Tuesday, October 8, 2013

"ပဲခူးဆား"

October 7, 2013 at 7:25am

          ကလေးဘ၀တုန်းကတော့ နေရာတကာ ပါလွန်းတဲ့ကိုယ့်ကို “ပါလေရာ ပဲခူးဆား” လို့ ခေါ်ကြပါတယ်။ ကိုယ်ကလည်း ဘာရမလဲ “ခပ်တိုင်းငန်တဲ့ ပဲခူးဆား” လို့ ပြန်ချေခဲ့တာချည့်ပဲ။ ဟင်းဆိုတာ ဆားမပါပဲ ဖြစ်လို့လား။ မြန်မာပညာရှိကြီး ဘိုးရာဇာတောင် “သူ့ချည့်သာလော။” လို့ မေးရင် “ဆားနှင့်ပါဖျား။” လို့ ပြန်ဖြေရတယ်။ နန္ဒမူလိုဏ်ဂူထိပ်က ပစ္စေကဗုဒ္ဓာများလည်း ချဉ်ဆားကို အလိုတော်ရှိတဲ့အခါ လူရပ်လူ့ရွာလာပြီး ဆွမ်းရပ်တော်မူရသတဲ့။ ပြည်ပန်းညို ချိုပါလျက် ဆားကဖျက်တယ်လို့ ပြောတဲ့အခါ ပြောကြပေမယ့်လည်း ဆားမပါတဲ့ဟင်းဟာ အချစ်မပါတဲ့ အိမ်ထောင်ရေးလိုပဲ ဘာအရသာမှ မရှိဘူးလို့ ဆိုတဲ့သူကဆိုတယ်။ (ဆားချည့်ပဲတော့ ဟင်းတစ်ခွက် မဖြစ်ဘူးပေါ့လေ) ဘယ်နိုင်ငံဘယ်ဒေသက လူတွေပဲဖြစ်ဖြစ် အလုပ်လုပ်တဲ့အခါမှာ ဆားလိုပဲ သူမပါ ဘယ်ဟာမှမပြီး လိုအပ်တဲ့သူတွေကို သူ့နေရာနဲ့သူ ထိထိရောက်ရောက် အသုံးချနိုင်တဲ့အတွက် လုပ်ငန်းအောင်မြင် လွယ်ကူအဆင်ပြေ ချောမွေ့သွားတတ်မှန်း ကောင်းကောင်းကြီး သိနေကြပါပြီ။


          ကိုယ်တို့မြန်မာတွေသာ တော်တော်လေးကို အ လွန်းလို့ အဲသည်လူတွေကို အသုံးမချတတ်ကြသေးဘူး။ ပြောရရင် ဘယ်လိုခေါ်သလဲဆိုတာတောင် မြန်မာဝေါဟာရမှာ မရှိသေးဘူး။ အဲဒါကြောင့် သည်တစ်ခါမှာတော့ အဲသည်ပဲခူးဆားကြီးတွေအကြောင်းကို မြန်မာတွေ သိအောင် မိတ်ဆက်ပေးလိုက်ပါတယ်။ သူများတကာတွေဖြင့် သိသူခိုင်းစားနေတာ ကြာလှပေါ့။ အင်္ဂလိပ်လိုတော့ သူတို့ကို “Logistics” လို့ခေါ်ပါတယ်။ စစ်တပ်ထဲကလူတွေကတော့ ထောက်ပို့တပ်လို့ခေါ်ရင် သိလိမ့်မယ်။ ဒါပေမယ့် လုပ်ငန်းထဲက Logistics တွေရဲ့တာဝန်ဟာ ထောက်ပံ့ပို့ဆောင်ပေးရတာထက် အများကြီးလက်ဝင်ပါတယ်။ နောက်ကွယ်ကနေ စီစဉ်ဖြည့်ဆည်း ပေးရတာတွေ တပုံကြီး။ ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထားရတာတွေလည်း ပါတယ်။ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ဖြေရှင်းရတာတွေလည်း ရှိတယ်။ ဖြစ်လာမယ့် အကျိုးဆက်တွေကို အမျှော်အမြင်ကြီးကြီးနဲ့ ပြင်ဆင်ထားရတာလည်း သူတို့ပဲ။ တကယ်တမ်း ကိုယ်တိုင်ကိုယ်ကျ ၀င်လုပ်နေရတာတော့ မဟုတ်ဘူး။ ဥပမာ စစ်တိုက်တာဆိုရင် သူတို့ဝင်မတိုက်ဘူး။ ဆေးကုတာဆိုရင်လည်း သူတို့ဝင်မကုဘူး။ နောက်ကွယ်က ဘာတွေလိုမလဲ။ လိုသမျှအားလုံး ပံ့ပိုးစီမံပေးရတဲ့သူ။ အလုပ်ကြီးအကိုင်ကြီးမှန်သမျှဟာ Logistics တွေရဲ့တန်ဖိုးကို နားမလည်ရင် ဘယ်နည်းနဲ့မှ မအောင်မြင်နိုင်ဘူး။

