မယုံနဲ့ ... ဘယ်သူပြောလို့ မှ လက်မခံပါနဲ့ ...
by Pyay Chit Thu (Notes) on Friday, April 5, 2013 at 11:29am
စာရေးဆရာကျော်ဝင်း ဘာသာပြန်တဲ့ သစ္စာရှာဖို့  မြင်းစီးသူ ဆိုတဲ့ ဗုဒ္ဓရဲ့  သစ္စာလေးပါးအကြောင်းကို
နိုင်ငံခြားသားတွေ လေ့လာရှာဖွေ ရေးသားထားတဲ့စာအုပ်ရှိပါတယ်။ ကိုယ်တစ်သက်လုံးသိလာ ၊ နားရည်ဝလာတဲ့ အကြောင်းအရာတွေဖြစ်ပြီး နှလုံးသားထဲ တစ်ကယ်ထဲထဲဝင်ဝင် မရောက်ခဲ့သမျှ အင်္ဂလိပ်လိုအရေးကို မြန်မာလိုပြန်တဲ့အခါမှ ခက်ခဲတဲ့ပါဋိတွေ မပါတော့ပဲ ရှင်းရှင်းလင်းလင်း ရင်ထဲ ရောက်ခဲ့ပါတယ်။ မောင်သာနိုးရဲ့ ဘာသာပြန်လက်ရာ အာရှတိုက်ရဲ့ အလင်းရောင် အဖွင့်ကဗျာနဲ့ တင် ဗုဒ္ဓကို ကြည်ညိုလိုက်ရတာကို ဘယ်အချိန်ပြန်တွေးတွေး ရင်ထဲမှာ ကြည်နူးမိရတာပါ။
ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။ ဗုဒ္ဓရဲ့ အယူဝါဒဆိုတာကဘာလဲ ဆိုတာနဲ့ ပတ်သက်ရင် ကျွန်တော်တို့  အကောင်းဆုံးကိုးကားစရာက ကာလာမသုတ္တန် ပါ။ ကမ္ဘာကြီးပေါ်က ဘယ်လိုအယူဝါဒမျိုးနဲ့ မှ မတူတဲ့ တစ်ခုတည်းသော အစစ်ဆေးခံနိုင်တဲ့ဘာသာ ၊ မယုံပါနဲ့  ၊ ဘယ်သူပြောလို့ မှ မယုံပါနဲ့  ၊ ဘယ်သူပြောလို့ မှလည်း လက်မခံပါနဲ့ ၊ အစဉ်အလာမို့ ပါ၊ ကြောက်ရလို့ ပါ ၊ ဘယ်လိုအကြောင်းကြောင့်မှ အလွယ်တစ်ကူ လက်မခံပါနဲ့ ။ လေ့လာပါ ၊ ဆန်းစစ်ပါ ၊
ကိုယ်တိုင် စမ်းသပ်ကျင့်သုံးကြည့်ပါ ။ အမှန်ကို တွေ့ လိမ့်မယ်၊ သိလိမ့်မယ် လို့  ရဲရဲဝံ့ဝံ့ မှတ်ကျောက်တင်ခံရဲ ခဲ့တဲ့ ဗုဒ္ဓရဲ့  လမ်းစဉ်ပါ။
နှစ်ထောင်ပေါင်းများစွာ အခိုင်အခန့် တည်တန့်  ကိုးကွယ်ရာဖြစ်ခဲ့တဲ့ ဘာသာတရားပါ။ အမျိုးမျိုးစူးစမ်း စစ်ဆေးမှုတွေ၊ အကြိမ်ကြိမ်အဖန်ဖန် ဆန်းစစ်မှုတွေကြားမှာ ဗုဒ္ဒပြောခဲ့တဲ့ လမ်းစဉ်က အမြဲမှန်တဲ့တရားဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ရဲ့  ဘာသာက အဲဒီလို ဘာသာပါ။ ကျွန်တော်တို့ ရဲ့  ကိုးကွယ်ရာက အဲဒီလို ခိုင်ခန့် မာကျောခဲ့တာပါ။ မျက်စိစုံမှိတ်ပြီး ယုံခိုင်းတဲ့ ဘာသာတရားမဟုတ်ပါဘူး။ ပြန်လှန်မေးမြန်ခွင့် ၊ ဝေဖန်ပိုင်းခြားနိုင်ခွင့်
