ဆင်းရဲသားနှင့် ပုစွန် သမီးပျို (လူထု ဦးလှ)
Posted by ငြိမ်းအောင် on October 13, 2012 at 11:00amအီးမေးလ်ပို့ မယ် ဘလော့ ပိုစ်ကြည်မယ်
အရင်တုန်းက မိဘများကွယ်လွန်သွားသဖြင့် အဘွားနှင့်သာနေရသော လူငယ်လေးတစ်ယောက် ရှိလေသည်။ သူသည်ပညာကိုများစွာလိုလားသော်လည်း ပညာမသင်ရချေ။အဘွား၏ ဆုံးမစကားများကိုသာ နေ့တိုင်း နာယူနေရလေသည်။
လူငယ်လေးသည်ပညာကိုလိုလားသူဖြစ်သည့်အတိုင်း အခြားလူများ လုပ်ကြကိုင်ကြသည့်နည်းများ အလုပ်အကိုင်များကို စိတ်ဝင်စားစွာအောက်ကျို.ခံ၍ လေ့လာလုပ်ကိုင်လေ့ရှိလေသည်။ တစ်နေ့သောအခါထိုရွာထဲမှလူတစ်စုသည် ချောင်းတစ်ချောင်းသို့ သွားပြီးမြှုံးထောင်ကြသည်။
လူငယ်ကလေးလည်း အဖွားထံခွင့်တောင်းပြီး ထိုလူတစ်စုနောက်သို့ လိုက်သွားသည်။ သို့သော်လူငယ်ကလေးအားသူတို.နား အလာမခံ သူတို့နောက် အလိုက်မခံ ၀ိုင်းပယ်ကြသည်။ သို့နှင့်လူငယ်ကလေးသည် စိတ်အားငယ်ငယ်နှင့် ချောင်းတစ်နေရာသို့ဆင်း၍ သူတတ်သည့်နည်းအတိုင်း
မြှုံးထောင်ထားခဲ့ပြီး ပြန်လာခဲ့လေသည်။
နောက်တစ်နေ့ နံနက်လင်းသော် ထောင်ထားခဲ့သောမြှုံးကို သွားကြည့်ရာ ပုစွန်မလေးတစ်ကောင်
မိနေသည်ကိုလူငယ်ကလေး တွေ့ရလေသည်။ သူသည်မြှုံးထဲမိနေနှင့်သော ပုစွန်မလေးမှာ ငယ်လွန်းလှသဖြင့် မလိုချင်သည်နှင့် ချောင်းထဲပြန်လွှတ်လိုက်သည်။ ထို့နောက်သူ၏မြှုံးကို ပြန်ထောင်မြဲထောင်ပြီးပြန်လာခဲ့သည်။
နောက်တစ်နေ့တွင်လူငယ်ကလေးသည် သူ၏မြှုံးကိုအရင်နေ့ကကဲ့သို.ပင် သွားကြည့်.ပြန်သည်။ ထိုနေ့တွင်လည်းသူ၏ မြှုံးထဲ၌ အရင်တစ်နေ့ကမိနေနှင့်သည့်ပုစွန်မလေး မိနေသည်ကိုသာ တွေ့ရပြန်သည်။ထို့ကြောင့်လူငယ်ကလေးသည် ပုစွန်မလေးကိုလွှတ်၍ သူ၏မြှုံးကိုထောင်မြဲပြန်ထောင်ပြီး ပြန်လာခဲ့လေသည်။
လူငယ်ကလေးသည်နေ့တိုင်းနေ့တိုင်းဤကဲ့သို့ပင် သူထောင်ထားသောမြှုံးကိုစိတ်ရှည်ရှည်နှင့် သွားသွားကြည့်သည်။
သွားကြည့်တိုင်းလဲ ငါးတစ်ကောင်မျှမိနေသည်ကို မတွေ့ရဘဲ ခါတိုင်းမိနေကျ
ပုစွန်မလေးမိနေသည်ကိုသာ တွေ့ရသည်။ဤသို့ဖြင့်ရက်အတော်ကြာလာခဲ့သည်။