          ကိုယ့်ဆီမှာဖြစ်နေတဲ့ ပြဿနာဟာ အဲသည်အားနည်းချက်ပါပဲ။ ဘာမဆို ကိုယ်တိုင်လုပ်မှ ပြီးတယ်ထင်ပြီး နေရာတကာ တမိုးလုံးဖျောက်ဆိပ် လုပ်ချင်ကြတယ်။ ကျွမ်းကျင်လိမ်မာတဲ့ Logistics တစ်ယောက်လောက် ထားလိုက်ရင် ကိုယ့်အလုပ်တွေအများကြီး သက်သာတွင်ကျယ်သွားမှာကို မမြင်ဘူး။ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု နဲ့ စီစဉ်ထောက်ပံ့မှုဆိုတာ သူ့ပညာရပ်နဲ့သူဆိုတာ သဘောပေါက်တဲ့သူ တော်တော်နည်းတယ်။

         ဂျပန်မှာတော့ Logistics ဆိုတာ နေရာတကာပါနိုင်လွန်းပုံများ သဘာဝဘေးအန္တရယ်ဖြစ်လို့ အရေးပေါ်အသက်ကယ်ဆယ်ရေးထွက်ရတဲ့ အဖွဲ့တိုင်းမှာတောင် မပါမဖြစ် တစ်ဖွဲ့တစ်ယောက် ပါအောင်ထည့်ရတယ်။ ဆရာဝန်တွေ ဘယ်လောက်တော်တော်၊ ဆရာမတွေ ဘယ်လောက် ဂရုစိုက်စိုက်၊ Paramedics တွေ ဘယ်လောက်ပဲ ကျွမ်းကျင်ကျွမ်းကျင်၊ သူတို့လုပ်ငန်းအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် Logistics တစ်ယောက်ကလေးမှ မပါရင် ဗြောင်တောင်တောင် ဗေဗေ့ဂျိပဲ ထိုင်ကစားလို့ရမယ်။ လက်ချည့်ပဲ လွှတ်လိုက်တာကိုး။ အဖွဲ့ထဲမှာ ရှိတဲ့သူတွေအားလုံး သူ့နေရာနဲ့သူ အဆင်ပြေချောမွေ့စွာ အလုပ်လုပ်နိုင်အောင် Logistics က အဘက်ဘက်က ပြည့်စုံအောင် ပြင်ဆင်ထောက်ပံ့ပေးရတယ်။ ဒါကြောင့် စစ်တိုက်မယ်လို့ ဗျူဟာခင်းကတည်းက Logistics ကို မတိုင်ပင်လို့ မရဘူး။ သူ့ကို အကုန်ပြောပြထားရတယ်။ ဘယ်နှစ်ယောက်သွားမှာ၊ ဘယ်နှစ်ရက်ကြာမှာ၊ ဘာတွေလုပ်ဖို့ ဘာတွေလိုမှာ၊ ဘယ်ကိုသွားပြီး ဘယ်မှာနေမှာ၊ သွားရေးလာရေး၊ နေရေးထိုင်ရေး၊ စားရေးသောက်ရေး အစစအရာရာ မိခင်တစ်ယောက် အိမ်ရှင်မကောင်းတစ်ယောက်လို မလစ်မဟင်း ကြိုတင်စီမံရတယ်။

