Monday, October 28, 2013

ကျွန်ုပ်တစ်သက် ငွေပေးမဝယ်ဖူးသောပစ္စည်း နှစ်မျိုး

Myo Chit Myanmar October 28, 2013 at 5:40pm


ဒီနေ့ တစ်ခုတွေးမိတယ် ..အမေရိကားရောက်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျွန်တော် ပိုက်ဆံတွေ အများကြီး ရှာခဲ့ဖူးသလို အများကြီးလဲ သုံးခဲ့ဖူးတယ်။ လိုအပ်လို့သုံးတာတွေလဲပါသလို မလိုအပ်ဘဲဖြုံးတာတွေ ပါတယ်။ အကျိုးရှိတာတွေလဲ ပါသလို အကျိုးမရှိတာတွေလဲပါတယ်။
အသုံးဝင်တာတွေလဲ ပါသလို အသုံးမဝင်တာတွေလဲပါတယ်။ဝယ်ပြီး နေ့စဉ်သုံးဖြစ်တာတွေလဲ ပါသလို ဝယ်ပြီးကထဲက ထိတောင်မကြည့်ဖြစ်သေးတာတွေလဲပါတယ်။

အဲ့လို သေချာတွေးမိတော့ မှ ကျွန်တော် ခုထိ နှစ် ၂၀ လုံး ငွေပေးပြီး ဝယ်မသုံးရသေးတဲ့ နေ့စဉ်သုံးနေကြ ပစ္စည်းလေး နှစ်ခု အကြောင်း ပြောပြချင်စိတ်ပေါက်လာတယ်။

မိတ်ဆွေရော အဲ့ဒိ ပစ္စည်းနှစ်ခုက ဘာတွေဖြစ်မယ်ထင်သလဲ ?နောက်ပြီး ဘာကြောင့် ခုထိဝယ်မသုံးရသေးတာလို့ ထင်သလဲ ?


ဖြစ်ပုံက ဒီလိုဗျ ...


ကျွန်တော်က ငယ်ငယ်လေးထဲက အရမ်းမေ့တတ်တယ် ..အထူးသဖြင့် ခေါင်းထဲမှာ တစ်ခုခုကို အာရုံအရမ်းစိုက်နေမိပြီဆိုရင် ကျန်တာတွေ အကုန်မေ့တော့တာဘဲ။

ကျွန်တော်ရောက်ကာစက ဓါတ်ဆီဆိုင်မှာ ၁ နှစ်ကျော်လောက် Cashier လုပ်ရပါတယ်။

ဆိုင်မှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီ ထိ တစ်နေ့ကို ၁၂ နာရီ နဲ့ တစ်ပါတ်မှာ ခြောက်ရက် လုပ်ရပါတယ်။ တနင်္ဂနွေ တစ်ရက်ဘဲ အားတယ်။

ဆိုင်မှာက ၂၄ နာရီလုံး ဓါတ်ဆီအပြင် အိမ်သုံးပစ္စည်း တိုလီမုတ်စ စားစရာ အချိုရေ Soda ဆေးလိပ် Ball Pen တွေ မီးခြစ်တွေ အကုန် ရောင်းတယ်။

ဒီတော့ ညဖက်တွေကျရင် တိတ်ဆိတ်နေတုန်း ပျင်းပျင်းနဲ့ စိတ်တွေကူးပြီး သီချင်းတွေ ကဗျာတွေ ထိုင်ရေးဖြစ်တယ်။


အဲ့မှာ ပြဿနာစတာက ကျွန်တော်က ဘောင်းဘီ အိပ်ကပ်ထဲမှာ တစ်ခုခုရှိနေရင် မနေတတ်ဘူး။ထိုင်လိုက် ထလိုက်လုပ်လိုက်ရင် ပေါင်နားမှာ ထိုးထိုးထောင်ထောင် နဲ့ ခပ်မာမာ အရာတစ်ခု ရှိနေရင် နေရထိုင်ရ လှုပ်ရှားရ သိပ်ခက်သလို ခံစားရတယ်။

