ကျွန်တော်တို့ စက်ရှုံမှာ စက်ပြင်ကာလကို တစ်လခွဲလောက်
မနက်
၇း၀၀ နာရီ မှ ည ၁၀း၀၀ အထိ နားရက်မရှိ အလုပ်ဆင်းရပြီနောက်၊
၁၀.၁၀.၂၀၁၃မှာစက်ရုံ စတင်လည်ပတ်ခဲ့ပါတယ်။
ဒါပေမဲ့ SP မှာ စက်ရပ်ထားတာကြာတာကြောင့် အေးခဲနေတဲ့အစာ
(ကျောက်မှုန့် မြေမှုန့် )တွေက ပိုက်လုံးကြီးမှာ ပိတ်နေပါတယ်။ မြင်အောင်ပြောရရင် ကြီးမားတဲ့ပိုက်လုံးရဲ့အောက်ခြေမှာ အေးနေတဲ့ အစာဟောင်းတွေက ပိတ်နေတယ်။
အစာဟောင်းတွေရဲ့အထက်မှာ စက်ရုံ လည်ပတ်ထားတဲ့အတွက်
အပူချိန် ပျမ်းမျှ ၈၀၀ မှ ၁၀၀၀ ကြားရှိတဲ့ အစာတွေရှိပါတယ်။
ထိုပြဿနာကိုဖြေရှင်းဖို့အတွက် အထက်အရာရှိတွေက စက်ကိုမရပ်ချင်ပါဘူး။
အန္တရယ်ကင်းအောင် စက်ကိုရပ်ပြီး ပူနေတဲ့အစာတွေကိုအေးအောင်စောင့်ပြီးမှ ပိတ်နေတဲ့ အစာတွေကို ရှင်းထုတ်သင့်ပေမယ့်၊ စက်ကိုတစ်ပတ်ခန့်ရပ်လိုက်ရင် ဆုံးရှူံးမှုတွေအတွက်
ရုံးချုပ် ကိုဖြေရှင်းချက်ပေးရမှာဖြစ်ပြီး၊
စက်ရုံမှူးအနေနဲ့ နာမည်ပျက်နိုင်ပါတယ်။ စက်ရုံမှူးနေရာကစဉ်းစားရင်
သူကစက်ရုံမှူးနေရာမှ ထုတ်ပယ်ခံရမှာကြောက်ပါတယ်။
ပြီးတော့ စက်ရုံလည်ပတ်ရင်သူ့အတွက် တစ်နေ့ကို ဘိလပ်မြေတန် ၃၀
ခွဲတန်းရရှိပါတယ်။ ဒါကြောင့် တာဝန်ရှိသူ ဗိုလ်မှူး၊ဗိုလ်ကြီး
အရာရှိအဆင့်ဆင့်ဟာ သူတို့တွေရဲ့ အတ္တတွေကို အရင်းခံပြီး အန္တရယ်အလွန်များတဲ့
ဆုံးဖြတ်ချက်ကိုချခဲ့ပါတယ်။ အဲ့ဒါကတော့ စက်ကိုလည်လျှက် ပိုက်လုံးကြီးထဲရှိ
အစာပိတ်နေတဲ့နေရာက အပေါက်လေးကိုဖွင့်ပြီး ပိတ်နေတဲ့အစာတွေကို သံပိုက်နဲ့
ထိုးချရဖို့ပဲဖြစ်ပါတယ် ။ အထက်အမိန့်အရ ၀န်ထမ်းတွေဟာ သံပိုက်နဲ့ထိုးရပါတယ်။
တခါထိုးရင် နှစ်ယောက်သာ ထိုးလို့ရပါတယ်။ ထိုးချတဲ့သူနှစ်ယောက် မောပြီဆိုရင်
နောက်နှစ်ယောက်က ၀င်လုပ်ရပါတယ်။ အလှည်ကျပေါ့ဗျာ။
ဒီလိုနဲ့ 15.10.2013ရက်နေ့၊ နေ့လည်ပိုင်းမှာ ပိတ်နေတဲ့ နေရာအနည်းငယ်
ပွင့်သွားပြီး ပန်းထွက်လာတဲ့အလွန်တရာ ပူလွန်းလှတဲ့ အစာ(ကျောက်မှုန့်
