“ဆော်လမွန်ငါးတို့အပြန်”
အလုပ်သင်ဆရာဝန်ဆင်းတုန်းတန်းလန်းမှာ ကိုယ့်အပေါ်တန်းက အလုပ်ဝင်တဲ့သူတွေကိုအစိုးရ၀န်ထမ်းအဖြစ် မ၀င်မနေရ သုံးနှစ်လုပ်ပေးရမယ် ဆိုတဲ့ ဥပဒေထွက်လာပါတယ်။ မလောက်ငှတဲ့လစာ၊ မမျှတတဲ့ နေရာချထားမှု၊ မရေရာတဲ့ဘ၀ရှေ့ရေးတွေကြောင့် အလုပ်ထဲကဆရာဝန်တွေ တစ်ယောက်ပြီးတစ်ယောက်ထွက်ကုန်တာကိုး။ ရန်ကုန် မန္တလေးမှာရှိတဲ့ သင်ကြားရေးဆေးရုံကြီးများမှာတောင် လုံလောက်တဲ့လက်ထောက်ဆရာဝန်အင်အား မရှိတာကြောင့် သည်လိုမှ မလုပ်ရင် မရတော့ဘူး လို့ တွေးမိပေမယ့်ကိုယ်လို မအတဲ့သူတွေကတော့ ငါးရံ့ပြာလူးဖြစ်ကုန်ပါတယ်။ အရေးအခင်းဖြစ် ကျောင်းတွေပိတ်လို့အမ်ဘီဘီအက်စ်ကလေးတောင် ဆယ်နှစ်ဆယ်မိုးတက်ယူလာရတာ နောက်ထပ်အလုပ်ထဲ သုံးနှစ်ဝင်လုပ်ရဦးမယ် ဆိုတော့ ဟိုဘက်မှာ ရယ်ဂျစ်စထရာတွေ၊ ကွန်ဆားတန့်တွေ အဖြစ်နောက်ကျကုန်မှာပေါ့တဲ့။
မိဘများကိုယ်တိုင်ကမြန်မာပြည်က ထိပ်ထိပ်ကျဲ ပါရဂူဆရာကြီးများဆိုတော့ မျိုးစေ့လည်းမှန် ပင်လည်းသန်ပြီးဟောက်ဆာဂျင်ဘ၀မှာကတည်းက ဘွဲ့လွန်သင်တန်းသားတွေထက်ကို သာပါပေတယ်ဆိုတဲ့ ဂျီးနီးယပ်စ်ကြီးတွေအတန်းထဲမှာ အများကြီးရှိပါတယ်။ တော်သမှ ကိုယ့်မြန်မာပြည်နဲ့ မတန်တဆကို တော်နေတာ။ နပိုလီယန်ကြီးစစ်ပွဲတိုင်းအောင်သလိုပဲ ဖြေသမျှစာမေးပွဲတိုင်း ထိပ်ကဆောင် ခေါင်ကချီလာခဲ့ကြတာ။
မိဘများကိုယ်တိုင်ကမြန်မာပြည်က ထိပ်ထိပ်ကျဲ ပါရဂူဆရာကြီးများဆိုတော့ မျိုးစေ့လည်းမှန် ပင်လည်းသန်ပြီးဟောက်ဆာဂျင်ဘ၀မှာကတည်းက ဘွဲ့လွန်သင်တန်းသားတွေထက်ကို သာပါပေတယ်ဆိုတဲ့ ဂျီးနီးယပ်စ်ကြီးတွေအတန်းထဲမှာ အများကြီးရှိပါတယ်။ တော်သမှ ကိုယ့်မြန်မာပြည်နဲ့ မတန်တဆကို တော်နေတာ။ နပိုလီယန်ကြီးစစ်ပွဲတိုင်းအောင်သလိုပဲ ဖြေသမျှစာမေးပွဲတိုင်း ထိပ်ကဆောင် ခေါင်ကချီလာခဲ့ကြတာ။
အဲဒီဥပဒေအသစ်ဟာသူတို့အတွက် မြင်းကောင်းခွာလိပ်ဖြစ်စေတယ်။ ဒါကြောင့် ဘယ်လိုမှ လက်ခံသဘောတူခြင်း မရှိတဲ့အကြောင်းကျောင်းသားအားလုံး လက်မှတ်ထိုးပြီး ဆန္ဒဖော်ထုတ်ကြဖို့ စီစဉ်တယ်။ “မင်းကအမြဲ အစိုးရကိုကဏ္ဍကောစ လုပ်နေကျအကောင်ဆိုတော့ လာခဲ့ ပါလှည့်” လို့ ဆိုတယ်။ “ အလိုဗျာ။ ငါက အဲဒီဥပဒေထွက်မလာလည်း အစိုးရအလုပ်ထဲကို ၀င်ကိုဝင်မှာ။” လို့ ဆိုတော့ “လောကကြီး သည်လိုအူကြောင်ကျားတွေလည်းရှိသေးသကိုး။” ဆိုတဲ့အကြည့်နဲ့ “မင်းသိပ်ထင်မနေနဲ့။ ငါတို့က လူကြီးတွေအကြောင်း မင်းတို့ထက်ပိုသိတယ်။ အခုဟာက သူတို့ဆီမှာ လူမရှိလို့ နသားပါယား ဥပဒေထုတ်ပြီး