သို့ကြာလာသောအခါလူငယ်ကလေးသည် မြှုံးကိုသွားမကြည့်လိုတော့ စိတ်တိုလာသည်။ သို့သော် သူသည်နောက်ဆုံးနေ့အနေဖြင့် သွားကြည့်ဦးမည်ဟုဆိုကာ ချောင်းထဲထောင် ထားသည့်မြှုံးကို သွားကြည့်လေသည်။
ထိုနေ့တွင်လည်း နေ့တိုင်းမိနေကျပုစွန်မလေးရောက်နေသည်ကိုပင်တွေ့ရလေရာ၊ ဤပုစွန်မလေးသည်
များစွာအနှောင့်အယှက်ပေးသည်။ သူ့ ကြောင့်ငါးများမြှုံးထဲမ၀င်ခြင်းဖြစ်မည်ဟု စဉ်းစားမိကာ
ပုစွန်မလေးကိုသတ်ပစ်မည်လုပ်လေတော့သည်။
ထိုအခါပုစွန်မလေးက လူအသံလေးဖြင့် သူ့ကိုမသတ်ရန်လူငယ်ကလေးအားတောင်းပန်လေသည်။
လူငယ်ကလေးသည် ပုစွန်မလေးကဤကဲ့သို့တောင်းပန်စကား ပြောသည်ကို မမျှော်လင့်ဘဲကြားလိုက်သဖြင့်
များစွာအံ့သြသွားသည်။ သို့နှင့် “နေ့ တိုင်းနေ့ တိုင်း မြှုံးထဲဘာလို့လာလာနေသလဲ”ဟုပုစွန်မလေးအား
မေးလိုက်သည်။ ”နေ့စဉ်နေ့တိုင်းအလုပ်တစ်ခုလုပ်ပြီးအလကား လာလာနေသည်မဟုတ်ပါ လာချင်လွန်း၍
တမင်လာနေခြင်းဖြစ်ပါသည်” ဟု ပုစွန်မကလေး ပြောလေသည်။
“မည်ကဲ့သို့လုပ်ပေးရမည်နည်း မည်သည့်အကူအညီကိုလို၍ လာလာနေပါသနည်း”ဟု လူငယ်ကလေးက
ဆက်မေးပြန်သည်။ထိုအခါပုစွန်မလေးသည် လူငယ်ကလေးအားမော့ကြည့် သကဲ့သို့လုပ်ပြီး
“ထူးထူးထွေထွေ လုပ်နေစရာမလိုပါ စဥ့်အိုးတစ်လုံးတည်း ရေအပြည့်နှင့်သာထည့်ထားပါ” ဟု ပြန်ပြောလေသည်။
လူငယ်ကလေးသည် ပုစွန်မလေးပြောသည့်အတိုင်းလုပ်ရကောင်းမည်လော မကောင်းမည်လော ဆိုသည်ကိုမသိ။
သို့ သော်စောင့်ကြည့်.ရဦးမည် ဆိုကာအိမ်သို့ .ယူလာပြီး သူပြောသည့်အတိုင်းစဥ့်အိုးထဲ
ရေအပြည့်ထည့်၍သူ့ကိုထားလိုက်သည်။ပုစွန်မကလေးသည် စဥ့်အိုးထဲရောက်သည်ဆိုလျှင်ပင် အောက်ငုပ် သွားလိုက် အထက်ပေါ်လာလိုက်နှင့်ပျော်ရွှင်နေပေသည်။
အဘွားနှင့်လူငယ်ကလေးသည် နံနက်တိုင်းအိပ်ရာမှစောစောထ၍ လုပ်နေကျကိုင်းတောအလုပ်ကို သွားလုပ်ကြပြီး ညနေမိုးချုပ်မှအိမ်ပြန်လာလေ့ရှိကြသည်။ သို့ပြန်ရောက်လာသည့် အခါတိုင်းလည်း မည်သူလာရောက်ချက်ပြုတ်ထားသည်ဟု မသိရဘဲ အဘွားနှင့်လူငယ်ကလေးတို့အတွက် ထမင်းဟင်းများ ချက်ချက်ထားသည်ကိုတွေ့ရသည်။သူတို့သည် အံ့သြမဆုံးလည်းဖြစ်နေကြသည်။ သို့သော်မည်သူ တစ်စုံတစ်ယောက်ကိုမျှ ဤအကြောင်းဖွင့်ဟ၍မပြောပေ နေမြဲအတိုင်းသာနေကြလေသည်။
