Sunday, October 6, 2013

“ကိုသာဇံ နှင့် တွေ့ဆုံခြင်း (၂)”

October 6, 2013 at 9:17am
          ဂျပန်ပြည်က မီးသတ်တွေဟာ ကိုယ်တို့ဆီမှာလို ဥသြအော်မြည် မီးလောင်ပြီဆိုတော့မှ မောင်းကို ထုပါ လူစုပါဟေ့ လုပ်ပြီး ဦးထုပ်ရှာ ဘိနပ်ရှာ၊ “အာစိရေ ဓါတ်ဆီဖိုးလေး မှတ်ထားပါဦး။ ဟိုရောက်တော့ ကျွန်တော် ပြန်တောင်းပေးပါ့မယ်” စသည်ဖြင့် အပြေးအလွှား မီးသတ်ရုံသက်သက် မဟုတ်ပါဘူး။
လုပ်ငန်းသဘော တာဝန်ဝတ္တရားတွေ ပိုင်းခြားသတ်မှတ်စဉ်ကတည်းက (၁) မီးသတ်ရန်၊ (၂) အသက် ကယ်ရန်၊ (၃) ဒုက္ခသည်များအား ဘေးလွတ်ရာသို့ ပို့ဆောင်ရန် ဆိုတဲ့ သူတို့တာဝန် အရေးကြီး (၃)ပါးကို ဦးထိပ်ထားရပါတယ်။ စာရွက်ပေါ်ရေးပြီး နံရံမှာ ကပ်ထားရုံသက်သက် မဟုတ်ပဲ အဲသည်အချက်သုံးချက်နဲ့ မပြည့်စုံရင် ၀တ္တရားပျက်ကွက်တယ်လို့ သတ်မှတ်ပါသတဲ့။ သို့သော်လည်း ကိုသာဇံတို့အလုပ်က မီးလောင်ရာတွင်သူစွန့်စားတစ်ခုတည်း မဟုတ်ပါဘူး။ ရေနစ်ပြီဆိုလည်းမီးသတ်၊ ကားတိုက်ပြီဆိုလည်း မီးသတ်၊ တောင်ပြိုလေတိုက်၊ ဓါတ်လိုက်တာပါမကျန် လူတွေက ၁၁၉ နှိပ်ပြီး မီးသတ်ကို အခေါ်ခံရတာပါ။

           အိုဆာကာမြို့တော်ကြီးရဲ့ မီးသတ်ဌာနကို အရေးပေါ်ဖုန်းဆက်ခေါ်တဲ့ အကြိမ်ပေါင်းက နေ့စဉ် ၁၅၀၀ ပတ်ဝန်းကျင်မှာ ရှိတယ်ဆိုတော့ ဟနုမာန်ကြီး သိန်းဃိုယ်ပြည်မီးရှို့တာထက်တောင် ဂျပန်မှာလောင်တာ များမနေဘူးလား။ ဒါတောင်အိုဆာကာက တိုကျိုနဲ့ယှဉ်လိုက်ရင် တောသာသာပဲ ရှိတာ။ မယုံနိုင်စရာမို့လို့ ယုံရခက်ခက် ဖြစ်နေတာဟာ သင်ခန်းစာအပြီး မီးသတ်ထိန်းချုပ်အခန်းကို ရောက်သွားတော့မှ ကိုယ်တွေ့မျက်မြင် အံ့သြမိပါတယ်။ ဘာဖြစ်လို့ဆိုတော့ သူတို့ဆီမှာ မီးသတ်ကားကို မီးလောင်မှခေါ်တာ မဟုတ်ပဲ အရေးပေါ်အခြေအနေတိုင်းမှာ အားကိုးတကြီး အကူအညီတောင်းကြတာကိုး။ “လုပ်ကြပါဦး။ အိမ်ကလူကြီးအရက်တွေမူးပြီးပြန်လာတာ ခေါ်လို့လည်း မရတော့ဘူး။” ဆိုလည်း မီးသတ်၊ “မီးမီးရဲ့ကြောင်လေး သစ်ပင်ပေါ်တက်သွားတာ ပြန်မဆင်းတတ်တော့ဘူး။ ဗြဲ….။” ဆိုလည်း မီးသတ်၊ မြို့လုံးပတ်လည်က “ကယ်ကြပါဦးရှင်”တွေမှန်သမျှ အကုန် မီးသတ်အလုပ်ချည့်ပဲ လို့ သတ်မှတ်ထားပုံရတယ်။