         ကိုယ်ကိုယ်တိုင်လည်း အစက မသိခဲ့ပါဘူး။ Logistics လို့ပြောလိုက်ရင် Store ကိုင်တဲ့လူလား၊ စာရင်းကိုင်တဲ့လူလားပဲ မှတ်နေတာ။ သူငယ်ချင်းတစ်ယောက်က သူ့ကိုယ်သူ logistics ပါလို့ ပြောဖူးတာတောင် သည်ကောင်က ကွန်ပြူတာကျွမ်းကျင်တော့ ကွန်ပြူတာပညာရှင်ကို ပြောတာဖြစ်လိမ့်မယ် လို့ ရမ်းတုပ်မှန်းအုပ်လုပ်ထားတယ်။ ဂျပန်ရောက်တော့မှ မြန်မာပြည်ကို နာဂစ်တုန်းကလာတဲ့ ကယ်ဆယ်ရေးအဖွဲ့ထဲက ပဲခူးဆားကြီးက သူဘာတွေလုပ်ခဲ့ကြောင်း လက်ချာပေးတော့မှ ဂလိုကိုး လို့ သဘောပေါက်သွားရော။ ကောင်းလိုက်တာ။ သူတို့ဆီက ဆရာဝန်တွေများ လူနာပေါ်လက်တင် ဆေးကုရုံပဲ။ ဘာတစ်ခုမှ စီစဉ်စရာ မလိုပဲကိုး။ အဲ့လူကြီးက အကုန်လုပ်သွားတယ်။ တကယ်ဆေးကုမယ့်အဖွဲ့ မလာခင်ကတည်းက သူ့ခမျာ ဘယ်နေရာဘယ်အရပ်ကို လာရမယ်။ ဘယ်နေရာမှာ စတည်းချပြီး လူဘယ်နှစ်ယောက်လောက်ကို ကုရမယ်။ ဆေးဝါး ရိက္ခာ ဘာတွေဘယ်လောက်လိုအပ်မယ်။ ဘယ်နှစ်ရက်လောက်နေပြီး ဆေးကုမယ်။ အကုန်လုံးကို ကွင်းဆင်းလေ့လာ ခန့်မှန်းတွက်ချက်၊ ဒေသခံရပ်ရွာနဲ့ ညှိနှိုင်းပြီးမှ ဆရာဝန်ဆရာမအဖွဲ့နဲ့အတူ သူကိုယ်တိုင် ပြန်လိုက်လာပြီး အစအဆုံး ပွဲသိမ်းအောင်ဆောင်ရွက်သွားတယ်။ “ဒုက္ခသည်တွေကို ကူညီဖို့လာတဲ့ ဆရာဝန်တွေဟာ ဒုက္ခသည်တွေကို ပြန်ဒုက္ခမပေးရဘူး။” တဲ့။ ၀န်ထုပ်ဝန်ပိုး ဖြစ်မှာစိုးတယ်လေ။ လိုက်လာမယ့် ဆရာဝန်ဆရာမတွေအတွက် သူ့တိုင်းပြည်မှာ အလုပ်တာဝန် မထိခိုက်ရအောင်တင်မကဘူး။ မိသားစုနောက်ကြောင်းပါ ကြိုကြိုတင်တင် စီမံနိုင်အောင် အသိပေး သဘောတူညီချက်တောင်းသတဲ့။ သူပေါ့။ လူနာ ဟယ်လီကော်ပတာ မစီးရလို့ ငိုချင်းချတာ။

