Monday, October 22, 2012

ကျော်သူကိုလည်း မယုံနဲ့


by Kyaw Thu on Monday, October 22, 2012 at 7:48am ·

 
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး (အရေးပေါ်ကယ်ဆယ်ရေး) စသည့် လူမှုကူညီရေးလုပ်ငန်းများအား ၂ဝဝ၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက် နေ့မှစတင်၍ ယနေ့ချိန်ထိ (၁၂) နှစ်တိုင် ခရီးသို့ လျှောက်လှမ်းလုပ်ကိုင် ဆောင်ရွက်ပေးလျှက် ရှိသည်။ ထိုသို့ လုပ်ဆောင်ရာတွင် မြန်မာပြည်တွင်းမှအစပြု၍ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအသီးသီးမှ အများပြည်သူ (၇) ရက်သားသမီးများတို့၏ ယုံကြည်စွာလှူဒါန်းထားသည့် အလှူငွေများဖြင့်သာ ကူညီမှုလုပ်ငန်းရပ်များ အဆင်ပြေစွာလည်ပတ်နိုင်ရန် စနစ်တကျ စီမံခန့်ခွဲသုံးစွဲလျှက်ရှိသည်။ တကယ်လိုအပ်လျှက်ရှိသည့် နေရာ ဒေသအသီးသီးရှိ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များအားထိရောက်စွာတဆင့်ပြန်လည် ပေးကမ်းလှူဒါန်းလျှက် ရှိပေသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် မည်သည့်နိုင်ငံအစိုးရ၊ အဖွဲ့အစည်းများထံသို့ အလှူငွေ (အသုံးစရိတ်များ) တင်ပြတောင်းခံခြင်း၊ အလှူခံခြင်း မရှိခဲ့ချေ။

ယနေ့အချိန်ကာလများတွင် လူမှုရေးအဖွဲ့အစည်းများကိုအဓိကပစ်မှတ်ထား၍ လိမ်လည်မှုဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အမည်နာမအသုံးပြု၍ ငွေကြေးများလိုက်လံ တောင်းခံ လိမ်လည်နေကြောင်း သိရှိရ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၁၄.၁ဝ.၂ဝ၁၂ ရက်နေ့ အလုပ်အမှုဆောင် အစည်းအဝေး (၄၁/၁၂) ဆုံးဖြတ်ချက်အရ ၂ဝ.၁ဝ.၂ဝ၁၂ ရက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) ရဲစခန်းသို့ သွားရောက်၍ ၄င်းလိမ်လည်မှုအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အကြောင်းကြား၍ သိရှိပါကြောင်း ထောက်ခံချက်ပြုလုပ်ပြီး ၂၁.၁ဝ.၂ဝ၁၂ ရက်နေ့တွင် “အများပြည်သူများသိစေရန်” နိုင်ငံပိုင်သတင်းစာများ ဖြစ်သည့် မြန်မာ့အလင်းသတင်းစာစာမျက်နှာ (၁၆)နှင့် ကြေးမုံသတင်းစာစာမျက်နှာ (၁၆) တို့တွင် ထည့်သွင်းကြော်ငြာ၍ အသိပေးခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ပရဟိတလူမှုရေး အသင်းအဖွဲ့များအနေဖြင့် မလိုလားအပ်သည့် ဆုံးရှုံးမှုများ၊ ပြဿနာများ မဖြစ်ပွားရအောင် လူလိမ်၊ လူညာများရန်မှ ကင်းဝေးစေရန် သတိကြီးစွာထားရှိပြီး လုပ်ကိုင်ဆောင်ရွက်ကြရန် မေတ္တာစေတနာ ရှေ့ထား၍ လေးစားစွာ အသိပေးအပ် ပါသည်။

