Tuesday, October 1, 2013

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၈ ) နေက္ခမ္မပါရမီ

September 30, 2013 at 10:55am
နေက္ခမ္မဟူသောပါဠိစကားလုံးကို မိမိငယ်စဉ်က တောထွက်ခြင်းဟူ၍နားလည်ခဲ့သည်။ မှန်သင့်သလောက် အတိုင်းအတာတစ်ခုအထိတော့မှန်၏။ သို့သော် မူရင်းစကားလုံး၏ အဓိပ္ဗါယ်ကို မထိမိချေ။ အဘယ့်ကြောင့်ဆိုသော် နေက္ခမ္မဟူသောစကားလုံးသည် ကိလေသာမှထွက်မြောက်ခြင်း တနည်း ကာမမှထွက်မြောက်ခြင်းဟူ၍ အဓိပ္ဗါယ်ရှိသောကြောင့်ပင်ဖြစ်သည်။
ဤနေရာ၌ ထွက်မြောက်ခြင်းဟူသည် ကိလေသာတို့ကို စွန့်လွှတ်ခြင်းပင်ဖြစ်သည်။ အနည်းငယ်ချဲ့ပါအံ့။ ကိလေသာတို့ကို စွန့်လွှတ်နိုင်မှသာလျှင်  လောကကောင်းကျိုးကိုနည်းမှန်လမ်းကျ သယ်ပိုးနိုင်ပေမည်။ လောကစီးပွါးရေး အေးချမ်းရေး ဖွံ့ဖြိုးရေးတို့ကို နည်းမှန်လမ်းကျ
ဆောင်ရွက်နိုင်မှသာလျှင် ကြုံတွေ့နေရသော ပစ္စက္ခအခြေအနေဆိုးတို့မှ လွတ်မြောက်နိုင်ကြပေမည်။ ထို့ပြင် သံသရာဘေး အိုဘေး
နာဘေးသေဘေးစသော ဘေးဒုက္ခအမျိုးမျိုးမှလည်း မုချလွတ်မြောက်နိုင်ပေမည်။ တနည်းဆိုသော် ကိလေသာဆိုးတို့ကို
စွန့်လွှတ်နိုင်ပါက လောကီကောင်းကျိုး လောကုတ္တရာကောင်းကျိုးတို့ကို မလွဲမသွေရရှိနိုင်မည်ဖြစ်သည်။  နေက္ခမ္မဟူသော စကားလုံးအရ စွန့်လွှတ်ဟူရာ၌ ပြင်ပဗဟိဒ္ဓအရာတို့ကိုစွန့်လွှတ်ခြင်းနှင့် အတွင်းအဇ္ဈတ္တအရာတို့ကိုစွန့်လွှတ်ခြင်းဟူ၍ နှစ်မျိုးရှိသည်။ တနည်းဆိုသော် ရုပ်ပိုင်းဆိုင်ရာကိုစွန့်လွှတ်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာကိုစွန့်လွှတ်ခြင်းပင်ဖြစ်သည်။ ထိုနှစ်မျိုးတွင် စိတ်ပိုင်းဆိုင်ရာ
ကိုစွန့်လွှတ်နိုင်ပါမှ ရုပ်ပိုင်းဆိုင်ရာကိုစွန့်လွှတ်နိုင်မည်ဖြစ်သည်။ မှန်၏။ အရာရာကိုတပ်မက်ခင်မင်လိုချင်တတ်သော စိတ်ပိုင်းဆိုင်ရာ အတွင်းအဇ္ဈတ္တတရား တဏှာလောဘကို စွန့်လွှတ်နိုင်လျှင် ပြင်ပရုပ်ဝတ္ထုဆိုင်ရာဖြစ်သော ရာထူးကိုလည်းစွန့်နိုင်၏။ အာဏာကို
လည်းစွန့်နိုင်၏။ ထင်ပေါ်ကျော်ကြားမှု လူအများ၏ အလေးအမြတ်ပြုခြင်းကိုခံရမှု အခြံအရံများမှုစသည့် ပြင်ပအာရုံဝတ္ထုများကို စွန့်လွှတ်နိုင်၏။