အတင်းဝင်ခိုင်းနေတာ။နောင် လေးငါးဆယ်နှစ် သူတို့လိုချင်တဲ့ အရေအတွက်ရရင် အရင်လိုပဲ ပီအက်စ်စီပြန်ဖြေ။ မနေချင်သွားကြ။ဂျောင်း။ ဖြစ်ကုန်မှာ” တဲ့။ မြေကြီးလက်နဲ့ပုတ်တာကမှ လွဲချင်လွဲဦးမယ်။ သူတို့စကား ဆံခြည်တစ်မျှင်တောင်မလွဲတာအမှန်။ နောက်ဆုံးတော့ အလိုမတူပဲ အတင်းအကြပ် အိမ်ကိုအလုပ်ခန့်စာပို့မှာ စိုးတဲ့အတွက်အလုပ်သင်ဆရာဝန်တောင် ပြီးအောင် ဆက်မဆင်းကြတော့ဘူး။ သူများရွှေ့မယ့် အကွက်ကိုတောင် တစ်ကွက်ကျော်မြင်နိုင်ကြတယ်။
ကိုယ်ကလား။သူ့ဘ၀နဲ့သူ ကိုယ့်ဘ၀နဲ့ကိုယ်ဆိုတော့ ဖားတုလို့ ခရုလိုက်မခုန်နိုင်ပါဘူး။ အလုပ်ဝင်ဖို့ခေါ်ခေါ်ချင်းနန့်နန့်တက်ပြီးကို ၀င်ဖြေပလိုက်တာ။ ၁၉၉၅ ဒီဇင်ဘာ (၂၆)ရက်နေ့မှာ လက်ထောက်ဆရာဝန်အဖြစ်နဲ့တွင်းနက်ကြီးထဲ စိတ်လိုလက်ရ ခုန်ချခဲ့တယ်။ လစာငွေ ၁၅၇၅ကျပ်ဆိုတာ အတန်းထဲက တချို့ကောင်မလေးတွေပြောမယ်ဆိုရင် ဖိနပ်တစ်ရံစာ မရှိဘူး လို့ ဆိုချင်ဆိုနိုင်တယ်။ ဖိနပ်နဲ့နှိုင်းတော်သေးတာပေါ့ဗျာ။အခုဘက်ဆဲလာစာရင်းဝင် စာရေးသူဘဘကြီးတစ်ယောက်ရဲ့ သမီးတော်ကလေး အောက်ခံဘောင်းဘီဝယ်တာ အဲဒီအချိန်တုန်းကတစ်ထည်ကို ၇၅၀ တောင်ပေးရတယ် လို့ ခိုင်လုံတိကျတဲ့ သတင်းရပ်ကွက်က ပြန်ကြားတဲ့အခါ “ငါ့လခနဲ့သူ့ဆင်ရရင် နှစ်ထည်လောက်တော့ လှည့်ဝတ်နိုင်မှာပေါ့။” လို့ ကိုယ့်ဘာသာ အားတင်းယူရတယ်။လူပျိုလူလွတ် ကိုယ့်တစ်ယောက်တည်းရဲ့ ထမင်းစားရိတ်မပါ အသေးသုံးစားရိတ်ကို ကိုယ့်လခနဲ့လောက်ငှအောင် မစီမံနိုင်တဲ့အတွက် လခထုတ်ရင် အမေကိုတစ်ပြားမကျန်အပ်တယ် လို့ နံမယ်ကောင်းယူပြီးလိုသလောက်ကို အမေ့ဆီက ပြန်တောင်းသုံးတယ်။
ကိုယ်တို့ငါးစိမ်းကလေးတွေဝင်လာတဲ့အခါ နဂိုတုန်းက မရှိသုံးသုံးထားတဲ့ ဆေးရုံသက်တမ်း ခြောက်နှစ်ကြာ ငါးကင်ကြီးများကိုအော်ဒါတစ်စောင်တည်းနဲ့ လေပွေမွှေ့လွှတ်လိုက်တယ်။ အပျံစားအလန်စား မမလေးများကို ဘူးသီးတောင်၊ပုဏ္ဏားကျွန်း၊ မြေပုံ၊ အမ်း စသည်ဖြင့် မြေပုံပေါ်မှာ မနည်းရှာရတဲ့နေရာတွေကို ပို့လိုက်တဲ့အခါအကုန်လုံး စာကလေး အမွှေးနှုတ် ဗြုတ် ဖြစ်သွားတယ်။ သူများတွေရောက်သွားတာ ပျော်နေလို့ ရမလား။ကိုယ်လည်းတစ်နေ့ အဲဒီနေရာရောက်မှာ သိပြီးသား။ အလွန်ဆုံး ရန်ကုန်ထား နှစ်နှစ်ပေါ့။ အိမ်ကထမင်းဘူးလေးသယ်ပြီးလက်ဖြန့်တောင်းသုံးနေရတဲ့ဘ၀က နယ်ကို မထွက်ရဲတာကြောင့် ၀ါသနာလည်း ပါရင်းစွဲ သင်ကြားရေးဘက်ကိုလျှောက်ယူလိုက်တယ်။ လက်မတင်လေးပါပဲ။ ကိုယ်ရောက်ပြီး တစ်လလောက်အကြာမှာ ရုံခါပြန်တယ်။ဗေဒင်မမေးနဲ့။ ထွက်ကုန်ပြန်ရော။