အောက်ဖော်ပြပါ ဖြစ်စဉ်ဖြစ်ရပ်များ (၃) ကြိမ်တိုင်တိုင်အပြင် ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ကာလ အတွင်း၌ ယင်းဖြစ်စဉ်မျိုး ကြုံတွေ့ခဲ့ရသည့် မုံရွာမြို့ရှိ “ဂရုဏာမြင့်မိုရ် နာရေးကူညီမှုအသင်း” မှ ၂၁.၁ဝ.၂ဝ၁၂ ရက်နေ့ထုတ် သတင်းစာမှ “အများပြည်သူများသိစေရန်” ဖတ်ရှုပြီး တယ်လီဖုန်းဆက်သွယ်ခဲ့ရာမှ ၄င်း နာရေးအသင်းသည်လည်း လိမ်လည်မှုခံရကြောင်း ထပ်မံသိရှိခဲ့ရသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် မည်သူတစ်ဦးတစ်ယောက်ကိုမှ စေလွှတ်၍ အလှူခံခြင်း၊ အကူအညီတောင်းခံခြင်း မရှိချေ။ အသင်းမှ တာဝန် အရ စေလွှတ်ပါက အသင်းရင်ထိုး၊ အသင်းသားကဒ်ပြား၊ ရုံးစာရွက်စာတမ်းများနှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးဦး၏ တံဆိပ်တုံးလက်မှတ်များဖြင့် ပြည့်စုံစွာပေးအပ်၍ အသင်း၏ ကိစ္စအဝဝအား ဆောင်ရွက်လုပ်ကိုင်စေပါကြောင်း အများပြည်သူ စေတနာရှင်တို့အား အသိပေးအပ်ပါသည်။

အချုပ်ဆိုရသော် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ပေးဆပ်မှုများအား အားကျဂုဏ်ယူ နေကြသည့် နာရေးကူညီမှု အသင်းအဖွဲ့များအနေဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အမည်နာမအား အသုံးပြု၍ အကူအညီတောင်းခံလာမှုအပေါ် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ် တယ်လီဖုန်း ၅၈ဝ၁၃၃၊ ၅၈၁၃၆၃၊ ဝ၉ ၈၆ ၄ဝ၂၂ဝ သို့ ဆက်သွယ်စုံစမ်းကြရန်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အမည်နာမအား ပြောကြားရုံဖြင့်၎င်း၊ ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့၏ ဆွေမျိုးမိတ်ဆွေဖြစ်ကြောင်း ကျေးဇူးရှင်ဖြစ်ကြောင်း ပြောကြားရုံဖြင့် အယုံမလွယ်သင့်ပေ။ ယင်း လူလိမ် ဦးစိုး မောင်ဆိုသူသည် နာရေးကူညီမှု အသင်းအဖွဲ့များသို့သာ အဓိကထား၍ လိုက်လံလိမ်လည်နေသူဖြစ်ကြောင်း သိရှိထားသဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် လက်တွဲ၍ အမြန်ဆုံးဖမ်းဆီးနိုင်ရေးအတွက် ပရဟိတ လူမှုရေး လုပ်ဖော်ကိုင်ဖက် အသင်းအဖွဲ့များတို့မှ ဝိုင်းဝန်းကူညီကြိုးစား၍ ဖော်ထုတ်ဆောင်ရွက်ကြရန် မေတ္တာရပ်ခံအပ်ပါသည်။

ဖြစ်စဉ် - ၁

အောက်တိုဘာ(၂)ရက်နေ့ နံနက် (၇)နာရီခန့်တွင် သက်ရက်မြို့ “စေတနာဖြူ နာရေးကူညီမှု အသင်း”သို့ အကူအညီတောင်းရန် လာရောက်စုံစမ်းစဉ် အသင်းဝင် ဦးသိန်းဇော်ဦးမှ ဘဏ္ဍာရေးမှူး ဦးဆာထံ ခေါ်သွားခဲ့ပြီး ဘဏ္ဍာရေးမှူးမှ ဥက္ကဌဦးဝင်းတင်ထံသို့ အကူအညီတောင်းခံသူသည် ရန်ကုန် နာရေးကူညီမှု အသင်းမှဖြစ်ပြီး ၄င်းတို့ကား ရခိုင်သို့လှူဒါန်းရန် ပစ္စည်းများသွားရောက်ပေးပို့စဉ် ကားပျက်နေသဖြင့် အကူ အညီပေးရန် လာရောက်ပြောကြားပြီးအသင်းရုံး၌ဒု-ဥက္ကဌဦးလှဌေး၊ အတွင်းရေးမှူးဦးအောင်မျိုးထွန်း၊ တွဲဘက် အတွင်းရေးမှူး(၁) ဦးဇော်ထွန်းဦး၊ တွဲဘက်အတွင်းရေးမှူး(၂)ဦးဇော်ထွန်းမင်း၊ အမှုဆောင် ဦးမြင့်ဌေး (ခ) ပေါက်စီ တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် တောင်းခံသူသည် ဦးစိုးမောင်ဖြစ်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မော်တော်ယာဉ်မှူး ဖြစ်ကြောင်း၎င်းသည် မင်းလှမြို့မှတဆင့် ရခိုင်သို့လှူဖွယ်ပစ္စည်းများ မီးစက်(၃)လုံးနှင့် သီတဂူဆရာတော်ကြီးမှလှူဒါန်းသည့် စောင်များပေးပို့ရန်အတွက်ထွက်ခွာလာစဉ် ပုသိမ်၊ မုံရွာလမ်း သရက်လမ်းဆုံ အနီးကံလည် တံတားမရောက်မီနေရာတွင် ကားပျက်နေသဖြင့် ၄င်းနှင့်ပါလာသူ (၁)ဦးမှ ရေတိုင်ကီပြုပြင်ရန်နှင့် ကား “လေး” များဝယ်ယူရန် အောင်လံနာရေးကူညီမှုအသင်းမှ အကူအညီပေးသူ (၁)ဦးနှင့်အတူဦးကုလားကြီးဝပ်ရှော့တွင် ပြင်ဆင်နေကြောင်း ၄င်းပြန်အလာစောင့်၍ ကားပြင်ဆင်ရေး၊ ကားပေါ်ပါ မီးစက် (၃) လုံးအား သရက်မြို့သို့သယ်ယူရေး၊ သရက်မှ အောင်လံသို့ပို့ဆောင်၍ ရန်ကုန်သို့ ဆက်လက် ပေးပို့နိုင်ရေးအတွက် အကူအညီပေးရန် တောင်းခံလာပါသည်။

