Saturday, October 19, 2013
“ ရှင်သန်ခြင်း…. ”
October 19, 2013 at 8:54am
ခုတလော နေ့ ညမပြတ်မိုးရွာနေတာ ဒီမနက် နေရောင်လေးမြင်ရလို့ ကျုပ်ပျော်သွားတယ်….
ဒါတောင် မိုးသားတိမ်လိပ်တွေကတက်လာချင်သေးတယ်….တော်သေးတာပေါ.့.သူရိန်နေမင်းကို ဒင်းတို့ အံမတုနိုင်ဘဲ ပြန်ပျောက်ကွယ်သွားပေလို့ ….။
ဟုတ်တယ်..ဒီလို နေ့ မျိုး မိုးမရွာဘဲ ခြေခင်းလက်ခြင်းသာမှ ကျောင်းကန်ဘုရားသွားကြသူတွေ အဆင်ပြေတာပေါ့ ….။
ဒီနေ့ လား….သီတင်း ကျွတ်လပြည့်နေ့ လေ…..ဘာတဲ့ ..အဘိဓမ္မာအခါတော်နေ့ ဆိုလား…
အို..ဘယ်လိုခေါ်ခေါ် ဒီနေ့ ရောက်ရင် ကျုပ်က ပျော်တယ်..ဘာလို့ လဲဆိုတော့ ကျုပ်လည်းကျုပ်ခန္ဓာကိုယ်အစိတ်အပိုင်း နဲ့  မြတ်စွာဘုရားရှင်ကို မီးပူဇော်ခွင့် ရလို့ ....သြော်.. ကျုပ်ခန္ဓာကိုယ်နဲ့ မီးပူဇော်တယ်ဆိုလို့  မျက်စိလည်သွားပြီလား….
ဟုတ်သားပဲ..ပြောချင်ဇောတွေကြီးပြီးကျုပ်ကိုယ်ကျုပ်မိတ်မဆက်ပေးရသေးဘူးပဲ…
ကျုပ်ကတော့ ဗာဒံပင်ပါ…လူတွေကတော့ ဗန်ဒါလို့ အသံထွက်ခေါ်ကြတာပါပဲ…ကြံတုန်းကြွားရဦးမယ်…
ကျုပ်တစ်ပင်လုံး လူတွေအတွက် အသုံးဝင်တာပေါ့ ဗျာ…ဘာလဲ..မယုံဘူးလား….အေးပေါ့ လေ..ဒီလို မိုးလေးအေးနေတုန်းတော့
ကျုပ်တန်ဖိုးဘယ်သိသေးပါ့ မလဲ…. မိုးမရွာ လေမတိုက်ဘဲ ပူပြင်းခြောက်သွေ့ တဲ့ အခါမှဗာဒံရိပ်ဟာ ဘယ်လောက်အေးမြလဲဆိုတာ သိလာလိမ့်မယ်..ကြည့်နေ …နွေရာသီဆို ဆိုင်းဘုတ်လေးတွေပေါ်လာပါလိမ့်မယ်..
“ဗန်ဒါရိပ်အအေးဆိုင် ”တို့ …“ဗန်ဒါရိပ် ကြံရည်ဆိုင် ”တို့ …
နောက်ပြီး ကျုပ်ရဲ့ အသီးက တန်ဖိုးမရှိပေမယ့်  အထဲကအဆံဖြူဖြူလေးတွေကသိပ်ဆိမ့်တာ…ကလေးတွေဆို အသီးကိုအုတ်ခဲ နဲ့ ကြေအောင် ထုပြီး အထဲကအဆံလေးတွေ ကိုအလုအယက်စားကြတာ..ခုဆိုဆရာဝန်တွေသုသေသနလုပ်ရင်းကျုပ်အသီးထဲ            က အဲ့ ဒီအဆံလေးတွေကကျန်းမာရေးအတွက်တော်တော်အကျိုးပြုတယ်ဆိုလားပဲ..ဆရာကြီးပြောနေသံကျုပ်ကြားတယ်…
ဒီတော့ကျုပ်လည်း နည်းနည်းမာန်တက်မိတာပေါ့ ဗျာ..ဟဲ..ဟဲ
ဟော..ပြောနေရင်းလူငယ်တစ်သိုက်ကျုပ်နားလာနေပြီ….ကျုပ်ကိုမော့ကြည့်ပြီးပြောနေတယ်
“ဟာ..အတော်ပဲ ၊ အရွက်စိမ်းရော ၊ အရွက်နီလေးတွေရောရှိတယ်ကွ”
ပြောပြောဆိုဆို နဲ့  သူတို့ ထဲကတစ်ယောက်ကျုပ်ပေါ်တက်လာတယ်…အရင်ဆိုရင်တော့ သူတို့ လက်လှမ်းခူးရုံပါပဲ..
