18.10.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Wednesday, October 17, 2012 at 1:31pm ·
အမေရိကန်သမ္မတအိုဘားမားနဲ့ ပြိုင်ဘက်သမ္မတလောင်း ရီပတ်ဘလေကန်ပါတီက မစ် ရွမ်နီ တို့ရဲ့ ဒုတိယအကြိမ်မြောက် သမ္မတရွေးကောက်ပွဲအကြို စကားစစ်ထိုးပွဲကို မနေ့ညက နယူးယောက်မြို့မှာ ကျင်းပခဲ့ပါတယ်။
ဒီဒုတိယအကြိမ် စကားစစ်ထိုးပွဲပုံစံက မြို့လူထုနဲ့ဆုံပြီး မေးသမျှဖြေရင်း ကိုယ့်ပါတီရဲ့ မူဝါဒ၊ သမ္မတဖြစ်လာရင် ဘယ်လိုပုံစံလုပ်မယ်ဆိုပြီး ပြောဆိုလိုသလို ပြိုင်ဘက်ကိုလည်း သာသာနဲ့ နာနာနက်၊ လုပ်ခဲ့သမျှ ပြောခဲ့သမျှ အမှားတွေထောက်လို့ မဲဆန္ဒရှင်တွေ ကိုယ့်ပြိုင်ဘက်ကို မကြိုက်သွားအောင်နဲ့ ကိုယ့်ကို ပိုကြိုက်ပြီး ယုံလာအောင် ဆွဲဆောင် ပြောရတာမျိုးပါ။ ဒီတခေါက်မှာတော့ နှစ်ဦးစလုံးရဲ့ ပြောဟန်ဆိုဟန်က တကယ့်ကို အားမာန်ပါပြီး အကြိတ်အနယ်လည်း ရှိပါတယ်။
လစ်ဗျားနိုင်ငံ၊ ဘန်ဂါဇီမြို့မှာ အမေရိကန်သံအမတ် သေဆုံးခဲ့တာကို ပြီးခဲ့တဲ့ ရက်ကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက သူ့မှာ လုံးဝ တာဝန်ရှိပါတယ်လို့ ပြောပါတယ်။ ဒီတော့ ဒီသံတမန်တွေရဲ့ လုံခြုံရေးကိစ္စကို မြို့ခံလူထုတယောက်က မေးတော့
ဟီလာရီ ကလင်တန် ဆောင်ရွက်ပုံတွေက တကယ့်ကို အမြော်အမြင်ရှိပါတယ်။ ဒါပေမဲ့ သူက ကျွန်တော့်အတွက် လုပ်နေတာပါ၊ ကျွန်တော်က သမ္မတပါ။ ကျွန်တော့်မှာ အမြဲ တာဝန်ရှိနေ ပါတယ်လို့ သမ္မတ အိုဘားမားက ဖြေရင်း သမ္မတ တယောက်ရဲ့ တာဝန်ကို ယူပြပါတယ်။ ခေါင်းဆောင်မှု အရည်အသွေးကို ပြပါတယ်။
တခါ သမ္မတရွေးကောက်ပွဲဝင်မယ့် မစ်ရွမ်နီကလည်း ခေသူမဟုတ်ပါဘူး။ အကြို ရွေးကောက်ပွဲစစ်တမ်းတွေမှာဆိုရင် သမ္မတအိုဘားမားနဲ့ ရာခိုင်နှုန်း မဆိုစလောက်ပဲ နည်းနေသူပါ။ သူက စီးပွားရေးကိစ္စနဲ့စပ်လို့ တရုတ်နဲ့ပတ်သက်ပြီး
ညီမျှစွာနဲ့ပြိုင်ရမယ်ဆို ကမ္ဘာပေါ်က ဘယ်နိုင်ငံနဲ့မဆို ကျွန်တော်တို့ ပြိုင်နိုင်ပါတယ်။ တရုတ်တွေ မဟုတ်တရုတ်လုပ်တာ ကြာပါပြီ။ ထင်ရှားတာကတော့ သူတို့ ငွေဈေးကို ချထားပါတယ်။ ဒုတိယတချက်က ကျွန်တော်တို့ အသိဉာဏ်မူပိုင်ခွင့်နဲ့ဆိုင်တဲ့ နည်းပညာ၊ ဒီဇိုင်း၊ ပုံစံတွေကို ခိုးပါတယ်။ တရုတ်ပြည်မှာ အက်ပဲစတိုးဆိုင် ဆိုတာတောင် အတုဖွင့်ပြီး၊ ပစ္စည်းတုတွေ ရောင်းပါတယ်လို့ သမ္မတလောင်း ရွမ်နီက တရုတ်ကို ကောင်းကောင်းတွယ်ပြီး အမေရိကန်မဲတွေ ရဖို့ ကြိုးစားပါတယ်။
သမ္မတအိုးဘားမားနဲ့ မစ်ရွမ်နီတို့ရဲ့ မဲဆန္ဒရှင်မေးခွန်းတွေကို ဖြေရင်း၊ တခါတလေလည်း တယောက်နဲ့တယောက် ပြန်လှန်မေးခွန်းတွေမေးရင်း လက်ညှိုးပါ ငေါက်ငေါက်ထိုးလို့ ပြောဆိုတာတွေနဲ့ပတ်သက်ပြီး အမေရိကန် တယောက်ကတော့ နှစ်ယောက်စလုံးက လူကြီးလူကောင်းဟန်ပန် လုံးဝမရှိပါဘူး။ သူတို့ တဦးနဲ့တဦး ချဲရမယ်၊ တယောက်ပြောတာကို တယောက်က လက်မခံဘဲ ဆန့်ကျင်လို့ ရပါတယ်။ ဒါပေမဲ့ အပြန်အလှန် လေးစားသမှု ရှိရမယ်။ တင်ဆက်သူကို လေးစားရမယ်လို့ အမေရိကန် မဲဆန္ဒရှင်တဦးက သုံးသပ်ပါတယ်။
သမ္မတအိုဘားမားဟာ ဒီတကြိမ်မှာတော့ ပထမအကြိမ်ထက်စာရင် ပြိုင်ဘက်ကို ပိုပြီး သည်းသည်းသန်သန် ပြောဆိုတိုက်ခိုက်တဲ့ပုံစံ တွေ့ရပါတယ်။
ဒီတကြိမ်က ဘယ်သူ့ကို မဲပေးမယ်ဆိုတာ မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင် ၈၀ ကို သမ္မတလောင်းနှစ်ဦးက လစ်ဗျားအရေးကနေ ပြည်ဝင်ခွင့်အရေးအထိ၊ အများစုကတော့ စီးပွားရေးနဲ့ဆိုင်တဲ့ ကိစ္စတွေပေါ့၊ မေးလာတဲ့ မေးခွန်းတွေကို ဖြေရင်း ပရိသတ်ကို မဲဆွယ်ကြပါတယ်။ ဒါဆို ဒီတကြိမ် ဘယ်သူနိုင်သလဲ။ အမေရိကန် ရုပ်သံတွေက ကောက်ယူတဲ့ စစ်တမ်းတွေအရတော့ သမ္မတအိုဘားမား နိုင်တယ်လို့ ဆိုပါတယ်။
သမ္မတလောင်းနှစ်ဦး ဒုတိယအကြိမ်စကားစစ်
နယူးယောက်မြို့၊ Hofstra တက္ကသိုလ်အတွင်း သမ္မတလောင်းနှစ်ဦး စကားစစ်ထိုးစဉ်။ Romney (ဝဲ) နှင့် Obama (ယာ) အောက်တိုဘာလ ၁၆ ရက်၊၂၀၁၂။
အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားနဲ့ ရီပတ်ဘလီကန်ပါတီသမ္မတလောင်း မစ်တ် ရွမ်မ်နီတို့ဟာ အင်္ဂါနေ့ညက ဒုတိယအကြိမ် စကားစစ်ထိုးပွဲမှာ ကိစ္စရပ်ပေါင်းစုံကို အခြေအတင် ပြောဆိုခဲ့ကြပါတယ်။
နယူးယောက်မြို့၊ Hofstra တက္ကသိုလ်မှာလုပ်တဲ့ လူထု နဲ့ တိုက်ရိုက် ပြောဆို ဆွေးနွေးတဲ့ပုံစံ စကားစစ်ထိုးပွဲမှာ ဘယ်သူ့ကိုမဲပေးမယ်ဆိုတာ မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင်တွေက စီးပွားရေး၊ စွမ်းအင်နဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ မေးခွန်းတွေကို ဖြေဆိုခဲ့ကြတာပါ။
သမ္မတအိုဘားမားဟာ ဘဏ္ဍာငွေ လိုငွေပြမှုကို နှစ်ဆတိုးစေခဲ့ပြီး သူလုပ်မယ်လို့ ပြောခဲ့တာတွေ ကို အောင်မြင်အောင် မလုပ်နိုင်ခဲ့ ဘူးလို့ ပြီးခဲ့တဲ့လေးနှစ်အတွင်း သမ္မတရဲ့ စွမ်းဆောင်ရည်အပေါ် မစ္စတာရွမ်မ်နီက ဝေဖန် ထိုးနှက်ခဲ့ပါတယ်။
သမ္မတ အိုဘားမားကတော့ သူပေးခဲ့တဲ့ကတိ အတော်များများကို သူ လုပ်ပေးခဲ့ပြီး ကတိပေးထားခဲ့တဲ့ အတိုင်း မလုပ်နိုင်ခဲ့တာ တွေဟာ ကြိုးစားမှုအားနည်းတာကြောင့် မဟုတ်ဘူးလို့ ပြန်လည် ချေပခဲ့ပါတယ်။နောက်လာမယ့် လေးနှစ်အတွင်း အမေရိကန်နိုင်ငံရဲ့စီးပွားရေးကို ပြန်ကောင်းလာအောင် ဘယ်လို လုပ်ကြမယ်ဆိုတဲ့ အစီအစဉ် တွေပေါ်မှာလည်း သူတို့နှစ်ဦး အခြေအတင် ငြင်းခုန်ခဲ့ပါတယ်။
ချမ်းသာသူတွေကို အခွန်လျှော့ကောက်မယ့် မစ္စတာရွမ်မ်နီရဲ့ အစီအစဉ်ဟာ စီးပွားရေးကို ထိခိုက်စေ လိမ့်မယ်လို့ မစ္စတာအိုဘားမားက ပြောပါတယ်။ ဒါပေမဲ့လည်း မစ္စတာရွမ်မ်နီကတော့ အခွန်အတုပ် ဆိုင်ရာ သူ့ရဲ့အစီအစဉ်ဟာ အလုပ်အကိုင်တွေ ဖန်တီးနိုင်ပြီး တိုင်းပြည်ရဲ့ ၀င်ငွေထွက်ငွေကို မျှတစေ လိမ့်မယ်လို့ ပြောပါတယ်။
ဂျပန် အိုင်တီ ကုမ္ပဏီ က LAN (Local Area Network) စနစ်တွေ တပ်ဆင်ပေးနိုင်
နိုင်ငံတကာ IT နည်းပညာ ကုမ္ပဏီ တခုဖြစ်တဲ့ ဂျပန် အခြေစိုက် NTT Com ကုမ္ပဏီ ဟာ ရန်ကုန်မှာ ရုံးခွဲတခု ဗုဒ္ဓဟူးနေ့ က ဖွင့်လှစ် လိုက်ပါတယ်။
NTT Com ကုမ္ပဏီ က မြန်မာနိုင်ငံမှာ အဓိကအားဖြင့် စီးပွားရေး ကုမ္ပဏီတခု အတွင်း ဆက်သွယ်ဆောင်ရွက်မှု တွေ ၊ တခါ မြန်မာပြည် က နိုင်ငံတကာ ကို ဖြန့်လိုတဲ့ ဒေတာ အချက်အလက် တွေကို နိုင်ငံတကာ ကို ဖြန့်ချိ နိုင်အောင် လုပ်ဆောင် တာတွေ စတဲ့ လုပ်ငန်းတွေကို ပထမ အဆင့်အနေနဲ့ စလုပ်ဆောင်မှာပါ။
NTT Com ကုမ္ပဏီ ရဲ့ မြန်မာပြည် ဆိုင်ရာ မန်နေဂျာ ဟာဂျီမီ မီယာဇာကီ က စီးပွားရေးဆိုင်ရာ ကုမ္ပဏီတွေ လုပ်ငန်းတွေ အနေနဲ့ သူတို့ စားသုံးသူ တွေ နဲ့ ဆက်ဆံဆောင်ရွက်ရာမှာ ဖြစ်စေ ၊ ဝန်ထမ်းဌာန အချင်းချင်း၊ ဝန်ထမ်း အချင်းချင်း ဆက်သွယ် ဆောင်ရွက်ရာမှာ ဖြစ်စေ လိုအပ်တဲ့ ဆက်သွယ်ရေး တွေ၊ ကွန်ဖရင့် ဆက်သွယ်စကားပြောတာတွေ၊ လုံခြုံရေး စနစ် တွေ ဒါ တွေ ကို လုပ်ဆောင် နိုင်မယ့် LAN ( Local Area Network) စနစ် ကို ရုံးတွင်း၊ ဒါမှမဟုတ် ကုမ္ပဏီ အတွင်းမှာ တပ်ဆင် နိုင်မယ့် ဝန်ဆောင်မှု ပေးသွားမှာပါ လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ က ဒေတာ အချက်အလက်တွေ ကို နိုင်ငံတကာ ကို ဖြန့်ချိ နိုင်စေဖို့ အချက်အလက် ဆက်သွယ်ပို့ဆောင်ရေး ကိုလည်း သူတို့ ရဲ့ တခြားနိုင်ငံမှာ ရှိတဲ့ Network ဌာန တွေ ကတဆင့် လုပ်ငန်း ဆောင်ရွက် သွားမယ့် အကြောင်း ပြောပါတယ်။
ဒီ NTT Com ကုမ္ပဏီ ဟာ ဂျပန်မှာ အခြေစိုက်ပြီး ဝန်ထမ်းအင်အား ဂျပန်မှာတင် ၈၀၀၀ ကျော်ပါတယ်၊ ထိုင်း ကရုံးခွဲမှာလည်း ဝန်ထမ်း ၂၅၀ ကျော်ရှိပါတယ်၊ မြန်မာပြည်မှာ တော့ ဝန်ထမ်းအင်အား အနည်းငယ်နဲ့ စတင်မှာ ဖြစ်ပေမယ့် မြန်မာပြည် တယ်လီကွန်မြူနီကေးရှင်း အခြေအနေ ၊ အစိုးရ က တယ်လီကွန်မြူနီကေးရှင်း လိုင်စင် ခွင့်ပြုချက် စတဲ့ အချက်တွေ ပေါ်မူတည်ပြီး သူတို့ရဲ့လုပ်ငန်းဆောင်ရွက်ချက် တွေ ကို ရှေ့မှာ ချဲ့ထွင်ဆောင်ရွက်သွားမယ် လို့လည်း မစ္စတာ မီယာဇာကီ က ပြောပါတယ်။