         သူပြောမှပဲ ကိုယ်တွေလည်း သူနဲ့အပြိုင် ငိုချင်းချချင်မိတယ်။ ကိုယ့်ဘက်ကဆရာဝန်တွေ တစ်သုတ်ပြီးတစ်သုတ် ဆင်းကုတာ စာရွက်ပေါ် နံမည်ရေး အမိန့်ပြန်တာထက် ဘာမှပိုစီစဉ်ထားတာ မရှိဘူး။ နေရေးစားရေး သွားရေးလာရေး ဟိုရောက်တော့ ဟိုက ကြည့်စီစဉ်ပေးလိမ့်မပေါ့။ မြန်မာတွေပဲ ဆရာဝန်တွေလာတာ မရိုင်းပါဘူး။ အရပ်က စောင့်ရှောက်လိမ့်မယ်။ လာကြ လာကြ။ ချောကားတောင်းထားတုန်း။ ထွက်ပြီ။ တာ့တာ။ ကွေ့မယ် ကိုင်ထား၊ သွားရော့ လဟယ် ပေါ့။ အရေးကြီးတာက သည်နေ့သည်ရက်မှာ အထူးကုဆရာဝန်ကြီးများပါတဲ့ ကွင်းဆင်းကုသရေးအဖွဲ့ကို ဘယ်နှစ်ကြိမ်မြောက် စေလွှတ်ထားပါကြောင်း ပြန်လည်အစီရင်ခံတင်ပြနိုင်ဖို့ပဲ။ ရေဗူးပေါက်ချင်ပေါက် မပေါက်ချင်နေ။ “ရေပို့လိုက်ပြီဖျာ့။” လို့ ဦးအောင်အော်နိုင်ဖို့သာ အဓိက။ လူထုအခြေပြု စီမံခန့်ခွဲမှုဆိုတာ လူကြီးကိုကျောခိုင်းထားတာမို့ သေစရာရှိ ကိုယ်ကသေမှာ။ လူထုကျောခိုင်းပြီး လူကြီးမျက်နှာမူထားမှ မျက်နှာရစရာရှိ ကိုယ်ကရမှာ။ လူကြားကောင်းအောင် လူထုသည်သာ ထမင်းရှင်ပါ အော်ချင် အော်ပေါ့။ ကုလားထိုင်ရှင်က အထက်လူကြီးဆိုတာ သဘောပေါက်မှ ရှိပြီးဥစ္စာ တာရှည်စွဲလို့ ကြာလေမြဲလေ ကောင်းကျိုးပေးမယ်။ ဟီဟိ။ ငါတောင် တော်တော် တတ်နေပြီ။ တော်တော်ကြာ ရာထူးတွေဘာတွေ တိုးပေးနေဦးမယ်။ တော်ရောပေါ့။

          သူများကို အပြစ်ပြောရတာတော့ လွယ်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း စီမံခန့်ခွဲသူနေရာရောက်တဲ့အခါ မသိနားမလည်တဲ့အတွက် အဲသည်လို ရယ်စရာအမှားမျိုးနဲ့ ထီကနဲနေအောင် ဟက်တက်ကွဲဖူးတယ်။ အခု သူသင်ပေးတော့မှ တယ်နုံတဲ့ ငါပါလားလို့ တဖြေးဖြေး သဘောပေါက်လာတာ။ နောက်လူတွေ ထပ်မနုံရအောင် ဖောက်သည်ချလိုက်မယ်နော်။ ဘယ်သူ့ဘယ်သူကိုမှ အပြစ်မတင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှာတာပါ။

           လောက်ကိုင်မှာနေတုန်းက ကိုယ်ကခွဲစိတ်ဆရာဝန်ပေမယ့်လည်း ဆေးရုံအုပ်မရှိတဲ့အခါ တမိုးလုံးဖျောက်ဆိတ် ၀င်ဝင်လုပ်ခဲ့ရပါတယ်။ တခါတော့ အဲသလိုလုပ်နေရင်း တာရွှေထန်လို့ခေါ်တဲ့ တောင်ပေါ်ရွာကလေးတစ်ရွာမှာ ငှက်ဖျားရောဂါတွေအဖြစ်များလို့ လူအမြောက်အများ သေကြေပျက်စီးကြရတယ်လို့ သတင်းတက်လာတယ်။ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်က နှစ်ရက်စာရိက္ခာသယ်ပြီး တောင်ပေါ်ထိ ကွင်းဆင်းကုသဖို့ စာချွန်လွှာစေတယ်။ လူကလည်း နားမလည်ပါးမလည် မာန်ကလေးတ၀င့်ဝင့်အချိန်မဟုတ်လား။ ဆရာဝန်ဆိုတာ စစ်သားတွေလို ကိုယ့်ရိက္ခာကိုယ်သယ်ရတဲ့အစား မဟုတ်ဘူး။ လူနဲ့ဆေးတော့ လိုက်နိုင်တယ်။ ကျန်တာ ခများတို့တာဝန် လို့ အကြောင်းပြန်လိုက်တယ်။