ဒါပေမယ့်  ခု ကျုပ်အရပ်က မြင့်လာတော့ သူတို့  မမီတော့ဘူးပေါ့ …
မိုးရွာထားလို့ ကျုပ်ကိုယ်ပေါ်က အရွက်လေးတွေဖုန်မရှိဘဲပြောင်လက်နေတာသူတို့ သဘောကျပုံပဲ…
သူတို့  လိုချင်တဲ့  အစိမ်းရောင် ၊ အနီရောင် အရွက်လေးတွေ ရွေးခူးနေတုန်းမိုးခြိမ်းသလို အော်လိုက်တဲ့ အသံကြီးထွက်လာတယ်…
“ဟေ့ကောင်တွေ …ဘာလို့ ဒီလောက်အများကြီးခူးနေတာလဲကွ”
“ဟာ..ဘကြီး .. ကျွန်တော်တို့  ဒီည လမ်းတလျှောက်လုံး ဒီဗာဒံရွက်မီးပုံးလေးတွေနဲ့ အလှဆင်မလို့ပါ ”
“ဟ…ဒီတစ်ရပ်ကွက်လုံး ငါ့ အပင်တစ်ပင်တည်းရှိတာလားကွ ၊ မင်းတို့ ခူးတာများနေပြီ ၊တော်တော့….”
“အဖိုးကြီးကွာ..တိုစရာမရှိ တိုနေပြန်ပြီဒီအရွက်လေးတွေ ပေးရုံနဲ့ သူကုသိုလ်ရမယ့်ဟာ..နောက်ပြီးဒီအပင် သူတစ်ယောက်တည်းပိုင်တာလည်းမဟုတ်ဘူး၊ ဆရာကြီး လည်း တစ်ဝက်ပိုင်တာကို..”
“ဟေ့ ကောင် …အခါကြီးရက်ကြီးပြသနာမဖြစ်ချင်ပါနဲ့ ကွာ..လာဆင်းခဲ့တော့..ဒီလောက်ဆိုရလောက်ပါပြီ”
အောက်ကကောင်လေးပြောလို့ သာ ဆင်းလာရပေမယ့် ဒီသူငယ်ကျေနပ်ပုံမရဘူး..
သူတို့ ရသလောက်အရွက်လေးတွေယူပြီးပြန်မလို့ ပြင်နေတုန်း ဆရာကြီးဦးလူဇော်ရောက်လာတယ်
“ ဗာဒံရွက်မီးပုံးလေးတွေ လုပ်မလို့ လားကွယ့်”
“ဟုတ်ကဲ့ ဆရာကြီး…ကျွန်တော်တို့  ဒီလမ်းသွယ်လေးတစ်လျှောက်လုံး တစ်ဖက်တစ်ချက်မှာလုပ်မလို့ ပါ ”
“အော်..ကောင်းတာပေါ့ ကွာ…ခုခေတ်လျှပ်စစ် မီးပုံးအမျိုမျိုးပေါ်လာတော့ဒီဗာဒံရွက်မီးပုံးလုပ်တတ်သူရှားသွားပြီ.. မင်းတို့ လူငယ်လေးတွေပေမယ့်  ဒီလိုရိုးရာမီးထွန်းပုံမျိုး စိတ်ကူးမိတာတော်တယ်ကွာ ”
“ဟုတ်ကဲ့ …ဆရာကြီး ၊ ခွင့် ပြုပါဦး…ကျွန်တော်တို့  ညအမီ ပြီးအောင်အမြန်လုပ်ရမှာမို့ ပါ”
“အေးအေး…သွားကြ လေ..”
