Saturday, October 12, 2013

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၂၆ ) အဓိဋ္ဌာနပါရမီ


အဓိဋ္ဌာန်ဟူသော စကားလုံးသည်လည်း မြန်မာဗုဒ္ဓဘာသာနယ်ပယ်တွင် အသုံးတွင် ကျယ်လှသောဝေါဟာရ တစ်ခုပင်ဖြစ်သည်။ အဓိဋ္ဌာန်ပုတီးစိပ်သည်၊ အဓိဋ္ဌာန်သီလဆောက်တည်သည်၊ အဓိဋ္ဌာန်သက်သတ်လွတ်စားသည်၊ အဓိဋ္ဌာန်တရားစခန်းဝင်သည် စသည်ဖြင့်အဓိဋ္ဌာန်များ များပြားလှ ပါသည်။ ရည်မှန်းချက်အသီးသီးဖြင့် ပုဂ္ဂိုလ်အသီးသီိးမှ ဖြည့်ကျင့်အားထုတ်နေကြခြင်းဖြစ်သည်။
သို့ဆိုလျှင် အဓိဋ္ဌာန်ဟူသော စကားလုံး၏အဓိပ္ပါယ်ကား ဘာဖြစ်သနည်းဆိုသည်ကို တိတိကျကျသိဘို့လိုအပ် လာသည်။ အမှန်စင်စင် အဓိဋ္ဌာန်ဟူသော စကားလုံးသည် ပါဠိဘာသာ အဓိဋ္ဌာန ဟူသောဝေါဟာရမှ လာသည်။ အဓိပ္ပါယ်ကား ခိုင်မာပြတ်သားသော ဆောက်တည်မှု တနည်း ပြတ်သားခိုင်မာရဲရင့်သော ဆုံးဖြတ်ချက် ဟူ၍ဖြစ်သည်။ မှန်၏။ ကြီးမားသောရည်မှန်းချက်အတွက် သို့မဟုတ် ကြီးမားသော လုပ်ငန်း တစ်ခုအတွက် လုပ်ရတော့မည်ဖြစ်လျှင် ပြတ်သားခိုင်မာရဲရင့်သောဆုံးဖြတ်ချက်သည် အရေးကြီးလှသည်။ ထိုအဓိဋ္ဌာန်ဟူသော ခိုင်မာသည့်ဆုံးဖြတ်ချက်မပါလျှင် မည်သည့်လုပ်ငန်းမျှထိုက်တန်စွာအောင်မြင်မည်မဟုတ်ချေ။ စစ်မှန်ခိုင်မာသော အဓိဋ္ဌာန်ရှိသူသည် အစ၌လည်း ခိုင်မာပြတ်သား၏။ အလယ်၌လည်း ပြတ်သားရဲရင့်၏။ အဆုံး၌လည်း တိကျပြတ်သား၏။ အစ အလယ် အဆုံး ကာလသုံးပါးလုံးဝယ် ခိုင်မာတိကျပြတ်သားရဲရင့်လှသည်။ မည်သည့်အကြောင်းကြောင့်မျှ ဆုံးဖြတ်ချက်ကို အပျက်ဆီးမခံပေ။