(တလွဲတွေ မတွေးနေနဲ့နော် ခင်ဗျားတို့ ဘာတွေးနေလဲ ကျွန်တော်သိတယ်)

ဒီတော့ အလုပ်လုပ်နေရင်း ဝယ်သူလာရင် Ball Pen လေးကို ညာဖက်နားရွက်ကြားမှာ ထိုးလိုက်ပြီး ဝယ်သူပြန်သွားရင် ကိုယ်စဉ်းစားထားတာလေး မမေ့အောင် ကမန်းကတန်း ပြန်ချရေးရတော့ နားရွက်ကြားက Ball Pen ကို မေ့သွားပြီး အလွယ်တစ်ကူတွေ့တဲ့ အသစ် တစ်ချောင်း ကောက်ထုတ်သုံးလိုက်တော့တာဘဲ။တစ်ခါ ဝယ်သူထပ်လာလို့ အဲ့ဒိတစ်ချောင်းကိုပါ ထပ်ထိုးမယ်လုပ်တော့မှ ပထမ တစ်ချောင်းရှိနေသေးတာကို သတိရပြီး နောက်တစ်ချောင်းကို ရောင်းတဲ့ ခွက်လေးထဲ ပြန်ပြန်ထည့်ရတာက တစ်ည ကို ၁၀ ခါထက် မနည်းဘူးပေါ့။

ဒီလိုနဲ့ မနက် Shift Change ပြီး အိပ်ချင်မူးတူးနဲ့ ကမန်းကတန်း ကားပေါ်တက်ပြီး အိမ်လဲပြန်ရော နားရွက်ထဲက Ball Pen ကို သတိကို မရတော့ဘူးပေါ့။ အိမ်ပြန်ရောက်လို့ ရေချိုးမယ်လုပ်မှ နားရွက်ကြားက ပြုတ်ကျလာတဲ့ Ball Pen ကို ကောက်ကောက် သိမ်းလိုက်ရတော့တယ်။

ညဖက် အလုပ်ပြန်သွားတဲ့အခါကျတော့လဲ အဲ့ဒိ Ball Pen လေးတွေက အိမ်ရှေ့က ခွက်ကလေးထဲမှာ အခန့်သား ကျန်ခဲ့တော့တာပ။အဲ့လို ဖြစ်တာက နေ့တိုင်းလောက်နီးနီးပါဘဲ ဆိုတော့ အိမ်မှာ Ball Pen တွေ အချောင်း ၁၀၀ လောက်နီးပါး ဖြစ်ဖြစ်လာတိုင်း ဆိုင်ကို အထုပ်လိုက် ပြန်ပြန်သယ်လာရပါတယ်။

အဲ့လိုဖြစ်တတ်လွန်းတော့ ဆိုင်မှာ တူတူလုပ်တဲ့အကိုကြီးက ပြန်ခါနီးကျရင် သူ့ နားရွက် ကို တို့ပြတယ် အဲ့လိုဆို ကျွန်တော်သတိရပြီး ဆိုင်မှာ ပြန်ထားခဲ့ဖြစ်တယ်ပေါ့နော်။


ဒါနဲ့ ကြာလာတော့ နည်းနည်းရှက်လာတာနဲ့ နားကြားမထိုးတော့ဘူးဆိုပြီး ဘောင်းဘီအိပ်ကပ်ထဲ ထည့်ကိုင်တဲ့ အကျင့်လုပ်ယူလိုက်တယ်။


အဲ့တော့မှ ပိုဆိုးသွားတာ...