            ကိုယ့်ဘက်ကတော့ ကိုယ့်တာဝန်ကိုယ်ကျေရမှာပေါ့။ အရင်ဆုံးစီစဉ်တာက NGO ထဲက AMDA ရုံးကိုသွားပြီး လိုက်ပို့ဖို့ကားနဲ့ ကုသဖို့ဆေးအလှူရှင် စပွန်ဆာရှာလိုက်တယ်။ ဆရာမနှစ်ယောက်၊ ဓါတ်ခွဲကျွမ်းကျင်တစ်ယောက် ဆေးဝါးကိရိယာများနဲ့ သည်တောင်ကိုမောင်ကျော်ပါ့မယ်ဆိုပြီး ဟိုးတောင်ပေါ်က ချမ်းချမ်းအေးအေး ရွာကလေးကို ရောက်သွားရော။ အဖေလာပြီ။ ရေပါသည်။ ကလေးတို့ရေ လာကြလာကြ။ သွေးဖောက်ကြ၊ ဆေးသောက်ကြ။ ကုလိုက်တာ ကုလိုက်တာ။ နေ့ခင်းတစ်ချက်ထိုး နှစ်နာရီတီးလာလည်း ဘယ်သူကမှ ရေတစ်ပေါက်တောင် လာမတိုက်ဘူး။ ဗိုက်ကဆာပြီး စိတ်ကလည်းတိုလာတယ်။ လူတွေကတော့ အုန်းအုန်းထလို့။ တပ်ကဗိုလ်လေးက ဆရာဗိုက်ဆာရင် ခေါက်ဆွဲပြုတ်ပေးမယ်။ ကျွန်တော်တို့ဆီမှာ ရိက္ခာပါတယ် လို့ပြောတယ်။

          ဒီကတော့ မရတော့ဘူး။ ကိုယ်တစ်ယောက်တည်းလည်းမဟုတ်။ အဖွဲ့နဲ့ဆိုတော့ ရွာလူကြီးခေါ်ပြီး “ဟဲ့။ နင်တို့ရွာသားတွေ နေမကောင်းလို့ ငါတို့တွေ ဟိုးအဝေးကြီးကလာပြီး ဆေးတွေကုပေးတယ်လေ။ နင်တို့က ငါတို့ကို ဘာမှမကျွေးဘူး။ ရေလေးတောင် မတိုက်ဘူး။” ဆိုပြီး ပြဿနာ ရှာပလိုက်တယ်။ ရွာလူကြီးက တောင်းပန်ရှာတယ်။ ဆရာကြီးတို့က မြို့ကလာတာဆိုတော့ သူတို့တောမှာစားတဲ့အစာတွေကို မစားတတ်ဘူးထင်လို့ပါတဲ့။ အိမ်ခေါ်သွားပြီး ကျွေးပါတယ်။ သူတို့စားသလိုပေါ့။ ၀က်ရိုးနဲ့ ပိန်းဥနဲ့ ပြုတ်တာ။ ထမင်းကမာမာ။ ဗိုက်ကဆာနေတော့ ၀င်တာပဲ။ အမှန်က အချိန်မတူတာလည်းပါပါတယ်။ သူတို့က ပီကင်းစံတော်ချိန်နဲ့ အိပ်ကြထကြတာဆိုတော့ ထမင်းစားချိန်က ကိုယ်တွေနဲ့ဆို ညနေသုံးနာရီလောက်မှာ သွားကျတယ်။ အဲဒါ ဆေးပဲစီမံလာပြီး ရိက္ခာမစီမံမိတဲ့ အကျိုးကျေးဇူးပေါ့။

