ချစ်သော ကမ္ဘာမြေ ( ၁၀ ) “ သံလွင်ရေတွေ ကုန်ကာမှ……….။
မဲခေါင်မြစ်ရဲ့ အောက်ပိုင်းကိုသာ ပိုင်ဆိုင်တဲ့ ယိုးဒယားနှိင်ငံကလည်း ကျောက်ဖယားမြစ်ရေကို ဖြည့်တင်းနိုင်ဖို့အတွက် သံလွင်မြစ်ပေါ်မှာ ရေလွဲဆည်တခု တည်ဆောက်မယ်လို့ မြန်မာအစိုးရနှဲ့ သဘောတူထားခဲ့ကြပါတယ် ။
ချစ်သောဧရာဝတီဆိုတဲ့ ဆောင်းပါးကို ရေးပြီးတဲ့နောက် စာတွေ ဆက်ဖတ်ရင်း ကျမတို့ရဲ့ မြန်မာနိုင်ငံက တခြားသော မြစ်တွေကိုလည်း အန္တရာယ်တွေ ကြားမှာ ရောက်နေတာကို ခြောက်ခြားစဖွယ် တွေ့လိုက်ရ ပါတယ် ။
ပထ၀ီဝင် အနေအထားအရ အရှေ့ တောင် အာရှမှာ စီးပွားရေး ၊ စစ်ရေးအရ မဟာဗျူဟာ အချက်အခြာ ကျနေရုံသာမကပဲ ပေါကြွယ်ဝလှတဲ့ ပြည်တွင်း သယံဇာတတွေကလည်း မက်မောဖွယ်ရာ ကောင်းလှတာကြောင့် ကျမတို့ နိုင်ငံထဲက တွင်းထွက် သယံဇာတ အရင်းအမြစ်တွေသာမက သဘာဝ မြေ၊ ရေ အရင်းအမြစ်တွေ အတွက်လည်း အန္တရာယ်တွေ ၀ိုင်းနေလေရဲ့ ။
အိမ်နီးချင်းတွေဟာ ကျမတို့ရဲ့ မြစ်တွေကို ဘာကြောင့်များ မျက်စောင်းထိုးကြ ၊ လက်ဝါးကြီး အုပ်ချင်ကြပါလိမ့်လို့ လေ့လာကြရအောင်ပါ ။ တရုတ်နိုင်ငံနဲ့ ယိုးဒယားနိုင်ငံရဲ့ ရေလိုအပ်မှုတွေကို စစ်တမ်း ထုတ်ကြည့်လိုက်ရင် အဖြေတွေ့ ရပါတယ် ။
၁၉၉၇-ခုနှစ်က မြစ်ဝါမြစ်အောက်ပိုင်းဟာ တစ်နှစ်ပတ်လုံးမှာ ရက်ပေါင်း(၁၃၅)ရက်သာ ရေစီးဆင်းခဲ့တာကြောင့် ရေလမ်းကြောင်းတွေ ပြောင်းလဲပြီး ရေကြောင်းသွားလာရေးကို ထိခိုက်စေခဲ့တယ်လို့ မှတ်တမ်းတွေက ဖေါ်ပြထားပါတယ် ။
တရုပ်ပြည် မြောက်ပိုင်းဒေသမှာ မြေပေါ်ရေတွေ လျော့နဲခမ်းခြောက်လာတာ ၊ မြေအောက်ရေကို အလွန်အကျွံ ထုတ်ယူ သုံးစွဲလာတာနဲ့ တရုပ်လူဦးရေရဲ့ တ၀က်လောက် နေထိုင်တာတွေကြောင့် ရေရရှိနှိင်တဲ့ ပမာဏနဲု့ သုံးစွဲတဲ့ လူဦးရေပမာဏ မမျှတပဲ သန့်စင်တဲ့ ရေပမာဏ လျော့နဲ လာနေပါတယ် ။
တရုပ်ပြည်ရဲ့ ရေအခြေအနေက မြောက်ပိုင်းမှာ ရေရှားပါးပြီး ၊ တောင်ပိုင်းမှာကျတော့လည်း ရေပေါများပေမဲ့ ရေထုညစ်ညမ်းနေတာကြောင့် သန့်ရှင်းတဲ့ရေကလည်း နည်းပါးနေပါတယ် ။
