Tuesday, October 1, 2013

“ကိုသာဇံနှင့် တွေ့ဆုံခြင်း”

September 30, 2013 at 5:56pm

            ခေတ်တွေ စံနစ်တွေ ဘယ်လိုပြောင်းပြောင်း ဘယ်တော့မှ မဟောင်းနိုင်တဲ့ သီချင်းထဲမှာ ဦးထွန်းရွှေကြီးဆိုသွားတဲ့ “ရန်သူငါးပါးထဲမှာ အင်မတန်ဆိုးရွားလှတာ…။” ဆိုတဲ့ သီချင်းလည်း ပါပါတယ်။ နွေဦးပေါက်ရင် ဥသြသံကလေးတွေနဲ့အတူ ကြားနေကျသီချင်းလေးပေါ့။ ငယ်ငယ်ကတော့ အဲဒီသီချင်းသံကြားရင် သဘောပေါက်ပြီ။
တစ်နေရာရာမှာ မီးလောင်သွားလို့ ကောင်စီရုံးက ထမင်းထုပ်ဆင့်နေတာ။ အဲဒါဆိုရင် အိမ်မှာချက်တဲ့ဟင်းကလေးနဲ့ ထမင်းထုပ်ကလေးပြင်ဆင်ထားတယ်။ အိမ်မှာဟင်းမကောင်းတဲ့နေ့ဆို သနားလို့ ကျပ်တန်ကလေး တစ်ရွက်လောက် ပလပ်စတစ်အိပ်ကလေးနဲ့ခေါက်ပြီး ထမင်းထုပ်ထဲ ထည့်ပေးလိုက်တယ်။ ကိုယ်ချင်းစာတယ်လေ။ ကိုယ်လည်း ဟင်းမကြိုက်တဲ့နေ့ဆို ကြီးမေတို့ဆိုင်ပြေး ကြက်ဥ၀ယ်ပြီး ကြော်စားတာ။ တစ်လုံးမှ ပြားခြောက်ဆယ်ရယ်။
(သူငယ်ပြန်နေပြီ။ ငယ်ငယ်က အဖွားအဲ့လို တို့ငယ်ငယ်တုန်းက တစ်ပြားနှစ်ပြား ပဲနံပြားတွေ လာပြောရင် အသက်ကြီးလို့ သူငယ်ပြန်ချင်နေပြီလို့ ပြောနေကျ)

             မီးဆိုတာ ကိုယ်တွေ ကလေးဘ၀တုန်းကတော့ “နွေမှာ… လာနေကျ မောင်ရယ်” ဆိုတဲ့ သီချင်းကလေးနဲ့အတူ သည်တစ်ခါတော့ ဘယ်နားများလောင်လေမလဲ လို့ စိတ်တထင့်ထင့်ရှိရတာ။ ဧပြီလမှာ ဘတ်ဂျက်ယီးယားပိတ်လို့ သမဆိုင်တွေ ငွေစာရင်းရှင်းတမ်းတင်တဲ့အခါမလည်း မီးရေးထင်းရေး ဂရုစိုက်ရတယ်လို့ သင်္ကြန်သံချပ်တွေက ပြောတာပဲ။ ပျံကျဈေးတွေ၊ ကျူးကျော်ရပ်ကွက်တွေ ဖယ်ခိုင်းရင်လည်း လောင်မီးကျလျက် နတ်တို့စက်နဲ့တွေ့တတ်တယ်။ အင်္ဂလိပ်မင်းများလက်ထက်ကလို “ဘာရားဘာဂျာဟိုး” လို့ ကုလားလိုအော်ပြီး နာရီသံချောင်းခေါက်ဖို့ မဟုတ်ပေမယ့် အရပ်ထဲမှာ မီးကင်းစောင့်တဲ့တဲကလေးတွေ လင့်စင်ကလေးတွေနဲ့ နိုးနိုးကြားကြားအိပ်ဖန်စောင့်ဖို့ တစ်အိမ်တစ်ယောက် အလှည့်ကျတာဝန်ယူနိုင်ယူ၊ မယူနိုင် လူငှားနဲ့အစောင့်ခိုင်းရတယ်။ အဲလို ပြန်စဉ်းစားမိတော့ တို့မြန်မာတွေဟာ မီးဘေးအန္တရာယ်နဲ့ ပတ်သက်လာရင် အစိမ်းသက်သက်တော့ မဟုတ်ဘူး။ အတန်အသင့် အတွေ့အကြုံ ရှိကြသား လို့ အောင့်မေ့မိတယ်။ မြန်မာပီပီ အားလုံးလက်ကိုင်ထားတဲ့ မူဝါဒက “မီးဘေးရှောင် မလောင်ခင်တား” တဲ့။ ဘာဖြစ်လို့လဲဆိုတော့ မလောင်ခင်သာ တားလို့ရတာ။ လောင်မိမှဆိုရင် ဘယ့်နှယ်မှ မတတ်နိုင်တော့ဘူး။ အမှိုက်ကစ ပြဿဒ်မီးလောင်လည်း လောင်စရာမကုန်မချင်း ရပ်ကို မရပ်တော့လို့။ ဒါကြောင့် ဒီတစ်ခါတော့ ကိုသာဇံ မီးသတ်သမား မီးလောင်ရာတွင် သူမစွန့်စားပဲ ပိုက်စုတ်လေးနဲ့ ပက်တာလောက်တော့ ရယ်တာပေါ့ ရယ်တာပေါ့ ဆိုတဲ့အကြောင်းကလေး လေ့လာကြည့်ရအောင်နော်။