လူငယ်တစ်သိုက် ထွက်သွားတော့ဆရာကြီလူဇော်ဟာ ကျုပ်ကိုမော့ကြည့်ပြီး ပြုံးနေပါတယ်..
သူ့ မျက်လုံးတွေက အတိတ်ကို လွမ်းဆွတ်နေပုံရပါတယ်….
ဘာပဲပြောပြော ဒီအချိန်ရောက်ရင် ကျုပ်လည်း ဆရာကြီး လူဇော်နဲ့  ဟိုဦးလူမော်တို့ အကြောင်းတွေ အမြဲတွေးပြီးသံဝေဂရမိတယ်….။
ဘာလို့ လဲဆိုတော့သူတို့ တွေကြားမှာ ကျုပ်က ပွဲကြည့်ပရိသတ်လုပ်ခဲ့ရတာကြာခဲ့ ပြီပဲလေ
xxxxxxxxxxxxxxxx
အရင်တုန်းကတာ့ ခုလိုမျိုးကျုပ်ကို ခွပြီး ခတ်ထားတဲ့ အဖြူရောင်အုတ်တံတိုင်းကြီးမရှိပါဘူး။
ဘာလို့ လည်းဆိုတော့  ခေါင်းရင်းအိမ် နဲ့ ခြေရင်းအိမ်က ဘိုးဘွားပိုင်မြေတစ်ကွက်တည်းမှာဆောက်ထားကြလို့ ပါ။
့ ဦးလူဇော် နဲ့ ဦးလူမော်ဆိုတာ ညီအကို အရင်းကြီးလေ…
ဘာလဲ.. ဦးလူဇော်ရဲ့  တဲသာသာပျဉ်ထောင်အိမ် လေးနဲ့  ဦးလူမော်ရဲ့  ရဲတိုက်ကြီးလို ဟိန်းနေတဲ့ နှစ်ထပ်တိုက်ကြီး ကို
ယှဉ်ကြည့်ပြီး ညီအကိုတွေဘာလို့ ဒီလောက်ကွာခြားရတာလဲလို့ တွေးနေတာလား…
ဒီမှာ..မေးဦးမယ်…ဦးလူမော်ရဲ့ ရဲတိုက်ကြီးနဲ့ ဆရာကြီးဦးလူဇော်ရဲ့  ပျဉ်ထောင်လေး …အဲ့ ဒီအထဲက ဘယ်မှာနေချင်
သလဲမေးရင် ဘယ်လိုဖြေမယ်ထင်လဲ..ဘာ..ဦးလူဇော်ရဲ့ တိုက်ကြီးကိုပဲရွေးမှာပါ.ဟုတ်လား....
အဲ့ ဒါအကြောင်းမသိတဲ့ သူပဲပြောမှာပါ…
အကြောင်းသိနေတဲ့ ကျုပ်ကတော့ ဆရာကြီးရဲ့  မေတ္တာလွှမ်းနေတဲ့ တဲသာသာအိမ်လေးမှာပဲနေမှာ..
ဒီတိုက်ကြီးထဲမှာလား…ဦးလူမော်ရယ်တို့ သားအဖနှစ်ယောက်တည်းနေတာလေ…အော်..အလုပ်သမားတွေတော့ရှိတာပေါ့ ..