ပြီးတော့ တရုတ်နိုင်ငံမှာ စိုက်ပျိုးနိုင်တဲ့ မြေဧရိယာက နိုင်ငံအကျယ်အ၀န်းရဲ့ ငါးပုံ တစ်ပုံသာသာပဲ ရှိပါတယ် ။ အဲဒီ စိုက်ပျိုးမြေပမာဏရဲ့ ၆၀% က လူဦးရေ သန်း ၂၀၀ကျော် နေထိုင်ပြီး ရေရှားပါးတဲ့ မြောက်ပိုင်းဒေသတွေမှာ ဖြစ်နေတဲ့အပြင် မိုးရေရရှိမှုကလည်း လက်မ ၂၀အောက်သာ ရှိနေတာ တွေ့ ရပါတယ် ။
ဒါကြောင့် အဲဒီဒေသမှာ စိုက်ပျိုးရေနဲ့ သောက်သုံးရေ နှစ်ခုလုံးအတွက် မြေအောက်ရေကိုပဲ အဓိက အားပြု သုံးစွဲနေရပါတယ် ။
ကမ္ဘာဘဏ်ရဲ့ ခန့်မှန်းချက်အရလည်း ကျေးလက်ဒေသမှာ နေတဲ့ တရုတ် လူမျိုးသန်း (၃၀၀)ကျော်ဟာ သန့်ရှင်းတဲ့ သောက်သုံးရေရရှိရေးအတွက် အခက်အခဲများစွာ ကြုံနေရပါတယ် ။
သက္ကရာစ်(၂၀၂၀) ခုနှစ် လောက်မှာ လူဦးရေသန်း (၃၀)လောက်က အဲဒီ ရေအခက်အခဲရှိနေတဲ့ ဒေသတွေကနေ ပြောင်းရွေ့နေထိုင် ကြရဖွယ်ရှိနေပါတယ် ။
ဒါက တရုတ်နိုင်ငံရဲ့ သောက်ရေနဲ့ သုံးရေအတွက် လိုအပ်ချက်ပါ ။
နောက်တချက်က တရုတ်နိုင်ငံရဲ့ စီးပွားရေးကလည်း ရေသုံးစွဲနိုင်မှုအပေါ်မှာ လုံးဝ မူတည်နေပြန်ပါတယ် ။ ကုန်ထုတ်လုပ်မှုအတွက် ကမ္ဘာပေါ်မှာ ရေကို ဒုတိယ အများဆုံး သုံးစွဲနေတဲ့ နိုင်ငံပါ ။ စက်ရုံ၊ အလုပ်ရုံတွေ လည်ပတ်နိုင်အောင် စွမ်းအင် ထုတ်ပေးနေတဲ့ စက်ရုံတွေမှာ သုံးနေတဲ့ ရေပမာဏက အင်မတန် ကြီးမားပါတယ် ။
ကမ္ဘာ့ ရေစီမံခန့်ခွဲရေးဗဟိုရဲ့ ခန့်မှန်းချက်အရ တရုတ်နိုင်ငံရဲ့ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုအတွက် ရေလိုအပ်ချက်ဟာ တကမ္ဘာလုံးက လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှု ပမာဏရဲ့ (၂၅%) ဖြစ်ပါတယ် ။ ပြီးတော့ ရေရှားပါးတဲ့ အနောက်ဘက်နှဲ့ မြောက်ဘက်ခြမ်းဒေသတွေ တိုးတက်ဖွံ့ဖြိုးလာဖို့ရယ်၊ စွန့် ပြစ်ရေဆိုးတွေကို သန့် စင်တဲ့ လုပ်ငန်းတွေ အတွက်ပါ ရေက လိုအပ်နေပါသေးတယ် ။
