Sunday, October 6, 2013

***** မိုးစက်ဝိုင်နှင့် တွေ့ဆုံခြင်း *****



Voice ။ ။ Miss Universe Myanmar ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင် ဖြစ်ခဲ့ပုံကို သိပါရစေ။
MSW ။ ။ မိုးစက်က LA မှာ ကျောင်းသွားတက်တယ်။ ကျောင်းပြီးတော့ လုပ်ငန်း အတွေ့အကြုံရအောင် အလုပ်ဝင်လုပ်ခဲ့တယ်။ မိုးစက် မြန်မာပြည် ပြန်ရောက်လာတဲ့အခါ သူငယ်ချင်း တစ်ယောက်က ဒီပြိုင်ပွဲအကြောင်း ပြောပြပြီး သူကိုယ်တိုင်ပဲ ဖောင်ယူလာပေးတယ်။
ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီး သွားရောက် ယှဉ်ပြိုင်ရမယ့် ပွဲမို့ မိုးစက် အရမ်းစိတ်ဝင်စားသွားတယ်။ နိုင်ငံသား တစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ကိုယ်စားပြုပြီး ကမ္ဘာ့နိုင်ငံတွေကြားမှာ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေ၊ ဓလေ့စရိုက်တွေကို သွားရောက် ပြသခွင့်ရမယ့် အခွင့်အရေး ဖြစ်တဲ့အတွက် ဝင်ပြိုင် ဖြစ်ခဲ့တာပါ။

Voice ။ ။ ပြည်ပမှာ ကျောင်းသွားတက်ခဲ့တယ် ဆိုတော့ ဘာမေဂျာနဲ့ ကျောင်းပြီးခဲ့တာလဲ။

MSW ။ ။ မြန်မာနိုင်ငံမှာတော့ အင်္ဂလိပ်စာ မေဂျာနဲ့ အဝေးသင် တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပါတယ်။ ဘွဲ့ရပြီးတော့ မိုးစက် လွိုင်ဟိန်းကုမ္ပဏီမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ ကိုယ့်ဘဝကို ဒီထက်ပိုပြီး တိုးတက်ချင်သလို အတွေ့အကြုံလည်း ပိုပြီးရချင်၊ ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်တဲ့ စိတ်လည်း ရှိချင်တဲ့အတွက် ပြည်ပမှာ ကျောင်းသွားတက်ခဲ့တာပါ။ LA မှာရှိတဲ့ တက္ကသိုလ်ကနေ Business (Marketing) မေဂျာနဲ့ ဘွဲ့ရခဲ့ပါတယ်။

Voice ။ ။ ပြိုင်ပွဲ မတိုင်ခင်ကတည်းက အွန်လိုင်း ပရိသတ်တွေရဲ့ မဲပေးမှုကြောင့် ဆုရမယ်လို့ ရေပန်းစားခဲ့တယ်။ အခု ဆုရသွားတဲ့ အခါမှာရော ဘယ်လိုခံစားရလဲ။

MSW ။ ။ ပြိုင်ပွဲမတိုင်ခင် ကတည်းက အွန်လိုင်းမှာ ပရိသတ်တွေက မိုးစက်ကို မဲပေးကြတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ အဲဒီအတွက် ဆုမရခဲ့ရင်တောင်မှ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ခံရတဲ့အတွက် မိုးစက် အရမ်းကျေနပ်ပါတယ်။ တကယ်ဆုရလာတဲ့ အခါမှာတော့ အတိုင်းမသိ ပျော်မိသလို စိတ်ထဲမှာလည်း နည်းနည်းတော့ လေးသွားတယ်။ ကိုယ့်ကို အားပေးတဲ့ ပရိသတ်တွေ စိတ်မပျက်ရအောင် ငါနောက်တစ်ဆင့် ထပ်ပြီး ကြိုးစားရဦးမယ်ဆိုပြီး စိတ်ထဲမှာ လေးသွားပါတယ်။

Voice ။ ။ ပြိုင်ပွဲကာလအတွင်း ကြုံခဲ့ရတဲ့ အမှတ်တရတွေရှိရင် ပြောပြပေးပါဦး။

MSW ။ ။ ဒီပြိုင်ပွဲအတွက် မိုးစက်တို့ ခရီးတွေ သွားရတယ်၊ မိဘမဲ့ ကလေးတွေ၊ ကင်ဆာရောဂါ ဝေဒနာရှင်တွေနဲ့ မိုးစက်တို့ တွေ့ရတယ်။ ဒီအဖြစ်အပျက်တွေက မိုးစက်ဘဝမှာ ဘယ်တော့မှ မမေ့နိုင်မယ့် အမှတ်တရတွေပါပဲ။

Voice ။ ။ ပြိုင်ပွဲရဲ့ အမေးအဖြေ ကဏ္ဍမှာတုန်းက ပြိုင်ပွဲကရတဲ့ ဆုကြေးတွေကို မိဘမဲ့ ဂေဟာလိုမျိုး ပရဟိတ လုပ်ငန်းတစ်ခုအတွက် ရန်ပုံငွေ သဘောမျိုး ထူထောင် ပေးချင်တယ်လို့ ပြောခဲ့တယ်နော်။ ဘယ်လို ပရဟိတ လုပ်ငန်းမျိုးလုပ်ဖို့ စိတ်ဝင်စားတာလဲ။