သူတို့ရဲ့ လုပ်ငန်း တွေ က မြန်မာပြည်ရဲ့ အင်တာနက် ကွန်ယက် ဆက်သွယ်ရေး အပေါ်မှာလည်း တစိတ်တပိုင်း မူတည် နေတဲ့အတွက် အင်တာနက် အခြေခံအဆောက်အအုံပိုင်း တိုးတက်လာစေရေး အတွက်လည်း သူတို့ စိတ်ပါဝင်စားကြောင်း NTT Com ကုမ္ပဏီ မြန်မာပြည် ဆိုင်ရာ မန်နေဂျာ က ပြောပါတယ်။
နေပြည်တော်ခရိုင်မှာ လယ်သမားတွေရဲ့ လယ်မြေတွေ အသိမ်းခံနေရ
နေပြည်တော်ခရိုင် ဒက္ခိဏ သီရိနဲ့ လယ်ဝေး မြို့နယ် အစပ်မှာ စည်ပင်သာယာဌာနက သိမ်းယူထားတဲ့ လယ်မြေတွေမှာ ဒေသခံ မူလပိုင်ရှင် လယ်သမားတွေက သူတို့သာ ပိုင်ရှင်ဖြစ်ကြောင်း ဆိုင်းဘုတ်တွေ စိုက်ထူခဲ့လို့ ဦးဆောင်သူ လယ်သမား နှစ်ဦးကို ရဲက အင်္ဂါနေ့ည အထိ ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
စည်ပင်သာယာဌာနက သူတို့ သိမ်းထားတဲ့ လယ်မြေတွေမှာ စည်ပင်ပိုင်မြေ မကျူးကျော်ရ၊ နိုင်ငံတော်ပိုင်မြေ မကျူးကျော်ရ ဆိုတဲ့ ဆိုင်းဘုတ်တွေ ထူထားတာကြောင့် ဒေသခံ လယ်သမားတွေက ဘိုးဘွားပိုင်မြေ ပိုင်ဆိုင်မှု အထောက်အထားများရှိသည်၊ မကျူးကျော်ရ၊ ကျူးကျော်လာသူ ပြည်သူ့ ရန်သူ ဆိုတဲ့ ဆိုင်းဘုတ်တွေကို တန်ပြန် စိုက်ထူခဲ့ကြတာ ဖြစ်တယ်လို့ လယ်သမားတဦးက ဘီဘီစီကို ပြောပြပါတယ်။
အဲဒီလယ်မြေတွေကို ၂၀၁၀ခုနှစ်လောက်က သိမ်းထားတာဖြစ်ကြောင်းနဲ့ အသိမ်းခံရတဲ့ လယ်မြေ စုစုပေါင်း ဧက ၇၅၀ကျော်လောက် ရှိကြောင်း ပြောပါတယ်။
ဆိုင်းဘုတ်တွေ မစိုက်ထူဖို့ စည်ပင်သာယာနဲ့ ရဲက လာရောက်တားဆီးခဲ့ကြပြီး ညနေ ၆နာရီလောက်မှာတော့ ဒီကိစ္စကို ဦးဆောင်လုပ်ခဲ့သူ လယ်သမား ကိုလှမြင့်နဲ့ ကိုကျော်စိုးတို့ နှစ်ဦးကို ပေါက်တော ရဲစခန်းကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းနဲ့ ည ၁၀နာရီလောက်အထိ စစ်ဆေးနေဆဲ ဖြစ်ကြောင်း သူက ဘီဘီစီကို ပြောပါတယ်။
လယ်မြေတွေ အသိမ်းခံရတဲ့ ကိစ္စအကြောင်း အထက်အဆင့်ဆင့်ကို အသနားခံစာတင် တိုင်ကြားထားပေမယ့် အကြောင်းမထူးတဲ့အတွက် အခုလို လုပ်ခဲ့ကြတာလို့လည်း ပြောပါတယ်။
တရုတ်နိုင်ငံမှာ အောက်တိုဘာလ ၁၅ ရက်နေ့က ကွယ်လွန်သွားတဲ့ ကမ္ဘောဒီးယား ဘုရင်ဟောင်း နိုရိုဒွန်သီဟာနုရဲ့ ရုပ်အလောင်းကို ကမ္ဘောဒီးယားနိုင်ငံကို အောက်တိုဘာလ ၁၇ ရက်နေ့က ပြန်သယ်လာခဲ့ပါတယ်။
ရွှေရောင် ဝေါယာဉ်ပေါ်မှာ တင်လာတဲ့ ရုပ်အလောင်းကို သူ့ရဲ့ ကျန်ရစ်သူ ဇနီး ဘုရင်မ မိုနစ်၊ သားဖြစ်သူ လက်ရှိ ဘုရင် သီဟာမုနိနဲ့ ဝန်ကြီးချုပ် ဟွန်ဆန်တို့ လိုက်ပါပြီး မြို့တော် ဖနွမ်းပင်ရဲ့ လမ်းတွေတလျှောက် သယ်လာခဲ့ရာမှာ လမ်းဘေးဝဲယာက လူ သိန်းချီပြီး စောင့်ကြို ဂါရဝပြုခဲ့ပါတယ်။
လူတွေဟာ ဝမ်းနည်းတဲ့ အထိမ်းအမှတ် အဖြူရောင် ဝတ်စုံတွေမှာ အနက်ရောင် ဖဲပြားတွေကို တပ်ဆင်ထားပြီး လမ်းတွေပေါ် ထွက်လာခဲ့ကြပါတယ်။
သူ့ရုပ်ကလာပ်ကို နိုင်ငံတော် အခမ်းအနားနဲ့ နန်းတော်မှာ သုံးလကြာ ထားရှိပြီးမှ ဈာပနအခမ်းအနားကို ကြီးကြီးကျယ်ကျယ် ကျင်းပမှာ ဖြစ်ပါတယ်။ ဒီ ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလ အတွင်းမှာ နိုင်ငံအတွင်းက ရေဒီယိုတွေနဲ့ ရုပ်မြင်သံကြားတွေမှာ မသင့်တော်တဲ့ အစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်တာတွေ မလုပ်ဖို့လည်း အစိုးရက ညွှန်ကြားထားပါတယ်။
ဘုရင်သီဟာနုဟာ ကွယ်လွန်ချိန်မှာ အသက် ၈၃ နှစ်ရှိပြီ ဖြစ်ပြီး သူ့ရဲ့ နောက်ဆုံးနှစ်တွေမှာ တရုတ်နိုင်ငံမှာ နေထိုင်သွားခဲ့တာ ဖြစ်ပါတယ်။
ဘုရင် သီဟာနုဟာ ၁၉၅၃ ခုနှစ်မှာ ပြင်သစ်ဆီက ကမ္ဘောဒီးယား လွတ်လပ်ရေး အရယူပေးခဲ့ပြီး နောက်ပိုင်း နိုင်ငံ စစ်ပွဲတွေ ကြုံခဲ့၊ ခမာနီတွေက လူသန်းချီ သတ်ခဲ့တဲ့ နှစ်ပိုင်းတွေမှာလည်း အဓိက နိုင်ငံရေး ခေါင်းဆောင် တယောက် ဖြစ်ခဲ့ပါတယ်။
သူဟာ ၂၀၀၄ ခုနှစ်မှာ နန်းစွန့်ခဲ့ပြီး သားတော်ကို ဘုရင်အရိုက်အရာကို လွှဲပေးခဲ့တာ ဖြစ်ပါတယ်။
တရားရုံးအဆောက်အဦကို ပုဂ္ဂလိက မလွှဲစေချင်