ဒါ့အပြင် (၂၀၀၀)ခုနှစ်က တရုတ်ပြည်ရဲ့ မြစ်ပေါင်း (၅၁၄)ခုကို စစ်တမ်းကောက်ယူခဲ့ရာမှာ မြစ်ပေါင်း (၆၀)ဟာ ရေတွေ ခမ်းခြောက်နေပြီး၊ ရေကန်၊အင်းအိုင်းတွေရဲ့ ရေပမာဏကလည်း(၁၄%) လျော့နည်းနေလာတယ်လို့ (၂၀၀၅)ခုနှစ်၊ တရုတ် နေ့စဉ်သတင်းစာ၊ ဆောင်းပါးကဏ္ဍမှာ ရေးသား ဖေါ် ပြ ထားခဲ့တာ တွေ့ ရပါတယ်။
တရုတ်အစိုးရရဲ့ နှစ်ရှည်စီမံကိန်းအရ သက္ကရာဇ် ၂၀၂၀ခုမှာ ကုန်ထုတ်စွမ်းအားစုကို တိုးမြှင့်မဲ့ အစီအစဉ်အတွက် လက်ရှိ စွမ်းအင်ပမာဏကို နှစ်ဆတိုးဖို့ လိုအပ်လာတဲ့ အခါ ရေလိုအပ်ချက် ပမာဏက ပို များလာတာ တွေ့ ရပါတယ် ။ လိုအပ်တဲ့ ရေပမာဏကို မဖြည့်ပေးနိုင်ရင် နိုင်ငံရဲ့ စီးပွားတိုးတက်မှုနှုန်းကိုပါ ထိခိုက်ရပ်တန့်သွားနိုင်ပါတယ် ။
ဒီအတွက် တရုတ်ရဲ့ ရည်ရွယ်ချက်က ငါးနှစ်စီမံကိန်း(၂၀၁၁- ၂၀၁၅) အတွင်းမှာ ရေပြဿနာအရေး တင်းမာနေမှု အခက်အခဲတွေရဲ့ ၃၀% နဲ့ ရေထုညစ်ညမ်းမှုတွေကိုပါ လျှော့ချသွားဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ရေရရှိရေးကဏ္ဍဟာ တရုတ်ပြည်အတွက် အလွန်အဓိကကျပြီး အရေးကြီးတာကို တွေ့ နိုင်ပါတယ် ။
ယိုးဒယားကရော…….ရေနဲ့ ပါတ်သက်ပြီး ဘာတွေ ပြဿနာ ရှိနေသလဲ ဆိုတာ ဆက်ကြည့်ကြရအောင်ပါ ။
မဲခေါင်မြစ်ဟာ တရုတ်၊ လာအို ၊ ကမ္ဘောဒီးယားနဲ့ ယိုးဒယားကို ဖြတ်သန်းစီးဆင်းနေပါတယ် ။
တရုတ်က မဲခေါင်မြစ်ပေါ်မှာရှိတဲ့ သူ့ ပိုင်နက် နယ်မြေတွေထဲမှာ ဆည်တာတမံပေါင်း(၈)ခုကို တည်ဆောက်ဖို့ သတ်မှတ်ထားခဲ့ပါတယ် ။
တည်ဆောက်ပြီးသွားတဲ့ နှစ်ခုက Manwan နဲ့ Dachaostan တို့ ဖြစ်ပါတယ် ။ တည်ဆောက်ဆဲ ၃ ခုက Xiaowan, Nuozhadu နဲ့ Jinghong တို့ဖြစ်ပြီး၊ တည်ဆောက်ဖို့ အဆို ပြုထားဆဲ ၃ခုက Gongguoqiao, Mensong နဲ့ Ganlanba တို့ပါပဲ ။
