Saturday, October 19, 2013

``` ညီမလေးလည်း သိပါစေ...´´´


``ကိုကိုကြီး.. လာ... ဒီမှာထိုင်.... အင်္ကျီကို သေချာပြင်... ဒူးနှစ်ဘက်ကိုလည်း စေ့ထား... ခါးဆန့်ထား...´´
ညီမလေးက လက်မောင်းကို ဆွဲယူရင်းက ကုလားထိုင်မှာ ထိုင်ခိုင်းလိုက်တယ်... ပြီးတော့ မှာစရာရှိတာတွေကို မှာနေတယ်...
ကျွန်တော် ညီမလေးပြောတဲ့ အတိုင်း ထိုင်ချရင်းက သူမှာသလို လုပ်ရင်း...

`` ဘာလို့တုန်း ညီမလေးရဲ့... သေချာ ပြောဦးလေ...´´

`` ဟုတ်ကဲ့ပါ ကိုကြီးရဲ့ ဒီနေ့ သီတင်းကျွတ်လပြည့်နေ့လေ... ကိုကြီးလည်း သီလယူထားတယ်... ညီမလေးလည်း သီလယူပြီး ဆီမီးတွေ ပူဇော်ထားတယ်... ဒီလောက် ကျက်သရေရှိတဲ့ အချိန် ဘယ်ရှိမလဲ... ကိုကြီးကို ကန်တော့မလို့....´´

`` ဟီး.. ဟုတ်လား အဲဒီလိုလား... ဖေဖေနဲ့ မေမေ့ကိုရော ကန်တော့ပြီးပြီလား...´´

`` ကန်တော့ပြီးပါပြီ... မနက်တိုင်း ညတိုင်းလည်းကန်တော့တယ်... ဘုရားရှိခိုးပြီးတိုင်းလည်း အမျှအတန်းဝေတယ်... ခုဏကလည်း ဆီမီး ပူဇော်ရင်း အမျှပေးဝေပြီးပြီ... ´´

`` လိမ်မာတယ်... ငါ့ညီမလေးက လိမ်မာတယ်... ´´

စကားဆုံးတော့ ညီမလေးက ရှေ့တည့်တည့်မှာ ပုဆစ်တုပ်... လက်အုပ်လေးချီပြီး... ``ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့် ပစ်မှား ကျူးလွန်မိသည်များ ရှိပါက ခွင့်လွှတ်ပေးပါရန် ´´လို့ နှုတ်ကအသံထွက် ရွတ်ဆိုရင်း ကန်တော့ခဲ့တယ်...။

ကျွန်တော် ညီမလေး ခေါင်းလေးကို ပွတ်ပေးရင်းက
`` ညီမလေးက တကယ်ပဲ ကာယကံ၊ ၀စီကံ၊ မနောကံတွေနဲ့ ကိုကြီးကို ပစ်မှားခဲ့ဘူးလို့လား´´ လို့ မေးလိုက်တော့ မော့ကြည့်ရင်းနဲ့-

`` အဲလို မပစ်မှားခဲ့ပေမယ့် တစ်ချို့ ကိစ္စတွေမှာ မကြည်လင်တာတွေ ရှိခဲ့မှာလေ... ကိုယ်မသိလိုက်တဲ့ အမှားတွေပေါ့... ဒါကြောင့် ကိုကြီးက ခွင့်လွှတ်ပေးဖို့ ညီမလေးတောင်းပန်တာပါ...´´

``ကိုကြီးက ညီမလေးကို အမြဲခွင့်လွှတ်ပြီးသား....
အခုလည်း သီးသန့် ထပ်ပြီးခွင့်လွှတ်တယ်...
ကျန်းမာပျော်ရွှင်စေဖို့လည်း ဆန္ဒပြုတယ်...