ရန်ကုန်မြို့မှာရှိတဲ့ တရားရုံးချုပ်အဆောက်အဦးနဲ့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ကို ပုဂ္ဂလိကလက်ကို လွှဲပြောင်းတဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ ရန်ကုန်မြို့မှာ ရှိတဲ့ ရှေ့နေ ၂၀၀၀ကျော်က အဲဒီအဆောက်အဦးတွေရှေ့မှာ အောက်တိုဘာ ၁၇ ရက်နေ့ မနက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ရှေးဟောင်းအထိမ်းအမှတ် အဆောက်အဦများ ဥပဒေနှင့်အညီ ကာကွယ်ရေး၊ တရားရုံးအဆောက်အဦများ အငှားချမစားပါနဲ့၊ တိုးမြှင့်တံဆိပ်ခေါင်းခွန်နှုန်းထားများ ပြည်သူမလိုလား စတဲ့ တောင်းဆိုချက် ဆိုင်းဘုတ်တွေကိုင်ထားတဲ့ ရှေ့နေ ၂၀၀ကျော်ဟာ မဟာဗန္ဓုလပန်းခြံလမ်း မှာရှိတဲ့ တရားလွှတ်တော် အဆောက်အဦ ရှေ့ကနေ ကုန်သည်လမ်းမှာ ရှိတဲ့ ရန်ကုန်တိုင်း စုပေါင်းတရားရုံးထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
လွတ်လပ်ရေးမရခင် ၁၉၄၈ ခုနှစ် မတိုင်ခင်ကတည်းက ရှိခဲ့တဲ့ ဒီအဆောက်အဦးတွေကို ရှေးဟောင်းအမွေအနှစ်အတိုင်း ဒီတိုင်းရှိစေချင်လို့ ဆန္ဒပြရတာ ဖြစ်တဲ့အကြောင်း ရှေ့နေများကွန်ယက်အဖွဲ့ဝင် ဥပဒေအကြံပေး ရှေ့နေကြီး ဦးအောင်သိန်းက ရှင်းပြပါတယ်။
ဒီအဆောက်အဦး ၂ခုကို ပြုပြင်ဖို့ ရန်ကုန်တိုင်း အစိုးရမှာ လျာထားငွေ မရှိဘူးဆိုရင် ရှေ့နေများ ကွန်ယက်အနေနဲ့ ကူညီဖြေရှင်းသွားမယ်လို့ ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။
ငွေလိုရင် ငွေရှာပေးသွားမယ်လို့ ရှေ့နေတွေကပြော
ကုလသမဂ္ဂ ယဉ်ကျေးမှုအဖွဲ့ကြီး (UNESCO) သတ်မှတ်ထားတဲ့ အတိုင်း ရှေးဟောင်း အဆောက်အဦတွေကို ထိန်းသိမ်းပြီး ဒီအဆောက်အဦတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေက ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ အဖြစ် ပြောင်းလဲ ဖွင့်လှစ်သွားမှာကို မလိုလားဘူးလို့ ရှေ့နေတွေက ပြောပါတယ်။
ဖြစ်နိုင်ရင် ဒီ အဆောက်အဦတွေကို မူလက အတိုင်း တရားရုံးတွေ အဖြစ် ပြန်လည် အသုံးပြုသွားဖို့ ဆန္ဒရှိကြောင်းလည်း သူတို့က ပြောပါတယ်။
ရှေ့နေများကွန်ယက်ရဲ့ ဒီကနေ့တောင်းဆိုချက်ထဲမှာ တရားစွဲဆိုရာမှာသုံးတဲ့ အခွန်တံဆိပ်ခေါင်းနုန်းထားတွေ အဆ ၁၀၀လောက် တိုးမြင့်တာကို ပြန်လည် စဉ်းစားဖို့ တောင်းဆိုသွားခဲ့ ပါတယ်။
မွန်နှစ်ပါတီပေါင်းပြီး ၂၀၁၅ ရွေးကောက်ပွဲ ဝင်မည်
မွန်နိုင်ငံရေးပါတီနှစ်ဖွဲ့ဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ မွန်ဒီမိုကရေစီပါတီတို့ဟာ မတူကွဲပြားတဲ့ အခြေအနေကနေ လာမယ့် (၂၀၁၅)ခုနှစ်၊ ပါတီစုံရွေးကောက်ပွဲအောင်မြင်ရေးအတွက် တစ်ပါတီအဖြစ် ပူးပေါင်း ဆောင်ရွက်သွားဖို့ သဘောတူညီချက်ရရှိခဲ့ကြောင်း ပါတီခေါင်းဆောင်တွေ က ပြောပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မွန်သံဃာတော်တွေကနေ ဦးဆောင်ပြီး ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းထားပြီး ကြောင်းလည်း ပြောပါတယ်။ ပါတီနှစ်ခု ပူးပေါင်းမှသာလျှင် လာမယ့် (၂၀၁၅)ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်များများ ရနိုင်မယ့် အခြေအနေရှိနေသလို ပူးပေါင်းဖို့ သဘောမတူညီတဲ့သူတွေအနေနဲ့ နောက်ကျန်သွားမယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။
ဒီအခြေအနေအပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက် နိုင် ကွန်းအိန်ကနေ တင်ပြပေးထားပါတယ်။
လာမယ့် (၂၀၁၅) ရွေးကောက်ပွဲမှာ အောင်မြင်နိုင်ရေးအတွက် ကွဲပြားနေတဲ့ မွန်နိုင်ငံရေး ပါတီနှစ် ခုဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနဲ့ မွန်ဒီမိုကရေစီပါတီတို့ဟာ (၂၀၁၄) ခုနှစ်မှာ တစ်ပါတီ အဖြစ် အမည်သစ်နဲ့ ပေါင်းစည်းနိုင်ရေးအတွက် နှစ်ဘက်ခေါင်းဆောင်ချင်း ညှိနှိုင်းပြီးတော့ သဘောတူညီချက်(၄) ချက်ပါ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အခုလိုပေါင်းစည်းရတာဟာလည်း ကွဲပြားနေတဲ့မွန်အင်အားစုတွေ စုစည်းခိုင်မာဖို့အတွက် ဖြစ်တယ်လို့ မွန်ဒီမိုကရေစီပါတီ၊ ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင် နိုင်စိုးမြင့်က ဗွီအိုအေကို အခုလိုပြောပါတယ်။
