အရိုးကို ထိထိချင်း
by Mg Yu Py on Sunday, October 14, 2012 at 2:43am ·
(2-9-2012 မှာ ကိုးနှစ်ရှိခဲ့ပြီဖြစ်တဲ့ ဒိုးလုံးသေဆုံးခြင်း သို့ အမှတ်တရပါကဗျာကိုအခုမှ ရှာတွေ့လို့ပါ)
သူ့အလှည့်ကျမှ
ကောလဟာလ မဟုတ်ဘဲ
အလောင်းကို တပ်အင်မြင်ရ။
အခုပဲ
ခင်ဗျားစင်အောက်မှာ ခင်ဗျားနဲ့ တသားတည်း
ကလို့ ခုန်လို့ကောင်းတုန်းရှိသေး
အခုပဲ
လူငယ်ကဖေးဝိုင်းမှာ ခင်ဗျားပုံပိုစတာကို တစိမ့်စိမ့်ကြည့်လို့ကောင်းတုန်းရှိသေး။
အခုထိ
အရူးထိအောင်ရူးကို အရူးထိအောင်ရူးလို့ ကောင်းတုန်းရှိသေး
ခင်ဗျားလည်း ဘ၀ကို သံစဉ်/စာသား/ဆို လုပ်လို့ကောင်းတုန်းရှိသေးဆိုတာ
ကျွန်တော်တို့အသိသား
ဂီတလက်ဝါးကပ်တိုင်လေးကို ယုံယုံကြည်ကြည်နမ်းရှိုက်လို့ကောင်းတုန်းရှိသေးဆိုတာ
ကျွန်တော်တို့အသိသားပဲ
ဘယ်ဒီပရက်ရှင်ကများ ခင်ဗျားသွေးကြောကို အပ်တန်းလန်းထိုးဖေါက် အိုဗာဒို့စ်ဖြစ်စေခဲ့သလဲ
ကျွန်တော်တို့ မသိနိုင်
ခင်ဗျားမသိဘူးလားဗျာ
ခင်ဗျားမရှိရင် ဆန်းသစ်ပြောင်းလဲဆံပင်ပုံစံနဲ့
အော်လ်တာသမားစစ်စစ်ကို လက်ချိုးရေလို့မရတော့ဘူးဆိုတာ။
ခင်ဗျားသေတာ
ကျွန်တော့်အတွက်တော့ ဒိုင်ယာနာသေတာပဲ
ကတ်ကိုဘိန်းသေတာပဲ
ပြီးတော့ ကျွန်တော့် ဂစ်တာလေး အသံတိမ်ဝင်နာကျင်သွားစေတဲ့ အကြောင်းပဲ
ခင်ဗျားသေဆုံးခြင်းဟာ
မထင်မှတ်တဲ့ သံစဉ်အလှည့်အပြောင်း
ကြေကွဲစရာကောင်းလွန်းတဲ့ အော်လ်တာနေးတစ်သီချင်းတစ်ပုဒ်ပဲ။
ခရစ်တော်မှာ ခင်ဗျားအိပ်ပျော်သွားတယ်ဆိုတာ
အသည်းနှလုံးကို ဓားနဲ့လာလာမျှင်းနေတဲ့ သတင်းပဲ
ကျွန်တော် ယုံရတော့မှာပေါ့။
( ၂ - ၉- ၂၀၀၃ တွင် ကွယ်လွန်သွားသော ရေး-ဆို ဒိုးလုံးသို့)
အလင်္ကာဂျာနယ် ၂၀၀၃ အောက်တိုဘာ
(အလင်္ကာဂီတဂျာနယ်မှာ ကဗျာကဏ္ဍထည့်သွင်းခြင်းမရှိတာ ကျွန်တော်သိလျက်နဲ့ မနေနိုင်မထိုင်နိုင်ရေးဖွဲ့ပြီး မနေနိုင်မထိုင်နိုင် အလင်္ကာကိုပေးပို့ခဲ့ပါတယ်။ အလင်္ကာကလည်း ဖေါ်ပြခဲ့ပါတယ်)
0 comments:
Post a Comment