ငါ့ညီမလေး ချစ်သောသူနဲ့ တစ်သက်လုံး အတူနေရပါစေဗျာ...´´

`` ဟိဟိ ကိုကိုကြီးကလေ အရမ်းချစ်ဖို့ကောင်းတယ်... နောက်ဆုံးဆုလေး အရမ်းသဘောကျတာ.. ဒါပေမဲ့ ကိုကြီးရယ်... ညီမလေး ချစ်သူ မရသေးဘူး....´´

``ဒါဆိုလည်း ကိုကြီးရှာပေးမယ်ကွာ... ပူမနေနဲ့ ဟုတ်ပြီလား´´

`` ဟိဟိ တကယ်နော် ကိုကြီး..´´

``တကယ်ပေါ့... အေးအေးဆေးဆေး ရှာပေးမယ်... အခု ခဏတော့ အောင့်ထားဦး.. ဟားဟားဟား´´

ကျွန်တော်ရယ်နေတာကိုကြည့်ရင်း ညီမလေးလည်းတခစ်ခစ်ရယ်ပြီး မတ်တတ်ထရပ်လိုက်တယ်..။

`` ခဏလေးနေဦး... ညီမလေးအတွက် လက်ဆောင်ဝယ်ထားတယ်...´´

ကျွန်တော်ညီမလေးအတွက် ၀ယ်ထားတဲ့ အပြာခံမှာ အစိမ်းရောင် ပန်းပွင့်လေးတွေပါတဲ့ ပါတိတ်ဘူးလေးကို အိတ်လေးထဲက ယူပြီး ပေးလိုက်တော့..... ၀မ်းသာအားရဖြစ်သွားတဲ့ မျက်ဝန်းတွေနဲ့ ``ကိုကြီးက အရမ်းတော်တယ်...´´လို့ ပြောရင်း ပုခုံးကို သိုင်းဖက်ရင် ဖျစ်ညှစ်လိုက်တယ်...

ညီမလေး ပုခုံးကို ညှစ်လိုက်တဲ့ အဓိပ္ပါယ်က ကျွန်တော့်အပေါ်မှာ ယုံကြည်ခြင်းတွေနဲ့ အားကိုးခြင်းတွေ ပေါင်းစည်းထားတယ်ဆိုတာတော့ ပြောစရာမလိုပဲ... ကျွန်တော် သိလိုက်ပါတယ်.. အဲဒီ သီတင်းကျွတ်တုံးကပေါ့....။

==============================

`` ညီမလေး အ၀တ်လဲ... မီးမျှောပွဲ သွားရအောင်....´´

`` သီလယူထားတယ် ကိုကြီး ဖြစ်ပါ့မလား...´´

``ဖြစ်ပါတယ်ညီမလေးရဲ့ ဆီမီး ပူဇော်တာပဲလေ.... မီးကြာပန်းလေးတွေပဲ မျှော်ပေါ့... ပျော်ပွဲရွှင်ပွဲတော့ မကြည့်နဲ့ပေါ့....´´

`` ဟုတ်...´´

ကြာပန်းပုံလေးတွေ ရောင်စုံဆီစိမ်စက္ကူလေးတွေနဲ့ လုပ်ထားတဲ့ ဆီမီးခွက်လေးတွေထဲမှာ ဖယောင်းတိုင်မီးလေးတွေ ထွန်းရင်း ကမ်းစပ်မှာ ချထားလိုက်တဲ့ အခါ ရေလှိုင်းတွေနဲ့ အတူ ပင်လယ်ထဲကို တဖြည်းဖြည်းချင်း စီးမျောသွားကြတယ်...။

သီတင်းကျွတ်လပြည့်ညမှာ ထိန်ထိန်သာနေတဲ့ လပြည့်ဝန်းကြီးက ပင်လယ်ပြင်ကြီးကို တတ်စွမ်းသမျှ အလင်းရောင်တွေ ဖြန့်ကျက်ထားတဲ့အချိန်....