အဲ့ ဒီအလုပ်သမားတွေလည်း နားအရေထူနေပါပြီဗျာ…
ဦးလူမော့်မိန်းမဆုံးသွားတာကြာပြီ…မဆုံးခင်ကလည်းသူ့ မိန်းမကခပ်အေးအေးပါဗျာ…အသံကိုမထွက်တာ.
.ဦးလူမော်ထားရာနေတာပါ….သိမ်မွေ့ ရှာပါတယ်..ဒါပေမယ့် သူ့ သမီးကျတော့ ဦးလူမော် ရဲ့ ကိုယ်ပွားလို့ တောင်ပြောလို့ ရပါရဲ့ …
အပြောအဆိုခက်ထန်တာရော ၊ ကပ်စေးနည်းတွန့် တိုတာရော ၊ ဘယ်သာရေးနာရေးမှမသွား၊ ဘာမှမလှူမတန်းတာရော..
အကုန် တူတာဗျို့ …
ခုလည်းသူ့ အဖေ ဦးလူမော်လုပ်နေတဲ့ နေ့ ပြန်တိုးပေးတာ ၊ အပေါင်ခံတာတွေဆက်လုပ်နေတယ်လေ…အမလေး..ပိုက်ဆံလိုရင်တခြားမှာသာသွားရှာပါဗျာ.. ကျုပ်ကအကြောင်းသိလို့ ပြောပြတာ…ဒီအပျိုကြီးက ပိုက်ဆံကို တစ်ပြား ကနှစ်ပြားရသလောက်ခွာတာကလား..
ဒါကြောင့်လည်း သူ့ အဖေ လက်ထက်က တစ်ထပ်တိုက်ကနေ အခုနှစ်ထပ်တိုက်ကြီးဖြစ်လာတောပေါ့ …
ဘာ.. စီးပွားရှာတာပဲ..ဟုတ်လား..တော်..တော်..
သူများသောကအပူတွေ ကနေ ရတဲ့ အမြတ်တွေပါဗျာ…သူ့ ဆီသွားပေါင်ရင် မတန်တဆ နှိမ်ပစ်တာ… အတိုးကျတော့
တစ်ရက်စွန်းတာနဲ့ တစ်လစာ ယူတာပဲလေ… ဘာ.. ကင်းကင်းနေပေါ့ ..ဟုတ်လား..
ဒီရပ်ကွက်ကလူတွေကလည်းခက်တယ်ဗျ၊ စားစရာသာမရှိရင်နေရမယ်..နှစ်လုံးထီလေးထိုးချင်တာနဲ့ ဘောလုံးပွဲလေးလောင်းချင်တာနဲ့ ဆိုတော့ ရှာတာနဲ့  သုံးတာမကာမိကြသူတွေရှိတယ်ဗျ၊အဲ့ ဒီတော့  အိမ်မှာရှိတာတွေပေါင်ကြ ၊လောင်းကြ ၊ နိုင်ရင်လာပြန်ရွေးကြ ၊ ရှုံးတော့ပြန်ပေါင်ကြ…ဒီလိုနဲ့ သံသရာလည်နေသူတွေရှိလေ..ဒီလိုလူတွေများလာရင်..ဒီသားအဖကတော့မျက်ဖြူစိုက်လေ ..ဆရာကြိုက်လေ..ဆိုသလိုပေါ့ ..။
လောင်းကစားဝါသနာပါတဲ့ သူတွေမွဲလာလေလေ…ဦးလူမော်တို့  ပိုပိုချမ်းသာလာလေပေါ့ ဗျာ…သူ့ သမီးအပျိုကြီးဆို အိမ်နေရင်းလက်ကောက်တံတောင်ဆစ်လောက်ဝတ်ပြီး မျက်နှာကိုချီနေတာပဲ…
ဘာ..အပျိုကြီးဆိုတာဒီလိုပဲဟုတ်လား..မှားနေပြီ…ဆရာကြီးဦးလူဇော် ရဲ့ သမီးလည်းအပျိုကြီးလေဗျာ…
ဒါပေမယ့်  လုံးဝ..လုံးဝ မတူဘူးဗျား
Xxxxxxxxxxxxxxxxxx
အင်း…ဦးလူမော်အကြောင်း ပြောရတာဒေါသတောင်ဖြစ်လာပြီ..ဒီတော့ အေးချမ်းသွားအောင် ဆရာကြီးဦးလူဇော်
အကြောင်းပြောမယ်။ပြောမယ့်သာပြောတာ…သူတို့ ညီအကို က ကံတူအကျိုးပေးတွေလေ….
