Tuesday, October 16, 2012

ပဲ့ကိုင်ရှင် ပြည်သူ့ဆန္ဒ ဖြစ်လာစေဖို့...


by Lwin Aung Soe on Monday, October 15, 2012 at 9:58pm 

  
ကနေ့ မြန်မာနိုင်ငံမှာ ပြည်သူတွေအတွက် လိုအပ်နေတာရော နိုင်ငံအတွက် လိုအပ်နေတာတွေပါ အများကြီးမှ တကယ့်ကို အများကြီး ရှိနေတာ မငြင်းသာပါဘူး။ လူ့အလို နတ်မလိုက်နိုင် ဆိုသလို ရှိနေမှာ ဖြစ်ပေမယ့်လည်း အလိုအပ်ဆုံးကို အရင်ရနိုင်ဖို့ကသာ အဓိက ဖြစ်ပါတယ်။ အခြေခံအကျဆုံး လိုအပ်ချက်ကို ရပြီးသွားရင်တော့ ကျန်တာတွေ ရလာဖို့ လွယ်ကူသွားနိုင်စရာလည်း ရှိကောင်းရှိပါတယ်။ အဓိကနဲ့ သာမညကို ခွဲထားရပါမယ်။


ပြည်သူတဦးချင်းအတွက် လုံခြုံစိတ်ချရတဲ့ စားဝတ်နေရေးဟာ အဓိက လိုအပ်ချက်တခု ဖြစ်ပါတယ်။ ဒီလိုပဲ တိုင်းပြည် ငြိမ်းချမ်းရေး ရှိနေဖို့၊ တရားဥပဒေ စိုးမိုးရေး ရှိနေဖို့၊ ပြည်ပ ကျူးကျော် ခိုးဝင်မှုတွေ ကင်းရှင်းနေဖို့၊ ပြည်ပ လွှမ်းမိုးတာတွေ ရှိမနေစေဖို့၊ ပြည်တွင်းမှာ ခရိုနီ အရင်းရှင်စနစ် မရှိစေဖို့၊ သဘာဝ ဘေးအန္တရာယ်တွေ မရှိစေဖို့၊ အစိုးရကောင်းတရပ် ရှိနေစေဖို့၊ အစိုးရကောင်းကို ရွေးချယ်ပေးနိုင်တဲ့ အခြေခံဥပဒေ အပါအဝင် နိုင်ငံရေးစနစ်ကောင်းတခု ရှိနေစေဖို့ အစရှိတာတွေဟာလည်း အခြေခံလိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။

တိုင်းပြည်လိုအပ်ချက်တွေကို ဖြည့်ဆည်းရာမှာ လက်ရှိအနေအထားကို ကောင်းအောင် ပြုပြင်ယူခြင်းနဲ့ လက်ရှိအနေအထားကို ဖျက်သိမ်း ပြောင်းလဲယူခြင်း နှစ်မျိုးသာ ရှိပါလိမ့်မယ်။

ပွင့်ပွင့်လင်းလင်း ဆိုရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီမှတ်ပုံတင်ခြင်းနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရခြင်း ရည်ရွယ်ချက် (၃) မျိုးကို ကျနော်တို့က ထောက်ခံထားတဲ့အတွက် လက်ရှိအနေအထားကို ကောင်းအောင် ပြုပြင်ယူခြင်း အပိုင်းကို ပိုမိုနှစ်သက်ပါတယ်။

လက်ရှိအခြေအနေဟာ သင့်တော်တယ်လို့ ယူဆရင် ပိုကောင်းနိုင်မယ့် နည်းလမ်းတွေကို ကြံဆရင်း ရှေ့ဆက်သွားဖို့ သာ ရှိပါမယ်။ လက်ရှိအခြေအနေကို သင့်တော်တယ်လို့ မယူဆနိုင်သေးဘူး ဆိုရင်လည်း သင့်တော်နိုင်မယ့် နည်းလမ်းတွေကို ကြံဆရှာဖွေ ပြုပြင်ယူနေရမှာသာ ဖြစ်ပါတယ်။ ဒါမျိုးတွေကို မလုပ်ချင်ဘူး ဆိုရင်တော့ လက်ရှိအနေအထားတွေကို ဖျက်သိမ်းပြီး အားလုံးကို တစ်က ပြန်စဖို့သာ ရှိရပါလိမ့်မယ်။