ကမ်းစပ်ကနေ လှပတဲ့ မီးကြာပန်းလေးတွေ တဖြည်းဖြည်းချင်းမျောသွားတဲ့ အချိန်... အပူရှိန်လျော့ကျပြီး အင်မတန်လှပတဲ့ မြန်မာတို့ရဲ့ အဘိဓမ္မာအခါတော်နေ့ ဆီမီးပူဇော်ပွဲလေးပါပဲ....။

ကမ်းစပ်မှာ ဆီမီးလေးတွေ ပူဇော်ရင်း သိမ်သိမ်မွေ့မွေ့ ကျက်သရေရှိစွာ မီးကြာပန်းမျှောနေတဲ့ ညီမလေးကိုကြည့်ရင်း ဖေဖေနဲ့ မေမေကို ကျွန်တော် လွမ်းမိပါတယ်...။

အစ်ကိုကြီးဖြစ်တဲ့ ကျွန်တော်က အငယ်ဆုံး ညီမလေးကို မီးကြာပန်းမျှောပွဲကို ကိုယ်တိုင်လိုက်ပို့ပေးနေတဲ့ မြင်ကွင်းနဲ့... လှပပြီး ကျက်သရေရှိစွာ ဆီမီးပူဇော်နေတဲ့ ညီမလေးကို မြင်စေချင်လိုက်တာ...

အတွေးလေးနဲ့ မော့ကြည့်မိတော့လည်း လပြည့်ဝန်းကြီး ထိန်ထိန်သာနေတယ်... ဖေဖေနဲ့ မေမေလည်း ကောင်းရာ မွန်ရာ ဘုံဘ၀ကနေ လှမ်းကြည့်နေမယ်လို့လည်း ထင်ခဲ့မိပါတယ်...။

မီးကြာပန်းမျှောပြီးတော့ အနားက မြို့ဦးစေတီလေးကို ၀င်ရောက်ဖူးမြော်ရင်း ညီမလေးက ဖေဖေနဲ့ မေမေတို့အတွက်ရည်စူးပြီး ရွှေသင်္ကန်းနဲ့ ဆီမီးတစ်ည ပူဇော်ခဲ့တယ်...။

အလှူခံမဏ္ဍာပ်က ဥပသကာဦးလေးကြီး ကွယ်လွန်သူမိဘနှစ်ပါးအတွက် ရည်စူး၍ မောင်နှမနှစ်ဦးက လှူဒါန်းပူဇော်ကြောင်း သာဓုခေါ်ဆိုပါကြောင်း ဆော်သြတော့ ညီမလေး ကျွန်တော့်မျက်နှာကို ကြည့်ရင်း ပြုံးပြခဲ့တယ်...။

အဲဒီညက ညီမလေး အေးချမ်းစွာ ပျော်ရွှင်ကြည်နူးနေခဲ့တဲ့ မျက်ဝန်းတွေကို ကျွန်တော် အခုထိ မှတ်မိနေဆဲပါပဲ...။

အပြန် လမ်းတစ်လျှောက်မှာတော့ ညီမလေးကို ကျွန်တော်သိသမျှ သီတင်းကျွတ်လပြည့်နေ့ အကြောင်းကို ပြောပြဖြစ်ခဲ့တယ်...

ပုံပြင်တစ်ပုဒ်ကို ပြောပြသလို အပြောကောင်းတဲ့ ကျွန်တော့်ကြောင့်လား...
ညီမလေးရဲ့ ဘာသာတရားကိုင်းရှိုင်းမှုကြောင့်လား မဝေခွဲတတ်ပေမယ့်... ကျွန်တော်ပြောပြတဲ့ သီတင်းကျွတ်လပြည့်နေ့အကြောင်းကို နားထောင်ပြီးတဲ့ အခါမှာတော့ ညီမလေးက ကြည်နူးကျေနပ်စွာ ကျေးဇူးတင်ကြောင်းပြောကြားရင်း သာဓုခေါ်ဆိုသွားခဲ့တယ်..။

အဲဒီညက ကျွန်တော်လည်း ပီတိတွေ ဖြစ်ခဲ့ရပါတယ်...။

===================

ဒီနှစ် သီတင်းကျွတ်လပြည့်နေ့မှာ ကျွန်တော် မနှစ်ကလိုပဲ သီလဆောက်တည်ခဲ့ပါတယ်..။

ပြီးတော့ မနှစ်ကထက် ပိုလွန်စွာ ဒါနတွေ ပြုခဲ့ပါတယ်...။
မနှစ်ကထက်လည်း ကျွန်တော် ပိုပြီး ၀မ်းနည်းခဲ့ပါတယ်...။

မနှစ်ကလိုပဲ ကျွန်တော် မီးကြာပန်းမျှောပွဲကို ရောက်ခဲ့ပါတယ်...။

မနှစ်က ညီမလေး လှူတန်းခဲ့သလိုပဲ ရွှေသက်န်းနဲ့ တစ်ညတာ ဆီမီးကို မြို့ဦးစေတီလေးမှာ ကျွန်တော် လှူးဒါန်းခဲ့ပါတယ်...။

ဒါပေမဲ့ ကျွန်တော် မနှစ်ကလို သီတင်းကျွတ်လပြည့်နေ့အကြောင်းကို ညင်သာစွာ ထဲထဲဝင်ဝင် မပြောပြဖြစ်ခဲ့ပါဘူး...

