သွေးစုတ်ဖုတ်ကောင်
by Khin Lunn on Monday, October 22, 2012 at 1:57pm
-လေထဲမှာသွေးညှီနံ့
နားထဲမှာ တော်လဲသံ
ငါတို့ကမ္ဘာ ဂြိုဟ်ပြာကြီးဟာ
ရန်ဂြိုဟ်ထဲက ရုန်းမထွက်နိုင်တော့ဘူး။
-သေနတ်ကိုပိုက်ရင်း သူပုံပြော
စစ်ပွဲများရပ်ဖို့လိုပြီ
စစ်ပွဲများချက်ချင်းရပ်
စစ်ပွဲများအလိုမရှိ
သေနတ်မောင်းခလုပ်ပေါ်က လက်ညှိုးမကွေးလိုက်ခင်
သူပုံပြော
စစ်ဆန့်ကျင်ရေး
လက်ညှိုးတကွေး မောင်းခလုပ်ပေါ်က လက်ညှိုးတကွေး
ငြိမ်းချမ်းရေး
စစ်ဥဿုံကင်းမဲ့တဲ့ငြိမ်းချမ်းရေး
ထာဝရငြိမ်းချမ်းရေး တဲ့..။
-ငြိမ်းချမ်းရေး
ဒါဟာ မက်လုံးလား ပျက်လုံးလား
စစ်ဟာ ရပ်တန့်မသွားခဲ့ဘူး
စစ်ဟာ တိုးပွားရင်းသာ တိုးပွားလာခဲ့
အဲဒီ့သွေးစုတ်ဖုတ်ကောင်ကြီးဟာ
ကမ္ဘာတခွင်လုံး လျှောက်သွားနေပြီ
ထိန်းမနိုင်သိမ်းမနိုင်လျှောက်ပြေးနေပြီ
ဆီးရီးယားမှာ
လက်ဘနွန်မှာ
အာဖဂန်မှာ
ဆူဒန်မှာ
မာလာလာရဲ့
ဦးခေါင်းခွံထဲမှာ
ငါတို့အိမ်ခေါင်းရင်းမှာ
ငါတို့ထမင်းအိုးထဲမှာ
သွေးသံတရဲရဲ ငါတို့ခြောက်အိပ်မက်ထဲမှာ
အဲဒီ့ သွေးညှီနံ့ဟာ
ပွက်ခနဲကျလာတဲ့ ငါ့နှလုံးသားကလား
ရင်ဘတ်ဟာ ပွင့်ထွက်နေတယ်
ဦးနှောက်တွေ ပွင့်ထွက်လွင့်စင်ကျနေတယ်
မျက်လုံးတွေပြူးအန်ထွက်ကျနေတယ်
လူသေတွေအထပ်ထပ်
တချို့က
အလောင်းကောင်တွေကိုရေတွက်ရင်း
ကုန်သည်များလို အရှုံးအမြတ်တွက်ချက်ကြ
သူတို့အရေးသာနေသတဲ့
စစ်ဆန့်ကျင့်ရေးသမားက
တဖက်က အားလုံးပြုတ်ရင်
ငြိမ်းချမ်းပါပြီတဲ့
အားလုံးသေမှ ငြိမ်းချမ်းကြမှာလား
ငြိမ်းချမ်းကြဖို့ စစ်တိုက်ကြ လူသေကြ
မနုဿတဲ့ ဒုလ္လဘတဲ့
ဗုဒ္ဓရှင်တော်ဘုရား
ကျည်ဆံတွေက ဈေးကြီးသလောက်
လူ့အသက်တွေက ဈေးပေါလွန်း
လူ့အသက်တွေဟာ လက်နက်ဈေးကွက်ကြီးအတွက်
ထိုးကျွေးရတဲ့လောင်စာတမျိုးပေါ့
လူ့အသက်တွေကို
ကျွန်ုပ်တို့အသက်တွေကို
အာဏာရမ္မက်အတွက်
ဖက်နဲ့သာ ထုပ်ထားကြပေတော့
လက်နက်ဈေးကွက်အတွက်
ဖက်နဲ့သာ ထုပ်ထားကြပေတော့
ကမ္ဘာ့အကြီးဆုံးဈေးကွက်နယ်မှာ
စစ်ပွဲတွေရှာကြမှဖြစ်မယ်
ငါတို့ဟာ အင်္ဂါဂြိုဟ်ပေါ်တက်ပြီး
စစ်တိုက်ကြဦးတော့မှာပဲ။
-အော် သွေးအလိမ်းလိမ်းငြိမ်းချမ်းရေး
လူ့အဖြစ်ကိုပျက်ရယ်ပြုနေတဲ့ငြိမ်းချမ်းရေး
လူ့ယဉ်ကျေးမှုသမိုင်းရေချိန်ကို မေးငေါ့နေတဲ့ငြိမ်းချမ်းရေး
အရွက်တွေအသင်ခံထားရတဲ့ သံလွင်ကိုင်းခြောက်လေး
အမွှေးအတောင်နုတ်သင်ခံထားရတဲ့ ချိုးဖြူငှက်ကလေး
ကျွန်ုပ်တို့ကမ္ဘာရဲ့ငြိမ်းချမ်းရေးဟာ
သွေးအိုင်ထဲမှာ တုံးလုံးပက်လက်။
ခင်လွန်း
Oct 22,2012
နံနက်- ၁၀း၄၅ နာရီ
0 comments:
Post a Comment