ရွက်ကြမ်းရေကျို စာရေးသူ တော်ရိလျော်ရိ ဘလော့ဂါ
October 8, 2013 at 3:07am

ကိုယ့်အကြောင်း ကိုယ်ပြန်တွေးကြည့်တဲ့အခါ ငယ်စဉ်ကတည်းက ကောင်းကောင်း စြွဲမဲခဲ့တဲ့ အကျင့်ဆိုလို့ စာဖတ် ဝါသနာပါတာလေး တခု သွားတွေ့မိပါတယ်။ တွေ့သမျှ လက်လှမ်းတမှီမှာ ရှိနေတဲ့ စာအုပ်ဆိုရင် ကောက်ယူပြီး နည်းနည်း လောက်တော့ မြည်းစမ်းကြည့်လိုက်တာပါပဲ …
စာဖတ်သက်လေး ရလာချိန်မှာ ကိုယ်တိုင်ရေးသားဖန်တီး ကြည့်ချင်တဲ့ ဆန္ဒစိတ် နိုးကြွစေ့ဆော် လာတတ်တာ သဘာဝကျတယ် ပြောရလေမလား …
ကျောင်းတက်တုန်းက ကိုယ်တိုင်ဖန်တီးရေးတဲ့ စာဆိုလို့ အကြမ်းဖျင်း ချတွက်ကြည့်ရင် … နှစ်မျိုးနှစ်စား လောက်တော့ သတိရနေမိတယ် … တခုက … မဖြစ်မနေ ဖိအားပေးလို့ ရေးရတာ … (စာမေးပွဲမှာလေ) အဲဒါလေးမှ မရေးပြန်ရင်လည်း မြန်မာစာ သင်တဲ့ ဆရာ/ဆရာမနဲ့ ထိပ်တိုက်တည့်တည့်တိုးတော့မှာ .. ဒီတော့ မရေးချင်လည်းရေး.. ရေးချင်လည်းရေး .. အတွေးစိတ်အာရုံ သိပ်မသုံးဘဲ ဝတ်ကျေတန်းကျေ ရေးလိုက်မိတဲ့ … စာစီစာကုံး …. တခါတလေ စိတ်ထဲမှာ အာရုံကျတော့လည်း ဖွဲ့ကာနွဲ့ကာ စီကာပတ်ကုံး ရေးဖြစ်လိုက်ပါရဲ့ ..
မှတ်မှတ်ရရ ၈ တန်းနှစ် ပထမအစမ်း စာမေးပွဲစစ်တော့ စာစီစာကုံးမှာ သီတင်းကျွတ်နဲ့ ပတ်သက်တာ ပါမယ်လို့ အသေအချာ ခန့်မှန်းပြီးသား … ဆိုကောင်းမြည်ကောင်းပါပဲ ဖတ်မိတဲ့ မဂ္ဂဇင်း တအုပ်ထဲမှာ သီတင်းကျွတ်လနဲ့ ပတ်သက်တဲ ဆောင်းပါးတပုဒ် ပါလာတယ်လေ … ‘သီတင်းကျွတ်’ လ ကို ဟိုးအရင်က ‘သန်တူ’ လ လို့ ခေါ်ကြောင်း .. သန် (ကောက်စပါး)၊ တူ (ထိုးထွက်ထောင်မတ်သော) … ဒါကြောင့် စပါးသီးနှံတို့ အဖူးအပွင့် ဆင် သီးနှံတွေဝေဖြာတဲ့ လ .. ဘာညာ သာရကာ ရွှီးထည့်လိုက်တာ မြန်မာစာမှာ ဂုဏ်ထူးအမှတ် ရပါရောလား … ။
နောက်တခု … အင်း …….. နောက်တခုက … ပြောရမှာတောင် စိတ်မလုံသလိုလို … ဟိုကောင်မလေး ညိုတိုတို .. ဇာတ်လမ်းမျိုးတွေဖြစ်မပေါ့နော … အဲတုန်းက တစောင်တမတ်ပေးရတဲ့ ပို့စ်ကတ် … ရောင်စုံပုံလှလှလေး တွေကို … အမေပေးတဲ့ မုန့်ဖိုးထဲက ဖဲ့ဖဲ့ပြီး ဝယ်စုထားတတ်ခဲ့တယ် … ပြီးတော့ … ကျောင်းစာအုပ်ကြားမှာ မသိမသာညှပ်ထား … တစုံတယောက်ကို … တိုက်ဆိုင်သလိုလို … မရည်ရွယ်သလိုလို ရည်ရွယ်သလိုလိုနဲ့ … တိတ်တခိုးလေး … ပေးဖတ်ရာကနေ … အတွေးချင်းဖလှယ်ကြ …