တရုတ်ဟာ အဲဒီဆည်တာတမံ ရှစ်ခုကို တည်ဆောက်ပြီး လိုအပ်တဲ့ စွမ်းအင်နဲ့ ရေကို ရရှိအောင် စီမံထားတာလေ ။ ဒါပေမဲ့ အဲဒီစီမံကိန်းအတိုင်း မဲခေါင်မြစ်ပေါ်မှာ ဆည်၊ တာတမံတွေ အားလုံး တည်ဆောက်ပြီးသွားခဲ့ရင် အဲဒီ မဲခေါင်မြစ်ကြောင်း ဖြတ်သန်းသွားတဲ့ အိမ်နားနီးခြင်းနှိင်ငံတွေနဲ့ ပထ၀ီဝင်နိုင်ငံရေး ၊ စီးပွားရေးရာကိစ္စ တွေမှာ အငြင်းပွားစရာတွေ အများကြီး ကြုံတွေ့ကြရမှာပါ ။ ဒါကြောင့် တချို့ အဆိုပြုထားတဲ့ ဆည်တွေကို ဆက်လက် တည်ဆောက်ဖို့ အခက်တွေ့နေရပါတယ် ။
အခုလက်ရှိ ကမ္ဘာ့ လူဦရေတိုးနှုန်းအရဆိုရင် လာမဲ့သက္ကရာစ်၂၀၁၅မှာ ကမ္ဘာ့လူဦရေသန်း ၇၀၀ ခန့်ဟာ သန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့ ခက်ခဲလာမှာဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ် ။
လူဦးရေ တိုးပွားလာတာနဲ့အမျှ သောက်သုံးရေ လိုအပ်ချက်က မြင့်တက်လာပေမဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ တည်ရှိမှုကတော့ တိုးတက်မလာပါဘူး ။
မိုးခေါင်တာ ၊ ရာသီဥတု ပူပြင်းလာတာတွေကြောင့် မြေပေါ်ရေ မျက်နှာပြင်တွေ ( မြစ်ချောင်း၊ အင်း၊အိုင်တွေရဲ့ ရေမျက်နှာပြင်တွေ ) နိမ့်ကျလာပြီး၊ မြေအောက်ရေတွေဟာလည်း စိုက်ပျိုးရေးနဲ့ စက်ရုံအလုပ်ရုံသုံးရေအဖြစ် အလွန်အကျွံ ထုတ်ယူသုံးစွဲမူတွေကြောင့် သောက်သုံးရေအတွက် နည်းပါးလာနေကြောင်း၊ ၊ အရှေ့ အလယ်ပိုင်းဒေသမှာရှိတဲ့ စက်ရေတွင်းတွေ(အ၀ိစီတွင်း)ဟာ လာမည့် ရာစုနှစ်တွေအတွင်း ခမ်းချောက်သွားနိုင်ကြောင်းကို ကမ္ဘာ့ဇလ ဘူမိဗေဒပညာရှင်တွေက ပြောကြားထားကြပါတယ် ။
ပထ၀ီဝင် အနေအထားအရလည်း မြစ်ကြောင်းမြစ်ဝှမ်းဒေသ အပေါ်ပိုင်းမှာ ရှိတဲ့ နိုင်ငံတွေက မြစ်အောက်ပိုင်း နိုင်ငံတွေထက် ရေကြောင်းစီးဆင်းမှုကို ကန့်သတ်ထိန်းချုပ်မှုနဲ့ နိုင်ငံရေး အမြတ်ထုတ်မှုမှာ ပိုပြီး အခွင့်သာနေတာကို တွေ့ရှိရပါတယ် ။
ဒါကြောင့် မဲခေါင်မြစ်ရဲ့ အောက်ပိုင်းကိုသာ ပိုင်ဆိုင်တဲ့ ယိုးဒယားနှိင်ငံကလည်း ကျောက်ဖယားမြစ်ရေကို ဖြည့်တင်းနိုင်ဖို့အတွက် သံလွင်မြစ်ပေါ်မှာ ရေလွဲဆည်တခု တည်ဆောက်မယ်လို့ မြန်မာအစိုးရနှဲ့ သဘောတူထားခဲ့ကြပါတယ် ။