“မွန်အမျိုးသား အကျိုးစီးပွားအတွက်ပါပဲ။ မွန်တွေပေါင်းစည်းဖို့ အဓိကပေါ့ဗျာ။ တကယ်လို့ ကျနော်တို့ မွန်လူမျိုးတွေမှာ ပါတီနှစ်ခုကွဲပြားခဲ့သော် ရှေ့ဆက်ပြီးတော့ (၂၀၁၅) ဖြစ်စေ၊ တခြားသော ပြည် ခိုင်ဖြိုးဖြစ်စေ NLD ပါတီတို့ရဲ့ အခြေအနေနဲ့နှိုင်းယှဉ်ရင် ကျနော်တို့က အောင်မြင်နိုင်တဲ့ အခြေအနေ ဟာ အများကြီး အားနည်းနေတယ်။ ဒီအပေါ်မှာသုံးသပ်ပြီးတော့ အဲဒီလုပ်ငန်းစဉ် ကိုယ်ပိုင် အယူအဆတွေ ဒုတိယထားပြီးတော့ Unity First ကြွေးကျော်သံပေါ့လေဗျာ။ ပေါင်းစည်းရမယ်။ အမြင်မတူတာတွေကို ဆက်ပြီး ညှိနှိုင်းသွားပြီးတော့ ဒီမိုကရေစီ စံနစ်တကျနဲ့သွားနိုင်မယ်ဆိုရင် ဒီမိုကရေစီ ရေရှည်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်တာပေါ့။”
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနဲ့ မွန်ဒီမိုကရေစီပါတီတို့ဟာ မတူကွဲပြားတဲ့အခြေအနေကနေ ပါတီတည် ထောင်ခဲ့သလို နိုင်ငံရေးလမ်းစဉ်လဲကွဟချက် ရှိနေသေးတဲ့အတွက် ပါတီတခုတည်းအဖြစ် ပူးပေါင်းဖို့ မွန်သံဃာတော်တွေကနေ ဦးဆောင်ပြီး ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းထားပြီးပြီလို့ နိုင်စိုးမြင့်က ဆက်ပြောပါတယ်။
“အခုတော့ သံဃာတော်တွေဦးဆောင်ပြီးတော့ ညှိနှိုင်းရေးအဖွဲ့တွေ ဖွဲ့ထားပါတယ်။ သံဃာ (၁၅) ပါးက ညှိနှိုင်းရေးအဖွဲ့ ညီညွတ်ရေးအရ ညှိနှိုင်းရေးအဖွဲ့ကို သူတို့က မူသုံးချက်ချထား ပါတယ်။ ပေါင်းစည်းရေးမူ ပေါ့ဗျာ။ နံပါတ်တစ်က မွန်ဒီမိုကရေစီပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာပါတီက အရေအတွက်တူ တူညီတဲ့ အင်အားနဲ့ ပေါင်းစည်းမယ်။ နှစ်အချက်က အဲဒီအရေအတွက်တူတဲ့ ကိုယ်စားလှယ်တွေရပြီးရင် ကိုယ်စား လှယ်အားလုံးကပဲ နောက်ထပ် ဥက္ကဋ္ဌအသစ်၊ အတွင်းရေးမှူး အသစ်တွေ ရွေးချယ်တင်မြှောက်မယ်။ နံပါတ်သုံးကတော့ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ မူဝါဒတွေမှာ ဆက်ပြီးတော့ ညှိနှိုင်း ဆွေးနွေးသွားဖို့ပဲ။ အဲဒီမူ (၃) ချက် ချထားပါတယ်။”
အခုလို မွန်နိုင်ငံရေးပါတီ နှစ်ပါတီ ပူးပေါင်းခြင်းအားဖြင့် ပါတီအင်အားတောင့်တင်းလာပြီး (၂၀၁၅) ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်များများရရှိဖို့ အဓိကကျတယ်လို့ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌနိုင်ငွေသိန်းခေါ် နိုင်ဂျနူမွန်က ပြောပါတယ်။
“လာမယ့် (၂၀၁၅) ရွေးကောက်ပွဲမှာ တို့ကတော့ မွန်ကိုယ်စား ရွေးကောက်ခံပုဂ္ဂိုလ်တွေ များများရဖို့ လိုတယ်။ ဟိုဘက်မွန်လည်း မွန်ပဲ။ ဒီဘက်မွန်လည်း မွန်ပဲ။ နောက်ထပ် မွန်တခုလာရင်လည်း မွန်ပဲ၊ အဲဒါနဲ့သွားမှာပါ။ လာမယ့် (၂၀၁၅) မှာ ကျနော်တို့ အတူတကွ အထူးသဖြင့် မွန်ပြည်နယ်မှာ ကျနော်တို့ ကိုယ်စားလှယ် များများရဖို့ အရေးကြီးတယ်။ ဒီတော့မှပဲ ကျနော်တို့ကတော့ ပြည်နယ် လွှတ်တော်မှာ Majority ရမယ်။ Majority ရမယ်ဆိုလို့ရှိရင် ကျနော်တို့အတတ်နိုင်ဆုံး မွန်ဒေသမှာ သို့မဟုတ် မွန်ပြည်နယ်မှာ နေနေတဲ့ပုဂ္ဂိုလ်တွေရဲ့အကျိုးကို ဆောင်ရွက်နိုင်မှာပေါ့။”
မွန်နှစ်ပါတီပေါင်းစည်းရေးအတွက် အောက်တိုလ (၁၃) ရက်နေ့မှာ မွန်ပြည်နယ်၊ မုဒုံမြို့ နယ်၊ အောင်စေတီ ကျောင်းတိုက်မှာ အစည်းဝေးကျင်းပခဲ့ပြီးတော့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဒီကြေညာချက်ထဲမှာဆိုရင် နှစ်ပါတီပူးပေါင်းဖို့ သဘောတူညီတာရယ်၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ လ နောက်ဆုံးထားပြီး တပါတီအဖြစ် ပူးပေါင်းသွားဖို့ရယ်၊ တစ်လတကြိမ် ဆွေးနွေးညှိနှိုင်းသွားဖို့နဲ့ ပါတီနာမည်အသစ်ဖြစ် ပေါ်အောင် ဆက်လက် ဆွေးနွေးသွားဖို့ ပါရှိပါတယ်။