တစ်နေ့သော် အဖွားနှင့်လူငယ်ကလေးတို့သည် ဤမျှဆန်းကျယ်၍အံ့သြဖွယ်တွေ့တွေ့နေရသည့် အကြောင်းကိုသိလိုလာသည်။
အခြားသူများနှင့်အိမ်နီးချင်းများကိုမေးကလည်း သတင်းပေးသလိုဖြစ်သွားမည် စိုးသဖြင့် သူတို့ဘာသာသူတို့စူးစမ်းထောက်လှမ်းလိုခြင်းဖြစ်သည်။ ထို့ကြောင့်အဖွားနှင့် လူငယ်ကလေးတို့သည် တစ်နေ့တွင်ခါတိုင်းကဲ့သို့ကိုင်းတောသွားဟန်ဆောင်၍ မသွားဘဲ အိမ်သို့ပြန်လာပြီး အပေါက်တစ်ပေါက်မှတိတ်တဆိတ်ချောင်းကြည့်နေကြလေသည်။
သို့ကြည့်နေကြစဉ်ရေအပြည့်နှင့်ပုစွန်မကလေးထည့်ထားသောစဥ့်အိုးထဲမှအလွန်ချောမောလှပသောမိန်းမပျိုကလေးတစ်ယောက်ထွက်လာသည်ကို ရုတ်တရက်တွေ့ကြရလေသည်။
ထိုအခိုက်အဖွားနှင့်လူငယ်ကလေးသည်လှပချောမောသည့်အမျိုးသမီးပျိုကလေးထွက်လာသောထိုအိုးကိုရိုက်ခွဲပစ်လိုက်ကြရန်သဘောတူကြသည်။ သို့သဘောတူကြသည်ဆိုလျှင်ပင် ကြာကြာဆိုင်းမနေ ချက်ချင်းဆိုသလိုပင်အမျိုးသမီးပျိုကလေးရုန်း၍ စဥ့်အိုးထဲပြန်ဝင်မပြေးနိုင်အောင် အားရှိသရွေ့ ဖက်ထားလိုက်သည်။ အဘွားကစဥ့်အိုးကိုရိုက်ခွဲပစ်လိုက်သည်။
အမျိုးသမီးပျိုကလေးသည်ထိတ်ထိတ်ပျာပျာဖြစ်နေသည်။လူငယ်ကလေး ဖက်ထားရာမှလွတ်အောင်
အားရှိသရွေ.ရုန်းသည်။သို.သော်အားချင်းအင်ချင်းမမျှသဖြင့်မရ၊ မလွတ် စိတ်ဆင်းရဲသာခံရသည်။
နောက်ဆုံး လွှတ်ပါမည့်အကြောင်းလူငယ်ကလေးနှင့်အတူနေမည့်အကြောင်းတောင်းပန်ပြောကြားမှ လွတ်တော့သည်။
ထိုနေ့မှစ၍ အမျိုးသမီးပျိုကလေးသည်အိမ်မှာနေပြီးညနေတိုင်း ထမင်းချက်ချက်ထားလေသည်။
လူငယ်နှင်အဖွားအိုတို့လည်း ကိုင်းတောအလုပ်ကိုမှန်မှန်သွားလုပ်ကြသည်။ဤသို့ဖြင့်နေလာခဲ့ကြရာ
လူငယ်ကလေးအရွယ်ရောက်ပြီး ဤအမျိုးသမီးပျိုကလေးနှင့်မေတ္တာမျှကြလေတော့သည်။
အဘွား၏တူသည် အလုပ်များကိုပို၍လုပ်သည်။ အဘွားလည်းအိမ်မှုကိစ္စများကို မလုပ်ရတော့သဖြင့်
အလုပ်ချိန်ပို၍ရသည်။အဘွား၏တူသည် အလုပ်ပိုလုပ်သည်ဆိုရသော်လည်းပြန်ချိန်မရောက်မီ
အိမ်ပြန် ပြန်လာလေသည်။ထို့ကြောင့်အလုပ်မတွင်ဘဲ ရှိလေသည်။ဤသည်ကိုသိသောဇနီးသည်က
အလုပ်တွင်စေရန်နှင့်သူ့ကိုအမြဲမြင်နေရစေရန် သူ၏ပုံတူတစ်ခု ပန်းချီဆွဲပေးလိုက်သည်။ အဘွား၏တူသည်သူ၏ဇနီးကိုယ်တိုင် ပုံတူဆွဲပေးလိုက်သည့်ပန်းချီရုပ်ပုံကိုကိုင်းတောသို့ယူသွားပြီး အလုပ်လုပ်သောနေရာအနီးရှိ သစ်ငုတ်တိုတွင်ချိတ်၍ အလုပ်လုပ်သည်။ ဤသိုဖြင့်လုပ်ကိုင်လာခဲ့ရာအချိန်အတော်ကြာသွားလေသည်။