မပေးနိုင်တဲ့ ကိုးကွယ်ရာ မဟုတ်ခဲ့ပါဘူး။
ဗုဒ္ဓဘာသာဆိုသည်မှာ ဘာလဲ။ ဘာကိုရည်မှန်းပြီး ဗုဒ္ဓဘာသာကို ဆည်းကပ်ကိုးကွယ်ကြသလဲ။ ဗုဒ္ဓဘာသာရဲ့ရည်မှန်းချက်ပန်းတိုင်က ဘာလဲ။ အဲဒီပန်းတိုင်ရောက်ဖို့ ဘယ်တရား ၊ ဘယ်အကျင့်များဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့တာဝန် ဖြစ်ပါသလဲ။ ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်ရခြင်းရဲ့  လောကီအကျိုးက ဘာရရှိပါသလဲ။ လောကုတ္တရာ
အကျိုးတရားကရော ဘာတွေ ရရှိပိုင်ဆိုင်နိုင်ပါသလဲ။ ဗုဒ္ဓဘာသာဆိုတာ ဂေါတမ လို့ အမည်ရတဲ့ ဗုဒ္ဓရဲ့ အယူဝါဒလမ်းစဉ်ကို လိုက်နာယုံကြည်သူပါ။ ဗုဒ္ဒရဲ့ လမ်းစဉ်က သစ္စာလေးပါးကို အခြေခံပါတယ်။ သတ္တ၀ါမှန်သမျှတို့ ရဲ့  ကြုံနေရသမျှ ဒုက္ခဆိုတဲ့ သစ္စာတရားဟာ သမုဒယ သစ္စာကို အခြေခံပြီးသာ ဖြစ်မြဲပါတဲ့။ သမုဒသဆိုတဲ့ လိုချင်တပ်မက် ငြိတွယ်စေးကပ်မှု အဖြာဖြာကို အခြေခံပြီးမှသာ လောဘ ၊ ဒေါသ၊ မောဟ တရားတို့ နဲ့ လောင်မြိုက်စေပြီးမှ
ဒုက္ခ ဆိုတဲ့ အရာကိုသာ အမှန်ရရှိခံစားစေပါတယ်ဆိုတဲ့ ဒုက္ခဆိုတဲ့ သစ္စာတရားအမှန်ပါတဲ့။
အဲဒီဒုက္ခဆိုတဲ့ သစ္စာတရားဆီကနေ အမှန်လွတ်မြောက်ဖို့ အတွက် မဂ္ဂင် ရှစ်ပါးဆိုတဲ့ မှန်ကန်တဲ့အယူရှိရမယ်၊မှန်ကန်တဲ့ အတွေးအကြံရှိရမယ်၊ ၀စီဒုစရိုက် လေးပါးကိုရှောင်ကြဉ်ပြီး ကောင်းမွန်မှန်ကန်တဲ့စကားကိုသာ ပြောရမယ်၊ သူ့ အသက်ကို သတ်ခြင်း ၊ သူတစ်ပါးပစ္စည်း ခိုးယူခြင်း၊ မှားယွင်းတဲ့ ကာမဂုဏ်အာရုံတို့ ကို ကျူးလွန်ခြင်းဆိုတဲ့ ကာယဒုစရိုက်လေးပါး ကို ရှောင်ကြဉ်ခြင်း၊ အဲဒီလို အချက်တွေကို အသက်မွေးဝမ်းကျောင်းပြုတဲ့ အချိန်အခါမှာတောင်မှ မကျုးလွန်ခြင်းဆိုတဲ့ သမ္မာအာဇီဝ နဲ့  ပြည့်စုံရမယ်။ ဖြောင့်မတ်မှန်ကန်တဲ့ ၀ီရိယဆိုတဲ့ ကြိုးစား အားထုတ်မှု ရှိပြီး၊ ကောင်းမှုအာရုံတို့ မှ မမေ့မလျော့သော သတိကိုဆောက်တည်၍ ထိုအာရုံ အပေါင်းကို ကောင်းမွန်မှန်ကန်တဲ့နေရာမှာ တည်ကြည်တည်တံ့နေတဲ့ သမာဓိတရားတို့ နဲ့ ပြည့်စုံစေတဲ့ မဂ္ဂသစ္စာ ဆိုတဲ့ လမ်းစဉ်အမှန်နဲ့  ရုန်းထွက်မှသာ နိရောဓသစ္စာဆိုတဲ့ တဏှာအပေါင်းတို့ မှ ချုပ်ရာ ငြိမ်းရာ ၊ နိဗ္ဗန်လို့ ခေါ်တဲ့ ဘ၀အစဉ် ပြတ်ရာကို ရရှိခံစားနိုင်မယ် ဆိုတာက ဗုဒ္ဓပြခဲ့တဲ့ လမ်းပါ။