ဒီထုတ်ပြန်ကြေညာချက်ထဲမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဋ္ဌ နိုင်ငွေသိန်းခေါ်နိုင်ဂျနူမွန်၊ မွန်ဒီမို ကရေစီပါတီ ဒုတိယဥက္ကဋ္ဌ (၂) နိုင်တင်အောင်၊ မွန်လူမျိုးရေးရာညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူး ဆရာတော် နိုင်ခေမာနန္ဒတို့ကနေ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ပြီးခဲ့တဲ့ဧပြီလ (၂၂)ရက်နေ့က မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနဲ့ မွန်ဒီမိုကရေစီပါတီတို့ဟာ တပါတီ အဖြစ် ပေါင်းစည်းနိုင်ရေးအတွက် ဆွေးနွေးတိုင်ပင်ခဲ့ပေမယ့် ပေါင်းစည်းရေးမှာတော့ လက်မခံနိုင်သေးတဲ့ သူတွေ ရှိနေတယ်လို့ ပြောဆိုသံတွေ ထွက်ပေါ်နေပါတယ်။
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းကတော့ လုပ်ငန်းတူတာတွေကို ပူးပေါင်း လုပ်ဆောင်သွားမှာဖြစ်ပြီး မပူးပေါင်းချင်တဲ့သူတွေ နောက်ကျန်ခဲ့မယ်လို့လည်း ပြောပါတယ်။
“လုပ်ငန်းတူ ပူးပေါင်းဆောင်ရွက်မှုဆိုတာက သဘောမကျတဲ့သူကတော့ ဒါနည်းနည်း နိမ့်တာပေါ့ဗျာ၊ ကျနော် ပြောချင်တာ။ တခြားပါတီနဲ့တောင်ကျနော်တို့ လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်မှု လုပ်တာ ပဲ။ တခြား တိုင်းရင်းသားပါတီတွေ၊ ရှမ်းတို့၊ ချင်းတို့၊ ကရင်တို့နဲ့ ကျနော်တို့ အခု ဖွဲ့စည်းပြီး လုပ်နေသေးတယ်ဆိုတော့ အခု မွန် မွန်ချင်းက တူညီတဲ့လုပ်ငန်းကို မလုပ်နိုင်ဘူးဆိုတဲ့ဟာ ဒါသဘော ထား နိမ့်အားကြီးလွန်းတယ်။ မွန်ပြည်သူတွေကလည်း လက်ခံမှာမဟုတ်ဘူး။ မွန်သံဃာတွေ လည်း လက်ခံမှာမဟုတ်ဘူး။ ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။ မပူးပေါင်းချင်ဘူးဆိုလို့ရှိရင်ကျန်ခဲ့ပေါ့။ ဒါပဲရှိတယ်။"
မွန်နိုင်ငံရေးပါတီ နှစ်ပါတီပူးပေါင်းသွားမယ်ဆိုရင် ကွဲပြားနေတဲ့ မွန်ပြည်သူတွေကို စု စည်းနိုင်ပြီး အောင်မြင်မှု အတိုင်းအတာတခု ရှိနိုင်မယ်လို့လည်း အကျိုးဆောင်သံဃာတော်တပါးက မြွက်ကြားပါတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ မွန်ဒီမိုကရေစီပါတီဟာ အရင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့အမည်နဲ့ မဲဆန္ဒနယ် ၁၉ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ၅ နေရာ အနိုင်ရရှိခဲ့ပါတယ်။
ဒါပေမဲ့ရွေးကောက်ပွဲရလဒ်ကို အရင်စစ်အစိုးရက အသိအမှတ်မပြုခဲ့သလို ပါတီခေါင်းဆောင်တွေကို ၁၉၉၁ ခုနှစ်မှာ ဖမ်းဆီးခဲ့ပြီးတော့ ၁၉၉၂ ခုနှစ်မှာ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကို ဖျက်သိမ်းခဲ့ ပါတယ်။
(၂၀၁၂) ခုနှစ်၊ ဇူလိုင်လမှာ မွန်ဒီမိုကရေစီပါတီအမည်နဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် ကျခဲ့ပါတယ်။မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေပါတီကတော့ (၂၀၁၀) ခုနှစ်မှာ ရွေးကောက်ပွဲဝင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် (၁၆) နေရာ အနိုင်ရခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း လွှတ်တော်မှာဆွးနွေးမည်
ပထမအကြိမ် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွေကို မနက်ဖြန် အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပြန်လည် စတင်တော့မှာဖြစ်ပါတယ်။ ဒီတခါ လွှတ်တော် စည်းဝေးပွဲတွေကျရင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ ဆွေးနွေးကြမှာ ဖြစ် သလို အတည်ပြုထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပြင်ဆင်ချက်တွေကို ဆွေးနွေးကြမှာဖြစ်တယ် လို့ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဒေါက်တာမြတ်ဉာဏစိုးက VOA ကိုပြောပါတယ်။ အခုလို လွှတ်တော်တွေပြန်မစခင် တရက် အလိုမှာပဲ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်တွေ ကို တွေ့ဆုံပြီး ထုတ်ပြန်ပြီးသား ဥပဒေ၊ နည်းဥဒေတွေမှာ ဥပဒေကို ကျော်လွန် ပြဌာန်းထားတဲ့ အချက်တွေကို ဖော်ထုတ်ကြဖို့ မှာကြားခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