ပြီးတော့ ပို့စ်ကတ်ပေါ်ရေးထားတဲ့ သုံးကြောင်းစပ်ကဗျာ တိုတိုလေးတွေထဲက ကိုယ်နှစ်ခြိုက်ရာ စာကြောင်း လေးတွေ ဟိုတကြောင်း ဒီတကြောင်း စုပေါင်းစပ်ပေါင်းလုပ်ပြီး ကိုယ်တိုင်ရေး ကဗျာလိုလို … ဘာလိုလိုနဲ့ … နီးစပ်ရာ စာဂျပိုးတချို့ကို ပြေးပြေးပြမိတဲ့အခါ …. သူတို့က ကိုယ်ခိုးချထားမှန်း တန်းခနဲ သိတာပေါ့ … ဒီတော့ အစ်ကိုတယောက်က သူဆောင်ထားတဲ့ အခြေပြုကဗျာဖွဲ့နည်း (ဓမ္မာ စရိယ ဦးထွန်းရွှေ ပြုစုသည်) ကို ပေးဖတ် ပြီး လေ့ကျင့်စေခဲ့တယ် … ဒီလိုနဲ့ ‘စုတုပြု’ ဘာမှန်းသေချာနားမလည် ရှာဘဲ … ချောင်ကွယ်မှာ ကဗျာရေးတဲ့ အကျင့်လေးရလာတယ်။
ကိုယ်ရေးသမျှ ကိုယ်တိုင်ပြန်အားပေးဖတ်ခဲ့ရတာ … ရေးလိုက် ဖတ်လိုက် ဘဝင်မကျ ဖြစ်လိုက်နဲ့ … ရေအိမ်သုံး စက္ကူ ဘယ်မှာ အထူးအထွေ ရှာရလို့တုန်း …. ဟီ ဟိ … ပြန်ရေးပြနေရင်းကို စိတ်ထဲမှာ ကလိကလိ ဖြစ်နေ မိတုန်း ။ ထားပါတော့လေ … ငယ်ဘဝ … စိတ်ရူးကြွချိန်မှာ … ဒါမျိုးက လူငယ် ခပ်များများ ဖြစ်တတ်ကြတာ …. မြီးကောက်ပေါက်အရွယ်မှာ … ဖြစ်တတ်တဲ့ရောဂါ … ကိုယ်တယောက်ပဲ ကြုံရတာ … ဟုတ်နိုင်ဘူး ထင်ပါရဲ့ …. (သူများကို အပါဆွဲခေါ် နေပြန်ပြီ J )
နောက်ပိုင်း လူလားမြောက် အိမ်ထောင်ရက်သားကျလာချိန်မှာလည်း ဘဝအမောတွေကို ကဗျာရေးပြီး တိုးတိုးလေး အံချခဲ့ဖူးပါတယ်။ ဧရာဝတီမြစ်ကမ်းနံဘေးမှာ တယောက်တည်းထိုင်ရင်း အတွေးနယ်ချဲ့ရတဲ့ အရသာ ဘယ်မှာမှ ရနိုင်တော့ဘူး… တပ်ထဲဝင်မယ်လို့ ရွာက ထွက်လာချိန်မှာ … ရေးထားမိသမျှ .. ကဗျာစာအုပ်လေးရယ် … တိုတိုထွာထွာ အတွေးမှတ်စုလေးရယ် …. စာပေမိတ်ဆွေ တဦးဆီမှာ … အပ်ထားခဲ့တာ … အခုမှ ပြန်လိုချင်နေမိတယ် … လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ကိုယ်ဘာတွေတွေးလို့ ဘာတွေရေးခဲ့လဲ … စမြုံ့ပြန် အတွေးသစ် ကြည့်ချင်တာပါ ….