           ဒါကြောင့် သူတို့ဆီမှာ မီးသတ်ကို အနီ၊ အဖြူ နဲ့ အပြာ ဆိုပြီး အရောင်သုံးမျိုးခွဲထားတယ်။ အနီက မီးသတ်ဖို့ (Fire fighting)၊ အဖြူက ဆေးရုံပို့ဖို့(Paramedics) နဲ့ အပြာက အသက်ကယ်ထုတ်ဖို့ (Rescue) တဲ့။ လူဦးရေ ၂၆သိန်းလောက်ရှိတဲ့ အိုဆာကာမြို့တော်မှာ ၀န်ထမ်းအင်အား ၆၀၀ လောက်သာရှိတဲ့ မီးသတ်သမားတွေကို အဲသလောက်ကြီး နှိပ်စက်နေမှဖြင့် သေရချည့်ရဲ့နော်။ ဒါကြောင့် သူတို့မီးသတ်တွေဟာလည်း ခေါ်တိုင်းလိုက်တဲ့အစား မဟုတ်ပဲ။ ဘယ်သူခေါ်တာလဲ၊ ဘာဖြစ်လို့ခေါ်တာလဲ၊ ဘယ်နားမှာဖြစ်တာလဲ၊ ရေရေရာရာ စုံစမ်းပြီးမှ ခေါ်နေတဲ့ဖုန်းကို GPS ကြီးနဲ့ ကြည့်။ အနီးဆုံး မီးသတ်အဖွဲ့က ဘယ်နားမှာရှိတယ်။ ဘယ်သူကမအားသေးဘူး။ အလုပ်တန်းလန်းကြီး၊ ဘယ်သူ့ကိုခေါ်ရင်ရတယ် အကုန်လုံး ကွန်ပြူတာထဲမှာ စိစစ်ပြီးမှ ကားလွှတ်ပါတယ်။