သူ့နှိင်ငံ၊ သူ့လူမျိုးရဲ့ အကျိုးစီးပွားအတွက် သဘာဝရေသယံဇာတ မလျော့နည်းစေရေး ၊ နောင်လာမဲ့ ရာသီဥတု ဆိုးရွားလာမှုတွေကြောင့် ကျောက်ဖယားမြစ်ရေ ထာဝစဉ် စီးဆင်းနေစေရေးတို့အတွက် မြန်မာနှိင်ငံရဲ့ ရေသယံဇာတကို ရယူသုံးစွဲဖို့ပဲ ဖြစ်နေပြန်ပါတယ် ။
အဲဒါဟာ ယိုးဒယားအစိုးရရဲ့ သူ့နိုင်ငံ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ အသိဥာဏ်ပညာကြွယ်ဝမှု ၊ အမြော်အမြင်ကြီးမှုတွေပဲ မဟုတ်ပါလား ။
ကျမတို့ မြန်မာနှိင်ငံက မြန်မာခေါင်းဆောင်တွေကလည်း
ကိုယ့်နှိင်ငံ အရေးနဲ့ အကျိုးစီးပွားကို နှစ် လေးငါးဆယ်စာလောက် ကြိုပြီး စီမံ တွေးခေါ်သင့်ပါတယ် ။
တရုတ်ပြည်အတွင်းမှာ စီးဆင်းနေတဲ့ ( ကျမတို့ရဲ့ သံလွင် ) တရုပ် အခေါ် နျူမြစ်ပေါ်မှာ (Songta, Bingzhongluo, Maji, Lumadeng, Fugong, Bijiang, Yabiluo,Lushui, Liuku, Shitouzhai, Saige,Yansangshu, Guangpo) စတဲ့ ဆည်၊တာတမံပေါင်း (၁၃) ခုနဲ့ မြန်မာပြည်ထဲမှာ ကရင်ပြည်နယ်က ဟက်ကြီး ၊ ရှမ်းပြည်နယ် တောင်ပိုင်း တာဆန်း ၊ ယိုးဒယားမြန်မာနယ်စပ် ကရင်ပြည်နယ်က ၀က်ကြီး ၊ ယိုးဒယားမြန်မာနယ်စပ်က ဒက်ဝှန်း ၊ ကရင်ပြည်နယ်နဲ့ ယိုးဒယားနှိင်ငံ ကျောက်ဖယားမြစ်ထဲကို သံလွင်မြစ်ရေလွှဲပေးမဲ့ ရေလွဲဆည်တခု၊ စုစုပေါင်း(၅)ခု ရှိနေပါတယ် ။
တရုတ် ၊ မြန်မာ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့စီမံကိန်း သဘောတူညီချက်အရလည်း တရုတ်ဟာ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေကို နှစ် (၃၀) ရယူသုံးစွဲသွားမှာ ဖြစ်ပါတယ် ။ ဒါကြောင့် တရုတ်ဟာ ဒီစီမံကိန်းရဲ့ အကျိုးကျေးဇူးတွေကို ရေပြဿနာ အခက်အခဲတွေ ကြုံတွေ့နေချိန်မှာ ရာနှန်းပြည့် အကျိုးခံစားရမှာပါ ။