ဆရာဝန်တွေဆိုတာစစ်သားတွေလို မဟုတ်ဘူး။ တောစော်နံရင် ပြန်တယ်။ တောင်ရိပ်အေးရင် ပြေးတယ်။ စားဝတ်နေရေး၊လုံခြုံရေး၊ ဘာတစ်ခုမှ အာမခံချက်မရှိတဲ့အရပ်မှာ နေတဲ့အစားမျိုး မဟုတ်ဘူး။ ဒါကြောင့်နယ်ပြောင်းတဲ့အမိန့်စာတွေ ထွက်တိုင်းထွက်တိုင်း၊ အလုပ်ထွက်တဲ့ဆရာဝန်တွေ ဘယ်နှစ်ယောက်တောင်ရှိမလဲ မမှန်းနိုင်ဘူး။ အပိုပြောတာ မဟုတ်ဘူးဗျ။ မနှစ်ကတုန်းက နေပူတော်မှာ လူကြီးနဲ့တွေ့ဖို့ထိုင်စောင့်နေရတဲ့အခန်းထဲမှာ ကြမ်းပြင်ကနေ မျက်နှာကျက်ထိလု တောင်ပုံရာပုံ ပုံထားတဲ့ဆာလာအိတ်ကြီးတွေပေါ်မှာ ဘာစာရေးထားတယ်ထင်သလဲ။ Dismissed တဲ့။
သူတို့တတွေအလုပ်ထွက်ကုန်တာ အလွန်လို့ မဆိုနိုင်ဘူး။ ကိုယ်ကိုယ်တိုင် နယ်ထွက်ဖူးတဲ့အခါ ကိုယ်တွေ့ခံစားရတယ်။နေရေးထိုင်ရေး စီစဉ်ပေးပါ့မယ် လို့ ဘယ်သူကမှ မပြောဘူး။ အထူးကုဆရာဝန်ဖြစ်မှ နယ်ထွက်တာတောင်ဆေးရုံက အလုပ်သမားတန်းလျားမှာ အစုတ်ဆုံးအခန်းမှာနေရတယ်။ နောက်ဆုံးမှ ရောက်တဲ့သူဆိုတာထုံးစံပဲ။ အိမ်သာထဲလောင်းဖို့ ရေပုံးရေခွက်ကအစ ထွက်ဝယ်ရတယ်။ အရင်လူက မထားခဲ့တာ မဟုတ်ဘူး။သူထွက်တာနဲ့ အိမ်ခံအလုပ်သမားတွေ အမွေခွဲယူကြတာ မီးဖိုတင်ဖို့ ထင်းရူးသေတ္တာ အစုတ်တောင်မချန်ဘူး။ ထမင်း ဟင်းချက်ဖို့၊ ဆေးဖို့ကြောဖို့ ကိုယ့်ဖာကိုယ် ရေထွက်ခပ်ရတယ်။ ဒီအရသာမျိုးကအသစ်ရောက်တဲ့သူတိုင်း ခံစားရတာ။ အစပါပဲ။ နောက်တော့ ကိုယ်က ဆရာကြီးဖြစ်လာတဲ့အခါ ပြန်ရိုက်ပေါ့။နယ်ရောက်သွားလို့ စားရမဲ့မဲ့ သောက်ရမဲ့မဲ့ ဆရာဝန်ဆိုတာ အမ်းလိုနေရာမျိုးမှာတောင် မရှိပါဘူး။
ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ်ကိုယ်နဲ့အတူတူတွဲ အလုပ်လုပ်တဲ့သူထဲမှာ စိတ်ချင်းသဘောချင်း မတိုက်ဆိုင်တဲ့သူ၊ ကိုယ့်အပေါ်မကြံအပ်မစည်ရာ ကြံစည်မယ့်သူဆိုတာ ရှောင်လွှဲလို့ မရနိုင်ဘူး။ ကိုယ့်အချင်းချင်း မဟုတ်ရင်တောင်လက်အောက်ငယ်သား၊ ဆရာမ အလုပ်သမားများနဲ့ ဖြစ်ချင်ဖြစ်မယ်။ အထက်လူကြီးနဲ့ ဖြစ်ချင်ဖြစ်မယ်။အခန့်မသင့်တဲ့အခါ မြို့ခံလူနာတွေနဲ့တောင် ဖြစ်ချင်ဖြစ်တယ်။ ဒီဟာတွေနဲ့ အဆင်မပြေခြင်းဟာလည်းဆရာဝန်တွေကို အလုပ်ထွက်ဖြစ်စေတဲ့ အကြောင်းတရား ပစ္စယော ပစ္စနိဿယတွေထဲမှာ ပါပြန်တယ်။ အခုခေတ်အခါမှာတော့ဂျာနယ်လစ္စ ပစ္စယောတစ်ပါး ထပ်တိုးလို့လာပြန်ရော။ ဆရာဝန်တွေ အလုပ်ထုတ်ခံရတဲ့အခါ တခြားဝန်ထမ်းတွေနဲ့မတူတာကဆေးကုသခွင့် လိုင်စင်ကို ပိတ်သိမ်းပြီးတော့ ပြည်ပထွက်ခွင့် ပညာရေးကင်းရှင်းကြောင်းထုတ်မပေးတော့ဘူး။ ဒီ့ထက်ဆိုးတာက လေဆိပ်မှာ ဓါတ်ပုံနှင့်တကွ ရာဇ၀တ်သားများလို ဘလက်လစ်စ်ထုတ်တယ်။ဦးခွန်ဆာနဲ့ လော်စစ်ဟန်က တံခါးတွေ ဓါးတွေ မရှိသော်ငြား ကိုကိုဒေါက်တာ၊ မမဒေါက်တာများကတော့ခြေလည်းမကျူးနဲ့ ဒူးလည်းမကျော်နဲ့။ သည်လိုမျိုး လာစမ်းလို့တော့ မရပါဘူး။ ဘင်္ဂါလီတွေ ဥဒဟိုသွားလာနေတဲ့ခေတ်မှာဆရာဝန်ကြံ ထရံတောင် တုတ်ခနောင်း ဖြစ်လို့ရတယ်။ စိုးမင်း ကို မင်းစိုး လို့ ပြင်ပြီး၉တန်းအောင်နဲ့ စာအုပ်အသစ်လုပ်၊ ကွန်ပြူတာဖျောက်ခလေး ပေးလိုက်ရင် မျက်ခွံတောင်လှန်အကြည့်မခံရဘူး။ရယ်စရာကောင်းလိုက်ပုံများ ဘူတန်က လုပ်သက်ခွင့်ကုန်လို့ပြန်အထွက်မှာ ကိုယ်နဲ့သိတဲ့ ကိုးတန်းအောင်ကြီးက ရှေ့ကရှောကနဲဝင်သွားပြီး စာအုပ်အစိမ်းစစ်စစ်နဲ့ဝန်ကြီးဌာနအမိန့်စာကြီးကိုင်ထားတဲ့ ကိုယ့်ကို ခါတိုင်းဘယ်တုန်းကမှ မတောင်းတဲ့ ၀န်ကြီးဌာနထောက်ခံစာဆိုတာကြီးကိုနေပြည်တော်ပြန်ယူခိုင်းလို့ လေယာဉ်ပေါ် မတက်လိုက်ရဘူး။ ပြီးတော့ လူလယ်ခေါင် သူခိုးဟောက်သလိုဟောက်တယ်ဗျ။“ခင်ဗျားတို့ဆရာဝန်တွေပဲ နိုင်ငံခြားထွက်ထွက်သွားပြီး ပြန်မလာကြတာ။” တဲ့။ ပလာချီကြီးဗျ။
ဒီတစ်ခါတော့နိုင်ငံခြားထွက်ထွက်ပြီး ပြန်မလာတဲ့ ဆရာဝန်ဆိုတဲ့ကိစ္စ ရှင်းကြတာပလေ။ ဆရာဝန်ဘ၀ရဲ့အသက်ဟာနောက်ထပ် ဘွဲ့လွန်တွေထပ်တက်ဖို့ အခွင့်အလမ်း၊ ပြည်ပနိုင်ငံတွေမှာ လေ့ကျင့်ဆည်းပူးဖို့ဆိုပါတော့။ ဒါပေမယ့် သူတို့ဆီက ဘွဲ့တစ်ခုကို ကိုယ့်ဆီမှာလို လွယ်လွယ်နဲ့ မပေးလိုက်ချင်ဘူး။အတွေ့အကြုံရအောင် လေ့ကျင့်တယ်ဆိုပြီး ထိုက်သင့်သလောက်တော့ ခိုင်းစားလိုက်ချင်သေးတာ။ခက်တာက ကိုယ့်နိုင်ငံထဲမှာ လေ့ကျင့်သင်ကြားထားတဲ့ သက်တမ်းကို သူတို့တွေက စိတ်ချလောက်တဲ့လုပ်ငန်းအတွေ့အကြုံအဖြစ် မယူဆဘူး။ ဒါကြောင့် မေ့ဆေးပညာလို ဘွဲ့လွန်မျိုးရဖို့ဆိုတာငါးနှစ်လောက် သူတို့ဆီမှာ အလုပ်လုပ်ရတယ်။ အစိုးရ၀န်ထမ်းသက်တမ်းကမှ အနှစ်၃၀ ပဲ ရှိတာ။ ငါးနှစ်ကြီးများတောင် အလုပ်လည်းမလုပ်ပဲလခပေးထားရမယ်ဆိုတော့ နိုင်ငံတော်က ခွင့်မပြုနိုင်ဘူး။ ဒါကြောင့် ဘယ်ဆရာဝန်ကိုမှ ဌာနကင်းကွာ၂နှစ်ထက်ပို မပေးတော့ဘူး။ အဲဒီတော့ သူတို့သတ်မှတ်ထားတဲ့ ကာလအပိုင်းအခြားအတွင်းမှာ(အဲဒါကလည်း တော်တော်တိုတယ်) ကိစ္စမပြတ်နိုင်တဲ့ ဆရာဝန် မှန်သမျှဟာ အလိုလိုနေရင်း အလုပ်ထုတ်ခံရတဲ့ဘ၀ကိုရောက်ကုန်တယ်။ ခက်တာက သူတို့ကသာ နင်တို့ကို ဒီတိုင်းပြည်က အလုပ်ထုတ်ပလိုက်ပြီ။ အလုပ်ထုတ်ပလိုက်ပြီပြောနေတာ။ ဟိုမှာ အလုပ်ဝင်လုပ်ရင် အဆတစ်ရာလောက်သာတဲ့လစာ၊ လူနေမှုအဆင့်အတန်း၊ အာမခံချက်၊ဘာမဆို လိုလေသေးမရှိ ပြည့်စုံတယ်။ နိုင်ငံခြားက ပြန်မလာလို့ အလုပ်ထုတ်ခံရတဲ့ဆရာဝန်တွေထဲမှာမျက်ရည်စက်လက်တော့ တစ်ယောက်မှမပါဘူး။ ကိုယ့်ဘ၀တိုးတက်ရာတိုးတက်ကြောင်းအတွက် ပဋိရူပဒေသ၀ါသောစ မင်္ဂလာဆိုတာလည်း လိုတာပဲ မဟုတ်လား။ ပြန်လာရင် အသိပဲလို့ မောင်းတင်နေတဲ့ သူကြီးတွေကိုအသေ၀နာစ ဗာလနံ နဲ့ နှုတ်ဆက်လိုက်တာပေါ့။
ဒီပြဿနာမျိုးကကိုယ့်ဆီမှာမှ ရှိနေတာ မဟုတ်ပါဘူး။ တရုတ်မှာလည်း ရှိတယ်။ အိန္ဒိယမှာလည်း ရှိတယ်။ ဘူတန်မှာလည်းရှိတာပဲ။ ဒါပေမယ့် မော်စီတုံးကြီးက “အပင်ဘယ်လောက်မြင့်မြင့် အရွက်ကြွေတဲ့အခါ ပင်ခြေအမြစ်ကိုပြန်လာရစမြဲပဲ” လို့ လက်ဆန့်ပြီး ပြန်ခေါ်လိုက်တဲ့အခါကျတော့ ကမ္ဘာအနှံ့အပြားက တရုတ်ပညာတတ်အများအပြားပြည်မကြီး ပြန်လာပြီး တိုင်းပြည်အတွက် အလုပ်အကျွေးပြုကြတဲ့အတွက် ကမ္ဘာကျော် မှတ်တမ်းဝင်စကားတစ်ခွန်းဖြစ်သွားတယ်။ ကိုယ်တို့ဆီက ပြည်ပရောက်နေတဲ့ ဆရာဝန်တွေကိုလည်း သည်စကားမျိုးပဲသုံးပြီး ပြန်ခေါ်ကြမလား။ စမ်းကြည့်ရအောင်လေ။
ပန်းစိုက်တဲ့ဘဘကြီးလက်ထက်မှာ ဂျပန်နိုင်ငံက နှလုံးသွေးကြောခွဲစိတ်အဖွဲ့ကြီးနဲ့အတူ
မြန်မာနိုင်ငံသားလူငယ်ဆရာဝန်ကလေးတစ်ယောက်လည်း ပါလာသတဲ့။ ကိုယ်တတ်တဲ့ပညာနဲ့ ကိုယ်တိုင်းပြည် ကိုယ့်လူမျိုးအတွက်ဆေးကုခွင့်ရတယ်ဆိုတာ ဘယ်လောက် ပီတိဖြစ်စရာ ကောင်းသလဲ ကိုယ်တိုင်ကြုံဖူးတော့ သိလိမ့်မဗျ။ဒီလို လူငယ်မျိုးဆက်ကလေးတွေ ကိုယ့်ဆီမှာ ရှိတော့ မကောင်းပါလားဗျာ။ အမျှော်အမြင်ကြီးတဲ့ပန်းချစ်သူကြီးက မော်စီတုံးကြီးလို ရင်ဖွင့်လက်ကမ်းပေးလိုက်တဲ့အခါ ဟိုကလည်း ၀မ်းသာအားရမယားကတသွယ်၊ မိသားစုပါ ခေါ်ပြီး ပြန်လာတာပေါ့။ ဒါပေသိ ကမ္ဘာ နဲ့ မြန်မာက တော်တော် အဟပ်ကွာသွားခဲ့ပြီ။သူခွဲစိတ်ကိုင်တွယ်နေတဲ့ စက်ကိရိယာ ပစ္စည်းကြီးက မြန်မာပြည်မှာ ရှိမှ မရှိသေးတာ။ “မင်းဘာနဲ့ ကုမလို့တုန်း” လို့ ဂျပန်ကြီးများက မေးရှာတယ်။ “စက်ကျိုးတော့လည်း လက်ထိုးလှော်ရတာပ”ဆိုတဲ့ ကလေးကို တားမရမှန်းသိတဲ့အခါ လက်ရှိသူတို့သုံးနေတဲ့ စက်ကိရိယာကြီးတစ်ခုလုံးကိုဆရာဝန်လေးနဲ့အတူ မြန်မာပြည်သားများအတွက် လှူလိုက်ပြီး သူတို့ကတော့ စက်အသစ်တစ်လုံး ထပ်ဝယ်လိုက်သတဲ့။သို့သော်လည်း ဆိုရှယ်လစ်စီးပွားရေးစံနစ်က သွင်းကုန်ဥပဒေကြီးက အသက်ဝင်နေဆဲမို့ အဲသလောက်တန်ဖိုးကြီးမားတဲ့ ပုဂ္ဂလိကပိုင် ပစ္စည်းကြီးကို တင်သွင်းခွင့် မပြုတာမို့ နိုင်ငံတော်ကိုလှူခိုင်းပါတယ်။ မအိုကေပါဘူး။ စစ်အစိုးရအုပ်ချုပ်တဲ့နိုင်ငံတော်ကို စီးပွားရေး ပိတ်ဆို့တားမြစ်ထားတာရှိတဲ့အတွက် သူတို့ဘက်က လှူလို့မရပြန်ဘူး။ နောက်ဆုံးတော့ ဘယ်ရောက်သွားသလဲ သိလား။ မပြောပြဘူး။ကြောက်လို့။ စက်ပစ္စည်းကိရိယာတစ်ခုတည်းက ပြဿနာ မဟုတ်ဘူးဗျ။ တခုတ်တရပင့်လာတဲ့ အဲသည် နတ်နေကိုင်းကလေးကိုဘယ်အပင်မှာ သွားပြီး ကိုင်းကူးကိုင်းဆက် လုပ်ကြမတုန်းဆိုတဲ့ ပြဿနာ ပေါ်လာပြန်တယ်။ ကျောက်ကပ်အစားထိုးရင်အသည်းအစားထိုးရင်တောင်မှ ကိုယ့်ခန္ဓာကိုယ်က မဟုတ်ရင် လက်မခံပဲ တွန်းလှန်တဲ့ ကိုယ်ခံအားစံနစ်ကရှိသေးတာပဲ။ နောက်မှပေါက်တဲ့ ရွှေကြာပင်ကလေးက ကိုယ်တသက်လုံး တန်းစီစောင့်လာတဲ့နေရာ ၀င်လာမှာစိုးတော့မောင့်အဖြေ ဘယ်လိုနေမယ် မေးကြည့်စရာတောင် မလိုပါဘူး။ Rejection တွေ ထိကုန်တာပေါ့ဗျာ။ဒါမျိုးမှာ Immune Suppression ခုခံအားလျော့နည်းစေအောင် မိုးကျရွှေကိုယ်အဖြစ် အခက်တွေအပွင့်တွေ ကာကွယ်ထားတာလည်း မဟုတ်။ ဒါ ဖြစ်တတ်တဲ့ သဘာဝတစ်ခုကို ဥပမာပေးတာပဲ ရှိသေးတယ်။ဒါပေမယ့် အခု ပြည်ပက ပြန်လာမယ့် ဆရာဝန်တွေက အထဲကလူတွေဆီ နေရာလုဖို့ ပြန်လာတာမှ မဟုတ်ပဲ။အပြင်မှာ သူတို့ဘာသာ စားကျက်ရှာမှာပေါ့။
သူတို့တွေကအင်မတန် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ရေခံမြေခံကောင်းကောင်းမှာ နှစ်ရှည်လများ အလုပ်လုပ်လာကြတာ။အဲဒီက တတ်လာတဲ့ ပညာတွေနဲ့ ကိုယ့်လူမျိုးတွေကို အစွမ်းကုန် ကုသပေးချင်တဲ့ စေတနာရှိတာလည်းပြောစရာ မလိုဘူး။ ဒါပေမယ့် မနေ့က အင်္ဂါလန်မှာရောက်နေတဲ့ သယ်ရင်းကြီးတစ်ယောက်ဆီက မတ်စိတစ်စောင်ရတယ်။“တို့တတွေတော့ ဓါးမနောက်ပိတ်ဘ၀မှာ အများကြီး ပြတ်ကျန်ခဲ့ပါပြီ” တဲ့။ အဲဒီမှာ လက်နဲ့တောင်သိပ်မခွဲတော့ဘူးဆိုပဲ။ ၇၅%လောက်က မှန်ပြောင်းကလေးနဲ့ အပေါက်သေးသေးကလေးဖောက်ပြီး ခွဲနေကြတာ။Laproscopic Surgery ဆိုပဲ။ ခက်လိုက်တာကွယ်။ မှန်တာပြော ချမ်းသာရစီရဲ့။ ကိုယ်တော့အဲသဟာကြီးနဲ့ တစ်ခါဖူးမှ မခွဲဖူးဘူး။ ကိုယ်တို့ဆီမှာဖြင့် ဖင်ခေါင်းထဲချောင်းတဲ့Proctoscope တောင် ဆေးရုံတိုင်း အလွယ်တကူ ရနိုင်တာ မဟုတ်ဘူး။ ငယ်ငယ်တုန်းက လိပ်ခေါင်းလူနာတွေသားရေကွင်းနဲ့ ပစ်တဲ့သေနတ်ကလေးဆိုတာ အခုသည်မှာ ရှာလို့တောင် မရတော့ဘူး။ အစာအိမ်မှန်ပြောင်းကြည့်ချင်ရင်ကိုယ့်ခွဲခန်းမှာ တစ်ခုမှ မရှိလို့ GI ward က သမားတော်တွေဆီ ရက်ချိန်းယူပြီး ဟောက်ဆာဂျင်နဲ့လွှတ်နေရတယ်။ အဲသဟာကြီးနဲ့မှ ခွဲမယ်ဆိုရင် တစ်နေ့လူနာ ဘယ်နှစ်ယောက်ပြီးမလဲ။ ကိုယ်တို့ဆီမှာwaiting