Saturday, October 12, 2013

အင်ဖက်ခေါင်မိုးအောက်က ဝိုးတဝါးအိပ်မက်များ(၅)

October 12, 2013 at 8:10pm
 
အိပ်မက်မြေသို့ ခရီးအစ

၂၀၀၆ ခုနှစ် စက်တင်ဘာ ၂၂ ။
နံနက်စောစော အရုဏ်တက် ဝေလီဝေလင်း အချိန်…..
မဲဆောက်မြို့ပိုင်ရုံးဝင်းထဲမှာ ခရီးသည်တင် လိုင်းကား အစီး (၂၀) ခန့် ဂိတ်ထိုး ရပ်နားထားသည်။ ထိုနေရာသို့ အထုပ်အပိုး ကိုယ်စီနှင့် လူတွေတဖွဲဖွဲ ရောက်လာ၏။ မိသားစုတစု ရောက်လာတိုင်း ပါလာသော အထုပ်အပိုး များကို တနေရာမှာ စုပုံနေရာချထားပြီး လူတွေကိုတော့ ရုံးရှေ့မှာ စုရုံးနေစေသည်။ 
လူတွေ အတော်စုံစုံ ရောက်ရှိစုဝေးလာချိန်မှာ မြို့ပိုင်ရုံးထဲမှ ယူနီဖောင်းဝတ် လူတချို့ စာရင်းစာရွက်များကိုင်ဆောင် ထွက်လာ လာပြီး မိသားစုတခုချင်း အိမ်ထောင်ဦးစီးအမည်များကို ဖတ်ကြားခေါ်ယူကာ သူ့နေရာနှင့်သူ အတန်းလိုက် စီတန်း ထိုင်စေသည်။ ထို့နောက် သွားရမည့်ခရီးစဉ်ကို အကြမ်းဖျင်းရှင်းလင်းပြောပြသည်။ ပြီးမှ အိမ်ထောင်စု ဇယားနှင့်ဆင်တူသော … မိသားစုဝင်ဓာတ်ပုံ နှင့် အမည်စာရင်းဇယားပါ စာရွက်လေးတွေ ထုတ်ပေး၏။ ဒုက္ခသည်စခန်းစခန်းသို့ ပို့ဆောင်ပေးရန် စီစဉ်နေခြင်းဖြစ်ပေသည်။

ယခုကဲ့သို့ ပို့ဆောင်ပေးနေသည်မှာ ၇ ရက်ခန့်ရှိပေပြီ။ စက်တင်ဘာ ၁၆ ရက်နေ့မှ ၂၆ ရက်နေ့အထိ ခရီးစဉ် အချိန်ဇယား သတ်မှတ်ကြေငြာထားပြီးလည်း ဖြစ်ပါသည်။  ၂၀၀၄ ခုနှစ် နောက်ပိုင်း UNHCR ရုံးတွင် ခိုလှုံခွင့် လျှောက်ထားသူများကို ယာယီမှတ်ပုံတင်စာရင်း ဖြတ်ပိုင်းပိုင်းထုတ်ပေးထားပြီးနောက် ဆက်လက်ဆောင်ရွက် ရမည့် အပိုင်းများ နှောင့်နှေးကြံ့ကြာခဲ့သည်မှာ ၂ နှစ်နီးပါးရှိပေပြီ။ ထိုအတောအတွင်း ပြန်လည်နေရာချထား ရေးစီစဉ်ဆောင်ရွက်မှုပုံစံလည်း ပြောင်းလဲမှုရှိလာသည်။ ယခင်က ခိုလှုံခွင့်လျှောက်ထားသူများသည်  UNHCR ၏ စောင့်ရှောက် ကူညီထောက်ပံ့မှု ရယူကာ မဲဆောက်မြို့ပေါ်တွင် နေထိုင်ကြရပြီး UNHCR မှ အလှည့်ကျ စီစဉ်ပေးသော နိုင်ငံအလိုက် သံရုံးအင်တာဗျူး ဖြေဆိုပြီးနောက် အောင်မြင်ပါက သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်အခြေချနေထိုင်ဖို့ ထွက်ခွာခွင့် ရကြသည်။ သူတို့ကို လုံခြုံရေးအရ စိုးရိမ်ကြောင့်ကြထိုက်သူများ Persons of Concern (POC) ဟု ခေါ်ဝေါ်သည်။