ဗုဒ္ဓဘာသာရဲ့  လောကီအကျိုးကတော့ အဲဒီလမ်းစဉ်ကိုသာ အမှန်လိုက်နာနိုင်ခဲ့ရင် လောကမှာ အပြစ်ကင်းစွာ နေထိုင်ရှင်သန်နိုင်ပြီးတော့ ၊ လောကုတ္တရာအကျိုးကတော့ သံသရာအစဉ်အဆက်မှ ချုပ်ငြိမ်းခြင်းနဲ့  အဲဒီလို မချုပ်ငြိမ်းနိုင်ခင်မှာပဲ ကောင်းမွန်သော ရှင်သန်နေထိုင်ရခြင်းတို့ ကို ရရှိစေတာပါ။ အတ္တာဟိ အတ္တနော နာထော ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်သာ တာဝန်ယူရတာက ဗုဒ္ဓဘာသာပါ။ ကိုယ်ကောင်းဖို့ အတွက် ဘယ်သူမှ လာလုပ်ပေးလို့ မရသလို ၊ ကိုယ်ဆိုးဖို့အတွက် လည်း ကိုယ်ကိုယ်တိုင်ပဲ ပြုလုပ်နိုင်တာပါ။ ကိုယ့်လုပ်ရပ်အားလုံးအတွက် ၊ ကိုယ့်ဘ၀ တစ်လျှောက် လုံးအတွက် တာဝန်ရှိသူ ၊တာဝန်ယူရမယ့်သူက ကိုယ်ကိုယ်တိုင်ပါပဲလို့  ဗုဒ္ဓက လမ်းညွှန်ခဲ့တာပါ။ ဗုဒ္ဓဘာသာဟာ အဲဒီလို အယူဝါဒနဲ့  ရဲရဲရင့်ရင့် ခိုင်ခိုင်မာမာ နှစ်ပေါင်းထောင်ချီ တည်တံ့ခဲ့တာပါ။
အဲဒီလို နှစ်ထောင်ချီအောင်ခိုင်ခန့် တဲ့ သာသနာတော်အတွက် ဘုရားသားတော်ပမာဖြစ်တဲ့ ရှင်တွေ ၊ ရဟန်းတွေကလက်ဆင့်ကမ်း သယ်ဆောင်ပြန့် ပွားစေခဲ့ကြတာပါ။ ဗုဒ္ဓရဲ့  စာပေများစွာကို မပြောပါနဲ့ ဦး။ မေတ္တာသုတ်တော်တစ်ခုတည်းမှာကိုပဲ ကျွန်တော်တို့  လိုက်နာဖို့  အချက်တွေက အပြည့်အစုံပါ။ မုဒု ဆိုတဲ့ နှိမ့်ချခြင်းမျိုးနဲ့ ပြည့်စုံဖို့ ၊ ဥဇူစ ဆိုတဲ့ ဖြောင့်မတ်စွာကျင့်ခြင်း၊ သုဟုဇူစ အလွန့် အလွန် ဖြောင့်မတ်စွာ ကျင့်ခြင်း ဆိုတာတွေ ဆုံးမလမ်းညွှန်ထားတဲ့ မေတ္တာသုတ်ကလေးတစ်မျိုးကိုပဲ ကျွန်တော်တို့  လိုက်နာကျင့်သုံးနိုင်ခဲ့ရင်ကို ကျွန်တော်တို့  ဘ၀လမ်းကြောင်းတွေ ၊
ဖြောင့်တန်းရုံမက ကျွန်တော်တို့ ရဲ့  ပတ်ဝန်းကျင် ၊ နေထိုင်ရာအရပ်၊ တိုင်းပြည်နိုင်ငံက ငြိမ်းချမ်းသာယာနိုင်တာမျိုးပါ။