list က နှစ်လစာလောက် ကျန်သေးတယ်။ ဒါတောင် အရေးပေါ်မပါ၊ ခွဲခန်းတစ်ရက်ကို ဆယ်ယောက်လောက်အသာလေး ခွဲနေတာ။ မင့်ဟာကြီးနဲ့ မင်းတို့တတ်ရင် အပြင်ဆေးခန်းမှာပဲ ခွဲကြပါလား။ ဆေးရုံကလူနာတွေက တတ်နိုင်မှာလည်း မဟုတ်ဘူးဗျ။ ဒါက ကိုယ်ချင်းကိုယ်ချင်း ပြောမနာဆိုမနာတွေမို့ချိုချိုချွဲချွဲ ဆိုဆိုဆဲဆဲ ရတယ်။ ပြဿနာ မရှိဘူး။ ဒါပေမယ့် တစိမ်းတွေနဲ့ပြောရင် အဲသည်စကားတွေဘယ်ရောက်မလဲ စဉ်းစားကြည့်။ အထက်မော့တဲ့သူတွေကတော့ အထက်ကိုချည့် မြင်တာပေါ့။ ကိုယ်တွေကအောက်ခြေမှာ အမှိုက်ကျုံးနေရတဲ့သူဆိုတော့ မျက်မွှေးထော်လော် မော် မကြည့်အားဘူး။ မျက်လုံးချင်းဆုံရင်ခုန်ဖို့ မစဉ်းစားနဲ့။
နိုင်ငံခြားကဆရာဝန်တွေပြည်တော်ပြန်လာဖို့ စည်ရွမ်းတဲ့အခါ မဆီမဆိုင် လက်ပံသား ဓါးနဲ့အချိုင်ခံရပြန်တာက ပြည်တွင်းကဆရာဝန်များဟာသူတို့နဲ့ စားကျက်လုမှာစိုးလို့ မလာစေချင်ကြဘူးဆိုတဲ့ ပေါက်ပန်းဈေးစကားကြီးက စီကနဲထွက်လာတယ်။ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးမနေကြနဲ့ လို့ အပြောခံရတယ်။ ရယ်စရာကြီးဗျ။ ကိုယ့်ကိုယ်ကိုယ်အထင်မကြီးရမှာ ကိုယ်တွေ မဟုတ်ပါဘူး။ ကိုယ့်ဆီက အခြေအနေမျိုးနဲ့ သူတို့လာအလုပ်လုပ်ဖို့ဘယ်နှစ်ရက်ခံမလဲ ကိုယ်က သိနေတဲ့အတွက်ပါ။ သူတို့ဖာသူတို့ ဆင်ဖြူတော်ကို ပြုတ်တတ်၊ ပေါင်းတတ်၊ချက်တတ်၊ ကြော်တတ်လည်းပဲ ကျုပ်တို့ဆီမှာ အိုးမရှိဘူးဗျ။ ဖုတ်စား ကင်စားတတ်မှ အဆင်ပြေမယ်။ကျွန်တော့်ဆီက အူကျလူနာတွေကို ဦးနေ၀င်းယောက္ခမ ဒေါက်တာဘသန်းကြီးခွဲတဲ့နည်းအတိုင်း သည်ကနေ့အထိခွဲနေတယ်။ ဟိုမှာဆို အဲဒီနည်းကို ကြားတောင် မကြားဖူးကြတော့ဘူး။ ကျွန်တော်တို့ဆီက ဆရာမလေးတွေကအပ်ချည်ချုပ်ကြိုးကလေးတွေကို နဖားထိုးတုန်း။ သူ့အရပ်နဲ့ သူ့ဇာတ်တော့ ကိုက်နေပါတယ်။အင်္ဂလန်က ဘင်သံကြီးတွေ လာတီးရင်သာ ကီးတွေ ကြောင်ကုန်မှာ။ ဒီအဟကြီးကို ဆွဲမစိပဲနဲ့ ဟိုကလူတွေကိုဘုံကြိုးပြတ်တဲ့ ဒေ၀ီနတ်မျိုးနွယ် လုပ်ခိုင်းမလို့လား။
နောက်တစ်ခုကတော့ကိုယ်ပြောတဲ့စကားကို လိုသလိုဆွဲပြီး အဓိပ္ပါယ်ကောက်တာပါ။ လူဆိုတာ အလုပ်ထဲမှာ ကြာလေလေကိုယ့်အလုပ်ထဲမှာ ခံရတဲ့ ဒုက္ခကို ပိုသိလေလေပါ။ ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်းမြင်ထားပြီးသား။ဝဋ်ရှိလို့ ဆပ်နေရတာ။ ကုသိုလ်နဲ့ ပီတိကလွဲလို့ ဘာအကျိုးအမြတ်မှ မရှိဘူး။ တိုင်းပြည်ကြီးကိုချစ်လွန်းလို့ကုပ်ကပ်ဖက်တွယ်ပြီး နေနေတာ မဟုတ်ဘူး။ တနေ့သောအခါ ရိပ်သိမ်းရနိုးနိုး