           ညဘက်အိပ်ချိန်ကျတော့ တောင်ပေါ်မှာ ချမ်းနေပြီ။ ဘယ်မလဲ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး။ ကိုယ်ပေါ်က အနွေးထည်ပဲ ရှိတယ်။ တွေ့တဲ့သူခြင်ထောင်ထဲဝင်ပြီး တိုးဝှေ့အိပ်ရမယ့် သဘော။ တော်ပါသေးရဲ့။ ရွာသားတွေက ကြားထားတဲ့သတင်းလို အစုလိုက်အပြုံလိုက် ငှက်ဖျားဖြစ်နေတာ မဟုတ်ဘူး။ သာမန်ဖြစ်ရိုးဖြစ်စဉ်လောက်မှာ ရွာသားနှစ်ယောက်ဆက်တိုက် ငှက်ဖျားနဲ့သေသွားလို့ ကြောက်လန့်နေကြတာ။ စစ်ကြည့်လိုက်တော့ စိတ်ပူလောက်စရာ မဟုတ်လို့ ညမအိပ်ပဲ ဆေးရုံပြန်လာခဲ့ကြတယ်။ တကယ်တော့ အဖွဲ့နဲ့မလာခင်ကတည်းက ကြားတဲ့သတင်းကို ဟုတ်၏ မဟုတ်၏ ကိုယ်တိုင်ကွင်းဆင်း လေ့လာရတယ်ဆိုတာ မသိလို့။ ဒါတွေအားလုံးဟာ Logistics ဆိုတာ ဘာမှန်းမသိလို့ ဖြစ်ရတဲ့ ပြဿနာတွေချည့်ပဲ။

           မပြီးသေးဘူး ဇာတ်လမ်းက။ ဆေးရုံပြန်ရောက်တော့ AMDAက အလှူရှင်များက ကျန်ရှိသောဆေးဝါးများကို ဆေးရုံမှာ ဆက်သုံးဖို့ လှူပါတယ်တဲ့။ သာဓုပါဗျာ။ သားလည်းမောပြီ။ အထုပ်ကြီးပစ်ချပြီး အိမ်ပြန်စောင်ခြုံကွေးတော့တယ်။ သုံးလေးရက်လောက်နေမှ လူနာပေးဖို့ ငှက်ဖျားဆေးတွေ ဟိုနေ့ကအထုပ်ကြီးထဲမှာ အများကြီးကျန်သေးတယ်လေ။ ထုတ်ပါဦးဆိုတော့ ဘယ်ရောက်ကုန်မှန်းမသိ။ သူများကိုအပြစ်တင်ရမှာ မဟုတ်ဘူး။ ကိုယ့်အပြစ်။ စာရင်းနဲ့အင်းနဲ့ မလုပ်တဲ့အပြစ်။ ငါသုံးတာ ငါသိတယ်လေဆိုတဲ့စကား ပြောလို့မှမရတာ။ အသင်းအဖွဲ့နဲ့၊ လူအများနဲ့လုပ်တဲ့အလုပ်ဆိုတာ ရိုးသားမှုရှိတယ်ဆိုယုံနဲ့ မရဘူး။ စာရင်းအင်း စံနစ်ဇယား ရှိရတယ်။ ကိုယ့်အိပ်ထဲက ပိုက်ဆံကိုယ်မမှတ်ပဲ သုံးချင်သုံး၊ အသင်းအဖွဲ့ ငွေကြေးပစ္စည်းဆိုတာ အ၀င်စာရင်း အထွက်စာရင်း တိတိကျကျ ထားနိုင်မှ။ သည်တိုင်းသာ ရှေ့ဆက်သွား ၆/၁ နဲ့ ထောင်ကျဖို့ သေချာတယ်။ ကိုယ်မယူဘူးဆိုတာနဲ့ အပြစ်မကင်းဘူး။ တာဝန်ရှိသူဆိုတာ အဲဒါကိုပြောတာ။