သူ့နိုင်ငံရဲ့ ရေအခက်အခဲကို ဖြေရှင်းပေးနိုင်တဲ့ စွမ်းအင်အရင်းအမြစ်တခုကို ကျမတို့ မြန်မာနှိင်ငံက ကိုယ်ကျိုးတွေစွန့်ပြီး ပေးပို့နေရတော့မှာလေ ။
ကျမတို့ရဲ့ ချစ်သောသံလွင်ဟာ တရုတ်ပြည် မြောက်ပိုင်း ၊ တိဘက်အရှေ့ပိုင်း ကုန်းမြင့်ဒေသမှာ မြစ်ဖျားခံစီးဆင်းပြီး ရှမ်းကုန်းမြေမြင့်ကို ဖြတ်သန်းလာပါတယ် ။
မွန်ပြည်နယ်ကတဆင့် မုတ္တမ ပင်လယ်ထဲကို စီးဆင်းနေတဲ့ မိုင်ပေါင်း (၁၇၄၉) မိုင်ကျော် ရှည်လျားတဲ့မြစ်တစင်း ဖြစ်ပါတယ် ။
ကျမတို့ မြန်မာနှိင်ငံရဲ့ ရှမ်းပြည်နယ် ၊ မွန်ပြည်နယ်တို့ကို စီးပွားရေး ၊ ဘူမိနိုင်ငံရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ဂေဟတွေအရ အများကြီး အကျိုးပြုနေတဲ့ မြစ်တစ်စင်းပါရှင် ။ သံလွင်မြစ်ဝှမ်းဒေသမှာ ရှိတဲ့ မြို့ နယ်ပေါင်း (၅) ခုဟာ မြစ်ဝှမ်းတလျောက် ကုန်သွယ်ရေကြောင်း သွားလာရောင်းဝယ် ဖေါက်ကားနေကြပါတယ် ။
သံလွင်မြစ်ပေါ်မှာ ဆည်တာတမံတွေ တည်ဆောက်ပြီးရင် ရရှိ လာမဲ့ အကျိုးကျေးဇူးတွေက တရုတ် နဲ့ ယိုးဒယားပြည်သူတွေပဲ ။ မြစ်အောက်ပိုင်းမှာ စီးဆင်းနေတဲ့ ကျမတို့ရဲ့ သံလွင်ဟာ ရေစီးကြောင်းတွေ ပြတ်တောက်ပြီး
ခြောက်ခန်းသွားနိုင်ပါတယ်။
မြန်မာနိုင်ငံဟာ နှစ်စဉ် ရေသုံးစွဲနှိင်တဲ့ ရေအရင်းအမြစ်ပမာဏရဲ့ (၅) ရာခိုင်နှန်းကနေ (၁၀) ရာခိုင် နှုန်းအတွင်းသာ သုံးစွဲနေပါသေးတယ် ။ ပြီးတော့ မိုးရေချိန် လက်မ(၄၀)ကနေ မိုးရေချိန် လက်မ (၂၀၀) ထိလည်း ရွာသွန်းပါတယ် ။
သို့သော် သတိထားစရာအချက်က မြန်မာနှိင်ငံမှာ နောင် ဆယ်စုနှစ်ကာလနဲ့ နောက်ပိုင်းမှာ မုတ်သုန် ကာလဟာ ပုံမှန်လက်ရှိ အချိန်ကာလထက် ၊ရက်ပေါင်း (၄၀)လောက် ပိုမို လျော့နည်းလာနိုင်ကြောင်း ၊ ဒါကြောင့် သောက်သုံးရေနဲ့ စိုက်ပျိုးရေရရှိရေးမှာလည်း အခက်အခဲများ ကြုံတွေလာနှိင်ကြောင်း ဗွီိအိုအေ၊ မြန်မာပိုင်း အစီအစဉ်၊သိပံ္ပနှင့် နည်းပညာကဏ္ဍမှာ ECODEVအဖွဲ့ဝင်တစ်ဦးနဲ့ ဒေါ်ခင်မျိုးသက်က