မိန်းမ တွေဆုံးပြီးမုဆိုးဖိုဖြစ်နေတာရော…သမီးတယောက်တည်းပဲရှိပြီးအိမ်ထောင်မပြုတာရော…
အဲ..မတူတာ ကတော့နေပုံထိုင်ပုံပဲဗျို့ …။ဒီသမီးနှစ်ယောက်လည်းကလေးဘ၀တုန်းကတော့ညီအမချင်းတည့်ပါတယ်.. ကျုပ်အရိပ်မှာအတူတူလာဆော့ကြတာမှတ်မိသေးတယ်…
ကြွေကျလာတဲ့ ဗာဒံရွက်တွေကို ပါးပါးလေးလှီး ၊အုတ်နီခဲမှုန့် တွေရေဖျော်၊သဲလေးတွေပါထည့်ပြီး အသုတ်စုံလုပ်တမ်းကစားခဲ့တာများမနေ့ တနေ့ ကလို မြင်ယောင်မိပါရဲ့ ….
အင်း….ဒီညီအမလည်း လူကြီးတွေအရောင်ဆိုးတာခံရတာပါဗျာ….
မိဘတွေလည်းဆုံး၊ဇနီးတွေလည်းဆုံးတဲ့ အချိန်မှာ ဦးလူဇော်က အလယ်တန်းပြဆရာဘ၀နဲ့  သမီးလေးကို ဆယ်တန်းအောင်အောင် ပြုစုပျိုးထောင်နေရချိန်ပေါ့ …။ဦးလူမော်ကတော့ အဲ့ ဒီအချိန် ၂ လုံး ထီ နဲ့ ချဲထီ ခေတ်ကောင်းတုန်း
ဒိုင်ကိုင် ၊ အပေါင်ခံပြီးစီးပွားတွေဒီရေလို တရိပ်ရိပ်တက်လာပြီလေ…။
ဆရာဦးလူဇော်သမီးဆယ်တန်းအောင်လို့ အဝေးသင်တက်ရင်းအလုပ်လုပ်နေတဲ့ အချိန်မှာဦးလူမော်ကတော့  ဆယ်တန်း တဖုန်းဖုန်းကျနေတဲ့ သမီးကိုကျောင်းဆက်မတက်ခိုင်းတော့ဘဲသူ့ အလုပ်တွေလုပ်တတ်အောင်သင်တယ်….။ အိမ်အသေးလေးကိုဖျက်ပြီးတိုက်ဆောက်တယ်..ပြီးတော့အုတ်တံတိုင်းပါခတ်ချင်လာတယ်..