မြေမှုန့်)ကြောင့် ကလေးလုပ်သားဖြစ်တဲ့ ပြင်ပအလုပ်သမား ၁၄နှစ်သားလေးဟာ
ဝတ်ထားတဲ့ဘောင်းဘီပါပြတ်ထွက်သွားပြီး၊ အပူလောင်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။ အနီးနားမှာရှိတဲ့ ၀န်ထမ်းတွေပါ အပူလောင်ဒဏ်ရာတွေရရှိခဲ့ပါတယ်။
အနည်းငယ်သာပွင့်သွားတဲ့အတွက် ပိုက်လုံးကြီးဟာ အစာတွေနဲ့ပြန်ပိတ်သွားခဲ့ပါတယ်
ဒါကပထမအကြိမ်မှာပါ။ အန္တရယ် အလွန်ရှိမှန်း လက်တွေ့သိခဲ့ရပြီးပါပြီ။
လုံးဝအန္တရယ်ဖြစ်နိုင်မှန်းသိတယ်။ ဒါပေမယ့် အလုပ်ကိုမရပ်ဘူး။ စက်ကို မရပ်ဘူး။ ပြီးတော့အကာအကွယ်ပစ္စည်းမပေးဘဲ ဆက်လုပ်ခိုင်းပါတယ်။
အဲဒီနေ့ ညပိုင်းကျတော့ ဝန်ထမ်းသုံးလေးယောက် ပြင်းထန်စွာအပူထပ်လောင်ပါတယ်။ ဒါကဒုတိယအကြိမ် အဖြစ်အပျက်ပါ။
အန္တရယ်ဖြစ်ကို ဖြစ်မယ်ဆိုတဲ့အနေအထားဆိုတာ လုံးဝသေချာနေပါပြီ။
သို့ပေမယ့် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့စိတ်မျိုးနဲ့
အကာအကွယ်ပစ္စည်းတောင်မပေးဘဲ ဆက်ပြီးလုပ်ခိုင်းပါတယ်။
အဲဒီလိုနဲ့ လုပ်လာလိုက်တာ 17.10.2013 ရက်နေ့ရောက်တော့
ပိတ်နေတဲ့အပေါက် ဟာပွင့်ထွက်သွားပြီး ဗုံးပေါက်ကွဲသွားသလိုဘဲ၊
ပြီးတော့ အစာပူတွေတရှိန်ထိုးပွင့်ထွက်လာတဲ့အတွက်
အလုပ်လုပ်နေတဲ့ဝန်ထမ်းတွေလဲ သွေးရူးသွေးတန်းနဲ့ ဘာမှမမြင်ဘဲ ပြေးကြလွှားကြ
အသက်ရှူကြပ်ကြနဲ့ပေါ။့ မပြေးသာလိုက်တဲ့ ကျနော့သူငယ်ချင်း
ကျော်ဝင်းထွဋ်(ကျောက်ဖား) တယောက်ကတော့
ခါးဝက်လောက်မြုတ်ပြီး၊ ပြင်းထန်းလွန်းတဲ့အပူရှိန်ရှိတဲ့ ကျောက်မှုန်တွေကြားထဲမှာ မချိမဆန့် ခံစားရနေပါပြီ။ တခြားဝန်ထမ်းတွေဟာလဲ ကိုယ့်အသက်အတွက် ဘာမှမမြင်ရတော့တဲ့
အခြေအနေမှာ အချို့က အထပ်မြင့်ရဲ့ လက်ရမ်းသံပိုက်ပေါ်ကိုတွယ်တက်ပြီး
ခိုနေရပါတယ်။ အောက်မှာ ကျောက်အမှုန့်ပူတွေ ရှိနေတဲ့အတွက် ခြေချလို့မရပါဘူး။
ဒီလိုနဲ့ ၁၅ မိနစ်လောက်ကြာတော့ ပတ်ဝန်းကျင်ကို အနည်းငယ်ပြန်မြင်ရပါပြီ။
ကျနော့သူငယ်ချင်း ကျော်ဝင်းထဋ်ရဲ့ အဖြစ်အပျက်ကိုမြင်တော့ အနားမှာ