   ထို့အတူပင် ဒေါသစိတ်ကိုစွန့်လွှတ်နိုင်လျှင် ရန်သူကိုလည်းမေတ္တာပွါးနိုင်၏။ ကြမ်းတမ်းစွာပြောဆိုခြင်း၊ သတ်ခြင်း နှိပ်စက်ခြင်း မတော်မတရားပြုခြင်း၊ နိုင်ထက်စီးနင်းပြုခြင်းတို့ကိုလည်း ပြုလုပ်လိမ့်မည်မဟုတ်တော့။ မောဟကိုစွန့်လွှတ်နိုင်လျှင်လည်း မသိမိုက်မဲစွာ မှားယွင်းခြင်း တွေဝေခြင်း အသိဥာဏ်အဆင်ခြင်မဲ့စွာ ပြောဆိုပြုမူကြံစည်ခြင်းများ ကင်းဝေးသွားပေမည်။ မာနကိုစွန့်နိုင်လျှင်ယဉ်ကျေးသိမ်မွေ့လာမည်။ လူမှုအဖွဲ့အစည်းအတွင်း အချင်းချင်း ပို၍စည်းလုံးညီညွတ်မှုကို ရလာပေမည်။ မောက်မာခက်ထန်ခြင်း မချေမငံပြုခြင်း ရိုင်းပြခြင်းများလည်း ရှိမည်မဟုတ်တော့။ မနာလိုဝန်တိုမှုတို့ကိုစွန့်နိုင်လျှင် အချင်းချင်း
မေတ္တာထားကာ သူတပါးကြီးပွါးအောင်မြင်သည်ကို ဝမ်းမြောက်ကျေနပ်နိုင်ပေမည်။ ယနေ့လူမှုအဖွဲ့အစည်းကြီးတစ်ခုလုံးအတွင်းဝယ် အရုပ်ဆိုးအကျည်းတန်စွာဖြစ်ပျက်နေသော ပြဿနာများ၏ ဇစ်မြစ်သည် ကိလေသာတို့ကို မစွန့်လွှတ်နိုင်ဘဲ ထိုထိုကိလေသာများကို မြဲမြံစွာဆုပ်ကိုင်ထားခြင်းကြောင့်ပင်ဖြစ်သည်။ လောကီဆရာတို့၏ သမိုင်းမှတ်တမ်းအရ မည်သည့်နိုင်ငံကြောင့် မည်သည့်အဖွဲ့အစည်း
ကြောင့် မည်သူ့ကြောင့်စသည်ဖြင့် အပေါ်ယံပညတ်အကြောင်းတရားကိုသုံးသပ်၍ ပြဿနာ၏ဇစ်မြစ်ကို ရှာဖွေဖေါ်ထုတ်မှတ်တမ်း
တင်ကြရိုးဖြစ်သည်။ သို့သော် ဓမ္မသဘောစစ်စစ်အရသုံးသပ်ရလျှင် ကိလေသာများကြောင့်ပြဿနာများဖြစ်ပွါးနေရသည်ဆိုသည်မှာ အထင်အရှားပင်ဖြစ်သည်။ မြတ်ဗုဒ္ဓသည်ပြဿနာ၏ အဖြေကိုရှာရာ၌ ဇစ်မြစ်အကြောင်းတရားတို့ကို အချက်ပိုင်ပိုင် တိတိကျကျ မိမိရရဖေါ်ထုတ်သင်ကြား ပြသခဲ့လေသည်။

   အဆိုပါစွန့်လွှတ်မှုနှစ်မျိုးတွင် စိတ်ပိုင်းဆိုင်ရာစွန့်လွှတ်မှုသည် ပို၍လည်းခက်ခဲသလို ပို၍လည်းအဓိကကျလှသည်။ စိတ်ပိုင်းဆိုင်ရာ
ကိုစွန့်လွှတ်ရာဝယ် ခက်၏ဟု ဆိုရာ၌ ကိလေသာများကိုစွန့်လွှတ်ဘို့ခက်၏ဟု ဆိုလိုခြင်းဖြစ်သည်။ အများစုအနေဖြင့် ကုသိုလ်စိတ်