ဗုဒ္ဓ၀ါဒက အကြမ်းဖက်ဝါဒမဟုတ်ဘူးဆိုတာကို ရှည်ရှည်ဝေးဝေး အကျယ်တ၀င့်မကြည့်ပဲနဲ့  မေတ္တာသုတ်တစ်ခုတည်းကို လေ့လာဆန်းစစ်ကြည့်ရုံနဲ့ ၊ အဲဒီမေတ္တာသုတ်က စကားလေး သုံးခွန်းလောက်ကို လေ့လာကြည့်ရုံနဲ့  ဆ၀ါးကြည့်လို့  သိနိုင်ပါတယ်။ နှစ်ထောင်ချီတဲ့ ဗုဒ္ဓဘာသာသမိုင်းမှာ ဒီကမ္ဘာပေါ်က ဘယ်ဘာသာမှာမှ မကင်းတဲ့ ဘာသာရေးစစ်ပွဲ
လုံးဝမရှိခဲ့ဖူးပါဘူး။ ဘာသာရေးအတွက် အကြမ်းဖက်ရမှုလည်း မရှိခဲ့ပါဘူး။ အစကတည်းက ရှင်းရှင်းလင်းလင်းချပြပြီးဒါတွေတော့ ဒီလိုရှိတယ်၊ ကြိုက်မှကိုးကွယ်ပါလို့  အစစ်ဆေးခံနိုင်တဲ့ ဘာသာအယူဝါဒ ဖြစ်ခဲ့လို့ ပါ။ ဗုဒ္ဓရဲ့ အယူဝါဒကအစွန်းရောက်မှုကို အားပေးလက်ခံတဲ့ လမ်းစဉ်မဟုတ်ပါဘူး။ မဇ္ဇျိမပဋိပဋာ ဆိုတဲ့ အစွန်းတရားတို့ မှ ကင်းလွတ်သောဆိုတာ က ဗုဒ္ဓဘာသာရဲ့  နံမည်ကျော်သင်္ကေတ အမှတ်အသားပါ။
ကျွန်တော်တို့ ရဲ့ ဘာသာဟာ အဲဒီလို မှတ်ကျောက်အတင်ခံနိုင်တဲ့ ဘာသာ ဖြစ်ပါရက်နဲ့ ၊ မေတ္တာ တရားနဲ့  ငြိမ်းအေးမှုကို ဦးစားပေး လိုက်နာစေခဲ့တဲ့ ဘာသာဖြစ်ပါရက်နဲ့ ၊ လမ်းလွဲစေအောင် တွန်းအပို့ ခံခဲ့ရတဲ့အခါတွေလည်းပဲ ရှိခဲ့တာပါပဲ။
ကျွန်တော်တို့ ရဲ့  ဘာသာဟာ နှစ်ပေါင်းများစွာ အခိုင်အမာတည်တံ့ခဲ့တာမှာ ၊ ကျွန်တော်တို့ က ကိုယ့်ဘာသာ တိုးတက်ထွန်းကားဖို့ အတွက် ဘယ်သူ့ ဘာသာအယူဝါဒကိုမှ ထိုးနှက်တိုက်ခိုက်ခဲ့လို့  မဟုတ်ပါဘူး။ ဗုဒ္ဓရဲ့  လမ်းစဉ်ဟာ သူများကိုးကွယ်ရာတွေ မှေးမှိန်ပျောက်ကွယ်ကုန်မှ တိုးတက်ရမယ့် လမ်းစဉ်မဟုတ်ပါဘူး။
သာသနာမကွယ်ရင် ဘာသာမကွယ်ပါဘူး။ သာသနာတော်ကိုလည်း ရှင်တွေ ၊ ရဟန်းတွေက လက်ဆင့်ကမ်းပြီး စောင့်ရှောက်သမျှ မကွယ်ပါဘူး။ ဘာသာ ၊ သာသနာ မကွယ်သမျှ ကျွန်တော်တို့  လူမျိုး ၊ နိုင်ငံမကွယ်ပါဘူး။ ဒါဆိုရင် သာသနာတော်အတွက် ရှင်ရဟန်းတွေ အဓိက ကျတယ်ဆိုတာ ပေါ်လွင်ပါတယ်။ အဲဒီရှင်ရဟန်းတွေရဲ့  တစ်ခုတည်းသော တာဝန်က သာသနာတော်ကို စောင့်ရှောက်ဖို့ ပါ။ ဘာတွေလုပ်ရင် သာသနာတော်ကို စောင့်ရှောက်ရာ ရောက်ပါ
