Sunday, October 20, 2013

~ ပညာရေးရောဂါရနေတဲ့ အာရှမိဘများ ~

ဆောင်းပါး Written by စုပြည့်စုံ


တရုတ်နိုင်ငံ အန်ဟွေပြည်နယ် ကျေးလက်မြို့လေးတစ်မြို့က အသက် ၁၈ နှစ်အရွယ် ကျန်းယန်းဟာ ဟူဖေးမှာ တိုင်းရင်းဆေးကောလိပ်တက်ဖို့ ဝင်ခွင့်ရရှိခဲ့ပါတယ်။ ဒါပေမဲ့သည်သတင်းဟာ သူ့ဖခင်ကျန်း ကျာရှိန်းအတွက်တော့ လက်ခံနိုင်ဖို့ခက်ခဲလွန်းနေပါတယ်။

ကျန်းရဲ့ဖခင်ဟာ လွန်ခဲ့တဲ့နှစ်နှစ်က လေဖြတ်သွားတဲ့အတွက် အလုပ်မလုပ်နိုင်တော့ပါဘူး။ ဆေးဖိုးဝါး ခ အကြွေးတွေနစ်နေတဲ့ သူတို့မိသားစုအနေနဲ့ သားဖြစ်သူရဲ့ကျောင်းစရိတ်မပေးနိုင်မှာကို သူစိုးရိမ်နေ ပါတယ်။

အောင်မြင်မှုအတွက် ဂုဏ်ပြုပွဲလုပ်ဖို့သားဖြစ်သူ အိမ်ပြန်လာစဉ်မှာ ကျန်းကျာရှိန်းဟာ ပိုးသတ်ဆေး သောက်ပြီး မိမိကိုယ်ကိုအဆုံးစီရင်ခဲ့ပါတယ်

ကျန်းရဲ့ဖြစ်ရပ်ဟာ ထူးခြားလှပါတယ်။ ဒါပေမဲ့အရှေ့အာရှမိသားစုတွေဟာ သားသမီးတွေကို အ ကောင်းဆုံးပညာရေးပေးအပ်ဖို့ ငွေကြေးတွေကျခံသည်ထက် ကျခံလာကြပါပြီ။

ပိုမိုချမ်းသာတဲ့ အာရှနိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ စီးပွားရေးဖွံ့ဖြိုးလာတဲ့ တရုတ်တို့မှာ 'ပညာ ရေးရောဂါ' ကြောင့် မိသားစုတွေဟာ ကျောင်းစရိတ်ပေးဖို့ ရွေးချယ်မှုတွေပြုလုပ်လာရပြီး တစ်ခါတစ် လေ ပြဇာတ်တောင်ဆန်နေပါတယ်။

သားသမီးတွေပြည်ပမှာ ကျောင်းတက်ဖို့ အိမ်ရောင်းခဲ့ရတဲ့ မိဘတွေရှိပါတယ်။

တရုတ်နိုင်ငံက ပညာရေးလိုလားမှုနဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ်ထုတ်ဝေထားတဲ့ အန်ဒရူးကစ်နစ်က ပညာရေးမှာ သုံးစွဲနေတဲ့ငွေပမာဏဟာ 'အလွန်အကျူးများပြားနေတယ်' လို့ဆိုပါတယ်။

သည်အထဲမှာပါဝင်တာက ဝင်ငွေအလယ်အလတ် မိသားစုတွေချည်းပဲ မဟုတ်ပါဘူး။ အလုပ်သမား တွေကလည်း သားသမီးတွေကို သူတို့ထက်ပိုမိုကောင်းစေ၊ တတ်စေလိုပြီး ပညာရေးကသာ လူမှုရေး အဆင့်အတန်းမြင့်ဖို့ တစ်ခုတည်းသောနည်းလမ်းလို့ ရှုမြင်ကြပါတယ်။ တစ်ချို့မိသားစုတွေဟာ အကြွေးနွံထဲနစ်နေကြရပါတယ်။

'မိသားစုတွေက တစ်ခြားကိစ္စတွေမှာ လျှော့သုံးတယ်၊ ဆရာဝန်ညွှန်ကြားထားတဲ့ ကျန်းမာရေးစောင့် ရှောက်မှုကို မလုပ်တဲ့ကျေးလက်နေ မိဘတွေရှိတယ်။ အကြောင်းတစ်ချက်ကတော့ အဲဒီပိုက်ဆံကို သူတို့ကသားသမီးပညာရေးအတွက် သုံးချင်ကြလို့ပဲ' လို့ မစ္စတာကစ်ပင်က ပြောပြပါတယ်။

ဥရောပစောင့်ကြည့်မှုစစ်တမ်းတစ်ခုအရ ၂၀၁၂ ခုနှစ်အထိ ငါးနှစ်တာအတွင်း တရုတ်နိုင်ငံရဲ့ နှစ်စဉ်လူ တစ်ဦးချင်း အသားတင်ဝင်ငွေဟာ ၆၃.၃ ရာခိုင်နှုန်းတိုးတက်ခဲ့ပေမဲ့ ပညာရေးမှာ သုံးစွဲနှုန်းက ၉၄ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့ကြောင်း တွေ့ရပါတယ်။

တရုတ်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့စင်ကာပူတို့မှာ ပညာရေးအသုံးစရိတ်မြင့်မားတဲ့ သက်သေတွေတွေ့ရပါတယ်။ အိန္ဒိယနဲ့အင်ဒိုနီးရှားမှာလည်း အသုံးစရိတ်မြင့်မားပါတယ်။

ပညာရေးအပေါ် စွဲလမ်းမှုဟာ လူ့အသိုင်းအဝိုင်းကို ထိခိုက်စေကြောင်း အစိုးရကယုံကြည်နေတဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပညာရေးအသုံးစရိတ်ဟာ အကြွေးလည်ပင်းခိုက်အောင် အိမ်ထောင်စုတွေ ကို တွန်းပို့နေပါတယ်။

LG စီးပွားရေးသုတေသနလုပ်ငန်းရဲ့ အဆိုအရတောင်ကိုရီးယားအိမ်ထောင်စု ၂၈ ရာခိုင်နှုန်းဟာ ချေးငွေတွေကို လစဉ်ပြန်မဆပ်နိုင်သလိုဝင်ငွေနဲ့လောက်အောင် မသုံးစွဲနိုင်ကြောင်း တွေ့ရပါတယ်။

သူတို့ဝင်ငွေရဲ့ ပမာဏအများအပြား ၇၀ ရာခိုင်နှုန်းကို ကျူရှင်စရိတ်အတွက် သုံးစွဲနေပြီး တခြားမိသား စုထက် ပညာရေးအရာမျာသာအောင် ပြုလုပ်နေကြတယ်လို့ ဆိုးလ်မြို့ဆမ်ဆောင်းစီးပွားရေး သုတေ သနဌာနက ဆိုပါတယ်။

အရင်က ပြည်ပမှာပညာသင်ကြားတာဟာ အခွင့်ထူးခံတွေနဲ့သာ သက်ဆိုင်ပါတယ်။ အခုတော့အောင် မြင်မှုအတွက် ဖြတ်လမ်းနည်းအဖြစ် ပြည်ပဘွဲ့ကိုရရှိလိုသူ ပိုများပြားလာပါပြီ။

[ref: BBC: Oct 15, 2013.]

မော်ဒန်သတင်းဂျာနယ်

အမှတ် ၃၇၉၊ အောက်တိုဘာ ၁၈၊ ၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...