စေတသိက်တို့ကို စွန့်လွှတ်ဘို့ ဝန်မလေးမဖင့်နှေးတတ်ကြပေ။ အကြောင်းမှာ ပုထုဇဉ်အများစုသည် ပါပသ္မိံ ရမတိ မနောဟု ဆိုသည့်
အတိုင်း မကောင်းမှု၌သာ မွေ့လျော်ပျော်ပိုက်ကြသောကြောင့်ပင်ဖြစ်သည်။ ထိုထိုကိလေသာတို့ကို စွန့်လွှတ်နိုင်လျှင်လောကကြီး ငြိမ်းချမ်းမည်ဖြစ်၍ မစွန့်နိုင်လျှင် လောက၏နယ်ပယ်အသီးသီး၌ ပြဿနာများ အခက်အခဲများ အတောမသတ်နိုင်အောင်ပင်ကြုံကြ
ရပေမည်။ ထိုသို့ ရုပ်ပိုင်းနှင့်စိတ်ပိုင်းကိုစွန့်လွှတ်ရာတွင်လည်း သာမန်ကုသိုလ်ဖြစ်စွန့်လွှတ်ခြင်းနှင့် ပါရမီကုသိုလ်ဖြစ်စွန့်လွှတ်ခြင်း
ဟူ၍ နှစ်မျိုးရှိသည်။ မိမိအတွက် လူ့စည်းစိမ် နတ်စည်းစိမ် ဗြာဟ္မာစည်းစိမ်များကို တောင့်တ၍စွန့်လွှတ်ခြင်းသည် သာမန်ကုသိုလ်ဖြစ် စွန့်လွှတ်ခြင်းဖြစ်သည်။ ပါရမီကုသိုလ်မဖြစ်။ ထို့ပြင် ဤကုသိုလ်မျိုးသည် အခိုင်အမာ အမြုတေအနှစ်အဖြစ်ဖြင့် မတည်မြဲနိုင်ချေ။ ဘဝသံသရာဝယ် အကျိုးမပေးဘဲ ပျက်သုဉ်းကာ အကျိုးမပေးနိုင်တော့သော အဟောသိကံဖြစ်သွားနိုင်သည်။

   အမှန်စင်စစ် ပါရမီမြောက်စွန့်လွှတ်ခြင်းဟူသည် တနည်း နေက္ခမ္မပါရမီဟူသည် ကရုဏာနှင့်ပညာကိုအခြေံခံကာ လောက
ကောင်းကျိုးကိုရည်ရွယ်၍ စွန့်လွှတ်ခြင်းဖြစ်သည်။ မိမိအတွက်ရည်ရွယ် တမ်းတမှန်းဆခြင်း အလျှဉ်းမရှိချေ။ ထိုသို့ပါရမီမြောက်
စွန့်လွှတ်သော ကုသိုလ်မျိုးသည် အစဉ်ထာဝရတည်မြဲ၏။ ဘဝအဆက်ဆက်အမြုတေအဖြစ်ဖြင့်လိုက်ပါ၏။ အရှိန်အဝါကောင်း၏။ ခိုင်ခံ့၏။ အစစ်အမှန်အားကိုးထိုက်၏။ အကျိုးမပေးနိုင်တော့သော အဟောသိကံမဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ဖြည့်ကျင့်ထိုက်၏။ ထိုထိုပါရမီကုသိုလ်စိတ်ဓါတ်ရှိသူများ၏ ကျင့်ကြံဖြည့်ဆည်းမှုကြောင့် ယနေ့ကမ္ဘာကြီးတိုးတက်ခဲ့ခြင်းဖြစ်သည်။ ထိုထိုပါရမီရှင်များ
သည် မိမိအတွက် ပစ္စုပ္ဗန်အခွင့်အရေးနှင့်လောကအတွက် အခွင့်အရေးဟူသော ထိုနှစ်ခုတွင် တစ်ခုခုကိုရွေးချယ်ရသည့်အခါ လောကကြီး၏အခွင့်အရေးအတွက် ဦးစားပေးကာ ပစ္စုပ္ဗန်အခွင့်အရေးတို့ကိုစွန့်လွှတ်ခဲ့ကြသည်သာဖြစ်သည်။ စွန့်လည်း  စွန့်လွှတ်