လက်ရမ်းပေါ်ကိုတက်ပြီး သူနဲ့အတူလုပ်ကိုင်နေရတဲ့ ၀န်ထမ်းက
သူခံစားရတဲ့အပူဒဏ်ကိုမေ့ပြီး သူ့ လုပ်ဖော်ကိုင်ဖက်
ရဲ့အဖြစ်ကိုမကြည့်ရက်တဲ့အတွက် ကယ်ဖို့ဆင်းသွားခဲ့ပါတယ်။
သို့ပေမယ့် သုံလှမ်းလောက်သာလှမ်းနိင်ပြီး အပူဒဏ်ကိုမခံနိုင်တော့တဲ့အတွက်
လက်ရမ်းသံပိုက်ပေါ် အမြန်ပြန်တက်ခဲ့ရပါတယ်။
သံပိုက်ပေါ်မှ တခြားဝန်ထမ်းတဦးက သူ့အနားမှာရှိတဲ့ ၀ါလုံးကိုယူပြီး
ကျော်ဝင်းထွဋ်ဆီကို ကမ်းပေးလိုက်ပါတယ်။ ကျော်ဝင်းထွဋ်းဟာ သူ့ကိုကမ်းပေးတဲ့
ဝါးလုံးလေးကို နောက်ဆုံးရှိသမျှအားနဲ့ တချက်တော့ ကိုင်လိုက်နိုင်ပါတယ်။
ဒါပေမဲ့ ခဏလေးအတွင်းမှာပဲ နောက်ကိုလန်ကျသွားပါတယ်။
သူက အဲ့ဒီနေရာမှာပဲ ဆိုးဝါးစွာခံစားရင်း အသက်ပေးလိုက်ရပါတယ်။
သူဟာကျောက်မှုန့်တွေပိလို့ သေဆုံးရတာမဟုတ်ပါဘူး။
ပြင်းထန်တဲ့ အပူဒဏ်ကြောင့်သေဆုံးရတာပါ။
ပိုပြီးရင်နာစရာကောင်းတာက သူ့မှာဇနီးနဲ့ ရင်သွေးတစ်ဦးကျန်ခဲ့ပါတယ်။
ဒါကတတိယအကြိမ် အဖြစ်အပျက်ပါ။
အခုမြိုင်ကလေးဆေးရုံမှာ ဒဏ်ရာပြင်းထန်သူ များတက်ရောက်လျှက်ရှိပါတယ်။
ကျနော့သူငယ်ချင်းသေဆုံးတဲ့ အနေအထားကိုကြည့်ပြီး
တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(M.E.C)
အမှတ်(၂)တန်၄၀၀၀ ဘိလပ်မြေစက်ရုံ မြိုင်ကလေးက ဝန်ထမ်းတွေဟာ
အကာအကွယ်မဲ့ နေတယ်လို့ခံစားရတယ်။ အထူးသဖြင့်ဥပဒေရဲ့ အကာအကွယ်ပေါ့။
လူတယောက်လုံး သေနေတာတောင်မှဘဲ လူသေမှုအနေနဲ့ ဘယ်ရဲမှ လာမစစ်ဆေးဘူး။
ကြက်ကလေး၊ ငှက်ကလေး သေသွားသလိုဘဲ ဘာမှမထူးဘူး။
ကျတော်တို့အကူအညီမဲ့နေပါတယ်။ ဘယ်သူ့ကို အကူအညီတောင်းရမယ်ဆိုတာလည်း
ကျနော်တို့မသိပါဘူး။ ကျနော်တို့တွေ ဘယ်လိုလုပ်သင့်တယ်ဆိုတာ
အကြံပေးကြပါခင်ဗျား။
အကူအညီပေးနိုင်တဲ့ သူတော်ကောင်းတွေနဲ့တွေ့အောင် အပန်းမကြီးဘူးဆိုရင် Like
& share လုပ်ပေးချင်းဖြင် ကူညီနိုင်သူများသိရှိအောင်
ကူညီပေးကြပါခင်ဗျာ။ ။
ကျေးဇူးတင်ပါတယ်
ဖိနှိပ်ခံ တန်၄၀၀၀မိသားစု —
0 comments:
Post a Comment