သလဲ။ ရှင်ရဟန်းတွေရဲ့  အလုပ်ကဘာပါလဲ။ ညဏ်တော်အနန္တနဲ့  ပြည့်စုံတော်မူခဲ့သော ဗုဒ္ဓမြတ်စွာဘုရားဟာ အနာဂတ်သာသနာတော်ကို စောင့်ရှောက်ရန်အတွက် ရဟန်းတွေ လုပ်ရမယ့်အလုပ်နဲ့ ၊ လိုက်နာရန်ကျင့်ဝတ်ကို ရှင်းလင်းပြတ်သားစွာ အပြီး သတ်မှတ်ပေးထား ခဲ့ပြီးသားပါ။
ဝိနည်းတော် ၂၂၇ သွယ်ကို ကျွန်တော်တို့  ခေတ်နဲ့ အမှီလိုက်ပြီး ဈေးဆစ်လို့  မရနိုင်ပါဘူး။ အပေးအယူ အလျှော့အတင်းညှိနှိုင်းလို့  မရနိုင်ပါဘူး။ သာသနာတော်အတွင်းမှာ ရှင်ရဟန်းတို့ ၏ အလုပ်သည် ပရိယတ္တိဟူသည့် ဓမ္မစာပေတို့ ကို တိုးတက် ပြန့် ပွားစေခြင်း၊ ပရိပတ္တိဟူသည့် သံသရာမှ ချုပ်ရာငြိမ်းရာသော ကမ္မဌန်းတရားတို့ ကို ပွားများအားထုတ်စေခြင်း၊ ပရိဝေဒဟူသည့် သံသရာ အမျှင်ကို ဖြတ်တောက်နိုင်မည့် ၊ နိဗ္ဗန်ရောက်ကြောင်းတရားတို့ ကို ဟောကြားညွှန်ပြစေခြင်းတို့ ပါ။
နိုင်ငံရေးတို့ ၊ လူမှုရေးတို့  ကို မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် လုံးဝ ခွင့်ပြုခဲ့ခြင်း မရှိပါဘူး။ လူဒါယကာတို့ ရဲ့ တာဝန်ကထိုရှင်ရဟန်းတို့ သည် ထိုသာသနာတော်၏အလုပ်၊ တာဝန်တို့ ကို ကောင်းစွာ ဆောက်တည်နိုင်စေရန် သာသနာတော်၏ အထောက်အပံ့အဖြစ် လူဒါန်း ဖြည့်ဆည်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
မြတ်စွာဘုရားဟာ ထိုကဲ့သို့  လူ့ အလုပ်၊ ရှင်ရဟန်းအလုပ်၊ လူ့ တာဝန် ၊ ရှင်ရဟန်းတာဝန်ဆိုပြီး သာသနာတော် အရှည်တည်တံ့ ပြန့် ပွားနိုင်စေရန် သဗ္ဗညုတ ညဏ်တော်ကြီးဖြင့် တိကျစွာ ပိုင်းခြား သတ်မှတ်ပေးခဲ့တာပါ။ ဘယ်အခါ သာသနာကွယ်ပါ့မလဲဆိုရင် သာသနာကို စောင့်ရှောက်ကြ ကုန်သော ရှင်ရဟန်းတို့ သည် မိမိတာဝန်ကိုယ်မိမိကောင်းစွာ မဆောက်တည်ကြတဲ့အခါ ၊ မိမိ၏အလုပ်ကို မိမိတို့  ကောင်းစွာ တာဝန်မကျေကြတော့တဲ့အခါမှာ သာသနာတော်ဟာ ညှိုးမှိန် ပျက်ဆီးရမှာပါ။
ရှင်ရဟန်းတွေ ရှင်ရဟန်းအလုပ် မလုပ်ဆောင်ကြတဲ့အခါ သာသနာတော် ပျောက်ကွယ်မှာပါ။ သာသနာကွယ်ရင် ဘာသာကွယ်ပြီး ဘာသာကွယ်မှ လူမျိုးကွယ်လို့  အဲဒီအခါမှ နိုင်ငံပါကွယ် လိမ့်မှာပါ။