            အဲဒီထိန်းချုပ်ရေးစခန်းက တယ်လီဖုန်းဖြေဆိုသူ ၀န်ထမ်းတိုင်းရဲ့ရှေ့မှာ ကွန်ပြူတာစကရင်ကြီး သုံးချပ်ရှိတယ်။ တစ်လုံးက သတင်းအချက်အလက် Data base တွေကိုရှာဖို့၊ တစ်လုံးက Ambulance ကား ဘယ်နှစ်စီး ဘယ်နားရောက်နေပြီ။ ဘာတွေလုပ်နေတယ်။ ဘယ်ကားက အားတယ်ဆိုတာ ပြထားတာ၊ နောက်တစ်လုံးကတော့ GPS နဲ့ မြေပုံကြီးဖော်ပြီး ဖုန်းခေါ်တဲ့လူရဲ့နေရာ၊ သွားလို့ရမယ့် အနီးဆုံးလမ်း၊ ယာဉ်ကြောရှင်းမရှင်း အခြေအနေတွေကို ကြည့်ဖို့တဲ့။ သိပ်ကောင်းတဲ့ ရွှေဘက်ထွီပဲနော်။ အားလုံးရဲ့အရှေ့က နံရံကြီးပေါ်မှာတော့ စောစောကပြောတဲ့ဟာတွေအပြင် မြို့ထဲမှာအမြင့်ဆုံး မျှော်စင်ကြီးတွေပေါ်က စီစီတီဗီခင်မာလာကြီးတွေက မြင်ရသမျှကို လှမ်းကြည့်လို့ရတယ်။ ဇွန်းကလေးများတပ်ဆွဲလိုက်ရင် ဟောဟိုးမြို့စွန် တိုက်ခန်းဝရံတာနောက်က ငှက်ပျောသီးစားနေတဲ့ သူငယ်မလေး မျက်စိမှိတ်ပြတာတောင် မြင်ရဦးမတဲ့။ ကြွားတယ်ဟေ့။ ဂယ်ဘဲ ဂယ်ဘဲ။ ဒါမျိုးတွေ ဓါတ်ရှင်ထဲ မြင်ဖူးတာ ကြာပေါ့။ အပြင်မှာ တကယ်ရှိလိမ့်မယ် မထင်ခဲ့ပေါင်။ ငါတို့မြန်မာပြည်ကိုလည်း ဂြိုလ်တုကနေ အလွတ်မပေးဖူးနဲ့တူပါတယ်။ ရွှေဝါရောင်တုန်းက ဂျပန်သတင်းထောက်ကလေး လှံစွပ်နဲ့အထိုးခံရတာကို ဓါတ်ပုံနဲ့တကွ အထောက်အထားပြတော့ ဒီဘက်မှာ ငြင်းလို့ကို မရတော့ဘူး။ ငါ့နှယ် ခရီးသွားရင်း လမ်းဘေး ရှူရှူးပေါက်ရမှာတောင် ခပ်လန့်လန့်။ အဲဒါကြီးနဲ့ဆိုတော့ မီးသတ်ကားတွေထွက်သွားပြီးရင် တို့ဆီမှာလို “လဒမှလင်းယုန်၊ လဒမှလင်းယုန်၊ ကြားလား ကြားလား၊ ကြားရင်အကြောင်းပြန် ဒါပဲ။” ဆိုတာတွေ မလာတော့ဘူး။ မြေပုံနဲ့ မြေပြင်ကို ခြားနားချက်မရှိ ညှိလို့ရတယ်။

          ကိုယ်တွေဆီကနဲ့ယှဉ်လိုက်ရင် သူ့ထက်ကောင်းတာတောင် သူ့လောက်မကောင်းနိုင်တဲ့ အချက်ကတော့ သေရေးရှင်ရေး အခြေအနေတွေမှာ ရထားဖြစ်၊ ရထားဖြစ် ပြန်လည်တင်ပြပြီးမှ ဆက်လုပ်ခွင့်ပြုသည်ကို စောင့်စရာ မလိုဘူး။ အထက်အမိန့်စောင့်ရင်း သူများအသက်သေသွားတာကမှ ၀တ္တရားပျက်ကွက်တာ လို့ ခေါ်တယ်။ အမိန့်နာခံမှုဆိုတာ အသက်လောက် အရေးမကြီးဘူးလို့ဆိုချင်ပုံပဲ။ (တို့လည်း သူများအသက်မို့ပါကွယ်။ ကိုယ့်အသက်ဆိုရင်တော့ ဘယ်သူက ခွင့်ပြုမိန့်စောင့်မှာလဲ။ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပေါ့။) ၀ီလိုဝီလို လုပ်ငန်းသဘောသဘာဝရှိတာကြောင့် ဂျပန်ပြည်မှာ မီးသတ်ဆိုတာ ဗျတ်ဝိဗျတ္တလို လူစွမ်းကောင်း ကယ်တင်ရှင် လူငယ်လူရွယ်တွေရဲ့ ဟီးရိုးနေရာမှာ ဂုဏ်ရှိရှိ ရပ်တည်ကြတယ်။ လူတိုင်းဖြစ်ချင်တိုင်း ဖြစ်ခွင့် ရှိတာ မဟုတ်ဘူး။ ဂျပန်ကျောင်းသားကလေးတွေကို သွားမေးကြည့်။ ကိုယ့်ဆီမှာလို ဆရာဝန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည် လို့ ဖြေမှာ မဟုတ်ဘူး။ ကစားရင်တောင် မီးသတ်ကားအရုပ်ကလေးတွေနဲ့ပဲ ကစားတာ။