နိုဝင်ဘာ(၃၀) ရက်မှာ ဆွေးနွေးထားတာ တွေ့ ရပါတယ် ။ ဒီအချက်ဟာ မြန်မာနှိင်ငံအတွက် အလွန်အရေးကြီးတဲ့ သတင်းစကားပါ ။
ကျမတို့ရဲ့ ရေအရင်းအမြစ်တွေကို ကြိုတင်ပြီး ကာကွယ်ထိမ်းသိမ်း ပြင်ဆင်ဖို့ လိုအပ်နေပါပြီ ။
အဲဒီအချိန်မှာ မြန်မာနှိင်ငံရဲ့ အထင်ကရမြစ်ကြီးတွေ လျော့နည်း ခြောက်ခန်းလာပြီး
မြန်မာပြည်သူတွေ ရေကြောင့် ဒုက္ခမရောက်ပါဘူးလို့ ဘယ်သူကမှ အာမ မခံနိုင်ဘူးရှင့် ။ သက္ကရာဇ် ၂၀၃၀မှာ မြန်မာနှိင်ငံဟာ ရေအရင်းအမြစ်တွေ လုံလုံလောက် ရှိပါရဲ့ နဲ့ သောက်သုံးရေ ၊ စိုက်ပျိုးရေတွေ လျော့နည်းပြီး မြစ်ကြောင်းသွားလာရေးက အစ အားလုံးဒုက္ခ ရောက်နိုင်ပါတယ် ။
ဒီပြဿနာအရေးမှာ ဘယ်နိုင်ငံ ၊ နိုင်ငံသားရယ် ဆိုတဲ့ အစွဲ လုံးဝ ကင်းရှင်းစွာနဲ့ ကျမ ရေးပါတယ် ။ ကျမက ကမ္ဘာမြေကို မေတ္တာစိတ်နဲ့ ချစ်ပါတယ် ။ ဒါပေမဲ့ ကျမ ချစ်တဲ့ အမိမြေနဲ့ နိုင်ငံသားတွေကိုတော့ ကျမ ဒုက္ခ မဖြစ်စေလိုပါ ။
ကျမတို့ မြန်မာတိုင်းရင်းသား အားလုံးက အလှုအတန်းဆိုရင် သိပ်ကို ၀ါသနာပါကြ ၊ ရက်ရောကြပါတယ် ။ အထူးသဖြင့် အခုလို ရေနဲ့ ပါတ်သက်လာရင် ရေလှုရတဲ့ အကျိုးကို သိပ် တန်ဖိုးထားကြပါတယ် ။ ဒါပေမဲ့ မချင့်ချိန်လို့ မဖြစ်နိုင်ပါဘူး ။
ကိုယ့်နိုင်ငံသားတွေ ရေငတ်မဲ့ အရေးကို သူများနိုင်ငံသားတွေ ရေပြတ်မဲ့ အရေးထက်တော့ ဦးစားမပေးနိုင်ပါဘူး ။
ထမင်းဆာရင်တောင် ရေလေးသောက်ပြီး ဗိုက်မှောက် အိပ်တတ်တဲ့ ကိုယ့်နိုင်ငံသားတွေ အတွက် ကျမတို့ရဲ့ ချစ်သော သံလွင်ကိုလည်း ရေတွေ မခြောက်ခန်းစေချင်ပါဘူး ။ ရေတွေ မကုန်စေချင်ပါဘူး ။ ကျမတို့ရဲ့ သံလွင် ဆိုတဲ့ မြစ်တစ်စင်းကိုလည်း လွတ်လပ်စွာ ၊ အားကောင်းစွာ ဆက်လက် ရှင်သန်ခွင့်တွေ ရစေချင်ပါတယ် ။ မြစ်တွေ ရေခန်းမှတော့ မလွမ်းကြစေလို ။
မ၀ါ ( ၂၆ရက် - စက်တင်ဘာ - ၂၀၁၃ )
Ref ; ဆရာ မောင်ကျေးရေ “ Final- 2030 China Water Crisis & Myanmar Resources ”
0 comments:
Post a Comment