ထိုသို့ အင်တာဗျူးဖြေဆိုပြီးနောက် တတိယနိုင်ငံသို့ ထွက်ခွာရန် စောင့်ဆိုင်းနေဆဲ အိမ်ထောင်စု အချို့ကို ၂၀၀၅ ခုနှစ် မတ်လတွင် တပ်ခ်ခရိုင် အတွင်းရှိ နို့ဖိုးဒုက္ခသည်စခန်းအတွင်း ယာယီပြောင်းရွှေ့နေထိုင် စေခဲ့ပြီးနောက်မှ ထွက်ခွာရေးအစီအစဉ်များကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ ကိုမိုးသောက် တို့ နို့ဖိုးးစခန်းသို့ ရောက်ရှိသွားချိန်မှာပင် ယခင်ရောက်နှင့်နေပြီးသူ (POC) အုပ်စုမှ အိမ်ထောင်စု ၂၀ နီးပါး ရှိနေသေးကြောင်း သိရသည်။

ယခုပို့ဆောင်ရေးအစီအစဉ်မှာ တပ်ခ်ခရိုင်အတွင်းရှိ  ဒုက္ခသည်စခန်း ၃ ခု (မယ်လ၊ အုန်းပြန့်၊ နို့ဖိုး) အနက် အုန်းပြန့် နှင့် နို့ဖိုးစခန်းများသို့ ခွဲဖြန့်ပို့ဆောင်ပေးရန် ဖြစ်လေသည်။ အိမ်ထောင်စု တထောင်ကျော် လူဦးရေ အားဖြင့် နှစ်ထောင့်ငါးရာခန့်ကို နေ့စဉ်ပို့ဆောင်ပေးနေခြင်းပင်။

စခန်းအတွင်းသို့ ရွှေ့ပြောင်းနေထိုင်ခြင်း အစီအစဉ် ပြင်ဆင်မှုအနေဖြင့် ၂၀၀၅ ဇူလိုင်လမှာ မဲဆောက် UNHCR ရုံးတွင် မှတ်ပုံတင်စာရင်းလျှောက်ထားသော NI နံပတ်စဉ်အလိုက် နေ့စဉ်အသုတ်ခွဲကာ မဲဆောက် မြို့ပိုင်ရုံး    ဓာတ်ပုံရိုက်ပေးခဲ့သည်။ ထိုစဉ်အခါက နံနက်တိုင်းဆိုသလို  မဲဆောက် UNHCR ရုံးအကြီးအကဲ Ms Elizabeth ဓာတ်ပုံရိုက်မည့်မိသားစုများနှင့် တွေ့ဆုံကာ ရှင်းလင်းပြောဆိုရာတွင် …  ‘ယခုကဲ့သို့ ဓာတ်ပုံရိုက် ပြီးသူတိုင်း UNHCR မှ စီစဉ်ပို့ဆောင်ပေးသော ဒုက္ခသည်စခန်း  ပြောင်းရွှေ့နေထိုင်ရမည် ဖြစ်ပြီး ယင်းသို့ နေထိုင်ခြင်းမှာ တတိယနိုင်ငံတခုခုသို့ ပြန်လည်အခြေချနေထိုင်ရေးအတွက် ပထမခြေလှမ်းဟု မဆိုနိုင်ကြောင်း ၊ UNHCR တွင် ခိုလှုံခွင့် လာရောက်လျှောက်ထားသူများအား စီစစ်လက်ခံရန်အတွက် ဆောင်ရွက်မှု အစိပ်အပိုင်းတခုသာ ဖြစ်ကြောင်း ။ စခန်းတွင်းရောက်ရှိပြီးနောက်ပိုင်း အဖွဲ့ဝင်(၉) ဦးပါဝင်သည့် Provincial Admitting Board (PAB) ဘုတ်အဖွဲ့မှ မိသားစု တစုချင်းကို လူတွေ့ခေါ်ယူစစ်ဆေးမေးမြန်းပြီး ကျေနပ်မှုရှိမှသာ ဒုက္ခသည်အဖြစ် လက်ခံမည်ဖြစ်ကြောင်း နှင့် အင်တာဗျူးကျရှုံးပါက နောက်ထပ်အယူခံ ဝင်နိုင်ကြောင်း၊ အယူခံအပယ်ခံရသူ ဖြစ်ပါက ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း… သို့အတွက် ယခုကဲ့သို့ ဓာတ်ပုံရိုက်ရန် လာရောက်သူများအနေဖြင့် မိမိကိုယ်မိမိ သေချာ စဉ်းစားပြီးမှ ဓာတ်ပုံရိုက်သင့်မရိုက်သင့် ဆုံးဖြတ်စေချင်ကြောင်း အကြံပြု ရှင်းလင်း ပြောကြားခဲ့လေသည်။