          မီးသတ်သမားတစ်ယောက်ဖြစ်ချင်ရင် အခြေခံအားဖြင့် အားကောင်းမောင်းသန် ကျန်းမာကြံ့ခိုင်မှုကို အဓိကဦးစားပေးတယ်။ အရပ်အမောင်း ၁၆၀ စင်တီမီတာထက်မနည်း၊ ကိုယ်အလေးချိန် ၅၀ ကီလိုထက်မလျော့၊ ရင်အုပ်ကဘယ်လောက်၊ လက်မောင်းကဘယ့်နှယ်ဆိုတာတွေက မီးသတ်လုပ်ဖို့လား မောင်ဂျပန်ရွေးဖို့လား မသိပါဘူး။ ဒိုက်ထိုး၊ ထိုင်ထ၊ အိပ်ထမတင်၊ ဖားခုန်၊ တာဝေးပြေး အားလုံးစီစစ်ပြီးမှ ဒေါင်ဒေါင်မြည်တဲ့အိုးတွေကို ရွေးသတဲ့။ တို့ဆီက ဗိုလ်ရွေးအဖွဲ့ကျနေတာပဲ။ အရေးပေါ် အထူးမီးသတ်တပ်ဖွဲ့ ဆိုတာတွေထွက်လာရင် ရမ်ဘိုတို့ အာနိုးတို့လို အယ်စတုံဂွမ်ကြီးတွေချည့်ပဲတဲ့။ သူများအသက်ကို ကယ်ရမယ့်သူဆိုတာ နှစ်သက်စာကြံ့ခိုင်မှ ဖြစ်မှာကိုး။ အသက်ကယ်အဖွဲ့ဖြစ်ပြီး ကယ်ကြပါဦးရှင် ပြန်အော်နေရရင် ရှက်ဖို့ကောင်းတယ်လေ။ အသက် ၂၀ ၀န်းကျင် အထက်တန်းအောင်ပြီး ကောလိပ်ကျောင်းသား အရွယ်ကလေးတွေ ၀င်ခွင့်ဖြေပြီး အရွေးခံရတာနဲ့ အစိုးရလခစားအဖြစ် မီးသတ်သင်တန်းကျောင်းတက်ခွင့်ရတယ်။ လူတစ်ရာဖြေရင် ဆယ်ယောက်ပဲ အောင်သတဲ့။

          သင်တန်းကျောင်းအဆောင်ကလေးတွေ လိုက်ကြည့်တဲ့အခါ တော်တော်လေးကို သပ်သပ်ရပ်ရပ်၊ အဆင့်အတန်းမြင့်မြင့် ထားတာပါ။ ကိုယ်တို့ဆီ ဖောင်ကြီးသင်တန်းက လူတွေကို လိုက်ပြချင်လိုက်တာ။ လူဆိုတာ ဘယ်လိုထားရသလဲ သိစေချင်လို့။ မေမြို့ဗိုလ်သင်တန်းကျောင်းမှာရော ဘယ်လိုထားလေသလဲ ကိုယ်ကမရောက်ဖူးတော့ မသိပါဘူး။ ဒီကမီးသတ်တွေကတော့ ရှယ်ပဲ ရှယ်ပဲ။ အိပ်ဆောင်ကလေးတွေက စာကြည့်စားပွဲလေးဘေးမှာ လှေကားကလေးထောင်တက်လိုက်ရင် အိပ်စင်ပေါ်ရောက်သွားရော။ သင်တန်းကာလအတွင်း ဟန်းဖုန်းတောင် ပေးမပြောဘူး။ တီဗီလည်း မကြည့်ရဘူး။ ရေကူးသင်ရတယ်။ Gym ဆော့ရတယ်။ ရေချိုးတာကျတော့ အိုဖူးဒေါ့လို ဘုံစိမ်ကန်ကြီးပဲ ရှိတယ်။ အစားအသောက်ကို ကိုယ့်လိုအပ်ချက်နဲ့ကိုယ် ကယ်လိုရီ တွက်ချက်ပြီးကျွေးတယ်။ တနေ့တနေ့ တုံးခုန် ဇယ်ခုပ် ရေငုပ် မီးလှုံတွေ လုပ်ခိုင်းတာ အရည်းကြီးဆရာတွေရဲ့ ပွဲကျောင်းလားမှတ်ရတယ်။ လေ့ကျင့်ရေးကွင်းထဲမှာ ရထား၊ လေယာဉ်၊ ခြေလျင်တောင်တက် အကုန်ရှိတယ်။ ထမင်းလခ မပေးရတိုင်း အလကားစားနေရတယ် မထင်နဲ့။ ဂျပန်ထမင်းလောက် ပင်ပန်းကြီးစွာ စားယူရတာ ဂျပန်ထမင်းပဲ ရှိမယ်။ သင်တန်းကာလ ခြောက်လပြည့်တော့မှ အထူးပြုဘာသာရပ်တွေ ကွဲသွားပြီး စောစောက ပြောတဲ့ မေဂျာသုံးခုစီအတွက် သပ်သပ်ထရိန်နင်ပေးတယ်။