            မြန်မာပြည်ကမီးသတ်ကားတွေဟာ ကိုယ်မြင်ဖူးသလောက်တော့ “ဂလောင် ဂလောင် ဂလောင် ဂလောင်” နဲ့ ခေါင်းလောင်းတီးပြီး လမ်းရှင်းတဲ့ ကားတစ်စီးရယ်၊ ရေပိုက်ခွေ အရှည်ကြီးပတ်ထားတဲ့ ကားကတစ်စီးရယ်။ ဆီဘောက်ဆာလို ရေဂါလံဘယ်လောက်ဆန့်သည်ဆိုတဲ့ ရေတိုင်ကီကြီးပါတဲ့ကားရယ်၊ မိုးထိအောင် လှေကားထောင်လို့ရတဲ့ ကားတစ်စီးရယ် (အဲဒီတုန်းကတော့ နှစ်ထပ်တိုက်တွေချည့်ပဲမို့ သူ့လှေကားက ခေါင်မိုးကိုမှီတယ်လေ။) ဒါဆို ကုန်ရောပဲ။  ဒါနဲ့တောင် မီးသတ်ကားတွေက ရေမပါဘူး။ မီးလောင်တဲ့နေရာရောက်မှ ရေပြန်ပြန်ခပ်ရတယ်ဆိုတဲ့ ကောလာဟလကို အမြဲတမ်း ယုံမိတယ်။ ပိုက်ဆံပေးထားလို့ မီးမလောင်သေးတဲ့ သူဌေးအိမ်ကိုချည့် လှိမ့်ပက်နေတယ်။ တဟုန်းဟုန်းတောက်နေတဲ့ ဆင်းရဲသားတဲကလေးတွေကိုတော့ ရှူရှူးနဲ့တောင် လှည့်မပန်းဘူး လို့ သူများကပြောရင်လည်း စုတ်တသပ်သပ်နဲ့ အဟုတ်ကြီးမှတ်တာပဲ။ ဘာဖြစ်လို့ဆိုတော့ ကိုယ်တိုင်မီးမသတ်ဘူးတော့ မီးသတ်တယ်ဆိုတဲ့သဘောကို နားမှမလည်တာကိုး။

           တကယ်တော့ မီးသတ်တယ်ဆိုတာ မီးကိုရေနဲ့ငြိမ်းသလို ဖြန်းကနဲလောင်းလိုက်တိုင်း ဟုတ်ကနဲ ငြိမ်းသွားတာ မဟုတ်ပါဘူး။ တကယ့်မီးလောင်ပြင်မှာ လောင်ကျွမ်းရာကထွက်လာတဲ့ ဓါတ်ငွေ့မျိုးစုံရှိတယ်။ အတော်တော်များများက ကိုယ်တိုင်လည်း မီးလောင်၊ မီးလောင်ခြင်းကိုလည်း အားပေးတဲ့ဟာတွေချည့်ပဲ။ ဒါကြောင့် “မီးများမီးနိုင် ရေများရေနိုင်” ဆိုတဲ့စကားပေါ်လာတာ။ မီးတောက်မီးလျှံ မီးစွယ်မီးညွန့်ဆိုတဲ့အခေါ်အဝေါ်တွေကို လက်တွေ့မီးလောင်ပြင်မှာ ငုတ်တုတ်ထိုင်ကြည့်ဖူးသူတွေမှသာ သေသေချာချာ သဘောပေါက်လိမ့်မယ်။