ရှင်းရှင်းပြောရင် မပြေလည်တဲ့ ဦးလူဇော် နဲ့ ကင်းကင်းနေချင်တာလည်းပါတာပေါ့ …
ဦးလူဇော်ကလည်းမာနတော့ရှိပါတယ်….သားအဖနှစ်ယောက် သမ္မာအာဇီဝအလုပ်က့ ရတဲ့ ပိုက်ဆံနဲ့  ပဲလောက်အောင်ခြွေတာ သုံးတယ်…သူ့ ညီ နဲ့ ကင်းကင်းနေတာပါ..။အဲ့ ဒီအချိန်ထိ ညီအကိုတွေဘာပြသနာမှမရှိကြသေးဘူး…
အဲ…ဒါပေမယ့်   ဦးလူမော်က အုတ်တံတိုင်းခတ်တော့ ကျုပ်ကိုသူတို့ ခြံဝင်းဘက်လည်းသွင်းရော ညီအကိုတွေ စကားများကြတော့တာပဲလေ..။
ဦးလူဇော်က ကျုပ်ပင်စည်ကိုပတ်ပြီး ကွပ်ပျစ်လေးလုပ်ထားတယ်…
နွေရာသီဆို ဦးလူမော်တို့  တိုက်ထဲမှာ လေအေးစက်နဲ့ ငြိမ့် နေချိန်မှာ ဦးလူဇော်တို့ သားအဖကဒီကွပ်ပျစ်လေးမှာပဲ နေတာလေ…
နောက်ပြီး..ရပ်ကွက်ထဲကကလေးတွေကိုခေါ်ပြီး နွေရာသီသင်တန်းဆိုပြီး အင်္ဂလိပ်စကားပြောတတ်အောင်၊ ဗုဒ္ဓဘာသာအဆုံးအမတွေ သိအောင်သူတို့ သားအဖကသင်ပေးကြတာလေ….။
ဘာ..ပိုက်ဆံဘယ်လောက်ယူလဲဟုတ်လား..အဲ့ လိုမေးတာသာဆရာကြီးဦးလူဇော်ကြားရင် သိပ်စိတ်ဆိုးမှာ… တပြားမှမယူတဲ့ အပြင်.. လာတဲ့ ကလေးတွေစားဖို့ ကန် စွန်းဥပြုတ်၊ပြောင်းဖူးပြုတ် …အဲ့ လိုမျိုးတတ်နိုင်တာလေးတွေလုပ်ကျွေးသေးတာဗျ..
ဒီတော့ကလေးတွေပျော်တာပေါ့ ….မအေတွေလည်းကျောင်းပိတ်ရက်မှာသူတို့ သားသမီးတွေ ကိုမထိန်းနိုင်ရင် ဆရာကြီးတို့ ဆီအပ်ထားတာကလား…။
ဒီတော့ ဒီကွပ်ပျစ်လေးဟာ သိပ်အသုံးဝင်တာပေါ့ ဗျာ..
အဲ့ ဒါ ဦးလူမော်ကဗံဒါပင်ရောကွပ်ပျစ်ရော သူတို့ ဘက်ယူမယ်ဆိုတော့ ဆရာကြီးဦးလူဇော် ဒေါပွတာပေါ့ ….
တော်တော်လေးပြင်းပြင်းထန်ထန်ပြောကြဆိုကြပြီး ဦးလူမော်လည်းအကုန်မရတဲ့ အဆုံး ကျုပ်ကို ထက်ခြမ်းခွဲပြီးသူ့  ထဲတ၀က်ပါအောင်အုတ်တံတိုင်းခွပြီးအောင်ခပ်လိုက်တော့ ခုမြင်တဲ့ အတိုင်းပဲလေ….ကျုပ်ခေါင်းရင်းမှာကွပ်ပျစ် နဲ့ ဆရာကြီးတို့ ထိုင်နေကြပေမယ့် ခြေရင်းဘက်ခြမ်းမှာတော့ ကွပ်ပျစ်မရှိတော့ဘူး…
ညီအကိုနှစ်ယောက်လည်း အဲ့ ဒီနောက်ပိုင်းကတည်းကအခေါ်အပြောလုံးဝမရှိကြတော့တာခုထိပါပဲ….။
အဖေချင်းမခေါ်တော့ညီအမချင်းလည်းစိမ်းသွားတာပေါ့ …။ဆရာကြီးဦးလူဇော်ပင်စင်ယူပြီး သမီးကခု စာရင်းကိုင် ဖြစ်နေပြီလေ…။ ပင်စင်ယူပြီးတော့လည်းမနားပါဘူး…ရပ်ကွက်ထဲကသာရေးနာရေးလူမှုရေး တွေမှန်သမျှ ဦးလူဇော်ပဲအပင်ပန်းခံလုပ်ပေးတာ… အိမ်ကိုသာပြင်မဆောက်တာ…အလှူငွေကောက်ရင် ဆရာကြီးတို့ ကအများဆုံးထည့်တာဗျ ၊ အော..ဦးလူမော်လား…
ဟား ခင်ဗျားထင်တာမှားသွားပြီ..ဒီလောက်ကျိကျိတက်ချမ်းသာနေပေမယ့် သူ့ ကိုအလှူခံမယ့်အစားဆိုက်ကားသမားသွား အလှူခံတာကမှ သူထည့်တာထက်များဦးမယ်..ဆိုတာ ဒီရပ်ကွက်က အကုန်သိနေပြီလေ….