ရဲကြသည်။ လောကအတွက် စွန့်လွှတ်ခြင်း၌ အလွန်သတ္တိကောင်းသူများဖြစ်ကြသည်။ ရှေးဟောင်းဂရိမှအတွေးအခေါ်ပညာရှင် ဆော့ခရတ္တိသည် သူ၏သဘာဝတ္ထအမှန်တရားအတွက် ပြစ်ဒဏ်ချမှတ်ခံထားရသောအဆိပ်ကို တည်ငြိမ်စွာသောက်ကာ အသက်ကိုပင်စွန့်ပြခဲ့သည်။ ထိုသို့စွန့်လွှတ်ခြင်းကြောင့်ပင် လောကသားများမှာ သူ၏သဘာဝတ္တတရားများကို သိခွင့်လေ့လာခွင့်
ရခဲ့ကြသည်။ လောကအတွက် အတွေးအခေါ်အယူအဆအခွင့်အလမ်းများလမ်းပွင့်စေခဲ့သည်။

   ထို့ပြင် နေကကမ္ဘာကိုပတ်သည်ဟူသော ကမ္ဘာဗဟိုပြုစကြာဝဠာရှေးဟောင်းအယူအဆမှားကြီးကို ပြင်ဆင်၍ ကမ္ဘာကြီးကသာ နေကိုလည်ပတ်နေသည်ဟူသော နေဗဟိုရ်ပြုစကြာဝဠာအယူအဆကိုဖေါ်ထုတ်တင်ပြခဲ့သော နီကိုလပ်စ်ကိုပါးနီးကပ်စ်သည်လည်း လောကသားများအမှန်သိရေးအတွက် အသက်ကိုစွန့်ခဲ့သည်။ ထို့အတူ နေသည်ကမ္ဘာကြီးထက်ကြီးသည်ဟု ဖေါ်ထုတ်တင်ပြခဲ့သူ ဘရူနိုသည်လည်း စစ်မှန်သောပညာရပ်အတွက် အသက်စွန့်ခဲ့သူပင်ဖြစ်သည်။ ထိုသူတို့၏ စွန့်လွှတ်မှုကြောင့်ပင် ယနေ့လူသားများ
အမှန်ကိုသိခွင့်ရခဲ့ကြသည်။ ထိုကြောင့်ပင် လောကကြီးက သူတို့ကို ခေတ်အဆက်ဆက်ချစ်ခြင်းမေတ္တာဖြင့် အစဉ်ထာဝရနေရာပေး
လေးစားခဲ့ကြသည်။ လေးစားနေကြဆဲလည်းဖြစ်သည်။ ထိုထို လောက၏ အခွင့်အလမ်းတစ်ခုခုအတွက် စွန့်လွှတ်ခဲ့ကြသူတို့ကို မေတ္တာစိတ် ကြည်ညိုလေးစားစိတ် စာနာစိတ်တို့ဖြင့် နေရာပေးကာ သမိုင်းတင်ခဲ့ကြသည်။ သူတို့၏စွန့်လွှတ်မှုသည် လောကအတွက် အသက်နှင့်ရင်းကာ အသိဥာဏ်တံခါးဖွင့်ပေးခြင်းပင်ဖြစ်သည်။ ထိုသို့စွန့်လွှတ်မှုကြောင့်ပင် သူတို့သည် သမိုင်းတွင်လှပသောနေရာမှ ထိပ်တန်းသို့ရောက်ခဲ့ကြသည်။ ထိုထိုလောကအတွက် စွန့်လွှတ်သူတို့ကို ကွပ်မျက်ခဲ့သော အာဏာရှင်တို့သည် လူ့သမိုင်းဝယ် ဘယ်သောခါမှ လှပသောနေရာတွင်မရှိနိုင်တော့ပေ။ ထို့ပြင် စွန့်လွှတ်မှုနှင့် ဆန့်ကျင်လျှက် ရက်စက်ကြမ်းကြုတ်စွာခိုးဆိုးတိုက်ခိုက်