နောက်တခု … ကျနော်ဖတ်တဲ့စာအုပ်တွေ ထဲကနေ … ကောင်းနိုး ရာရာ လေးတွေ … စုစည်း ထုတ်နှုတ်ထား တဲ့ မှတ်စုစာအုပ်လေးတွေ … အဲဒါလေးတွေ လည်း သုံးရွာပြောင်း သုံးစလောင်းမကျန်တဲ့ အထဲ ပါသွားခဲ့ပြီ … အခု ကိုယ်တကယ်ရေးတော့ … ရည်ညွှန်း ကိုးကားဖို့ … မှတ်စု မှတ်တမ်း … အားကိုးစရာ ဘာတခုမှ မရှိတော့ … ဦးနှောက်မှတ်စုလေးကိုပဲ ခြစ်ခြုတ် ထုတ်သုံး နေရတာ …. ။
ပြောရရင်တော့ စာရေးဖြစ်လာတယ်ဆိုတာ … ပင်ကိုယ်ဝါသနာရယ် …. ကိုယ်မြင်တာသိတာလေးကို တခြားသူတွေနဲ့ အတွေးချင်းဖလှယ်ချင်တာရယ် သက်သက်ပါ … ရေးတဲ့နေရာမှာတော့ ရေးသလား မမေးနဲ့ ဆိုရမယ် … အတွေးပေါက်လာရင် … ညသန်ခေါင် … မထင်းစားချိန် မရွေး … ထရေးပစ်လိုက်တာ … ဒါကို အတွင်းသိ အစင်းသိ အမြင်ကပ်နေတဲ့ မဟေသီ က …. ဘွဲ့တခုပေးတာတော့ ရှိပါတယ် … ‘အလကား စာရေးဆရာ… စာမူခတွေ ဘယ်မှာ အပ်ထားလဲ’ …. တဲ့။
အငြူစူခံ … ဝေဖန်ခံမှုတွေကြားမှာပဲ … ဇွဲနဘဲကောင်းကောင်းနဲ့ ရေးလာလိုက်တဲ့စာတွေ … အတော်များလာ တော့ … ဝါသနာတူ … မိတ်ဆွေတဦးက … အကြံပြုတယ် …. ကိုယ်ရေးထားတဲ့စာတွေ …. ပြန့်ကျဲမနေစေနဲ့ .. Blog တခု ဖွင့်ပြီး စုထားရင် ကောင်းမယ် တဲ့ … မှတ်တမ်းမှတ်ရာ .. တခုအနေနဲ့ ရှိစေချင်တဲ့ သဘောပါ … အဲဒီအချိန်မှာ … ကျနော့်သား တဦးက သူ့ ကိုယ်ပိုင် Blog လေးတခုဖန်တီးပြီး … သူကြိုက်တဲ့ သီချင်းတွေကို တင်ပေးပြီး … အပျော်တမ်း ဘလော့ဂါ တဦးလုပ်နေတယ်…
သူ့အကူအညီနဲ့ပဲ ‘ဘဝခြေရာ’ blogspot.com တခု အွန်လိုင်း စာမျက်နှာတွေ ကြားထဲ ညပ်ပေါ်လာတယ် … ကိုယ်ပိုင် Blog ရှိတယ်ဆိုပေမဲ့ .. Blog နဲ့ ပတ်သက်တာ ဘယ်လောက်နားလည်လဲ ဆိုရင် … အခုချိန်ထိ စာတင်တာ … စာပြင်တာလောက်ထက် ဘာမှကှို ပိုမသိသေးပါဘူး … Blog မှာ တခုခု အခက်အခဲကြုံပြီ ဆိုတိုင်း … အပြင်အဆင်လေးတွေ ထပ်ဖြည့်ချင်တိုင်း … သားတော်မောင်ကို အားကိုးနေရဆဲ … တချို့ အကြောင်းမသိသူတချို့က ကိုယ့်ကို ထင်တလုံးနဲ့ သိချင်တာလေးတချို့ မေးမြန်းစပ်စုလာတိုင်း …. (အမည်ခံ အက်ဒမင်) နေမင်းသူ ပျာယာခပ် စိတ်လှုပ်ရှား အလုပ်များသွားတတ်တာ .. သိစေချင်လိုက်တာ …
Blog လုပ်ဖို့ အကြံပြုခဲ့တဲ့ အစ်ကိုဘက်က ဝတ္တရားကျေပါတယ် … နှုတ်၏စောင်မခြင်း သက်သက်မဟုတ် … သူပိုင်ငွေကြေးနဲ့ တနှစ်စာ Domain ဝယ်ပေးတာ နှစ်ကြိမ်ရှိပါပြီ …. ကျနော့်တာဝန်က တင်စရာရှိတဲ့ ပို့်စ်လေးတွေ အချိန်မှန်မှန် တင်ပေးနိုင်ဖို့သာပါပဲ … ဒါလေးတခု ကျေပွန်ဖို့ကို အတော်လုံးပန်းရပါတယ်…