အဓိဋ္ဌာန်ဆောက်တည်၍ အလုပ်လုပ်ကြသည့်အခါ အဓိဋ္ဌာန်ကို ပျက်စီးစေသောအကြောင်းတရားများစွာ ဖြစ်ပေါ်လာတတ်သည်။ ထိုအကြောင်းတရားများစွာထဲတွင် ထင်ရှားသောအကြောင်းများကိုသာ ဤနေရာ၌ အကျဉ်းချုပ်၍ရေးပါမည်။ လာဘဟူသော လာဘ်လာဘပေါများခြင်းသည်လည်းအဓိဋ္ဌာန်ကိုပျက်စီးစေနိုင်သည်။ အဓိဋ္ဌာန်၏အဖျက်အမှောင့်ဖြစ်သည်။ လာဘ်လာဘဟူသည် ငွေကြေးအပါအဝင် သာမန်လူသားတို့တပ်မက်မောသော ရာထူး ဂုဏ်သိရ် စည်းစိမ် အိုးအိမ်စသည့်ပိုင်ဆိုင်မှုအစုစုတို့ပင်ဖြစ်သည်။ ထို့နောင် သက္ကာရဟူသော အခြွေအရံပေါများမှု၊ အများ၏အထင်ကြီးခံရမှု၊ အများ၏လေးစားခံရမှု၊ အများ၏အခွင့်အရေးနှင့်နေရာပေးဆက်ဆံခံရမှုစသည်တို့သည်လည်း အဓိဋ္ဌာန်၏ ဆူးငြောင့်ခလုတ်ကန်သင်းပင်ဖြစ်သည်။ ထို့ပြင် သိလောကဟူသော ထင်ပေါ်ကျော်ဇောမှု၊ ဂုဏ်သတင်းမွှေးပျံ့မှုတို့သည်လည်း အဓိဋ္ဌာန်၏ မာရ်နတ်ကြီးပင်ဖြစ်သည်။ ကြီးမားသောလုပ်ငန်းတစ်ခုကို မြင့်မြတ်သောရည်ရွယ်ချက်ဖြင့် တစိုက်မတ်မတ်ကြိုစားလုပ်ဆောင်နေသူ အတွက် ဤဆိုခဲ့ပြီးသော လာဘ သက္ကာရ သိလောကဟူသော အဖျက်အမှောင့် အဟန့်အတားများသည် မလွဲမသွေဝင်ရောက်လာမည်မှာ အမှန်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဓမ္မနှင့်အဓမ္မသည် လောကသဘောအရ အမြဲပင် ပဋိပက္ခဖြစ်လျှက်ရှိကာ အဓမ္မသည်ဓမ္မကိုအစဉ်အမြဲတိုက်ခိုက်နေသောကြောင့်ပင်ဖြစ်သည်။

ဤလာဘ သက္ကာရနှင့်သိလောကတို့သည် သာမန်လူများအဖို့ တောင့်တဖွယ် သာယာဖွယ်ဖြစ်သော်လည်း စစ်မှန်သော အဓိဋ္ဌာန်ကိုဖြည့်ကျင့်သူအတွက် ခလုတ်ကန်သင်း အမှိုက်သရိုက်မျှသာဖြစ်လေသည်။ အနှောက်အယှက် အဟန့်အတား ရန်သူများသာဖြစ်သည်။ မိတ်ဆွေစစ်မဟုတ်ချေ။ သာမန်လူများအဖို့ ထိုလာဘ သက္ကာရ သိလောကတို့ဖြင့် ဖျားယောင်းသိမ်းသွင်းမှုကိုခံရသောအခါ သို့မဟုတ် ထို့အရာတို့၏နှိပ်စက်မှုကိုခံကြရသောအခါ မူလရည်မှန်းချက်များ ဆုံးဖြတ်ချက်များ ပြောင်းလဲသွားတတ်ကြလေသည်။ သို့မဟုတ် ပျက်ဆီးပျောက်ကွယ်သွားတတ်ကြသည်။ ဤသို့ဖြစ်တတ်သည်မှာ အသစ်အဆန်းမဟုတ်ချေ။ အကြောင်းမှာ သာမန်လူများအဖို့ ဤဖြစ်ရပ်များသည် ဖြစ်ရိုးဖြစ်စဉ်ဓမ္မတာသာဖြစ်သောကြောင့်ပင်ဖြစ်သည်။ သာမန်လောကရှုထောင့်အရကြည့်လျှင် ဤ လာဘ သက္ကာရ သိလောကတို့ကိုရရှိခြင်းသည် ဘဝ၏အောင်မြင်မှုကိုရရှိခြင်းဖြစ်သည်။ ထိုအရာများကို ဘဝ၏ရည်မှန်းချက်၊ ဘဝ၏ပန်းတိုင်ဟူ၍လည်းသတ်မှတ်ထားကြသည်။ ဘဝ၏အရေးကြီးဆုံးသော မိတ်ဆွေသင်္ဂဟဟူ၍လည်းမြင်ချင်မြင်နိုင်သည်။ ဤအောင်မြင်မှု၊ ဤရည်မှန်းချက်နှင့် ဤပန်းတိုင်အတွက် လောကသားတို့ မမောနိုင်မပန်းနိုင် မျှော်လင့်ခြင်းကြီးစွာဖြင့် နေ့စဉ်နိစ္စဓူဝ ရုန်းကန်ကြိုးစားနေကြသည်။ အမှန်စင်စစ် ဤလာဘ သက္ကာရ သိလောကတို့ကို ဘဝ၏အန္တိမ ရည်မှန်းချက်ပန်းတိုင်အဖြစ် သတ်မှတ်၍ ကြိုးစားနေခြင်းသည် ပါရမီဥာဏ်နုသူတို့၏ လွဲမှန်းမသိလွဲနေခြင်းပင်ဖြစ်သည်။