နောက်ပြီး ကျွန်တော် ပါတိတ်လေးလည်း မ၀ယ်ဖြစ်ခဲ့ဘူး...။
သို့သော် နေ့လည်ကတော့ သင်္ကန်းတစ်စုံဝယ်ပြီး ဆရာတော်ကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်...။

ပြည့်ဝန်းနေတဲ့ လမင်းကြီးကိုကြည့်ရင်း မီးကြာပန်းလေး သုံးခုကိုလည်း ကျွန်တော်ကိုယ်တိုင် ဆီမီးပူဇော် မျှောခဲ့ပါတယ်...။

တစ်ခုက ဖေဖေ၊ နောက်တစ်ခုက မေမေ၊ နောက်ဆုံးတစ်ခုက ညီမလေးအတွက်ပါ...။

ကျွန်တော် မီးကြာပန်းမျှောပွဲက ပြန်တော့ ကမ်းနားတစ်လျှောက်မှာ မီးကြာပန်းလေးတွေ မျောနေတာကို မြင်နေရတယ်... မနှစ်ကလိုတော့ မလှဘူးလို့ တွေးနေမိတယ်လေ....။

ပင်လယ်ပြင်ကို ဖြတ်သန်းလာတဲ့ ညလေညှင်းလေး ဝေ့ကနဲ တိုက်ခတ်သွားတော့... စိတ်ထဲမှာ အေးကနဲ ခံစားလိုက်ရတယ်...။ ဒါပေမဲ့ ကျွန်တော့်လက်မောင်းကို ဆုပ်ကိုင်ထားတဲ့ ညီမလေးကတော့ ကျွန်တော့် ဘေးမှာ ပါမလာပါဘူး...။

မနက်ဖြန် မနက် အစောကြီးမှာတော့...
ကျွန်တော်တို့ဒေသရဲ့ ဓလေ့ထုံးစံအရ ကွယ်လွန်ပြီး မကျွတ်မလွတ်သေးသော ပုဂ္ဂိုလ်များကို ရည်စူး၍ လှူဒါန်းတဲ့ `` ဥဒိဿဒါန´´ ပြုပွဲကို သွားရောက်လှူဒါန်းပါဦးမယ်....

ညီမလေးက ရတနာသုံးပါးကို နက်နက်ရှိုင်းရှိုင်းယုံကြည်ကိုးကွယ်ခဲ့လို့ မကျွတ်မလွတ်သောဘ၀မှာ ရှိနေမှာ မဟုတ်ပေမယ့် တကယ်လို့ ကျွန်တော့်လို နေ့စဉ်နဲ့အမျှ သတိရနေခဲ့ရင် ဥပါဒါန်ဆိုတဲ့ အစွဲက နှိပ်စက်နေနိုင်တာပဲလေ....။

ဘာလိုလိုနဲ့ ညီမလေးဆုံးသွားတာ တစ်နှစ်တောင် ပြည့်တော့မှာပါလား....

ပြု.. ပြုသမျှ ကုသိုလ် အဖို့ဘာဂကို သိသမျှ... မြင်သမျှ...ကြားသမျှ.. အားလုံးရရှိနိုင်ကြပါစေ...

နောက်ပြီး ညီမလေးလည်း ကျွန်တော် ဘယ်လောက်ချစ်ခဲ့ရတယ်... ဆိုတာ သိရှိနိုင်ပါစေလို့......

(ကွန်ဆူးမား)(၂၀-၁၀-၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...