တစ်နေ့သော် လေပြင်းမုန်တိုင်းကျလာသဖြင့်သစ်ငုတ်၌ချိတ်ဆွဲထားသောထိုလူ၏ဇနီးပုံတူပန်းချီကား
လေထဲလွှင့်ပါသွားလေသည်။ပုံတူပန်းချီကားသည် အနီးအနား ၌မကျတော့ပေ။ဘုရင်၏နန်းတော်ထဲသို့
သွားကျသည်။နန်းတွင်းသူနန်းတွင်းသားများလည်း ပန်းချီကားချပ်မှာများစွာလှပကြောင်း
တကယ့်အမျိုးသမီး၏ ပုံတူပန်းချီကားပင်ဖြစ်မည် ထင်ကြောင်း ပြောကြလေသည်။
ဘုရင်မင်းမြတ်လည်း ဤသတင်းကိုကြားလေရာ ပုံတူပန်းချီကားဆိုသည်ကို အမိန့်နှင့် ရှေ့သို့သွင်းစေ လေသည်။
မှူးမတ်များသည်ပန်းချီကားကိုဘုရင်မင်းအားဆက်သကြသည်။ ထိုအခါဘုရင်မင်းသည် ပန်းချီကားကို သေချာစွာရှုစားသည်။
ပန်းချီကားမှာ တကယ်ပင်အသက်ဝင်ပြီး လှပချောမောနေရာ ဘုရင်သည် ပုံတူပန်းချီကားရှင် အမျိုးသမီးကို
တပ်မက်မက်မောပြီးမှူးမတ်များအား ရှာ၍ဆက်သရန်အမိန့်တစ်ရပ် ချလေတော့သည်။
မှူးမတ်များသည် ဘုရင့်အမိန့်အတိုင်း အခြွေအရံများနှင့် ပန်းချီကားနှင့် ပုံတူအမျိုးသမီးကို မြို.တကာရွာတကာ အနှံ့ရှာကြသည်။
မြို့ရွာများတော်တော်များသောအခါ မှူးမတ်များသည ပန်းချီနှင့်ပုံတူရှင် အမျိုးသမီးကိုတစ်ရွာတွင် တွေ့ကြလေတော့သည်။
ဘုရင်မင်းကပုံတူရှင် အမျိုးသမီးကိုရှာရန်အမိန့်ချ၍ အရှာထွက်လာကြရကြောင်း ယခုတွေ့ပြီဖြစ်သဖြင့်
ဘုရင်မင်းအမိန့်အတိုင်းလိုက်ရမည်ဖြစ်ကြောင်းပြောပြီး အဘွားတူ၏ဇနီး(ပန်းချီပုံတူရှင်)ကိုခေါ်ကြလေသည်။ အဘွားတူ၏ဇနီးကမူ
မလိုက်လိုပေ ခြိမ်းခြောက်၍ ခေါ်ကြသဖြင့် “ဘုရင့်ပွဲတော်နေ့ ၌ ကြက်မွှေးဖြင့်လုပ်သော အင်္ကျီကို ၀တ်လာခဲ့ပါ”ဟု သူ၏လင်
အဘွား၏တူ အား ရုတ်တရတ်မှာပြီး မလိုက်လိုဘဲ လိုက်သွားရလေသည်။
မှူးမတ်များသည် နန်းတော်သို့ရောက်ပြီးနောက် အကျိုးအကြောင်းလျှောက်တင်ကြပြီး ပန်းချီပုံတူရှင်အမျိုးသမီးကို
ဘုရင့်ရှေ့တော်သိုခေါ်သွားကြသည်။ ဘုရင်သည် ပုံတူပန်းချီကားကို မြင်စဉ်ကပင် တပ်မက်မောသည့်အတိုင်း
အမျိုးသမီးကိုထိုနေ့တွင်ပင်မိဖုရားမြှောက်လေတော့သည်။သို့သော်အမျိုးသမီး သည်လိုက်လာခဲ့သည်မှအစ