           ကိုယ်တို့ ဆေးကုတဲ့ဘက်နဲ့ဆိုင်တာဆိုရင် အရေးပေါ်ကယ်ဆယ်ရေးသမား (Emergency Medical Technician) တဲ့။ သင်တန်းဆင်းအောင်လက်မှတ်ရတယ်။ အလုပ်လည်းခန့်တယ်။ အဲဒါ Paramedics မဟုတ်သေးဘူး။ Paramedics ဖြစ်ချင်ရင် လုပ်သက် ၅ နှစ်ပြည့်အောင်စောင့်ပြီးမှ ၀င်ခွင့်စာမေးပွဲ ထပ်ဖြေရပြန်တယ်။ စာတွေ့ရောလက်တွေ့ရော Ambulance ကားနဲ့ ကိုယ်တိုင်လိုက် အသက်ကယ်ဖူးတဲ့ အတွေ့အကြုံရှိရသတဲ့။ ဘွဲ့ပေးတယ်။ နိုင်ငံခြားသင်တန်းလွှတ်တာတွေလည်း ရှိတယ်။ အဲဒါပြီးသွားရင် မီးလောင်မလား၊ ရေနစ်မလား၊ ကားမှောက်မလား၊ နှလုံးခုန်ရပ်သွားမလား၊ အသက်ရှူရပ်သွားမလား၊ ဆရာဝန်ဆီ အသက်နဲ့ရောက်သွားအောင် နှာနှပ်တတ်သွားတယ်။ သဘာဝဘေးအန္တရာယ်တွေ ကြုံလာရင်လည်း (Disaster Medical Assistance Team) အဖြစ်နဲ့ ဆရာဝန်၊ ဆရာမတွေနဲ့အတူ အရေးပေါ်ကယ်ဆယ်ရေးအလုပ်တွေ လုပ်ရတယ်။ ကြက်ခြေနီနဲ့မတူဘူး။ ကြက်ခြေနီက ရှေးဦးသူနာပြုစုနည်းပဲလုပ်တာ။ အသက်ကယ်တဲ့အလုပ်က DMAT တွေပဲ လုပ်နိုင်တယ်။