ကျွန်တော်တို့ ဟာ ကိုယ့်ရဲ့ ဘာသာ သာသနာကို အပြင်က ကာကွယ်စောင့်ရှောက်ရမှာ မဟုတ်ပါဘူး။ အတွင်းထဲကနေ ၊ အနှစ်သာရအားဖြင့် တိုးတက်ထွန်းကားစေရမှာပါ။ ဗုဒ္ဓရဲ့  လမ်းစဉ် ၊ ဗုဒ္ဓရဲ့ မိန့် ကြားချက်များကို ရှင်ရဟန်းတွေက ကိုယ်တိုင် ပြတ်ပြတ်သားသား လိုက်နာ ကျင့်သုံးကြပြီး၊ ဒါယိကာ ဒါယကာမ များကိုလည်း တိတိကျကျ လိုက်နာစေအောင်၊
လမ်းမလွဲစေအောင် ညွှန်ကြားပြသကြရပါလိမ့်မယ်။ လူပုဂ္ဂိုလ်တွေကလည်း ရှင်ရဟန်းတို့  သာသနာတော်ကို မငြိုမငြင် မပင်မပန်း ဆောက်တည်နိုင်အောင် လှုဒါန်း ထောက်ပံ့ကြရပါလိမ့်မယ်။ အဲဒီလို လူ နဲ့ ရဟန်း အပေးအယူ ဟန်ချက်ညီညီ ၊ သူ့ စည်း ကိုယ့်စည်းခွဲလို့  ၊ ကိုယ့်တာကိုယ်လုံဖို့  အပြိုင်ရုန်းကြရပါလိမ့်မယ်။ အဲဒါကသာ သာသနာတော်ကို အမှန်တိုးတက်စေပြီး ၊ ဘာသာကို အမှန်တစ်ကယ် ကာကွယ်ရာရောက်မှာပါ။
အဲဒါကြောင့် ကျွန်တော်တို့ ရဲ့ ဘာသာ သာသနာကို ကာကွယ်ရမယ့် အလုပ်က ကျွန်တော်တို့  အတွင်းမှာပဲ ရှိနေပါတယ်။အပြင်မှာ ရှိတာ မဟုတ်ပါဘူး။ တစ်ခြားမှာ ရှိနေတာ မဟုတ်ပါဘူး။ ဒီကမ္ဘာကြီးပေါ်က အခြားအယူဝါဒတွေ ပျောက်ကွယ်သွားတယ် ဆိုစေဦးတော့ ကျွန်ေတာ်တို့ ရဲ့  ဗုဒ္ဓဘာသာ တစ်မျိုးသာ ကျန်နေရစ်ခဲ့ပါတယ် ဆိုစေဦးတော့ ကျွန်တော်တို့ရဲ့ ဘာသာဟာ ကိုယ်တိုင် ကြိုးကုတ်ကျင့်ကြံ ပွားများအားထုတ် စောင့်ထိန်းမှုမရှိရင် ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ်။
သာသနာတော် နေလို လလို ထွန်းကားတိုးတက်ဖို့ ဆို ၊ အဲဒီဘာသာဝင်တွေက အရင်ဆုံး ကိုယ့်ဘာသာကိုယ် သေသေချာချာ နားလည် သဘောပေါက်အောင် လေ့လာပြီး ၊ ကိုယ်တိုင်ပဲ လေးလေးစားစား တိတိကျကျ အရင်ဆုံး ဆောက်တည်လိုက်နာ ကျင့်သုံးကြရမှာပါ။
တာဝန်က ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ ကျွန်တော်တို့  ဆီမှာပဲ ရှိနေတာပါ။ ဆေးပညာအယူအဆ တစ်ခုရှိပါတယ်။ ရောဂါကူးစက်နိုင်တဲ့ ပတ်ဝန်းကျင်မှာ ရှိတယ်ဆိုစေဦးတော့ ကိုယ်ခံအားကောင်း မွန်တဲ့ အခါမှာ ရောဂါကူးစက်နိုင်ခြေနည်းပါတယ်တဲ့။ ကာကွယ်ဆေး လည်း ဆောင်ထားရင်း တစ်ပြိုင်နက်တည်းမှာပဲ ကျွန်တော်တို့ ဟာ ကိုယ့်ရဲ့  ကိုယ်ခံစွမ်းအားကိုလည်း တိုးတက်အောင် မြှင့်တင်ကြရမှာပါ။ ရောဂါကူးစက်နိုင်ခြေများလေ ကိုယ်ခံစွမ်းအား တိုးတက်အောင် ကြံဆောင် ရလေပါ။