UNHCR အကြီးအကဲ၏ သတိပေးပြောဆိုမှုနှင့် တိကျသေချာခြင်းမရှိလှသော တတိယနိုင်ငံ ပြန်လည်အခြေချ နေထိုင်ခြင်း လုပ်ငန်းစဉ်အပေါ် စိုးရိမ်ကြောင့်ကြဖြစ်ကြပြီး NI လက်မှတ် ရပြီးထားသူ အတော်များများ ဓာတ်ပုံရိုက်သည့်နေရာမှ နောက်ဆုတ်ထွက်ခွာသွားကြသည်။ အထူးသဖြင့် မဲဆောက်မြို့တွင် နှစ်ကာလ ကြာမြင့်စွာ အခြေချနေထိုင်လာပြီး လုပ်ငန်းအတည်တကျ ရှိနေသူများ မချင့်မရဲ စဉ်းစားတွေဝေ စရာဖြစ်သွား သည်။ သူတို့ လက်ရှိကျင်လည်နေသော ပုံမှန်အခြေအနေတခု ပျက်ယွင်းသွားမှာကို စိုးရိမ်ကြဟန်ရှိ၏။ အချို့ဆိုလျှင် ဓာတ်ပုံရိုက်ပြီးနောက်ပိုင်း စခန်းအတွင်းသို့ ပို့ဆောင်ချိန်ကျမှ ရောက်မလာတော့သူတွေလည်း ရှိသည်။

လတ်တလော ပြည်တွင်းနိုင်ငံရေးအခြေအနေ ဆိုးရွားမှုကြောင့် ရှောင်တိမ်းထွက်ပြေးလာသူများ အနေဖြင့် တော့ မဲဆောက်မြို့မှာလည်း ရေရှည်ရပ်တည်ရန် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသဖြင့် စေလိုရာစေ ဘေးကင်း လုံခြုံမည်ယူဆရသော နေရာတခုသို့ သွားဖို့သာ အာရုံ ပြင်းပြနေကြသည်။ ကျန်သည့် အကြောင်းကိစ္စ များကို နောင်ခါလာနောင်ဈေး သဘောထားလိုက်ကြသည်။ ဤသို့ဖြင့် ဒုက္ခသည်စခန်းသွင်း လုပ်ငန်းစဉ် အကောင် အထည်ဖော်ချိန်မှာ မူလ ခိုလှုံခွင့် လျှောက်ထားသူဦးရေ၏ ထက်ဝက်ခန့်သာ ကျန်ရှိတော့မည်ဟု ခန့်မှန်း ရသည်။