Xxxxxxxxxxxx
သူတို့ အကြောင်းတွေပြောနေရတာနဲ့ ညနေစောင်းလာပြီ...ဟော..ကြည့်ပါဦး..ဗာဒံရွက်လေးတွေ ဖိုခနောက်ဆိုင်ထားပြီး အထဲမှာ ဖယောင်းတိုင်လေးတွေလိုက်စိုက်နေကြတာ တောင်ပြီးတော့မှာပါလား….။
ကြည့်နေရင်း ခေါင်းရင်းအိမ်လေးကို လူတွေတဖွဲဖွဲလာနေကြပြီ…။ကဲ..ဘယ်သူတွေဘာလာလုပ်ကြလဲ နားထောင်ကြည့်ဗျ…
“ဆရာကြီးရေ…ဆရာမ လေး..သမီးတို့ လာကန်တော့တာပါ ၊မုန့် ဖိုးပေးပါနော်”
“ဆရာကြီး ၊ကျွန်တော်တို့ လည်းလာကန်တော့ပါတယ် ၊ ဒီသတင်းကျွတ်မီအောင် ကားလက်မှတ်မနဲဝယ် လာရတာ..ဆရာကြီးတို့ ကိုကန်တော့ချင်လို့  ”
“မမရေ…သမီးတို့ လည်း ဘဘကြီးနဲ့ မမ ကိုလာကန်တော့တာပါ ”
“တူမကြီးရေ.. ကလေးတွေကလာကန်တော့ချင်တယ်ဆိုလို့ လိုက်ပို့တာ..သီတင်းကျွတ်ဆို
ဆရာကြီးတို့ ကို လာကန်တော့ရမှ သားနဲ့ သမီးကကျေနပ်တာ”
ကြည်နူးဖို့ ကောင်းလိုက်တဲ့ အသံလေးတွေဗျာ….ဦးလူဇော် နဲ့ သူ့ သမီအပျိုကြီးတို့ လည်းတပြုံးပြုံးနဲ့ အကန်တော့ခံရင်း ဆုလည်းပေးတယ်..မုန့် ဖိုးလည်းပေးတယ်လေ…အမယ်..ဒီလိုညဆို မုန့် တခုခုကိုလုပ်ထားပြီးလာသမျှလူအကုန်ကျွေးတာ..
ဒီည ဘာပါလိမ့် ..အလို..မုန့် ဖက်ထုပ်ပဲ..အုန်းသီးနဲ့ သကြားဌာပနာထားတာ မွှေးနေတာပဲ..
လာကန်တော့တဲ့ သူတွေ မုန့် ဖက်ထုပ်စားပြီးမုန့် ဖိုးလည်းရတော့တပြုံပြုံးနဲ့ြုပန်သွားကြပြီ…
ဟိုဘက်တိုက်ကြီးလား..တိတ်ဆိတ်လို့ လေ…ဘယ်သူမှလာမကန်တော့ပါဘူး…။အရင်တုန်းကတော့ သူတို့ ဆီမှာ အပေါင်ခံနေကျသူတွေတစ်ဦးစနှစ်ဦးစ သွားကန်တော့ကြသေးတယ်လေ…အဲ့ ဒါအပျိုကြီးက ကွယ်ရာမှာပြောပါလေရော..