သို့သော် ရေရှည်သံသရာရည်မှန်းချက် သို့မဟုတ် သံသရာမှလွတ်မြောက်ရေးရည်မှန်းချက်ထားသူအတွက်ကား ဤလာဘ သက္ကာရနှင့်သိလောကတို့ကိုပန်းတိုင်ဟူ၍လည်းမမြင်၊ ရည်မှန်းချက်ဟူ၍လည်းမသတ်မှတ်၊ အောင်မြင်မှုဟူ၍လည်းမယူဆကြချေ။ အဘယ်ကြောင့်ဆိုသော် ထိုလာဘ သက္ကာရ သိလောကတို့ကိုရရှိလာသောအခါ ထိုအရာတို့ကိုတပ်မက်မောသော တဏှာ၊ ငါလုပ်လျှင်ဖြစ်တယ် ငါသာစွမ်းတယ် စသည်ဖြင့်ထောင်လွှားမောက်မာသော မာနနှင့် ထိုတဏှာနှင့်မာနတို့ကိုအခြေခံသော မှောက်မှားသည့် ဒိဋ္ဌိများဖြစ်ပွါးလာနိုင်သောကြောင့်ဖြစ်သည်။ ထိုတရားများဖြစ်လာလျှင်လည်း မိမိအတွက်ရော လောကအတွက်ပါ အန္တရာယ်သည် အနည်းနှင့်အများဖြစ်လာတော့သည်။ ထို့ကြောင့်ပင် ပညာရှိသူတော်ကောင်းများက ဘဝ၏ပန်းတိုင်အဖြစ်မသတ်မှတ်ကြခြင်းဖြစ်သည်။

ခိုင်မာသောဆုံးဖြတ်ချက်သည် အဓိဋ္ဌာန်ဟုဆိုလျှင် ယနေ့လူမှုလောကတွင် အချို့လူဆိုးများသည် မကောင်းမှုကိုကျူးလွန်ရန်အတွက် ခိုင်မာသောဆုံးဖြတ်ချက်ကိုချ၍ ကျူးလွန်ရန်လက်မနှေးကြဘဲ လက်ရဲဇက်ရဲဖြင့်ပြုလုပ်ကြသည်။ တုံးတိုက်တိုက် ကျားကိုက်ကိုက် မိုက်ရူးရဲဆန်စွာ ကျူးလွန်ကြမည့် ဆုံးဖြတ်ချက် လုပ်ဆောင်ချက်တို့ဖြင့် လှုပ်ရှားရုန်းကန်နေကြသည်။ ထိုလုပ်ဆောင်ချက်သည်လည်း အဓိဋ္ဌာန်ပင်ဖြစ်လေသလောဟု စောကြောဖွယ်ရှိသည်။ အမှန်စင်စစ် ဤလုပ်ဆောင်ချက် ကျူးလွန်ချက်တို့သည်လည်း အဓိဋ္ဌာန်ပင်ဖြစ်သည်။ အကြောင်းကား အဓိဋ္ဌာနအရ အဓိမောက္ခစေတသိက်ကိုအရကောက်ရ၍ ထိုအဓိမောက္ခစေတသိက်သည် ကုသိုလ်စိတ်များနှင့်လည်းစပ်ယှဉ်နိုင်သလို အကုသိုလ်စိတ်များနှင့်လည်း အတူတွဲစပ်ကာ ဖြစ်နိုင်ခွင့်ရှိသောကြောင့်ပင်ဖြစ်သည်။ ယေဘုယျအဓိဋ္ဌာန်တွင် အကြံဆိုးများလည်းပါနိုင်သလို အတွေးကောင်းများလည်းပါနိုင်သည်။ အဓိဋ္ဌာန်ဖြင့် အော့နှလုံးနာစရာ မသတီစရာ ရက်စက်ကြမ်းကြုတ်မှုများကိုလည်းကျူးလွန်နိုင်သလို ချစ်ခင်မြတ်နိုး စုံမက်စွာအားထားလောက်သော အကြင်နာတရား ပညာတရားများဖြင့် လောကကောင်းကျိုးကိုစွမ်းစွမ်းတမံသယ်ပိုးသော လုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်သည်။ လောကတွင် အကြံဆိုးများဖြင့် အဓိဋ္ဌာန်ဆိုးများ ကြီးစိုးလွှမ်းမိုးနေသည်ကိုလည်းတွေ့နိုင်သလို အကြံကောင်းမနောကောင်းများဖြင့် အဓိဋ္ဌာန်ကောင်းများ အောင်မြင်နေသည်ကိုလည်း အထင်အရှားတွေ့မြင်နိုင်သည်။