နံနက် ၇ နာရီအချိန်တွင် လူ (၁၂) ဦးစီ တင်ဆောင်လာသော ကားပြာလေးတွေ တစီးပြီးတစီး မြို့ပိုင်ရုံးဝင်း ထဲမှာ စတင်ထွက်ခွာလာလေသည်။ မြို့တွင်းလမ်းအတိုင်း ၁၀ မိနစ်ခန့် ဖြတ်လာပြီးနောက် မဲဆောက်မြို့ အလွန် ဟိုင်းဝေးလမ်းမကြီးပေါ် ရောက်လာ၏။ နက်ပြောင် ပြန့်ပြူးညီညာသော ဟိုင်းဝေးလမ်းမကျယ်ကြီး ဖြစ်သဖြင့် မော်တော်ယာဉ်ကို စိတ်ချလက်ချ အရှိန်မြှင့် မောင်းနှင်ကြသည်။ ကားလမ်း ဝဲ/ယာ လမ်းဘေး တလျှောက် အဆောက်အဦများ၊ ကွင်းပြင်ကျယ်ထဲမှ စပါးခင်း၊ ပြောင်းခင်း၊ မြေပဲခင်း နှင့် ပန်းမျိုးစုံ စိုက်ခင်းတွေ တရိပ်ရိပ် ပြတ်ကျန်ရစ်ခဲ့သည်။ လယ်ကွင်းပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော လေနုအေး ရနံ့က  မြို့ပြ မွန်းကျပ်မှုတွေကို ဖြေလျော့ပေး လိုက်သကဲ့သို့ ခံစားကြရသည်။ ကားပေါ်ပါလာသူတွေ၏ မျက်နှာတွင် လန်းဆန်းတက်ကြွသော အရိပ်ယောင် အထင်းသားပေါ်လွင်နေ၏။ ပြုံးလို့ ရွှင်လို့ .. အချင်းချင်း စကားတွေ ဖောင်ဖွဲ့ကာ လွတ်လပ်ပေါ့ပါးနေကြသည်။

ခရီးစတင်ချိန်မှ ၄၅ မိနစ်လောက် ကြာသောအခါ  မဲဆောက်မြို့ တောင်ဘက် ဖုတ်ဖရာ့မြို့ကလေး အလွန် ၄၈ ကီလိုမီတာ စစ်ဆေးရေးဂိတ် သို့ ရောက်လေသည်။ ထိုနေရာမှာပင် မြေပြန့်လွင်ပြင်ခရီး အဆုံးသတ်၏။ ရှေ့ဆက်ရမည့် ခရီးတလျှောက် အကွေ့အကောက် မြောက်များစွာသော တောင်တက်တောင်ဆင်း တောင်ပတ် လမ်းများ ဖြစ်လေသည်။ တောင်ပေါ်လမ်းဖြစ်သော် လည်း လမ်းမျက်နှာပြင်ကျယ်၍ ချောမွေ့ပြေပြစ်သော ကြောင့်  အတက်/အဆင်း ကားနှစ်စီး ကောင်းစွာ ရှောင်တိမ်းမောင်းနှင်နိုင်သော အနေအထားရှိသည်။ အမြဲသွားလာနေသော ယာဉ်မောင်းသမားတွေ  မို့လား မပြောတတ်။ အတက်အဆင်း ကွေ့များ၌ ပင်လျှင် သဘောလောက်သာ အရှိန်လျှော့ပြီး ကျွမ်းကျင်စွာ ကွေ့ပတ်မောင်းနှင်ကြသည်။ မြွေလိမ်မြွေကောက် လမ်းကွေ့ ရောက်တိုင်း ခရီးသည်တွေ ရှေ့နောက်၊ ဘယ်ညာ ယိမ်းထိုးလှုပ်ယမ်း သွားပြီး ဘုရားတကြသည်။ မိုးတွင်းအခါ အချို့နေရာ တောင်နံရံများမှ မြေပြိုကျတာမျိုးတော့ ကြုံရတတ်သည်။

တောင်တက်လမ်းကို အတော်ခရီးပေါက်လာသည့်အခါ စောစောက ပြုံးပျော်ရယ်မောပြောဆိုသံတွေ တစစ တိုးတိတ်ငြိမ်သက်လာပြီး ကားပေါ်ပါလာသူတချို့  မျက်နှာအရောင်ပြောင်းစပြုလာသည်။ ပါးစပ်ကို သဘက်၊ လက်ကိုင်ပုဝါ များဖြင့် အသာအုပ်ကာ သမ်းဝေကြ၏။ ထိုင်ခုံတန်း နှစ်ခုကြား အလယ်ကြောကို မျက်စပစ်သူက ပစ်လေပြီ။ ခရီးတလျှောက်တောင်ပတ်လမ်း လိုလိုသာဖြစ်ပြီး တချို့နေရာတွေမှာ လမ်းဘေးချောက်ကမ်းပါး အောက် အနိမ့်ပိုင်းမြေနေရာနှင့် တဘက်တောင်စောင်းနေရာတွေကို မေးတင်စိုက်ပျိုးထားသော တောင်ယာ စိုက်ခင်း စိမ်းစိမ်းလေးတွေ မြင်နေရသည်။ ရာသီသီးနှံဖြစ်သော ဂေါ်ဖီထုပ်၊ မုန့်ညှင်းထုပ်၊ ပြောင်းခင်းတွေ များသည်။