လုယက်ကြသော ဝိသမလောဘသမားတို့သည်လည်း ဘဝတွင် အခိုက်အတန့်အားဖြင့် အဝိဇ္ဖာ၏ဖုံးဖိ မသိမှုအရ အောင်မြင်သည်ဟု ဆိုနိုင်သော်လည်း သူတို့၏သမိုင်းသည် အစဉ်အမြဲအမဲစက်စွန်းနေမည်သာဖြစ်သည်။ သွေးချင်းချင်းရဲကာ လောကအတွက် အရုပ်ဆိုးအကျည်းတန်နေမည်သာဖြစ်သည်။ ထိုထိုဝိသမလောဘသမားတို့သည်လောက၏ အသိဥာဏ်တံခါးကိုပိတ်ကြသည်။
ကိုယ်ကျင့်တရားထောက်တိုင်ကို ရိုက်ချိုးကြသည်။ အခွင့်အရေးအတွက်ဆိုလျှင် ဘနဖူးသိုက်တူးရဲကြသည့် ငမိုက်သားတို့ပင်တည်း။ စွန့်လွှတ်သူနှင့်ရယူသူ တနည်းဆိုသော် စွန့်လွှတ်ပေးဆပ်သူနှင့် မတရားရယူသူ သို့မဟုတ် လောဘသမားနှင့်အလောဘသမားတို့၏ ကွာခြားချက်ကား ကြီးမားလှပါဘိတော့သည်။

    မိမိတို့ပိဋကစာပေတွင်လည်း ပါရမီဖြည့်ဖက်ဖြစ်သော ယသောဓရာသည် လောကအတွက် ဘုရားအလောင်းတော်နှင့် တူယှဉ်ကာစွန့်လွှတ်ခဲ့ ပေးဆပ်ခဲ့သည်။ ထို့အတူ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန်စသော မထေရ်မြတ်ကြီးတို့သည်လည်း ဘဝအဆက်ဆက်တွင် လောကအတွက် စွန့်လွှတ်ခဲ့ကြ ဖြည့်ဆည်းခဲ့ကြသည်သာပင်။ ထိုသို့စွန့်လွှတ်ဖြည့်ဆည်းကြသူများ ပိဋက
စာပေတွင်များစွာရှိသည်။ ဤသည်မှာ ထိုထိုစွန့်ဝံ့သူများ သစ္စာနှင့်ပညာကိုချစ်ကြသူများ၏ စွန့်လွှတ်မှုများစွာထဲမှ လူသိများရာကို
တင်ပြခြင်းဖြစ်သည်။ ထို့ပြင်အထင်ရှားဆုံး အများဆုံးနှင့်အမြင့်မြတ်ဆုံး စွန့်ဝံ့သူကိုပြောရလျှင် အများသိပြီးဖြစ်သည့် ဗုဒ္ဓရှင်တော်
မြတ်ဘုရားပင်ဖြစ်သည်။ မြတ်ဗုဒ္ဓသည် ကာလအားဖြင့် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာအောင် စွန့်လွှတ်ပေးဆပ်ခဲ့ရသည်။ပမာဏအားဖြင့် အဇ္ဈတ္တတရားဆိုးကိလေသာတို့ကို အကုန်အစင်အမြစ်ပြတ်ပယ်စွန့်နိုင်ခဲ့သည်။ ပြင်ပဗဟိဒ္ဓပစ္စည်းတို့ကိုကား တိုင်းတာပြ၍မရနိုင်လောက်အောင် လောကအတွက်စွန့်လွှတ်ပေးဆပ်ခဲ့သည်။ လောကအတွက်လိုအပ်လျှင် သူ၏အသက်ကိုလည်း ဝမ်းမြောက်ကျေနပ်စွာစွန့်လွှတ်ဝံ့သူဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် အနှိုင်းမဲ့သော သဗ္ဗညုတဥာဏ်တော်ရှင် ဘုရားသခင်အဖြစ်သို့
ရောက်တော်မူခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စွန့်လွှတ်ခြင်းသည် အောင်မြင်ကြောင်းလည်းဖြစ်သည်။ထင်ပေါ်ကျော်စောကြောင်း