စစ်အာဏာရှင်စနစ် မကောင်းတာ လူတိုင်းသိကြပါတယ်။ တိုင်းပြည်ကို မွဲပြာကျအောင် ဖျက်ဆီးခဲ့ရုံမက လူတွေရဲ့ စိတ်နေစိတ်ထားတွေကိုပါ ရသလောက် ဖျက်ဆီးသွားခဲ့တဲ့စနစ် ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်လေ ဖျက်ဆီးခံရတာတွေ များလေလေပါပဲ။

စစ်အာဏာရှင်စနစ် ဆိုးဝါးလွန်းလို့ လူတွေမှာ အချင်းချင်း မယုံသင်္ကာဖြစ်စိတ်တွေ ရှိလာခဲ့ရပါတယ်။ သံသယတွေ ထားရှိလာခဲ့ကြပါတယ်။ စစ်အာဏာရှင်စနစ်ကို ဖန်တီး အသက်သွင်းသူတွေအပေါ် ရန်ငြိုး၊ အာဃာတတွေ ရှိလာခဲ့ရပါတယ်။ တကယ်တော့ စစ်အာဏာရှင်စနစ် နောက်တကြိမ် ပြန်လာဦးမလား ဆိုတဲ့ စိုးရိမ်ကြောင့်ကြမှု အနည်းနဲ့အများ လွှမ်းမိုးသွားလို့သာ ဖြစ်ပါတယ်။

တကယ်လို့များ စစ်အာဏာရှင်စနစ်ကို နောက်ပြန်လှည့်မသွားနိုင်တော့ပါဘူးလို့ ခိုင်ခိုင်မာမာ အာမခံနိုင်တဲ့ အခြေအနေကောင်းတွေ ရှိနေမယ်ဆိုရင် စိုးရိမ်ကြောင့်ကျနေရတာတွေဟာ တဖြည်းဖြည်း လျော့နည်း ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဒီအချက်ဟာ အစိုးရနဲ့ ပြည်သူအကြား ဆက်ဆံရေးမှာ အင်မတန် အရေးပါနေတဲ့ ကိစ္စဖြစ်ပါတယ်။

အစိုးရနဲ့ ပြည်သူအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်စေဖို့ မရှိမဖြစ် လိုအပ်တာကြောင့် အစိုးရနဲ့ ပြည်သူတွေ ကိုယ်တိုင်ကသာမက နိုင်ငံရေးပါတီနဲ့ စစ်တပ် အပါအဝင် အဖွဲ့အစည်းတွေ၊ မီဒီယာတွေကပါ အတတ်နိုင်ဆုံး ဝိုင်းဝန်း ပံ့ပိုး ကူညီရမယ်လို့ ဆိုချင်ပါတယ်။ လိုချင်တာကို ထုတ်ပြောနေရုံနဲ့ မရတော့ဘဲ ကိုယ်တိုင် ပါဝင် အကျိုးပြုနိုင်ကြရပါတော့မယ်။

ဒါကြောင့် ကိုယ့်နိုင်ငံသားအချင်းချင်း မယုံသင်္ကာ သံသယစိတ် ထားတာတွေ၊ ရန်ငြိုး အာဃာတစိတ် မွေးတာတွေကို အတတ်နိုင်ဆုံး လျှော့ပြီး တနိုင်ငံလုံး ကောင်းအောင် ဘယ်လို လုပ်နိုင်မလဲလို့ စဉ်းစားကြည့်ရပါမယ်။ ငါကောင်းစားဖို့၊ ကြီးပွားဖို့ ဆိုတာကို နောက်မှ စဉ်းစားချင် စဉ်းစားပါ။ ဒါဟာ အများအကျိုးဆောင်တဲ့၊ တိုင်းပြည်အတွက်ဆိုတဲ့ အပြုသဘောဘက်ကို ရောက်သွားစေပါတယ်။ အပြုသဘောဘက် ရောက်လာပြီဆိုရင် နိုင်ငံတိုးတက်မှုတွေ စတင်လာပြီလို့ ဆိုနိုင်ပါမယ်။


ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ “လွတ်လပ်ခြင်းရဲ့ အရသာကို ခံစား စံစားနိုင်စေဖို့”  ကနေ့အချိန်အခါမှာ ရှိနိုင်သမျှ အင်အားတွေ စုစည်းပြီး ကိုယ်တတ်နိုင်တဲ့ အပြုသဘောတွေ လုပ်ကြရမှာသာ ဖြစ်ပါတယ်။ ကျနော်တို့မှာ မသိစိတ်ကြောင့် ရှိကောင်းရှိနေနိုင်တဲ့ အကျင့်ဆိုးတွေကို ပြန်စဉ်းစားကြည့်ပြီး ရှိနေရင် ဖယ်ရှားပစ်ရပါတော့မယ်။

အစိုးရနဲ့ ပြည်သူတွေ၊ အဖွဲ့အစည်းတွေကို တိုက်တွန်း နှိုးဆော်ရမှာ ရှိနေသေးသလို ပင့်တင်ပေးရမှာ၊၊ လက်တွဲခေါ်ယူရမှာ ၊ အားပေးထောက်ခံရမှာ၊ ချီးကျုးဂုဏ်ပြုရမှာတွေလည်း လိုရင်လိုသလို ချက်ချင်း လုပ်ပေးနိုင်ရပါမယ်။ စေတနာ၊ ဝါသနာ၊ အနစ်နာခံတတ်တဲ့ ကျောင်းဆရာတဦးက တပည့်တွေကို စာသင်ပေးတဲ့အခါမှာ ကောင်းမွန် တိုးတက်သွားအောင် ပြုစုပျိုးထောင်တဲ့ စိတ်သဘောထားမျိုးပါ။

တကယ်တော့ တိုင်းပြည်ရေးရာမှာ ပြည်သူတွေကသာ ပဲ့ကိုင်ရှင် ဖြစ်ပါတယ်။ ပဲ့ကိုင်ရှင်ရဲ့ ဆန္ဒအတိုင်းသာ လှေက သွားနေရပါမယ်။ အစိုးရက ပဲ့ကိုင်ရင် သူလုပ်ချင်ရာ လုပ်လာတဲ့အခါမှာ အာဏာရှင်စနစ် ပြန်ဖြစ်ချင် ဖြစ်သွားနိုင်ပါတယ်။ ပဲ့ကိုင်ရှင် ပြည်သူတွေရဲ့ ဆန္ဒအတိုင်းသာ အစိုးရက လိုက်ပြီး အကောင်အထည် ဖော်ပေးနေရမှာသာ ဖြစ်ပါတယ်။ ပဲ့ထိန်းစနစ် (Inertial Guidance System) တပ်ဆင်ထားတဲ့ ဒုံးပျံကို လိုရာပစ်မှတ်ဆီ ရောက်ရှိ ထိမှန်နိုင်အောင် သွားစေသလိုမျိုး ပါပဲ။

ဒီတော့ အစိုးရကောင်းဖို့ ဆိုတာ ပြည်သူတွေအပေါ် မူတည်လာပါတယ်။ တချိန်တည်းမှာ ပြည်သူက အစိုးရကို ပဲ့ကိုင်ပေးနိုင်တဲ့၊ ထိန်းကျောင်း (Guidance) ပေးနိုင်တဲ့ နိုင်ငံရေးစနစ် (System) မျိုး ရှိကို ရှိနေရပါမယ်။ မရှိသေးရင်လည်း ရှိလာအောင် တည်ဆောက်ယူရမှာသာ ဖြစ်ပါတယ်။

လွင်အောင်စိုး
၁၆-၁ဝ-၂ဝ၁၂

............................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...