“သရက်နာရေးကူညီမှုအသင်း” အနေဖြင့် အသင်းပိုင်နိဗ္ဗာန်ယာဉ်တစ်စီးနှင့် စည်ပင်မှ ခေတ္တလွဲပြောင်း ပေးအပ်ထားသည့် LIFAN ထော်လာဂျီယာဉ် တစ်စီးသာရှိ၍ မီးစက်သယ်ယူရန် ယာဉ်မရှိကြောင်း ပြောကြားရာ ဦးစိုးမောင် (လူလိမ်) ဆိုသူမှ နာရေးအသင်းမှ ကားများမသုံးလိုကြောင်း ပုပ္ပလိကကားကို ၄င်းအနေဖြင့် ငှားရမ်းလိုသဖြင့် ဆက်သွယ်ပေးရန်သာအကူအညီတောင်းခံခဲ့ပါသည်။သို့ဖြစ်ပါ၍ ယာဉ်ပိုင်ရှင် ဦးပေါက်စီ(ခ) မြင့်ဌေးမှ ခရီးစဉ်အား ငှားရမ်းမည်ဆိုပါက အသွားအပြန် (၁) သိန်းကျမည်ဖြစ်ကြောင်း ပြောကြားရာ နှစ်ဦးနှစ်ဖက်သဘောတူစွာဖြင့် ငှားရမ်းခဲ့ပြီးအသင်းရုံးမှ ကူညီဆောင်ရွက်ပေးရန် တွဲဘက် အတွင်းရေးမှူး (၁) ဦးဇော်ထွန်းဦးနှင့် အသင်းဝင် ဦးသိန်းဇော်ဦးနှစ်ဦးတို့အား လိုက်ပါဆောင်ရွက်ရန် တာဝန်ပေး စေလွှတ်ခဲ့ပါသည်။

အသင်းရုံးမှ နေ့လည်(၁)နာရီခန့်တွင် စတင်ထွက်ခွာသွားရာကွမ်းဝယ်ရန်ဆို၍ ခေတ္တရပ်နားစဉ် ကားဒရိုင်ဘာအား ဦးစိုးမောင် (လိမ်လည်)ဆိုသူမှ ကားပျက်နေသည့် အဖွဲ့မှလူများအတွက် လိုအပ်သည် များဝယ်ယူရန် ငွေကျပ် ၅ဝဝဝဝိ/- (ငါးသောင်းကျပ်) ကြိုထုတ်ယူလိုကြောင်း၎င်းရောင်းချမည့် ဒီဇယ်ဆီ (၁) ပေပါမှ ခုနှိမ်ပေးရန် ပြောကြားသဖြင့် ယာဉ်ပိုင်ရှင် ဦးမြင့်ဦး (ခ) ပေါက်စီ၏ အမျိုးသမီးထံမှ ငွေထုတ်ယူ၍ ပေးအပ်ခဲ့ပါသည်။ ထို့အပြင် သရက်မြို့ ရဲစခန်း၌ မင်းတုန်းမှစခန်းမှူးနှင့် အဖွဲ့ပါလာသေးသဖြင့် ခေတ္တဝင်၍ တွေ့ဆုံလိုကြောင်းပြောပြီး စခန်းအတွင်း ဝင်ရောက်သွားခဲ့ပါသည်။ (၁ဝ)မိနစ် (၁၅)မိနစ်ခန့်အကြာစခန်းမှ ထွက်လာပြီး ဦးဇော်ထွန်းဦးတို့အား မင်းတုန်းသို့ ကြိုတင်သွားရန်နှင့် ၄င်းမှ မင်းတုန်းရဲအဖွဲ့ဖြင့် နောက်မှလိုက် လာမည်ဖြစ်ကြောင်း ယုံကြည်အောင်ပြောဆိုသဖြင့် ၄င်းအား ရဲစခန်းတွင်ထားခဲ့ပြီး ကားအဖွဲ့သည် နေ့လည် (၁း၃ဝ) နာရီအချိန်ခန့်တွင် ပြန်လည်ထွက်ခွာခဲ့ကြသည်။