           နာဂစ်ဧည့်သည်ဂျပန်ကြီးကတော့ လုပ်ပြသွားလိုက်တာ။ အတုယူစရာပါဗျာ။ ကျန်ရှိဆေးဝါး ပစ္စည်းကိရိယာများကို စာရင်းအင်းနဲ့တကွ လက်လွှဲပေးအပ်လို့ ပတ်စာခွာဖျာသိမ်း အားလုံးငြိမ်းအောင် စီစဉ်သွားနိုင်ရုံတင် မကဘူး။ ကိုယ်တွေဆီမှာ မကြားဖူးတဲ့ ဒေတာအချက်အလက် သုံးသပ်ချက် ထင်မြင်ချက်များ ဝေေ၀ဆာဆာနဲ့ ပေပါကြီးတစ်စောင်တောင် ထွက်လာတယ်။ သူတို့လူမျိုးတွေ အတုယူစရာ သင်ခန်းစာများလည်း အကြံပြုဆွေးနွေးထားတယ်။ နာဂစ်နဲ့ပတ်သက်ရင် မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့ကိုယ့်ထက် ဂျပန်နိုင်ငံက ခဏတဖြုတ်လာနေသွားတဲ့ အဲ့ဒီလူကြီးက ပိုပြီး ရေရေရာရာ ထဲထဲဝင်ဝင်သိနေတာ ဘယ်လောက်ရှက်စရာကောင်းသလဲ။ တီဗီမှာလာတဲ့သတင်းလောက်နဲ့ လက်ဘက်ရည်ဆိုင်ထိုင် လူတတ်ကြီးလုပ်နေရင်တော့ နောက်အစိုးရဆယ်ဆက်ပြောင်းသွားလည်း တို့တတွေ သည်ဘ၀က တက်ဦးမှာ မဟုတ်။ ဘာမှ အပိုတွေ ပြောမနေနဲ့။

           ကိုယ်တို့ဆရာဝန်တွေရဲ့ လုပ်ငန်းခွင်မှာတော့ Logistics ဆိုတာ မရှိသေးဘူး။ ဆေးရုံအုပ်တွေ၊ မြို့နယ်ဆရာဝန်ကြီးတွေက အဲဒီအလုပ်ကို ဘယ်လိုခေါ်ရမှန်းမသိပဲ လုပ်နေကြတယ်။ ဆေးလည်း ၀င်ဝင်ကုတယ်။ စာရင်းတွေအင်းတွေလည်း အထက်ကတောင်းတိုင်း မပျက်မကွက်တင်တယ်။ အသစ်မလုပ်နိုင်ရင် အရင်အဟောင်းအတိုင်း နည်းနည်းပါးပါးပြင်ပြီး လက်မှတ်ထိုးတင်လိုက်တာပေါ့။ ဘာခက်တာလိုက်လို့။ စာရင်းစစ်လာရင် ပိုလို့တောင် ပိုင်သေးတယ်။ စစ်မယ့်စာရင်းစစ်ကို ပုတ်ပြတ်အလုပ်အပ်လိုက်တယ်။ လုပ်ပေးသွားပါဦး တစ်နှစ်စာ။ (မြင်ဖူးတာပြောတာနော်။ လူတိုင်းအဲ့လိုလုပ်တယ် မဆိုလိုဘူး။) Store နဲ့ Stock နဲ့ မကိုက်ရင် ဟိုဘက်သည်ဘက် တိလို့ညှိလို့ရအောင် Touring (ကွင်းဆင်းကုသမှု)လေး တစ်ခေါက်နှစ်ခေါက် ထွက်လိုက်တယ်။ အားလုံးကောင်းပါသည်ခင်ဗျား။ ထူးခြားဖြစ်စဉ်မရှိ။ ခလုတ်မထိ ဆူးမညိရင် အပေါ်ရောက်ရောက်သွားရော။ အခုနေ ဆေးရုံတွေမှာ Logistics တစ်ယောက်စီခန့်ထားရအောင် လို့ အဆိုတင်သွင်းကြည့်ပါလား။ ကန့်ကွက်လိုက်ကြမယ့်ဖြစ်ခြင်း။ ဒါပေမယ့် Logistics ဆိုတဲ့စကားကို အဘိဓာန်မှာ လှန်ရှာရင် “လူအများ၊ ပစ္စည်းကိရိယာအများအပြားနှင့် ရှုပ်ထွေးဆန်းပြားသော စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် မရှိမဖြစ်လိုအပ်သော လက်တွေ့ကျသည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်” လို့ ရေးထားတယ်။ ခန့်တာမခန့်တာတော့ လူကြီးတွေသဘောပါကွယ်။ ကြားဖူးတယ်ဆိုရင် တော်လှပေါ့။ ကိုယ်တောင် ခုမှသိပြီးတော့ တစ်မူးပိုရှူစရာလား။ နော့။

Consultant Surgeon at Yangon

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...