice တို့အပေါ်မှာ အခြေခံတဲ့ social restructuring အတွက် ဖြစ်ပါတယ်။ သြစတြီးယားနဲ့ ဆွီဒင်နိုင်ငံတို့မှာ နိုင်ငံတော်ရဲ့ ၀င်ရောက်ပါဝင်ပတ်သက်မှုကို developmentalism နဲ့social-democracy နှစ်မျိုးစလုံးက လမ်းညွှန်ထားပါတယ်။ social-democratic state ဟာ မော်ဒန်လစ်ဘရယ်ဝါဒီတွေနဲ့ ဒီမိုကရက်တစ် ဆိုရှယ်လစ်များက ရည်မှန်းတဲ့ နိုင်ငံတော် သဏ္ဍာန် ဖြစ်ပါတယ်။ social-democratic state ရဲ့ အဓိကသွင်ပြင် လက္ခဏာနှစ်ရပ်ကတော့ Keynesianism နဲ့social welfare မူဝါဒတွေ ဖြစ်ပါတယ်။ Keynesianism မူဝါဒ ရဲ့ ရည်မှန်းချက်က စီးပွားရေးတိုးတက်မှုနဲ့ အလုပ်အကိုင်မြင့်မားမှုအတွက် အရင်းရှင်စနစ်ကို စီမံခန့်ခွဲရန် ဖြစ်ပါတယ်။ social welfare မူဝါဒတွေ ကျင့်သုံးလာရခြင်းဟာ ပြည်သူလူထုရဲ့ social-well beings ကို မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။ ဒါကြောင့်လဲsocial-democratic state ကို လူတဦးချင်းရဲ့ ဘ၀တွေကို မြှင့်တင်ပေးနိုင်တဲ့ 'enabling state' လို့ သတ်မှတ်ကြပါတယ်။
(၄) Collectivized state
Developmental state နဲ့ social-democratic state တွေက စီးပွားရေးဘ၀မှာ ၀င်ရောက် ပါဝင်ပတ်သက်မှုတွေ ပြုလုပ်တာဖြစ်ပေမယ့်၊ Collectivized states ကတော့ စီးပွားရေးဘ၀ တခုလုံးကို နိုင်ငံတော်ရဲ့ ထိန်းချုပ်မှုအောက်မှာ သွတ်သွင်းလိုက်တာဖြစ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုနဲ့ အရှေ့ဥရောပနိုင်ငံတွေမှာ ဒီလို နိုင်ငံတော်သဏ္ဍာန်တွေ ရှိခဲ့ပါတယ်။ ဒီလိုနိုင်ငံတော်တွေမှာ command economy စနစ်များ ကျင့်သုံးလေ့ရှိပါတယ်။
(၅) Totalitarian state
လူမှုဘ၀နဲ့ စီးပွားရေးဘ၀တွေမှာ နိုင်ငံတော်ကအလုံးစုံ ၀င်ရောက်ပါဝင်ပတ်သက်တဲ့ နိုင်ငံတော် သဏ္ဍာန် ဖြစ်ပါတယ်။ စီးပွားရေးရာမှာတင် မဟုတ်ပဲ ပညာရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ မိသားစုဘ၀ စတဲ့ အရာအားလုံးကို နိုင်ငံတော်က ထိန်းချုပ်ထားပါတယ်။ Totalitarian state မှာ ပြည်သူလူထုရဲ့ လှုပ်ရှားမှုတွေဟာ အမြဲတစေ စောင့်ကြည့်ခံရပြီး၊ စစ်တပ်နဲ့ ရဲတွေက လူထုကို ခြိမ်းချောက်တဲ့ နိုင်ငံတော်ယန္တရားတွေ ဖြစ်နေတတ်ပါတယ်။ ထင်ရှားတဲ့ ဥပမာတွေအဖြစ် ဟစ်တလာရဲ့ ဂျာမဏီ နဲ့ စတာလင်ရဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ကို ဥပမာပေးလေ့ရှိကြပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၁၄၊ ၁၀၊ ၂၀၁၂)
0 comments:
Post a Comment