အသင်းရုံးမှ ထွက်ခွာစဉ် အတူသွားခဲ့ကြသော်လည်း အထက်စာပိုဒ်ပါ ဖြစ်စဉ်အားလုံးကို အသင်းရုံးတွင် ကျန်ရစ်သည့် ဥက္ကဌနှင့် EC အားလုံးမှာ သိရှိမှုမရှိခဲ့ဘဲ ပျက်နေသည့် မော်တော်ယာဉ်အား ရှာမတွေ့ကြောင်း သတင်းပေးပို့သည်။ ည (၆း၃ဝ) နာရီအချိန်ခန့်မှသာ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ သရက်မြို့ ရဲစခန်း၊ မင်းတုန်းမြို့ ရဲစခန်းအသီးသီး ဆက်သွယ်ဆောင်ရွက်မှုအရ လိမ်လည်မှုသာဖြစ်ကြောင်း သိရှိရ၍ ၄င်းပုဂ္ဂိုလ် သရက်မှ ထွက်သွား/မသွားသိရှိ၍ ပဲ့သော်ဆိပ်သို့ ဆက်သွယ်မေးမြန်းရာ နေ့လည် (၃းဝဝ) နာရီအချိန်ခန့်တွင် အောင်လံသို့ ကူးသွားကြောင်း သတင်းရရှိခဲ့ပါသည်။

(ယင်းဖြစ်စဉ် မှတ်တမ်းအားသရက်မြို့ “စေတနာဖြူ နာရေးကူညီမှုအသင်း”မှ ရေးသားပေးပို့ခြင်းဖြစ်ပါသည်။)

ဖြစ်စဉ် - ၂

        ဒေါက်တာစင်သီတာမောင်မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ စောင်အထည် (၆ဝဝဝ)အားရခိုင် ပြည်နယ်အတွက် ပေးအပ်လှူဒါန်းခဲ့ပြီးမုတ္တမမြို့နှင့် ပေါင်မြို့ကြား၌ ကားပျက်သွားသည့်အတွက် သထုံမြို့ တွင် ကားပစ္စည်းများအပ်နှံထားသည့်အတွက် ရွေးယူရမည်ဖြစ်သည်။ ထို့ကြောင့် ပေါင်မြို့ရှိ နာရေးကူညီမှု အသင်းသို့ ဝင်ရောက်အကူအညီတောင်းခဲ့ရာပေါင်မြို့ နာရေးအသင်းမှ တာဝန်ရှိသူများအား၎င်း ဦးစိုးမောင် (လူလိမ်)မှ မိမိသည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မော်တော်ယာဉ်မှူး တစ်ယောက်ဖြစ်ကြောင်းပြောပြီး သထုံသို့ပြန်၍ ကားပစ္စည်းများရွေးယူရန်အတွက်ပေါင်မြို့ နာရေးအသင်းမှ ပိုက်ဆံ ၄ဝဝဝဝိ/- ကျပ်အား ကူညီ ပေးအပ်ပြီး ၄င်းမှ သထုံသို့သွားမည်။ ကားပျက်နေသည့် မုတ္တမနှင့် ပေါင်မြို့လမ်းပေါ်တွင် အဖော်တစ်ဦး ရှိနေသည့်အတွက် ၄င်းကားနေရာသို့ သွားရောက်စောင့်နေပေးရန် ပြောကြားခဲ့သည်။ ပေါင်မြို့ နာရေးအသင်း မှ တာဝန်ရှိသူများသည် ၄င်း ဦးစိုးမောင်(လူလိမ်) ပြောကြားလိုက်သည့် နေရာတွင် မည်သည့် ကားပျက်မျှ မတွေ့သည့်အတွက် အသင်းရုံးသို့ ပြန်ရောက်ခဲ့ပြီးနာရေးကူညီမှုအသင်း(ရန်ကုန်)သို့ တယ်လီဖုန်းဖြင့် ဆက် သွယ်မေးမြန်းခဲ့ရာနာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း ၄င်းနေရာဒေသသို့ အသင်း၏ ကိစ္စရပ်များအား သွားရောက်ခြင်း မရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်အတွက် လိမ်လည်မှုဖြစ်ကြောင်းသိရှိရသည်။