ဘာသာခြားတွေ လွှမ်းမိုးမှာကြောက်ရင် ကျွန်တော်တို့ ရဲ့  ကလေးတွေကို မိရိုးဖလာ ဗုဒ္ဓဘာသာ အဆင့်ကနေ လွန်မြောက်စေမယ်။ အပြင်မှာ တည်မယ့်ဘုရားတွေအစား ကလေးတွေရဲ့  ရင်ထဲမှာ ကလေးဘ၀ကတည်းက ခိုင်ခန့် တဲ့ ဘုရားတွေတည်ပေးလိုက်ကြမယ်။ သာသနာပြုနည်းတွေ ပြောင်းကြမယ်။ ကိုယ့်ဘာသာ ကိုယ့်သာသနာကို ကိုယ့်ကလေးတွေ ယုံကြည်လေးစား အောင် ၊ အထင်ကြီးစေအောင် အသွင်သဏ္ဍန်ရော ၊ အနှစ်သာရပိုင်းကိုပါ မြှင့်တင်ပြကြမယ်။ နေ့ စဉ် လူမှုဘ၀ နေထိုင်မှုကအစ ၊ သံသရာအစဉ်မှ ကင်းပြတ်စေရေးအတွက် အဲဒီထက် ပိုမို ပြည့်စုံအောင်
ညွှန်ကြားပြသစရာ မရှိတော့တဲ့ မြတ်ဗုဒ္ဓရဲ့  အသေးစိတ်လမ်းညွှန်ချက်တွေကို ကလေးတွေ နှလုံးသားထဲ စွဲမြဲခိုင်မာစေအောင် ကျွန်တော်တို့ သာသနာ ပြုကြမယ်။
ဗုဒ္ဓဘာသာဆိုတာ ဂဏန်းသင်္ကေတတွေ မဟုတ်ပါဘူး။ အင်မတန်မှ မွန်မြတ်လှတဲ့၊ ယဉ်ကျေးသိမ်မွေ့  ပြီး ပြီးပြည့်စုံလှတဲ့ ရေပက်မ၀င်တဲ့ စေ့ပ်မှုတွေနဲ့ ၊ စူးစမ်းစစ်ဆေးမှု အထွေထွေကို မှတ်ကျောက်တင်ခံ နိုင်အောင် အထက်တန်းစား ဘာသာ အယူဝါဒပါ။ ကျေးဇူးပြုပြီး ခင်ဗျားတို့ ကြောင့် ၊ ခင်ဗျားတို့ ရဲ့  အတ္တတစ်စုံတစ်ရာကြောင့် ၊ အကျိုးစီးပွားတစ်စုံတစ်ရာကြောင့် ညစ်ပေ ညှိုးနွမ်းအပ်တဲ့ ဘာသာတရား တစ်ခု မဟုတ်ပါဘူး။ ကာကွယ်သလိုလိုနဲ့  ထိုးကျွေးခံသင့်တဲ့ ဘာသာတရားလည်း မဟုတ်ရပါဘူး။ မွန်မြတ်သန့် စင်လွန်းလို့  နှစ်ထောင်ပေါင်းများစွာ အတည်အတန့်  ခိုင်မာလာခဲ့တာပါ။ ၉၆၉ လှုပ်ရှားသူများခင်မျာ ၊ ခင်ဗျားတို့ က တိုးတက်စေချင်လို့ ပါ ပြောတယ်။ ကာကွယ်ပေးတာပါလို့  ဆိုတယ်။
နည်းနည်းပဲ ဖြစ်ဖြစ် ပြန်ဆန်းစစ်ပေးကြပါဦး။ ဘာသာ သာသနာဟာ ခင်ဗျားတို့ ကြောင့် ပိုမိုတိုးတက် လာပါရဲ့ လား။
ပိုများ ပျက်ဆီး ဆုတ်ယုတ်စေခဲ့ပြီလား။ မြတ်စွာဘုရားကိုယ်တော်တိုင်သာ ရှိခဲ့ရင် ဒီလုပ်ရပ်ကို သဘောတူခွင့်ပြုပါ့မလား ။ ဗုဒ္ဓဘာသာဆိုတာ ဂဏန်းတွေ ၊ သင်္ကေတတွေ မဟုတ်ရပါဘူး။