ဟို အကိုကြီးကတော့ ဒီကောင်တိုးတက်လာပြီထင်နေတာ ...တစ်ကယ်ကတော့ အရင်က တစ်ပါတ် ကို လေးချောင်းလောက် အိမ်ပါပါလာရာကနေ အနည်းဆုံး တစ်နေ့တစ်ချောင်း သစ္စာရှိရှိကို အိမ်ပြန်သယ်လာတော့တာပါဘဲ။


အဲ့ဒိမှာ နောက်ထပ် တိုးပွားလာတာကတော့ မီးခြစ်လေးတွေဗျ။


ရောက်ကာစကတော့ အိမ်မှာရှိတဲ့သူများ မီးခြစ် နဲ့ ဆေးလိပ်မီးညှိရင်ညှိမဟုတ်ရင် မီးဖိုက Gas မီး နဲ့ တို့ အဲ့လိုဘဲခဏနေလိုက်ပြီး သိပ်မကြာခင် ဆီဆိုင်မှာ အလုပ်ရတော့ မီးခြစ်ကိုလဲ မဝယ်ခဲ့ရဖူးဘူးပေါ့နော်။

အိပ်ထဲဘာမှ မထည့်ခင်တုန်းကတော့ ဆိုင်က မီးခြစ် တစ်လုံးကို ကားထဲမှာဘဲ ထည့်ထားပြီး တခြားအပြင်သွားရင် အဲ့ဒိ မီးခြစ်ကိုသုံး ဆိုင်ရောက်တော့ ဆိုင်က မီးခြစ်ကို ယူသုံးပြီး ပြန်ချထားခဲ့ဆိုတော့ သိပ်မဆိုးလှဘူးပေါ့။

ဒါပေမယ့် လဲ တစ်ပါတ်ကို တစ်ခါ လောက်တော့ ဆိုင်ကမီးခြစ်ကို ယောင်ပြီး လက်ထဲကိုင်ရင်း ပြန်လာမိလို့ ကားပေါ်ရောက်မှ အောက်ပြန်မဆင်းချင်တော့တာနဲ့ အိမ်ပါပါလာတတ်ပါသေးတယ်။

အဲ့ဒိ အိပ်ထဲမှာဘဲ ထည့်တဲ့ အကျင့် စလုပ်လိုက်တော့မှဘဲ နေ့တိုင်း နီးပါး မီးခြစ်တွေ ပါ ပါပါလာတော့တာဘဲဗျို့ ...

ပါလာတာမှ ဦးလေး နဲ့ တူတူနေတဲ့ Apartment ကျဉ်းကျဉ်းလေးထဲက အံဆွဲတွေမှာတောင် ထားစရာနေရာ မရှိတော့လို့ ဆိုင်ကို တစ်လ တစ်ခါလောက် အထုပ် နဲ့ ပြန်ပြန်ယူလာပြီး တိတ်တိတ်လေး ပြန်ဖြည့်ပေးထားရတယ်

ဟိုအကိုကြီး နဲ့ သူဌေးကတော့ မီးခြစ်တွေ ကုန်ခါနီးပြီထင်လို့ထပ်မှာလိုက် တော်ကြာနေပြန်ပြည့်နေလိုက်နဲမို့ အူကြောင်ကြောင် ဖြစ်နေကြရတာ ခဏခဏပေါ့။

ဒါနဲ့ နောက်ဆုံး အဲ့ဒိဆီဆိုင်မှာ သူဌေး နဲ့ အဆင်မပြေတော့တာနဲ့ တစ်နှစ်ကျော်ကျော်လောက်နေတော့ ထွက်လိုက်တယ်ဗျ။

ဟာ မီးခြစ်တွေ Ball Pen တွေ ပျောက်လို့တော့ မဟုတ်ပါဘူး .. တခြားကြောင့်ပါ။

ဒါပေမယ့် အိမ်မှာ ရှိနေတဲ့ မီးခြစ်တွေ နဲ့ Ball Pen တွေလဲ ပြန်မပေးဖြစ်တော့ဘူးဗျ။


Ball Pen တွေ ဘယ်လောက်တောင်များလဲဆို Check Book တွေထည့်တဲ့ ဘူးလေးတွေနဲ့ ၇ ဘူး ၈ ဘူးလောက်တောင်ရှိတယ်ဗျ။တစ်ဘူးမှာ အချောင်း ၅၀ လောက်ဆန့်တယ်ဆိုတော့ အချောင်း ၄၀၀ ထက် မနည်းဘူးပေါ့။