          ကျန်တဲ့ Rescue နဲ့ Fire fighter အဖွဲ့တွေဘက်မှာလည်း သူ့နည်းသူ့ဟန်နဲ့သူ ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်ခန်းတွေ၊ လက်တွေ့လုပ်ဆောင်မှုတွေ ရှိတယ်။ ဘာသာရပ်တစ်ခုစီ လုပ်ငန်းသဘောတစ်ခုစီ ဖြစ်ပေမယ့်လည်း လက်တွေ့ကျတော့ အားလုံးပူးပေါင်း ဆောင်ရွက်တတ်အောင် အစကတည်းက လေ့ကျင့်ထားတယ်။ တာဝန်တွေခွဲပေးထားတာက သူ့နေရာနဲ့သူ ထောင့်စေ့နေအောင်လို့။ ဒါကြောင့်မို့ ကိုသာဇံတို့ခမျာလည်း မောင်စံဖားကလေးလို ဟိုကလာငှား နေ့မအား၊ သည်ကလာငှား ညမအား၊ အရီးစံပုရဲ့သားကလေးတွေ ဖြစ်ကုန်ကြတယ်။ မကြာသေးခင်က ဂျပန်မီးသတ်နေ့ကျင်းပတော့ သရုပ်ပြသွားလိုက်ကြတာ ၀က်ဝက်ကိုကွဲရောဆိုပဲ။ ဟယ်လီကော်ပတာတွေတောင် ပါသေး။ မီးသတ်ကားတွေဆိုတာကတော့ ဘာပြောကောင်းမတုန်း။ စုံပလုံစေ့နေတော့တာပဲ။ ဟိုတစ်ခါတုန်းက မြေအောက်ရထားဘူတာရုံမှာ ဆာရင်းအဆိပ်ဓါတ်ငွေ့နဲ့ လုပ်ကြံခံရတော့ နောင်မှာ ဒါမျိုးဖြစ်ရင် ပတ်ဝန်းကျင်လေထုထဲက အဆိပ်ဓါတ်ငွေ့ပိုးမွှားတွေကို နမူနာယူလို့ရတဲ့ လေဖိအားသွင်းကားကြီးတွေလည်း ရှိတယ်။ ငလျင်လှုပ်လို့တိုက်ပြိုကျခဲ့ရင် အောက်ထဲမှာ လူမတွေ့မချင်းရှာဖို့ လျှပ်စစ်သံလိုက်လှိုင်းနဲ့ ရှာတဲ့ စက်လည်း ပါတယ်။

            ခုလောက်ရှိရင်တော့ ကိုယ်တို့ဆီက မီးသတ် နဲ့ သူတို့ဆီက မီးသတ် ဘာတွေကွာသလဲ သိကုန်လောက်ပါပြီ။ အဲသလောက်ကြီးကို ပြင်ဆင်ထားလို့များ မိုးနတ်မင်းကြီးက မျက်မုန်းကျိုးသလား မပြောတတ်ပါဘူး။ တစ်ကမ္ဘာလုံး ငလျင်ငါးကြိမ်လှုပ်ရင် တစ်ကြိမ်က ဂျပန်မှာဖြစ်နေသတဲ့။ ငလျင်တစ်ခါလှုပ်မိရင်လည်း မီးလောင်တာက တွဲပါလာတာဆိုတော့ သူတို့ခမျာလည်း ယားလို့တောင် ကုတ်အားမှာ မဟုတ်ဘူးနော်။ အရမ်းကို အဆင့်မြင့်တဲ့ မီးသတ်တွေအတွက် အဆင့်မြင့်အခက်အခဲတွေ တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ပေါ်နေတယ်။ ဒါနဲ့ ကိုယ်လည်းပဲ အားကျမခံ အဆင့်မြင့်သထက်မြင့်အောင် သည်စာကို ကျည်ဆန်ရထားပေါ်က ရေးခဲ့တာ သိလား။ ဟော… ရှေ့မှာ ဘူတာတောင် ရောက်လုပြီ။ ရထားဆရာကြီးရေ မှတ်တိုင်ပါတယ်။ ဟိုက်… ဟိုက်။


ဂျပန်ကရှီးဖော နဲ့အတူ လွန်ခဲ့တဲ့ နှစ် ၁၀၀ က မီးသတ်မြင်းလှည်းကြီး အရှေ့မှာ
ဂျပန်ကရှီးဖော နဲ့အတူ လွန်ခဲ့တဲ့ နှစ် ၁၀၀ က မီးသတ်မြင်းလှည်းကြီး အရှေ့မှာ

Command Center
Command Center

မီးသတ်ရဲမေလေး
မီးသတ်ရဲမေလေး

လေလုံမီးသတ်ကား
လေလုံမီးသတ်ကား

Consultant Surgeon at Yangon

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...