           ပန်းဆိုးတန်းက ကုန်သွယ်လယ်ယာရုံးကြီး မီးလောင်တဲ့ညက မီးသတ်သမားတွေ သက်စွန့်ဆံဖျား မီးသတ်နေတာ မြင်ဖူးတယ်။ (သတ်ရမှာပေါ့။ အစိုးရရုံးကိုး) မီးသတ်ပိုက်အကြီးကြီးနဲ့ ထိုးပက်လိုက်ရင် မီးတောက်ကြီးက ငြိမ်းသွားရမယ့်အစား ဟုန်းကနဲဟုန်းကနဲ ပိုပိုတောက်လာတယ်။ မသိရင် ဓါတ်ဆီနဲ့ ပက်သလား အောင့်မေ့ရတယ်။ မီးလောင်ပြင်ကနေလွင့်ထွက်လာတဲ့ မီးစကလေးတွေဆိုတာ လိပ်ပြာလေးတွေပျံသလို ကောင်းကင်မှာဝဲနေတယ်။ ဘယ်ထိအောင် ရောက်သလဲဆိုရင် လောင်နေတဲ့ ပန်းဆိုးတန်းကနေ သုံးလမ်းလောက်ခြားတဲ့ ၃၉ လမ်းအိမ်က ပြူတင်းဝမှာ မီးပေါက်ကလေးတွေ လာလာထိတယ်။ လမ်းထဲမှာရပ်ထားတဲ့ ကားခေါင်မိုးပေါ်ကို မီးပွားကလေးတွေကျလို့ ဓါတ်ဆီတိုင်ကီနဲ့တွေ့ရင် ကိုယ်ကျိုးနည်းရချည်ရဲ့ဆို ကားကို သိမ်ဖြူလမ်းမှာ သွားထိုးထားရတယ်။ ညဦးကလောင်တဲ့မီးဟာ တစ်ညလုံး သတ်နေတာတောင် မနက်လင်းအားကြီး တစ်ရုံးလုံးတက်တက်ပြောင်မှ မီးညွန့်ကျိုးတယ်။ မနက်လင်းတော့ လေနဲ့လွင့်လာတဲ့ ပြာတွေက ရေကျော်မောင်အေး လက်ဘက်ရည်ဆိုင်ဝထိ ရောက်နေတယ်။ အဆောက်အဦတစ်ခု မီးလောင်တာ အဲသလောက်ပြင်းထန်ရင် ရပ်ကွက်တစ်ခု ပြာကျသွားတဲ့အခါ ဘယ်လိုနေမယ် စဉ်းစားကြည့်နိုင်အောင် ဥပမာ ပေးတာပါ။ ဒါကြောင့် မီးသတ်တဲ့လူတွေဟာ လောင်နေတဲ့အိမ်တွေကိုချည့်ပဲ ရေနဲ့ ပက်နေရတာ မဟုတ်ဘူး။ မီးကူးမယ့် အနားပတ်ဝန်းကျင်က လောင်စာတွေကိုလည်း ကြိုကြိုတင်တင် ဖြိုဖျက်ရှင်းလင်းရတယ်။ မီးလောင်ပြင်ဆိုတာ ကမ္ဘာပျက်သလိုပဲ။ လူတွေ ဥဒဟို အော်ဟစ်ပြေးလွှားနေကြတယ်။ ဒါပေမယ့် မီးသတ်ရတဲ့အလုပ်ကတော့ မီးသတ်သမားတွေမှာပဲ တာဝန်ရှိတယ် ထင်နေကြတာ မဟုတ်သေးဘူး။ ဖြစ်လာရင် ၀န်းမယ့်ဝိုင်းမယ့်သူ မရှိပဲနဲ့ အထက်ကညွှန်ကြားချက်တွေက တစ်မျိုး၊ လက်တွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲအမျိုးမျိုးကလည်း ရှိပြန်၊ အဆုံးသတ်တော့ နံမယ်ကောင်းကလည်း မရဆိုတဲ့ မီးသတ်သမားဘ၀ကို ဘယ်သူကမှ လိုချင်မှာ မဟုတ်ပါဘူး။