မီးဖြစ်တွေဆိုလဲ ကြွပ်ကြွပ်အိပ် နဲ့ တစ်ဝက်လောက်ရှိမှာပေါ့။


အဲ့ဒိ ကနေ နောက်ပိုင်း တစ်ခြားအလုပ်တွေ ပြောင်းလုပ်တော့လဲ Ball Pen တွေက ပါပါလာသေးတာပါဘဲ။ကားရောင်းတဲ့ အလုပ်မှာကတော့ အဆိုးဆုံးဘဲဒါပေမယ့် အဲ့ဒိ အလုပ်တွေက Ball Pen ကို ခွက်ကြီးထဲကနေ အလွယ် တကူ လှမ်းယူလို့ မရတော့ နည်းနည်းတော့ အိမ် အသယ်ကျဲသွားတယ်ပေါ့။ဒါပေမယ့် ကားရောင်းတဲ့ ဆိုင်တွေမှာက ကိုယ့် Office သီးသန့်ရယ်လို့ မရှိဘဲ အနည်းဆုံး Shift မတူတဲ့ လူနှစ်ယောက် စားပွဲ နဲ့ Computer ကို Share သုံးရတာများတယ်လေ။ဒီတော့ သိတယ် မဟုတ်လား ကိုယ့် ဇ က လဲ ရာဇဝင် နဲ့ လာတာဆိုတော့ ..နောက်ဆုံး တူတူ Share သုံးတဲ့ လူတွေအားလုံး သူတို့ Ball Pen လေးတွေကို ကျွန်တော် မမြင်နိုင်တဲ့နေရာမှာ သွားသွားဖွက်ထားကြရတော့ရှာတဲ့အထိပါဘဲ။


ဒါနဲ့ မီးခြစ်တွေလဲ ထပ်တိုးမလာဘူး မထင်နဲ့နော် ...


ကားရောင်းတဲ့ အလုပ် စလုပ်တော့ တော်တော်များများက ဆေးလိပ်သောက်ကြတယ်ကျွန်တော်ကလဲ ဆီဆိုင်မှာထဲက မီးခြစ် နဲ့ Ball Pen ကို တွေ့ရာမချဖြစ်အောင် သုံးပြီးတာနဲ့ ဘောင်းဘီအိပ်ထဲ ချက်ချင်းထည့်တတ်တဲ့ အကျင့်ကို တရားကျင့်သလိုကို ကျင့်ထားတာဆိုတော့ ဆိုင်အပြင်ထွက်ပြီး ဆေးလိပ်သောက်နေကြတဲ့ Sales Man တွေဆီက မီးခြစ်တောင်းပြီး မီးညှိတယ်ညှိပြီးတာနဲ့ ဖတ် ဆိုပြီး ကိုယ့် အိပ်ထဲ ကောက်ထည့်လိုက်မိတော့တယ်။

စကားတပြောပြောနဲ့ ပေးလိုက်တဲ့သူကလဲ ပြန်တောင်းဖို့ သတိမရဘူး။ပိုဆိုးတာက ဝယ်သူက Paper Work တွေ ဆိုင်းထိုးနေတာကို စောင့်နေတုန်း သူတို့ဝယ်ထားတဲ့ကားကို ကားဆေးတဲ့သူကိုခေါ်ဆေးခိုင်း ဘာညာတွေလုပ်နေရင်း အပြေးအလွှားလေး ဆေးလိပ်ရပ်သောက်ကြတာမို့ ကြာကြာမနေနိုင်ကြတော့ ကျွန်တော်ကလဲ မေ့ သူတို့ကလဲ မေ့ပြီး ပြန်မတောင်းတော့ဘဲ အိမ်ပြန်ရောက်တော့မှ အိပ်ထဲမှာ မီးခြစ်က ၃ လုံးလောက်ဖြစ်နေတာကလဲ ရှိသေးတယ်။