(ယင်းဖြစ်စဉ်အား ပေါင်မြို့ နာရေးအသင်းမှ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခြင်းဖြစ်သည်။)

ဖြစ်စဉ် - ၃

        နာရေးကူညီမှုအသင်း(ရန်ကုန်) ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်ထံသို့ ၁၂.၁ဝ.၂ဝ၁၂ ရက်နေ့ ည (၁ဝးဝဝ) နာရီအချိန်တွင် နတ္တလင်းမြို့ရှိ နာရေးကူညီမှုအသင်းမှတယ်လီဖုန်းဖြင့် ဆက်သွယ်၍ ၄င်းတို့ဆီသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မော်တော်ယာဉ်မှူးဆိုသူတစ်ယောက်မှ ည (၇းဝဝ) နာရီအချိန်ခန့်တွင် ရခိုင် အတွက် ပစ္စည်းများသွားရောက် ပို့ဆောင်ရင်းလမ်းတွင်ကားပျက်သွားသည့်အတွက် အကူအညီ တောင်းခံ သည့်အတွက် နတ္တလင်းမြို့ရှိ နာရေးအသင်းမှ လူငယ်များတို့သည် ၄င်း ဦးစိုးမောင်(လူလိမ်)အားမိမိတို့၏ ကားဖြင့်ခေါ်ဆောင်၍ ကားပျက်နေသည့် ဇီးကုန်းနှင့် နတ္တလင်းမြို့ကြားသို့ မောင်းနှင်တင်ခေါ်သွားခဲ့သည်။ ထိုစဉ် နတ္တလင်းမြို့ရှိ NLD ရုံးသို့ဝင်ရောက်ရန် ကိစ္စရှိသည့်အတွက် ခေတ္တဝင်ရောက်ရန် ပြောကြားသည့် အတွက် NLD ရုံးသို့ ဝင်ရောက်ပြီးပြန်လည် ထွက်လာကာ နတ္တလင်း နာရေးအသင်းမှ တာဝန်ရှိသူများအား ကားပျက်နေသည့် နေရာသို့ အရင်သွားရောက်ရန် ပြောကြားပြီး ၄င်း ဦးစိုးမောင်(လူလိမ်)မှ NLD ရုံးအဖွဲ့နှင့် အနောက်မှ လိုက်လာမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ဇီးကုန်းနှင့် နတ္တလင်းမြို့ကြား၌ မည်သည့်မော်တော် ယာဉ်တစ်စီးမှ ပျက်နေခြင်းအားမတွေ့ရှိခဲ့သည့်အတွက် ည (၁ဝးဝဝ) နာရီအချိန်ခန့်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်) ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ရာ ဆရာမ ဒေါ်သန်းမြင့်အောင်မှ ၃.၁ဝ.၂ဝ၁၂ ရက်နေ့တွင် ပြည်မြို့ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)သို့ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ မော်တော်ယာဉ်ဖြင့် အုပ်ချုပ်ရေးမှူးနှင့် စာရင်းစစ်အဖွဲ့တို့ သွားရောက်ခဲ့ပြီးနောက် ထပ်မံ၍ အသင်းကိစ္စများဖြင့် သွားရောက်ခဲ့ခြင်း မရှိကြောင်းသိရှိရ၍ ၄င်းဖြစ်စဉ်လည်း လိမ်လည်မှု ဖြစ်ကြောင်းသိရှိ ရသည်။        

(ယင်းဖြစ်စဉ်အား နတ္တလင်းမြို့ နာရေးအသင်းမှ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခြင်းဖြစ်သည်။)
   






0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...