         ကိုယ်တို့ဆီမှာ မီးသတ်တွေ အရံမီးသတ်တွေဟာ သူများအသက်အိုးအိမ် စည်းစိမ်ကို သက်စွန့်ဆံဖျား ကယ်တင်နေပါလျက်နဲ့ နံမယ်ကောင်းမရတာဟာ သူတို့နဲ့မဆိုင်တဲ့အလုပ်တွေ ၀င်ဝင်လုပ်နေရလို့ ဖြစ်လိမ့်မယ် ထင်ပါတယ်။ ကိုယ်လည်းရပ်ထဲရွာထဲ နေဖူးတာပဲလေ။ အဲဒီလူတွေ မီးမလောင်တဲ့အချိန်တွေမှာ ဘာတွေလုပ်နေရသလဲ စဉ်းစားကြည့်ပါလား။ မီးဆိုတာ တစ်နှစ်နေလို့ တစ်ခါလောင်ရမယ်လို့ ကတိပေးထားတာ မဟုတ်ဘူး။ ဘယ်တော့လောင်မှန်းမသိတဲ့ မီးရေးထင်းရေးအတွက် ဘာမှ မလုပ်ပဲ ငုတ်တုတ်ထိုင်နေမယ့်အစား လူကြီးအိမ်အနီးအပါးမှာ တောက်တိုမယ်ရ လက်ကတုံးတောင်ဝှေး နေရာပေးထားလိုက်တာ စီမံခန့်ခွဲမှုပဲ မဟုတ်ပါလား။ မဲရုံစောင့်ခိုင်းချင်သလား။ ထီးတင်ပွဲအတွက် လူမရှိဘူးလား။ ဇွန်ပန်းရုံအနီး နွံထဲ၌လှည်းဘီးကျွံနေသည်ဆိုလည်း ခေါ်လိုက်စမ်းပါဦး မီးသတ်တွေ။ ဘာမဆို လိုရာသုံးဖို့ လူလိုတိုင်း သူတို့ခမျာ ဆေးစက်ကျရာ အရုပ်ထင်အောင် ကပြရရှာတယ်။ သို့သော်လည်း မီးသတ်သမားကြီးတွေခမျာ မီးဝေးတော့ ချိပ်မာပြီး မီးမသတ်ပဲ မီးထိုင်ထိုင်ရှို့သူတွေအဖြစ် ပြောင်းလာတယ်။

          သူကြီးအိမ် အချိန်မရွေး ၀င်ထွက်သွားလာနိုင်သူဆိုတော့ သူကြီးသား ထန်းရေမူးပြီး အပျိုကလေးတွေ ရိသဲ့သဲ့ပြောရင် ဘေးကမြှောက်ပေးရတဲ့ ဇာတ်ကောင်နေရာ ၀င်ဝင်ကကြရတယ်။ အဲ့ကောင် ကြည့်မရဘူး။ သွားရိုက်ချေကွာဆိုရင်လည်း မလုပ်ရဲဘူးလို့ မထင်နဲ့။ မောင်ရစ်ကို ဘယ်သူမှ မသိဘူးထင်ရင် အနားရှိတဲ့လူ ထထောင်းရတာ ကိုယ်တို့ မြန်မာ့ရိုးရာလေ။ ဒီပဲယင်းက ကားနောက်လိုက်ရိုက်တဲ့လူတွေကို မင်းတို့အညာသားတွေလို့ ပြောမိရင် အဲဒီအရပ် အဲဒီရွာကလူတွေ အသည်းဆတ်ဆတ်ခါ နာလိမ့်မယ်။  ဒေသခံရွာသူရွာသားတွေ တကယ်ပါသလား မပါဘူးလား သိချင်ရင် ကိုယ်တိုင်လာ စစ်တမ်းကောက်လှည့်။ သူတို့ရပ်ရွာက မဟုတ်ဘူး ငြင်းချင်ငြင်းပါ။ ငြင်းလို့ရပါတယ်။ ငြင်းလို့ မရနိုင်တာက အဲဒီလူတွေက တရုတ် ကုလား၊ နိုင်ငံခြားသား မဟုတ်ဘူး။ မြန်မာစစ်စစ်ကြီးတွေ။ ကိုယ့်လူမျိုးထဲမှာ အဲဒီအလုပ်လုပ်ခိုင်းဖို့ လူလိုရင် သိပ်တော့ မရှားဘူးလို့ သိစေချင်မိတယ်။