ကျွန်တော်တစ်ခု ကံကောင်းတာက ကျွန်တော် နဲ့ တူတူလုပ်တဲ့သူတွေက ကျွန်တော်သူတို့ ဘာလိုလို အကူအညီပေးတတ်တာသိတော့ ခင်ကြတယ်ဗျ။နောက် ကျွန်တော် မေ့တတ်တာကိုလဲ သိနေတော့ အပြစ်တော့ မမြင်ကြရှာပါဘူး။

ဒါပေမယ့် ကျွန်တော့် Office လေးထဲမှာ Client နဲ့ စကားပြောနေတုန်း တခြား Sales Man တစ်ယောက်က ထိုင်နေတဲ့ Client တွေကို Excuse Me လို့ မျက်နှာချိုသွေးပြီး ကျွန်တော့် ရှေ့မှာ လက်ဝါးလေးဖြန့်ပြီး လာရပ်ပြီဆိုမှ သတိရပြီး အိပ်ကပ်ထဲက ကမန်းကတန်း ပြန်ပြန်ထုတ်ပေးရတာ တနေ့ကို ၃ ၄ ခါတော့ အနည်းဆုံးပါဘဲ။


ဆိုင်မှာ ဝယ်သူတွေ လုံးဝ မရှိတဲ့ အချိန်တွေ ဆိုရင်တော့ တစ်ခြား Sales Man တွေ Manager တွေ ကျွန်တော့် နာမည်ကို Intercom ကနေ အကျယ်ကြီး အော်ခေါ်ပြီဆိုရင် ကျွန်တော် သူတို့ မီးခြစ် မ လာမိလို့ ဆိုတာ တစ်ဆိုင်လုံး သဘောပေါက်ပြီးသား ...။


အဲ .. မေ့ပြီး အားရပါးရ ရေးနေတာ စာတောင် တော်တော်ရှည်သွားပြီဗျ။


ဒီတော့ဗျာ အဆုံးသတ်ရရင်တော့ ကျွန်တော့်မှာ ဒီတစ်သက်တော့ Gas မီးခြစ် နဲ့ Ball Pen ကို ခုထိ ဝယ်မသုံးဖူးသေးတဲ့ အပြင် နောက် ထပ် နှစ်ပေါင်းများစွာလဲ ဝယ်သုံးရဖို့ မရှိတော့တဲ့ အထိ အလုံအလောက် စုမိဆောင်းမိ ရှိထားပြီးပြီဆိုတာပါဘဲ။

အမေရိကားမှာ နှစ် ၂၀ လုံး အစုဆောင်းမိဆုံး အရာနှစ်ခုပေါ့လေ။

ဒီ FaceBook ထဲက မိတ်ဆွေတို့လဲ ကျွန်တော် နဲ့ အပြင်မှာဆုံဖြစ်ကြတိုင်း မိတ်ဆွေတို့ ရဲ့ မီးခြစ် နဲ့ Ball Pen တွေ ကို လုံခြုံစွာ စောင့်ထိန်းထားကြပါလို့ ကျွန်တော် လေးစားချစ်ခင်စွာ ကြိုတင်သတိပေးလိုက်ပါတယ်။
 
ထာဝရမေတ္တာဖြင့်

မျိုးချစ်မြန်မာ

  1 comment:

  1. ဆေးလိပ်မသောက်တတ်တော့ မီးခြစ်တော့ ပါလာလေ့မရှိဖူး။ မကြာမကြာတော့ ဘောပင်တွေ အိပ်ကပ်ထဲကို ပါလာလေ့ ရှိတယ်ဗျို့။ အဲသည့်အကျင့်က တော်တော့်ဆိုးတာပဲ။ သူများဘောပင်ကို လည်းငှားသေး ယောင်ပြီး ကိုယ့်အိပ်ကပ်ထဲ ထည်လိုက်သေး ဆိုတော့ တော်တော်ဆိုးတဲ့ အကျင့်ပါပဲ။

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...