စကားတစ်ခွန်းမှမပြောဘဲနေသည်။ဘုရင်သည်မိဖုရားမြှောက်ထားသူ၏အသံကို ကြားလိုသဖြင့်အမျိုးမျိုးကြိုးစားသည်။
စကားပြောအောင် ပရိယာယ်အမျိုးမျိုးဆင်သည်။အမျိုးသမီးကမူ တစ်ခွန်းမှ မပြောပေ။
တစ်နေ့သော် အသံကြားလိုလှသောဘုရင်သည် မိဖုရား၏အသံကိုကြားရန်ပွဲသဘင်ပြုလုပ်ပြီး အက အမျိုးမျိုးဖြင့်
ဖျော်ဖြေသည်။တစ်တိုင်းပြည်လုံးမှ ပြည်သူပြည်သားများကိုလည်း ထိုကပွဲ သို့လာရောက် ကြည့်ရှုရန်အမိန့်ထုတ်လေသည်။
ပြည်သူပြည်သားများလည်းအမိန့်အတိုင်းလာကြပြီး ထိုကပွဲကို ကြည့်ရှုကြသည်။ ကပွဲလုပ်သည်မှာသုံးရက်မျှပင် ပြည့် သွားလေသည်။
သို့သော်မိဖုရားမြှောက်ထားသူကမူ စကားတစ်ခွန်းမှ မပြောသေးပေ။
ထိုအချိန်တွင်အဘွားတူသည်သူ၏ဇနီးမှာထားသည့်အတိုင်း နန်းတော်သို့ရောက်လာပြီး ဘုရင့်ပွဲတော် တွင်ဝင်၍
ကြက်မွှေးများဖြင့်လုပ်ထားသော အင်္ကျီကို ၀တ်ကာကသည်။ ထိုအခါ မိဖုရားမြှောက်ထားခံရသူ
(ကြက်မွှေးများဖြင့်လုပ်ထားသောအင်္ကျီကို ၀တ်၍ကသောအဘွားတူ၏ဇနီး)သည် မျက်နှာပြုံးရွှင်လာကာ
စကားပြောလာလေသည်။
သို့မိဖုရားေဲမှာက်ထားသူပြုံးပြုံးရွှင်ရွှင်နှင့် စကားပြောလာသောအခါဘုရင်သည် ၀မ်းသာမဆုံး ရှိလေသည်။
ထို့ကြောင့်ဘုရင်သည်သူမြှောက်ထားသောမိဖုရား၎င်းဝတ်စုံကိုဝတ်၍ကသည်ကို နှစ်သက်၍စကားပြောသည်။
ငါထိုအင်္ကျီကို ၀တ်၍ကမည်ဟုဆိုကာအဘွား၏တူဝတ်ထားသောအင်္ကျီကို ယူ၍ကပွဲသို့ ၀င်ကလေတော့သည်။
မိဖုရားမြှောက်ထားသူသည်ထိုအခါပို၍ပြုံးရွှင်ရယ်မောပြီး စကားပြောလေတော့သည်။
ကပွဲ၌ကကြသူများသည် အရင်ကအမျိုးမျိုးကကြသော်လည်း မိဖုရားစကားမပြော ယခုဇနပုဒ်မှ အညတြလူ
ကမှစကားပြောသည်ဟုဆိုကာ ကသူကိုဝိုင်းရိုက်ကြလေတော့သည်။
အရိုက်ခံရသူဘုရင်သည် တောရွာဇနပုဒ်မှအညတြလူမဟုတ်ငါဘုရင်ကိုယ်တိုင်ဖြစ်သည်ဟု မရိုက်ကြဖို့အကြောင်း
တောင်းပန်ပြောဆို သည်။ သို့သော်လည်းမရတော့ဘဲ လူအများ၏လက်ချက်ဖြင့်ဘုရင်သေဆုံးသွားလေတော့သည်။
အဘွား၏တူဇနပုဒ်သားနှင့် ပုစွန်အမျိုးသမီး ဇနီးမောင်နှံတို့မှာ မိမိနေရာသို့မိမိတို့ပြန်လာကြတော့သည် ဟူ၏။
လူထုဦးလှ - ကချင်ပုံပြင်များ ပထမတွဲ
0 comments:
Post a Comment