MSW ။ ။ မိုးစက် ဘယ်အလုပ်ပဲ လုပ်လုပ် ရသမျှ ဝင်ငွေထဲက ပမာဏ တစ်ခုကို မိဘတွေကို ပေးလေ့ ရှိပါတယ်။ ဘယ်လို ပရဟိတ အလုပ်မျိုးမဆို မိုးစက်မှာရှိတဲ့ ဉာဏ်ရယ်၊ ခွန်အားရယ် ပေါင်းပြီး လုပ်ပေးနိုင်တဲ့အရာ မှန်သမျှ လုပ်ပေးဖို့ မိုးစက်ဘက်က အဆင်သင့်ပါပဲ။ မိုးစက်ရဲ့ အသက်အရွယ်နဲ့ အတွေ့အကြုံအရ ပရဟိတ လုပ်ငန်းကြီး တစ်ခုလုံးကို ဦးဆောင်နိုင်ဖို့ အရည်အချင်း မရှိသေးပါဘူး။ အဲဒီတော့ အခိုင်အမာ တည်ထောင်ပြီးသား ဖြစ်နေတဲ့ ထူးဖောင်ဒေးရှင်းတို့လို၊ အမျိုးသမီးရေးရာတို့လို အဖွဲ့အစည်းတွေမှာ အရင်ဆုံး ဝင်လုပ်ပြီး၊ အတွေ့အကြုံ ရှာချင်ပါတယ်။ အဲ့ဒီကနေ ကိုယ်ပိုင် Idea တစ်ခုရတဲ့ အခါမှာတော့ ပရဟိတ လုပ်ငန်းတစ်ခုကို ကိုယ်တိုင် ဦးစီးပြီး လုပ်ချင်ပါတယ်။

Voice ။ ။ ရုရှားနိုင်ငံမှာ နိုင်ငံကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ဖို့အတွက် မိုးစက်ဝိုင်ရဲ့ အဓိက အားနည်းချက်က ဘာဖြစ်မလဲ။ ပြိုင်ပွဲအတွက် ဘယ်အပိုင်းတွေကို အဓိကထားပြီး ပြင်ဆင်ဖို့ စဉ်းစားထားလဲ။

MSW ။ ။ တခြားနိုင်ငံက လူတွေနဲ့ မိုးစက်တို့ ကြီးပြင်းလာရတဲ့ပုံစံ၊ ကျောင်း နေစဉ်ကာလ မှာလည်း သင်ယူ လေ့လာခဲ့ရတဲ့ ပုံစံမတူပါဘူး။ မိုးစက်တို့ မြန်မာလူမျိုးတွေက လူတွေ အများကြီးရှေ့မှာ စကားပြောရတာကို ရှက်တတ်ကြပါတယ်။ မိုးစက်ကလည်း မြန်မာဖြစ်တဲ့အတွက် အဲဒီလို အားနည်းချက်မျိုး မိုးစက်မှာလည်း ရှိပါတယ်။ တခြားနိုင်ငံက Miss တွေလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ ပေါ်ပေါ်လွင်လွင်ကြီး မနေထိုင်ရဲ၊ မပြောဆိုရဲဘူး ပေါ့နော်။ အဲဒါကို မိုးစက်ပြင်ရမယ်။ ပြိုင်ပွဲ အတွက်ကတော့ လမ်းလျှောက်ပုံ လျှောက်နည်းကို သေချာ ထပ်လေ့ကျင့်ပြီး ခန္ဓာကိုယ် လှပဖို့ အတွက်လည်း လေ့ကျင့်ခန်းတွေ ထပ်လုပ်မယ်။ ဗဟုသုတ ရစေမယ့် စာတွေအများကြီး ထပ်ဖတ်ရမယ်။

Voice ။ ။ နောက်ပိုင်းမှာရော အနုပညာ အလုပ်တွေကိုပဲ ဇောက်ချ လုပ်သွားမလား၊ လုပ်ငန်းခွင် တစ်ခုခုထဲပဲ ပြန်ဝင်မလား။

MSW ။ ။ ဆုရပြီးတဲ့ နောက်မှာတော့ မိုးစက်ရထားတဲ့ Miss Title နဲ့ ပရဟိတ အလုပ်လေးတွေ အရင်လုပ်ချင်တယ်။ စီးပွားရေးက ဘယ်အချိန် လုပ်လုပ် ရပါတယ်။ ဒီပရဟိတ အလုပ်တွေကတော့ မိုးစက် Miss ဘွဲ့လေး ရထားတုန်း၊ အခွင့်အရေးလေး ပေးလာတဲ့ အချိန်မှာ လုပ်ခွင့်ရတာပါ။ အနုပညာ အလုပ်တွေကိုတော့ မိုးစက် အလျဉ်းသင့်သလိုပဲ လုပ်သွားပါမယ်။

Voice ။ ။ Miss Universe Myanmar ဆုကြောင့် မိုးစက်ဝိုင်ရဲ့ ဂုဏ်သတင်းက ပိုမိုကြီးမားလာသလို စောင့်ထိန်းရတဲ့ ကျင့်ဝတ်သိက္ခာတွေက ပိုများလာမယ် ထင်တယ်။ အဲ့ဒီပေါ်မှာ မိုးစက်ဝိုင်ရော ဘယ်လိုမြင်လဲ။

MSW ။ ။ ဟုတ်ပါတယ်။ ဒီဆုက မိုးစက်ရဲ့ နာမည် ဂုဏ်သတင်းကို ပိုမိုမြင့်တက် စေသလို စောင့်ထိန်းရမယ့် ကျင့်ဝတ် သိက္ခာပိုင်းတွေ များလာပါတယ်။ မိုးစက် ရရှိခဲ့တဲ့ အောင်မြင်မှုနဲ့ ထိုက်တန်တဲ့ ကျင့်ဝတ် သိက္ခာပိုင်းကို စောင့်ထိန်းသွားမှာပါ။

The Voice Weekly

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...