စစချင်း Blog စာမျက်နှာဖွင့်တော့ ကျနော် ရေးခဲ့တဲ့ ပို့စ်တွေကိုပဲ ကဏ္ဍလေးအချို့ခွဲပြီး တင်ထားလိုက်တယ် .. တနေ့တနေ့ Blog အလည်အပတ်လာသူစာရင်း ကြည့်လိုက်ရင် … ၁၀ က ၂၀ အကြား … အဲဒီမှာ ကိုယ်တိုင် တက်ကြည့်တဲ့ အကြိမ်တွေက အတော်များများ ပါနေသေးတယ် … နောက်ပိုင်း … ကိုယ်ဖတ်ရတဲ့ စာတွေထဲမှာ တခြားသူကို ဖောက်သည်ချ မျှဝေချင်တဲ့ စာတွေ ရှိရှိလာတဲ့အခါ … ‘ဘလော့ဂါ စိတ်ကြိုက်’ ကဏ္ဍသစ်လေး ဖွင့်ပြီး … မိတ်ရင်း တချို့ရေးတဲ့ ပို့်စ်တွေကိုလည်း တင်ပေးဖြစ်ရာကနေ …. ခုနောက်ပိုင်း တခြားတခြားသူတွေ ရေးတာလည်း ကြိုက်တဲ့ ပို့စ်လေးများတွေ့ရင် တင်ပစ်လိုက်တာပဲ … ဟဲ ဟဲ အခက်အခဲ သိပ်မရှိလှပါဘူး …. သက်ဆိုင်ရာ စာမူရှင်တွေက ‘ရှယ်ပါရစေ ခင်ဗျာ’ ဆိုတဲ့ ဥာဏ်ပူဇော်ခကို ကျေကျေနပ်နပ် လက်ခံကြတာမို့ စာမူခအတွက် … တချက် စိတ်အေးခွင့်ရတာပေါ့ဗျာ …
ကိုယ့်အတွက် နည်းနည်း အားစိုက်ရတာက … အင်တာပျက် .. အဲလေ … အင်တာနက် … အသုံးစရိတ် … အဲဒီအတွက်တော့ … ကိုယ့်အိတ်ထဲ ရောက်လာတဲ့ လက်ဖက်ရည်ဖိုးထဲက သုံးတာ များပါတယ် … ကျနော်ရဲ့ အင်တာနက် ဝါသနာပိုးကို သိနေကြလို့ … သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်တဲ့အခါ .. သူတို့က အနစ်နာခံ ရှင်းပေးတတ်ကြတယ်လေ … အဲ …. ကိုယ်ရသင့်တဲ့ လက်ဖက်ရည်ဖိုးထက် ကျော်လွန် အသုံးပြုမိတဲ့ အခါများကျ … နှစ်ထပ်ကွမ်း ဘတ်စေ့လေးတွေ အသုံးပြုပါတယ် … နှစ်ထပ်ကွမ်း လို့ ပြောလိုက်ရတာက … ထိုင်းနိုင်ငံသုံး ဘတ်ငွေကိုမှ …. အိမ်က ဘဏ္ဍာရေးမှူး မရိပ်မိအောင် အိတ်ကပ်ထဲက အသာ ဘတ်ပြီးယူလာခဲ့ရတဲ့ ငွေ ဆိုတော့လေ … (ဟီး ဟီး အကြောင်းသိ ရင်းနှီးသူတွေ ပြန်ပြောနဲ့နော်) အဲဒီ ငွေစလေးတွေနဲ့ ဒီနေ့ထိ အွန်လိုင်းမှာ မကြာမကြာ ဝင်ရောက် ရှင်သန်ခွင့် ရနေတာ …. ကိုယ့်အသက်က သူ့လက်ထဲမှာ… ပြောရမလို ဖြစ်နေပါပြီ ….
ဒါကြောင့် … အခက်အခဲတွေ ကြားထဲမှာ … ရှင်သန်ရုန်းကန်ရင်း တွေ့ဆုံသိကျွမ်း ခင်မင်ခွင့်ရလာသူတွေကို အများကြီး တန်ဖိုးထားပါတယ် …. တနေ့နေ့ တချိန်ချိန် … တကယ့်လက်တွေ့ အပြင်လူ့လောကမှာ အရှင်လတ်လတ်ကြီး ဆုံတွေ့ခွင့်ရဖို့လည်း အမြဲမျှော်လင့် တောင့်တလျက်ပါ ….
ကဲ ….. စိတ်ထဲရှိရာကို …. ရွာအနောက်ပိုင်းက မိုက်ခဲ ဘောလုံးပွဲ ကြေညာသလို … တောင်စဉ်ရေမရ … ခရားရေလွှတ် … တတွတ်တွတ်နဲ့ … မနားတမ်း ပြောချလိုက်တာ …. မိတ်ဆွေများအတွက် အပျင်းပြေလား … ငြီးငွေ့ဖွယ်ရာလားတော့ မပြောတတ် … ဖတ်စရာ စာတပုဒ်တော့ တင်ပေးလိုက်နိုင်ပြန်ပါပြီ …..
ကောင်းလေစွ … ကောင်းလေစွ … အဟောဝတ သုခံ …..
ကောင်းသောနိမိတ်တွေ သင်းပျံ့ရနံ့ လှိုင်ပါစေ …..
နေမင်းသူ
၈-၁၀-၂၀၁၃
0 comments:
Post a Comment