နံနက် (၉) နာရီအချိန်ခန့် ခရီးတထောက်နားရာ အုန်းပြန့် ဒုက္ခသည်စခန်းအနီး ရောက်ရှိချိန်မှာ ကားပေါ် ပါလာသူအများစု ခေါင်းမထောင် နိုင်အောင် မူးဝေနေကြပေပြီ။ ထိုနေရာမှာပင် နေ့လည်စာအတွက် ထမင်းထုပ် စီစဉ်ပေးပါသည်။ ကားပေါ်ကဆင်း အနီးအနားတဝိုက် အညောင်းပြေလမ်းလျှောက်ရင်း ကားမူးသည့်ဒဏ်ကို သက်သာပြေလျော့အောင် လုပ်ရသည်။ အုန်းပြန့်စခန်းမှာ ကားလမ်းဘေး တောင်ကုန်းလေးတွေ တည်ထား ခြင်း ဖြစ်သည်။ အနီးနားမှာ မျှော့လူမျိုးများနေထိုင်သော ရွာတရွာရှိသည်။ ၁၅ မိနစ်ခန့် နားနေပြီးနောက် ခရီးဆက်ခဲ့ကြရပြန်သည်။ အုန်းပြန့်စခန်းမှ ထွက်လာပြီး မြေနိမ့်လွင်ပြင်ပိုင်း ကျေးရွာတချို့ကိုသာ တွေ့ရ၍ လူမနေသော တောလမ်းခရီးကများသည်။ တောင်အမြင့်ပိုင်း မြူတွေအုံ့ဆိုင်းနေသည့် နေရာသို့ရောက်သည့် အခါ ချမ်းစိမ့်စိမ့်ခံစားရ၏။ ဝန်းကျင်တဝိုက်ရှိ တောင်တန်းအသွယ်သွယ်ကို အပေါ်စီးမှ မြင်နေရသည်။ ကားပေါ်တွင် ထူထူထောင်ထောင်နေနိုင်သူဆို ကိုမိုးသောက်အပါအဝင် ၃ ဦးလောက်သာ ရှိ၏။ မဲဆောက်မှ တောင်ဘက်သို့ ဦးတည်လာနေသည့် ခရီးဖြစ်သည့်အတွက် ကားလမ်းညာဘက်ခြမ်း အဝေးတနေရာသို့ ငေးမျှော်ကာ မြန်မာ့ရေမြေနှင့်နယ်နိမိတ်ခြားမည့်နေရာကို မှန်းဆကြည့်လိုက်သည်။ လူတွေက ဘယ်လိုပဲ ပိုင်းခြားကာဆီးသတ်မှတ်ထားပေမဲ့ သဘာဝတရားကတော့ တဆက်တစပ်တည်းပင်။

နေ့လည် မွန်းတည့်ခါနီးအချိန်မှာ မြေပြန့်လွင်ပြင်လမ်းပိုင်းသို့ ရောက်ရှိလာပြီး အတော်အတန် ခေတ်မီသော အဆောက်အဦများနှင့် နေအိမ်ခြံဝင်းများကို တွေ့မြင်ရသည်။ တောင်ပေါ်မြို့လေးတမြို့ဖြစ်သော အုန်းဖန် မြို့အဝင်ဖြစ်ပေ၏။ အုန်းဖန်မြို့အထွက်နား စစ်တပ်ဂိတ်တခုမှာ ခရီးတထောက်နားရပြန်သည်။ ညနေစာ အတွက် ထမင်းထုပ် တခါထပ်ရ၏။ ကားမူးဒဏ်ကြောင့် လူအများစုမှာ နံနက်စာကိုပင် မစားနိုင်ကြသေး။ ထိုင်းစကားနားလည်သူ တဦးက ယာဉ်မောင်းကို မေးကြည့်ရာ ခရီးဆုံးရောက်ရန် ကီလိုမီတာ ၆၀ ခန့် လိုသေး ကြောင်း သိလိုက်ရသည်။ ခရီးစဉ် အစအဆုံး ကီလိုမီတာ ၂၅၀ ခန့်ရှိသည်ဆို၏။ မြေညီလမ်းကြောဆိုလျှင်  ဤခရီးတာလောက်ကို အချိန်သည်မျှကြာအောင် သွားရမည်မဟုတ်။