             အဲဒီမရှားတဲ့လူတွေလိုချင် ဝေးဝေးသွားရှာစရာ မလိုဘူး။ အရံမီးသတ် စွမ်းအားရှင်ထဲမှာ လိုချင်သလောက်ရတယ်လို့ အပြောခံရတာ ဘယ်လောက်ခံပြင်းစရာကောင်းသလဲ။ ဒါ မီးသတ်တွေကို စော်ကားနေတဲ့စကား ပြောရာရောက်တယ်။ မဟုတ်ကဟုတ်က လာမပြောနဲ့ဆို လူချင်းတွေ့လို့ကတော့ လက်သီးနဲ့ထိုး လွှတ်လို့လည်းရတယ်။ ဒါပေမယ့် တကယ်ဟုတ်သလား မဟုတ်သလားဆိုတာတော့ ငြင်းရခက်တယ်။ တချို့ကပြောတယ်။ အဲဒါမီးသတ်မဟုတ်ဘူး။ မ၀တ တဲ့။ ဒါဆိုလည်း အပြောခံရတဲ့သူတွေ ဆတ်ဆတ်ခါနာကြဦးမှာပဲ။ ခွေးအဖေခေါ်စရာ မရှိသလို ဘယ်သူဘယ်ဝါ ခေါင်းစဉ်တပ်မရနိုင်တဲ့ လူတစ်ရာ နှစ်ရာလောက်က ရှိတာတော့ ရှိနေတာ အမှန်။ လုပ်တဲ့သူတွေကလုပ်နေပြီး ကျန်တဲ့လူတွေပါ အကုန်လုံး သိမ်းကြုံးအပြောခံရတာကို ဘယ်သူကမှ မခံချင်ဘူး။ ဒါကြောင့် မီးသတ်ကို မီးသတ်အလုပ် မဟုတ်တဲ့နေရာတွေမှာ အလွဲသုံးစား မလုပ်ပါနဲ့လို့ပဲ ပြောချင်တာ။ မီးသတ်ဝတ်စုံဝတ်လိုက်၊ ခြင်္သေ့တီရှပ်ဝတ်လိုက် လုပ်လုပ်နေရတဲ့သူတွေအဖို့ မြို့မေတ္တာခံယူနေရတာကို ဘ၀င်မကျနိုင်ဘူး။ အသက်ကယ်နေရပါလျက် ကျေးဇူးတင်မခံရတာ အဲဒါတွေကြောင့်။ တကယ်တော့ မီးသတ်ဆိုတာ အားယားနေတဲ့သူတွေ မဟုတ်ဘူး။ မီးသတ်တွေ မီးမလောင်တဲ့အချိန် ဘာတွေ လုပ်စရာရှိတယ်ဆိုတာ သူများနိုင်ငံရောက်မှ သေသေချာချာ သဘောပေါက်လာတယ်။

           အခါရာသီ မဟုတ်ပဲ ကိုသာဇံနဲ့ အင်တာဗျူးချင်တာ အကြောင်းရှိတယ်။ ဂျပန်ကိုရောက်ပြီးတဲ့နောက် သူတို့ဆီက မီးသတ်တွေ ဘယ်လို အလုပ်လုပ်နေကြသလဲဆိုတာ တွေ့လိုက်ရတော့ ငါတို့ဆီက မီးသတ်တွေအကြောင်းက နိဒါန်းပျိုးလိုက်မယ်ဆိုပြီး တည်လိုက်မိတာ သူ့နောက်က သပွတ်အူတထွေးကြီးထွက်လာလို့ အဲဒါကြီးထိုင်ရှင်းရင်း ဂျပန်တောင် မရောက်လိုက်ဘူး။ နောက်တစ်ပုဒ်ကျမှပဲ ဂျပန်မီးသတ်တွေအကြောင်း ဆက်တော့မယ်။ နားပျစီအုန်း။
Consultant Surgeon at Yangon

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...