လည်းဖြစ်သည်။ ဥာဏ်ပညာကြီးမားကြောင်းလည်းဖြစ်သည်။ ချမ်းသာကြောင်းလည်းဖြစ်သည်။  အစစ်အမှန်ငြိမ်းအေးကြောင်း
လည်းဖြစ်သည်။ လောကအတွက်စွန့်လွှတ်ဝံ့သူသည် သမိုင်း၏ချစ်မြတ်နိုးမှုကိုလည်းခံရသည်။  စွန့်လွှတ်ခြင်း၏ကောင်းကျိုးတို့သည် များပြားလှပါဘိတော့သည်။ ထို့ကြောင့် လောကလူသားအများစုအနေဖြင့် ပါရမီကုသိုလ်ဖြစ်အောင် စွန့်လွှတ်ကြလျှင် မိမိတို့မျှော်မှန်း
တမ်းတသောအရာများ ပြီးပြည့်စုံနိုင်ကြပေမည်။ မိမိအတွက်ရော လောကအတွက်ပါ ပြီးပြည့်စုံနိုင်မည်မှာ အမှန်ပင်ဖြစ်သည်။

  ထို့ပြင် နေက္ခမ္မပါရမီနှင့်ပတ်သက်၍ အဘယ်တရားသည် နေက္ခမ္မပါရမီမည်သနည်းဟူမူ မဟာကရုဏာတော်နှင့် ပညာကို
အခြေခံလျှက် ဝတ္တုကာမနှင့် ကိလေသာကာမတို့မှ လွတ်မြောက်လိုသော စိတ်စေတသိက်တရားစုသည် နေက္ခမ္မပါရမည်လေသည်။ ထိုနေက္ခမ္မပါရမီသည် ကာမဘဝတို့မှ ထွက်မြောက်ခြင်းသဘောလက္ခဏာရှိသည်။ နေက္ခမ္မပါရမီ၏ အလုပ်ကိစ္စသည် ကာမဘဝတို့၏ အပြစ်ကို ထင်ရှားအောင်ဖေါ်ပြခြင်းဖြစ်သည်။ နေက္ခမ္မပါရမီကိုဖြည့်ဆည်းကြသောသူတော်စင်ပညာရှိတို့၏ ဥာဏ်ဝယ် နေက္ခမ္မပါရမီ
ဟူသည် ကာမဘဝတို့ကို ကျောခိုင်းမျက်နှာလွဲတတ်သော သဘောတရားပါတကားဟု သိမြင်သဘောပေါက်လာသည်။ နေက္ခမ္မ
ပါရမီဖြည့်ဆည်းနိုင်ခြင်း၏ အနီးဆုံးသောအကြောင်းမှာ သံဝေဂဥာဏ်ပင်ဖြစ်သည်။ မှန်၏။ သံဝေဂဥာဏ်မရှိလျှင် မည်သည့်
ကိလေသာကာမတရားကိုမျှစွန့်လွှတ်နိုင်မည်မဟုတ်ချေ။ အချုပ်အားဖြင့် နေက္ခမ္မပါရမီဟူသည် ကရုဏာနှင့်ပညာကိုအခြေခံ၍ လောကအတွက် ကိလေသာကာမတို့ကိုစွန့်လွှတ်ခြင်းပင်ဖြစ်သည်။  အမှန်စင်စစ် ဤနေက္ခမ္မပါရမီသည် ပါရမီအားလုံးကို ဖြည့်ဆည်းနိုင်ခြင်း၏ အကြောင်းရင်းလည်းဖြစ်သည်။ သို့ဖြစ်၍ မိမိရောလောကပါ နှစ်ဖြာနှစ်ဝ ပြီးပြည့်စုံစေရန် ကျင့်နိုင်ကြ စွန့်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါ၏။
 ( ဆက်လက်ဖေါ်ပြပါမည် )
Director of Religious Education

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...