အုန်းဖန်မှ ထွက်လာပြီးနောက် တောင်ပေါ်လမ်းဖြစ်သော်လည်း လမ်းကြောခပ်ပြေပြေဖြစ်လာသည်။ ရေတံခွန် သစ်တောရုံးအနီးအရောက်မှာ နာမည်ကြီး ရေတံခွန်တခုသို့သွားသော လမ်းခွဲအမှတ်အသားတခု တွေ့ရသည်။ လမ်းမပေါ်သို့ သစ်ပင်များ ဝါးရုံများ အုပ်မိုးနေပြီး လမ်းပျက်စီးမှု များလာသည်။ အချို့နေရာတွေမှာ  ကတ္တရာ အခင်းမရှိတော့သလောက် ပျက်စီးသွားကာ ရွှံ့ဗွက်ထူလပျစ် ကျင်းတွေချိုင့်တွေကြောင့် ခရီးမတွင် ဖြစ်ရ၏။ တချက်တချက် နယ်စပ်ဘက်မှာ နွားအပြည့်တင်မောင်းလာသော ဆယ်ဘီးကားများနှင့် ဆုံတွေ့သည့်အခါ ရွှံ့စက်တွေ လွင့်စင်ထွက်လာသည်။ ထိုလမ်းမှာ မြန်မာနှင့် နယ်စပ်အထိပေါက်သော်လည်း ရှေ့တွင် မြို့ပြ အဆက်စပ်မရှိတော့သဖြင့် လမ်းပြုပြင်မှု အားနည်းလေသလား မသိ။ ကျေးရွာတွေကိုတော့ ခပ်စိပ်စိပ်တွေ့လာ ရ၏။ ကျေးရွာတိုင်းလိုလို ရွာလမ်းကို ကွန်ဂရစ်ခင်ထားကြသည်။ သူတို့ဆီက ကျေးရွာစီမံကိန်းကို အားကျ အတုယူစရာကောင်း၏။ ကျေးရွာတရွာတည်မည်ဆိုလျှင် ရေနှင့်မီးရရှိရေးကို ဦးစားပေးဆောင်ရွက်လေ့ ရှိကြောင်းသိရသည်။

နေ့လည် ၂ နာရီလောက်ရှိတော့ သစ်သားခြမ်းပေါ်တွင်  Ban Nu Poe (နုဖိုးရွာ) ဟု ရေးသားထားသော ဆိုင်းဘုတ် အလွန် လုံခြုံရေးဂိတ်တခုကို ဖြတ်သန်းအပြီး တောင်ခြေတနေရာမှာ ခေါင်မိုးချင်းထိမတတ်  ပြွတ်သိပ် ဆောက်လုပ်ထားသောတဲအိမ်များရှိရာ  လူနေရပ်ရပ်ဝန်းတခု ကွင်းကွင်းကွက်ကွက် ပေါ်လာသည်။ အဆောက်အဦ အားလုံးကို အင်ဖက်မိုးထား၏။ မကြာမီအချိန်တွင်းမှာပင် ကိုမိုးသောက်တို့ စီးနင်းလိုက်ပါ လာသော ကားပြာလေးလည်း ခေါင်မိုးရှည်ရှည် အဆောက်အဦးတွေအနီးရှိ  ရွက်ဖျင်မိုးထားသော မဏ္ဍပ် တခုရှေ့တွင် အခြားကားများနည်းတူ ရပ်နားလိုက်သည်။ မဏ္ဍပ်ထဲတွင် နေထိုင်ရေးစီစဉ်နေရာချပေးမည့် စခန်းတာဝန်ရှိသူများ အသင့်ရောက်ရှိနေပြီး…  လာရောက်ကြိုဆိုသူမိတ်ဆွေအချို့ကိုလည်း  တွေ့လိုက်ရ သည်။  အိပ်မက်မြေကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိခြေချမိပြီတည်း…။

(ဆက်လက်ရေးသားပါမည်)

ဝေမော်
၁၃-၁၀-၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...