စက်တင်ဘာလဆန်းမှာ ပထမအကြိမ်လွှတ်တော် စတုတ္ထအစည်းအဝေးတွေ ပြီးဆုံး ခဲ့ပြီးနောက် အောက်တိုဘာလ ၁၈ ရက်၊ ကြာသပတေးနေ့ ကျရင် ပဉ္စမပုံမှန် အစည်းအဝေးတွေ ကို ပြန်လည် စတင်တော့မှာဖြစ်ပါတယ်။ ဒီတခါ လွှတ်တော်မှာ ဆွေးနွေးကြဖို့ရှိတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီဝင်လည်းဖြစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင်လည်းဖြစ်တဲ့ NLD ပါတီကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ခုလိုပြောပါတယ်။
“ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားပြီးဖြစ်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ နိုင်ငံတော် သမ္မတကြီးကနေပြီးတော့ သဘောထား မှတ်ချက် ၁၁ ချက် ပြင်ဆင်ဖို့ ပေးပို့ထားတာ ရှိပါတယ်။ အဲဒီိ သဘောထား မှတ်ချက်တွေနဲ့ပတ်သက်ပြီိးတော့ ဆွေးနွေးဖို့ ရှိပါတယ်။ အခု ပဉ္စမအကြိမ် အစည်း အဝေးမှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။ တဆက်တည်း မှာပဲ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကိုလည်း လွှတ်တော်တွေ ကို ပေးပို့ထားပြီး ဖြစ်ပါတယ်။ ဒါကိုလည်း ဒီတကြိမ်မှာတော့ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ဥပဒေကြမ်းတွေကို လွှတ်တော်ကို တင်သွင်းအုံးမလဲဆိုတာကတော့ မနက်ဖြန်နဲ့သဘက်ခါမှာကျင်းပတဲ့ လွှတ်တော် အစည်းအဝေးတွေ ကျမှပဲ သိရမှာပါ။”
၁၉၉၅ ခုနှစ်က ပြဌာန်းထားတဲ့ နိုင်ငံသားရင်းနှီးမြှုပ်ဥပဒေနေရာမှာ အစားထိုးမဲ့ ဥပဒေသစ်ထဲမှာ ရင်းနှီးမြှုပ်နှံမဲ့ နိုင်ငံသားတွေကို အကာအကွယ်ပေးတဲ့ အချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
“တိုင်းရင်းသားလုပ်ငန်းရှင်တွေကို အကာအကွယ်ပြုပေးတဲ့ ကိစ္စရပ်တွေ ပါပါတယ်။ ဥပမာ နိုင်ငံခြားက ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး တော့ ငွေချေးဖို့ ကို ကော်မရှင်ကနေ ထောက်ခံ မှုပေးနိုင်တယ်ဆိုတဲ့ဟာမျိုးတွေ ထည့်ထားတာ ရှိပါတယ်။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေ ကို အခွင့်အရေးတွေ ပေးသလိုပဲ နိုင်ငံသား ရင်းနှီးမြှုပ်နှံသူတွေ အတွက် အကာအကွယ်ပြုမယ့် အခြေအနေတွေ ဒီ ဥပဒေထဲမှာ ပါပါတယ်ခင်ဗျ။”
ပထမအကြိမ်လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွေ အဆုံးမသတ်ခင်က လွှတ်တော် ကော်မတီတွေကို ပြည်ထောင်စုအဆင့် သတ်မှတ်သင့်၊ မသင့်ဆိုတာနဲ့ ပတ်သက်လို့ လွှတ်တော်နဲ့ အခြေခံ ဥပဒေခုံရုံးကြားမှာ အခြေအတင်ဖြစ်ပြီး အခြေခံဥပဒေခုံရုံး အဖွဲ့ဝင်တွေ အားလုံး နုတ်ထွက်သွားခဲ့ကြပါတယ်။ အခုတကြိမ် လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေးပြန်စရင် ခုံရုံးအဖွဲ့ဝင်တွေကို ရွေးချယ် ခန့်အပ်ဖို့ ရှိတယ်လို့လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။
“အခြေခံဥပဒေခုံရုံးမှာ အဖွဲ့ဝင် ကိုးဦးရှိပါတယ်။ အဲဒီ ကိုးဦးအနက်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သုံးဦး အဆိုပြုရပါတယ်။ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက သုံးဦး အဆိုပြုရပါတယ်။ နိုင်ငံတော် သမ္မတ က သုံးဦး အဆိုပြုရပါတယ်။ ဒီ အဆိုပြုတဲ့ သုံးဦးစီ စုစုပေါင်းကိုးဦးကိုမှ ပြည်ထောင်စု လွှတ်တော်က အတည်ပြုရတာဖြစ်ပါတယ်။ အဲဒီ အဖွဲ့ဝင်ကိုးဦးထဲကမှ တစ်ဦးက ဥက္ကဋ္ဌအဖြစ် တာဝန် ယူပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။”
ခုလို လွှတ်တော်ပုံမှန်အစည်းအဝေးတွေ ပြန်မစခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံခဲ့ ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဥပဒေကို ကျော်လွန် ပြဌာန်းထားတဲ့ နည်းဥပဒေတွေ ကို ဖော်ထုတ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မှာတယ်လို့ ပြောပါတယ်။