“အမလေး..လာကန်တော့တာက ချိုချဉ်လောက်အပေါစားကိတ်လောက်နဲ့  မုန့် ဖိုးပြန်ပေးရတာ မကာမိဘူး..၊မုန့် ဖိုးလိုချင်လို့ တမင်လာတာပါ”
ဒီလိုတွေပြောနေတာပြန်ကြားသွားပြီး ကတည်း က သူတို့ သားအဖ ကိုရပ်ကွက် ကချဉ်သွားတာ…နောက်သီတင်းကျွတ်တွေ
များတော့ လုံးဝ ကို ခြေဦးမလှည့်ကြတော့ဘူးလေ…။
ဟော…မှောင်လာတာနဲ့ ဖယောင်းတိုင်လေးတွေမီးညှိကြပြီပဲ…
ကြည့်ပါဦးဗျာ…ဗာဒံရွ က်အစိမ်းလေးအထဲဖယောင်းတိုင်ထည့်ထွန်းထားတော့ မီးအစိမ်းရောင်လေးလင်းလို့ .. ဗာဒံရွက်အနီရောင်ထဲဖယောင်းတိုင်လေးထည့်ထွန်းထားတော့မီပုံးနီနီလေးလိုပဲ..တလမ်းလုံးစီတန်းနေတော့လှလိုက်တာ..
ဒါကြောင့်ကျုပ်ပြောတာပေါ့ .. ကျုပ်ရဲ့  ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့  မြတ်စွာဘုရားရှင်ကို မီးပူဇော်ခွင့်ရပါတယ်လို့ …
ဟော..ဆရာကြီးတို့ သားအဖ ဗာဒံရွက်မီးပုံးလေးတွေကြည့်ဖို့ လမ်းလျှောက်ထွက်လာပြီ..ကြည့်ပါဦး..အိမ်တိုင်းထွက်ပြီး ဆရာကြီးတို့ ကို နုတ်ဆက်ကြ ၊ လက်ဖက်ရည်သောက်ဖို့ လှမ်းခေါ်ကြ နဲ့  မြင်ရတာကြည်နူးဖို့ ကောင်းလိုက်တာ…
ဟိုတိုက်ကြီးထဲကသားအဖကတော့ တံခါးပိတ်ပြီး ဒီနေ့ ဝင်တဲ့ ငွေတွေရေနေလား၊ အကန်တော့ခံရရင် မုန့် ဖိုးပေးရမှာကြောက်လို့ ငြိမ်နေတာလားပဲ..ဘာသံမှမကြားရဘဲတိတ်ဆိတ်နေလိုက်တာ…
အင်း.. မတူတဲ့ ဒီနှစ်အိမ် ကိုကြည့်ပြီး လူ့ ဘ၀မှာ အဓိပ္ပါယ်ရှိတဲ့ ရှင်သန်နေထိုင်ခြင်း..ဆိုတာ ကို ကျုပ်တွေးနေ မိတယ်… မရယ်ပါနဲ့ ဗျ..တကယ်ပြောတာပါ..
အင်း.. ကျုပ်လို ဗံဒါပင်ကတောင် လေးလေးနက်နက်တွေးနေမိတဲ့ ရှင်သန်ခြင်းကို တိုက်ကြီးပေါ်ကဟိုသားအဖတော့ သိမယ်
မထင်ပါဘူး… ၊တော်ပြီဗျာ..အာရုံနောက်တယ်..ခုလိုနေ့ထူးနေ့ မြတ်မှာ ပျော်ရွှင်ကြည်နူးတာလေးတွေကိုပဲကြည့်တော့မယ်…
ဟော..ညမှောင်လာလေလေ…ဗာဒံမီးပုံးလေးတွေ လင်းလာလေလေပဲ..
နီနီလေးတွေ…စိမ်းစိမ်းလေးတွေ…လှလိုက်တာ..လှလိုက်တာ ….။
ကြာဖြူနွယ်
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...