ထို့ကြောင့်အဓိဋ္ဌာန်ဟုဆိုတိုင်း အကောင်းချည်းဟူ၍ မဆိုနိုင်ကြောင်း သေချာစွာမှတ်သားသင့်သည်။ ဝါဝါမြင်တိုင်း ရွှေအစစ်မဟုတ်နိုင်ကြောင်းစာဖတ်သူသတိချပ်သင့်သည်။ ယနေ့ခေတ်တွင် အလိမ်အညာ အကြံအဖန်များပေါများလှသောကြောင့် အသိဥာဏ်ကိုယ်ခံအား ကောင်းကောင်းရှိထားဘို့ အမှန်ပင်လိုအပ်လှသည်။ ဤအဓိဋ္ဌာန်နှင့်ပတ်သက်၍လည်း အမျိုးမျိုးအစားစား များစွာရှိသည်။ အကျဉ်းမျှသာရေးသော ဤနေရာ၌မဖေါ်ပြတော့ပေ။ အထက်ပါရှင်းပြချက်တို့မှာ သာမန်အဓိဋ္ဌာန်အကြောင်းကိုသာတင်ပြခြင်းဖြစ်သည်။ ပါရမီမြောက်သော အဓိဋ္ဌာန်မဟုတ်ချေ။

အမှန်စင်စစ် အဓိဋ္ဌာနပါရမီဟူသည် ဒါန သီလစသော ပါရမီမြောက်သည့် လုပ်ငန်းများကိုဖြစ်မြောက်အောင်မြင်စေရန် ပဓာနအားဖြင့်တွန်းအားပေးသော ခိုင်မာပြတ်သားတိကျရဲရင့်သည့် ဆုံးဖြတ်ချက်ပင်ဖြစ်၏။ တနည်းဆိုသော် မဟာကရုဏာနှင့်ကြောင်းကျိုးသိဥာဏ်ပညာကိုအခြေခံ၍ လောကကောင်းကျိုးအတွက် ကုသိုလ်လုပ်ငန်းများကို ခိုင်မာပြတ်သွားစွာလုပ်ဆောင်ခြင်းသည် အဓိဋ္ဌာနပါရမီဖြစ်သည်။ မှန်၏။ ဤအဓိဋ္ဌာန်ပါရမီဟူသော ဆုံးဖြတ်ချက်စိတ်စွမ်းအားသည် ဖြည့်ကျင့်မည့်သူ၏ လမ်းခရီးဝယ် ကြုံတွေ့ရသော အခက်အခဲ ဆူးငြောင့်ခလုပ်များကို ပယ်ရှားတော်လှန်ပစ်နိုင်စွမ်းရှိသည်။ အနှောက်အယှက်များသည် မည်သည့်ပုံစံမျိုးဖြင့်ပင် အသွင်ပြောင်း၍ဝင်လာသည်ဖြစ်စေ ဂရုမစိုက် အလေးမထားပေ။ပျော်ရွှင်ကြည်နူးစရာအဖြစ်ဝင်လာလျှင်လည်း နည်းလမ်းအဖြစ်အသုံးချကာ ကျော်လွှားနိုင်သည်။ ဆင်းရဲဒုက္ခနှင့် သောကအဖြစ်ဖြင့်ဝင်လာလျှင်လည်း တည်ငြိမ်စွာပယ်ရှားပစ်နိုင်သည်။ သူဆက်လက်လျှောက်လှမ်းမည်ဖြစ်သော မြင့်မြတ်သည့် မဟာရည်မှန်းချက်အတွက် စိုးစဉ်းအနည်းငယ်မျှ နောက်ပြန်လှည့်မည်မဟုတ်ချေ။ သို့သော် ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ဟူ၍ မိုက်ရူးရဲဆန်ဆန် တစ်ဇွတ်ထိုးခေါင်းမာစွာပြုလုပ်ခြင်းသည် အဓိဋ္ဌာနပါရမီမဟုတ်ချေ။ အကြောင်းမှာ ဤအဓိဋ္ဌာနပါရမီအရာဝယ် မဟာကရုဏာနှင့်ဥာဏ်ပညာကိုအခြေခံထားသောကြောင့်ပင်ဖြစ်သည်။ ထို့ပြင် ” နှိုင်းနှိုင်းချိန်ချိန် သုခမိန်၊ ဆိုရေးရှိက ဆိုအပ်လှ၏ ” ဟုဆိုသည့်အတိုင်း ဥာဏ်ပညာနှင့်စပ်ယှဉ်၍ အခြေအနေနှင့်အချိန်အခါကို ကောင်းစွာအသုံးချကာ လောကကောင်းကျိုးအတွက် ခိုင်မာစွာဆုံးဖြတ်လုပ်ဆောင်နိုင်ခြင်းသည်သာ ဤအရာ၌ အဓိဋ္ဌာနပါရမီဖြစ်သည်။