“ထုတ်ပြန်ပြီးတဲ့ ဥပဒေတွေနဲ့၊ နောက်တခါ ထုတ်ပြန်ပြီးတဲ့ နည်းဥပဒေတွေထဲမှာ ကွဲလွဲနေတာတွေ ရှိပါတယ်။ အဲဒီနည်းဥပဒေတွေဟာ ဥပဒေတွေကို ကျော်လွန်ပြီးတော့ ပြဌာန်းထားတာတွေ ရှိပါ တယ်။ ပြည်သူတွေအပေါ်မှာ ဖိစီးနေနိုင်တဲ့ နည်းဥပဒေမျိုးတွေကို ပြန်လည် ဖော်ထုတ်ပြီးတော့ စိစစ်ဖို့ဆိုတာကို လမ်းညွှန်ခဲ့ပါတယ်။ နောက်တခုကတော့ ကျနော်တို့ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်း လဲရေး လမ်းကြောင်းကို သွားနေတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဒီမိုကရေစီကျတဲ့၊ ဒီမိုကရေစီကျင့်စဉ်နဲ့ ညီညွတ်တဲ့ အချက်တွေကို သာ ထောက်ခံသွားဖို့ ဘယ်အဖွဲ့အစည်း၊ ဘယ်ဘက်ကပဲကြည့်ကြည့် ဒီမိုကရေစီ ကျနတဲ့ နည်းလမ်းတွေ ဘက်ကသာ ရပ်တည်သွားဖို့ လမ်းညွှန်သွားပါတယ်ခင်ဗျ။”
ပထမအကြိမ် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တောတို့ရဲ့ ပဉ္စမပုံမှန် အစည်းအဝေးတွေ ကို အောက်တိုဘာ ၁၈ ရက် ကြာသပတေးနေ့မှာ ပြန်စမှာ ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော် စည်းဝေးပွဲတွေကို အောက်တိုဘာလ ၂၂ ရက် တနင်္လာနေ့မှာ ပြန်လည်စတင်မှာဖြစ်ပါတယ်ရှင်။
သမိုင်းဝင်တရားရုံးများ ပုဂ္ဂလိကမလွှဲရေးဆန္ဒပြ
ရှေးဟောင်းအဆောက်အဦးတွေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးနဲ့ ရန်ကုန်တိုင်း တရားရုံးတွေကို ပြတိုက်နဲ့ ဟိုတယ်အဖြစ်ဆောက်လုပ်တော့မဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းပေးဖို့ ဒီကနေ့ ရန်ကုန်မှာ ရှိတဲ့ ရှေ့နေကွန်ယက်ကနေ ဆန္ဒ ထုတ်ဖော်ပြခဲ့ကြပါတယ်။
ဒီစီမံကိန်းတွေ စတင်ဆောင်ရွက်ခဲ့စဉ်က နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်သုံးရပ်က အာဏာပိုင်တွေကို တင်ပြပြီး ရပ်ဆိုင်းပေးဖို့ ပြောထားပေမဲ့ တစ်စုံတစ်ရာ အကြောင်းမထူးတာကြောင့် အခုလို ဆန္ဒပြ ရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ၊ ရှေ့နေကွန်ယက် တာဝန်ရှိသူတွေက ပြောပါတယ်။ ခုလို သူတို့ ဆန္ဒ အတိုင်း သက်ဆိုင်ရာက ဆောင်ရွက်မပေးရင် ဘာဆက်လုပ်ကြမှာပါလဲ၊
ဆန္ဒထုတ်ဖော်ပွဲကို ကိုယ်တိုင် သတင်းရယူခဲ့တဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြပေးထားပါတယ်။
ပုဂ္ဂလိပိုင်ပေးစဉ်က ပါဝင်သွားခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင် အထင်ကရ High Court လို့ သိကြတဲ့ တရား လွှတ်တော်ချုပ်ရုံးနဲ့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးလို့ ခေါ်တဲ့ စုပေါင်းရုံးတွေကို မူလအတိုင်း ရှေးမူမပျက် ထိန်းသိမ်းပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုတဲ့အပေါ် တစ်စုံတစ်ရာ လိုက်လျှောပေးတာတွေ မရှိတာကြောင့် မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ရှေ့နေအင်အား ၁၀၀ ကျော်နဲ့ ဒီကနေ့ မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
နှစ်ပေါင်းတစ်ရာကျော် အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်တွေဖြစ်ခဲ့တဲ့ တရားလွှတ်တော်ကြီးနဲ့ ရန်ကုန်တိုင်းတရားရုံးတွေဟာ ပုဂ္ဂလိပိုင်လုပ်ငန်းရှင်တွေလက်ထဲမှာ အသွင်ပြောင်းသွားမှာကို မလိုလားဘူးလို့ ရှေ့နေကွန်ယက်မှ တရားလွှတ်တော် ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးကိုနီက VOA ကို ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့သမိုင်းဝင် အဆောက်အအုံနှစ်ခုဖြစ်တဲ့ ရန်ကုန် High Court လို့ခေါ်တဲ့ တရား လွှတ်တော်ချုပ် အဆောက်အအုံနဲ့ စုပေါင်းတိုင်း တရားရုံးကြီး- အမျိုးသားယဉ်ကျေးမှု အမွေအနှစ် အဖြစ် သတ်မှတ်ထားတဲ့ ဒီ အဆောက်အအုံကြီးနှစ်ခုကို ပုဂ္ဂလိကလုပ်ငန်းရှင်ကို လွှဲပေးတဲ့အပေါ်မှာ မကျေနပ်လို့ ဆန္ဒထုတ်ဖော်ရတာပါ။ ပထမတချက်က မဟာဗန္ဓုလပန်းခြံနားမှာရှိတဲ့ တရား လွှတ်တော် အဆောက်အအုံရဲ့ အပေါ်ဆုံးထပ်ကို ပြတိုက်ဖွင့်ဖို့ လုပ်ငန်းရှင်တယောက်ကို လွှဲပေးတယ်။ အဲဒါလည်းပဲ လက်မခံနိုင်ပါဘူး။ နှစ်ပေါင်းတစ်ရာကျော် တရားရုံးအဖြစ် သုံးခဲ့တဲ့ အဆောက်အအုံရဲ့အပေါ်ဆုံးထပ်ကို ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ယောက်က ရယူသွားစရာအကြောင်း မရှိဘူးဗျ။
0 comments:
Post a Comment