သာသနာတော်မှာ အလွန်အကျိုးကျေးဇူး ကြီးခဲ့ကြသော ၊ သာသနာတော်မှာ နေလိုလလို ထွန်းတောက်တော်မူခဲ့သော လယ်တီဆရာတော်ဘုရားကြီး၊ မိုးကုတ်ဆရာတော်ဘုရားကြီး၊ တောင်မြို့ အမရပူရ မဟာဂန္တာရုံ ဆရာတော်ဘုရားကြီး၊ မဟာစည်ဆရာတော်ဘုရားကြီးနဲ့  လက်ရှိ သီတဂူ ဆရာတော်ဘုရား တို့ ဟာ ကိုယ့်ရဲ့  ရဟန်းတာဝန်ကိုသာ ကိုယ်ကျေပွန်အောင် အစွမ်းကုန် အားထုတ်ကြိုးပမ်းသွားကြရင်းကနေမှသာ အဲဒီလို အားထုတ်မှုဖြစ်တဲ့ မိမိကိုယ်ကိုယ်
ကောင်းစွာ ကြိုးစားအားထုတ်ခြင်းကပဲ သာသနာတော်ကို ကောင်းစွာ စောင့်ရှောက်ခြင်းဖြစ်ပြီး ၊ အဲဒီလိုနည်းနဲ့  သာသနာတော်ကို ကောင်းစွာစောင့်ရှောက်ခဲ့ကြခြင်းရဲ့  အကျိုးကျေးဇူးကို လူအများ နှစ်ကာလ အရှည်အကြာ များစွာတိုင်အောင် ဒီနေ့ ထက်တိုင် ရရှိ ခံစားနေကြရဆဲ ဖြစ်ပါတယ်။
ကျွန်တော်က ကိုယ့်ဘာသာ သာသနာ ညှိုးနွမ်းရတာကို ၊ ရဟန်းများ ရဟန်းကျင့်ဝတ်ကို ခေတ်မီအောင် ၊ ခေတ်နဲ့ အညီ Modernize ဖြစ်အောင် မွမ်းမံလာကြတာကိုသာ လက်မခံနိုင်လို့  ဒီစာကို ရေးရပါတယ်။ အတတ်ကျူး၍ ဘုန်းကြီးစာချ မဟုတ်ရပါ။ စော်ကားလို စိတ် တစ်စုံတစ်ရာ မပါပါ။ ကိုယ့်ဘာသာ ကိုယ့်သာသနာကို သူများစော်ကားတာ မခံနိုင်၍သာ ဤစာကို ရေးပါသည်။ အမှားပါခဲ့ရင် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကို သင်္ကန်းတော်ရုံတာ မညီညွတ်လို့ 
ထောက်ပြမိခဲ့သော သာမဏေငယ်ကို အရှင်မြတ်သည် ခွင့်လွှတ်သကဲ့သို့ သာ အကျင့်မြတ်ဖြင့်၊ ၀ိနည်းတော်ဖြင့် အညီ ကျင့်ကြံအားထုတ်နေကြသော ရဟန်းတော် အပေါင်းတို့ သည် ခွင့်လွှတ် သည်းခံပေးရန် ရည်စူးတောင်းပန်အပ်ပါသည်။
ဒီစာကို ကျွန်တော်က ၉၆၉ လှုပ်ရှားမှုကို လက်မခံလို့  ရေးပါတယ်။ ဒါဟာ OIC ကို လက်ခံတာ၊ ကျောင်းတွေမှာ ဘာသာကြီး ၄ ခု သင်ပေးရမယ်ပြောတာတွေကို လက်ခံခြင်း ၊ သဘောတူခြင်း မမည်ပါဘူး။ ပြင်းပြင်းထန်ထန် ဆန့် ကျင် ကန့် ကွက်ပါတယ်။
သီးခြား စာ တစ်ပုဒ်အဖြစ် ရေးမှာပါ။
ပြည်ချစ်သူ
6.4.2013
0 comments:
Post a Comment