ထို့ပြင် ပါရမီမြောက်အဓိဋ္ဌာန်ရှိသူသည် လောကကောင်းကျိုးနှင့် ကောင်းမှုကုသိုလ်အတွက် သူ့ကိုစည်းရုံးလျှင် ရနိုင်သော်လည်း အကျိုးမဲ့သော အကုသိုလ်လုပ်ငန်းများအတွက်စည်းရုံးလျှင်မည်သို့မျှရနိုင်မည်မဟုတ်ပေ။ ဤသည်မှာ အသိဥာဏ်ကိုအခြေခံထားခြင်းကြောင့်ဖြစ်သည်။ ထိုပါရမီမြောက်အဓိဋ္ဌာန်၏သဘောသည် အခြေအနေနှင့် အချိန်အခါအရ မာလျှင်သံချောင်း ပျော့လျှင်ဖယောင်း ဟူသကဲ့သို့ မာသင့်သည့်အရာဝယ် သံချောင်းကဲ့သို့လည်းမာသည်။ ကျောက်ခဲကဲ့သို့လည်း ကျစ်လစ်သိပ်သည်းသည်။ ပျော့သင့်သည့်အရာဝယ် ဖယောင်းကဲ့သို့လည်း ပျော့သကဲ့သို့ ပန်းပွင့်ပမာလည်းနူးညံ့လှပပြနိုင်သည်။ သို့သော် လိမ်လည်ကောက်ကျစ်ခြင်း အလျဉ်းမရှိချေ။

ထိုအဓိဋ္ဌာနပါရမီသည် ဗောဓိသမ္ဘာရဟုဆိုအပ်သော သဗ္ဗညုတဥာဏ်တော်၏အဆောက်အဦဖြစ်သည့် ပါရမီစာဂ စရိယတရားတို့၌ ခိုင်မာစွာတည်တံ့ခြင်းသဘောတရားရှိသည်။ ဤအဓိဋ္ဌာနပါရမီ၏အလုပ်ကိစ္စသည် သဗ္ဗညုတဥာဏ်တော်ကိုရကြောင်းဖြစ်သောတရားတို့၏ ဆန့်ကျင်ဘက်အကုသိုလ်တရားတို့ကို လွှမ်မိုးနှိပ်စက်ခြင်းဖြစ်သည်။ အဓိဋ္ဌာန်ပါရမီကိုဖြည့်ကျင့်သူသည် ဆင်ခြင်ကြည့်သောအခါ ဤအဓိဋ္ဌာနပါရမီဟူသည် သဗ္ဗညုတဥာဏ်တော်ရကြောင်းတရားတို့ကိုဖြည့်ကျင့်ရန်ကိစ္စ၌ မတုန်မလှုပ်ခိုင်မာသော သဘောတရားပါတကားဟုထင်မြင်လာသည်။ ဤအဓိဋ္ဌာန်ပါရမီ၏ အနီးဆုံးသောအကြောင်းတရားမှာ သဗ္ဗညုတဥာဏ်တော်ရကြောင်း ပါရမီတရားကောင်းများဖြစ်သည်။ ( ဆက်လက်ဖေါ်ပြပါမည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...