မျှော်ကိုးပြီးအပင်ပျိုးနေတဲ့ ကိစ္စလည်း မဟုတ်ဘူး။ အလုပ်အကြောင်း အပြင်ကလူတွေ သိတယ်ဆိုတာ ကိုယ်တို့အိပ်နေသလောက်ရှိတယ်။ မပြောချင်လို့။ ကိုယ်သာ ဘယ်သူမှ မသွားတဲ့နေရာတွေမှာ အမြစ်ရှည်အခြေကျမတတ် လွယ်အိပ်တစ်လုံးနဲ့ ရွာစဉ်လည်ခဲ့တာ။ ရန်ကုန်မှာ အနှစ်နှစ်ဆယ်လောက်နေပြီးပဲခူးလောက်ပြောင်းရလို့ ထွက်စာအလွယ်တကူ ရသွားတဲ့သူတွေလည်း ရှိတာပဲ။ ဘယ်ကိုမှ မထွက်ရပဲနိုင်ငံခြားပညာသင်ခရီးတွေ “သူ့ချည်းသာလော၊ လမ်းစားရိတ်နဲ့ပါဖျာ့” ဆိုတာတွေလည်း မြင်ဖူးပေါင်းများလှပြီ။ သူတို့လည်း အလုပ်ထွက်ကြတာပဲ။ယူအန်မှာ အလုပ်ရရင်။ အားလုံးကို မုဒိတာ ပွားနိုင်တယ်။ ဘယ်သူ့ကိုမှ မနာလို မရှိဘူး။သူ့အကြောင်းနဲ့သူ။
ပြောခဲ့ပြီးသား။ဘယ်သူကျေးဇူးတင်ခံချင်လို့ အသိအမှတ်ပြု ခံချင်လို့မှ လုပ်နေတာ မဟုတ်ဘူး။ ကိုယ့်ခံယူချက်နဲ့ကိုယ်လုပ်တာ။ဒါပေမယ့် ကိုယ်ကျင့်တရားကလွဲပြီး ဘာမှ မရှိတဲ့သူတွေမှာ သူများတွေထက်ကြီးတာ တစ်ခုရှိတယ်။အဲဒါ မရှိမာနပဲ။ ကိုယ့်ဟာကိုယ် အားတင်းထားရတာ။ သူများလာထိခိုက်လို့ မခံဘူး။ “ပိုက်ဆံလိုချင်ဆရာဝန်မလုပ်နဲ့” ဆိုတဲ့စကားဟာ ကျောင်းပြီးဘာလုပ်ရမလဲလာမေးတဲ့ အငယ်တွေကို အမြဲ ပြောနေကျစကားပါ။ ကိုယ်လိုချင်ရာလမ်းကို ရွေးချယ်နိုင်ဖို့အဆိုးအကောင်း အကျိုးအကြောင်းရှင်းပြပြီး ပြောတဲ့စကား။ ကိုယ့်စကားနဲ့ကိုယ် ပြန်အပြောခံရတဲ့အခါကျတော့စကားကတော့သည်စကားပဲ အဓိပ္ပါယ်က ပြောင်းသွားတယ်။ ပြောတဲ့သူက ကိုယ့်အမေဆိုတော့ သူ့စိတ်ကိုသိတဲ့အတွက် သူဆိုလိုချင်တဲ့အဓိပ္ပါယ်ကို ကိုယ့်ဘာသာ ဖြည့်တွေးလိုက်ရတယ်။ နားဝင်တော့မချိုလှဘူး။ လောလောဆယ် ဆေးရုံကြီးမှာ ဆရာဝန်လုပ်နေပြီး လူနာဆီက တောင်းစား မျှော်စားမယ့်သူဆိုတာမမြင်မိသေးဘူး။ (အနည်းဆုံးတော့ ကိုယ့်ပတ်ဝန်းကျင်မှာ မရှိဘူး။) သူပြောတဲ့စကားကို ပိုက်ဆံနောက်တကောက်ကောက်လိုက်နေတဲ့ ဆရာဝန်တွေက နားစိုက်တာ မဟုတ်ဘူး။ ဘတ်စကားစပယ်ယာလခနဲ့ ကိုယ်ကအသားလွတ်ကြီး အပြောခံလိုက်ရတာ။ နောက်တစ်ခါ လာပြန်ရော။ ကိုယ့်ငုတ်တုတ်ကြီးရှေ့ထားပြီးအဝေးကလူဆီ “အမေ့ကို ကူကြပါဦး သားတို့ရယ်။” ဆိုတော့ ထမ်းလာတဲ့အထုပ်ကြီး ဘုန်းကနဲ ပစ်ချလိုက်ချင်လာတယ်။
ဒီအခါမှာကိုယ်က သားအမိလို သဘောထားတဲ့အတွက် စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ဂျစ်တိုက်တာပဲ။စိတ်ဆိုးလို့ရယ် မဟုတ်။ မိသားစုဆိုတာ စိတ်ဆိုးလို့ ပြတ်ရတာ မဟုတ်ဘူး။ သူများကိုလည်းလိုက် တိုက်ခိုက်ပုတ်ခတ်နေဖို့ အာရုံမရှိဘူး။ အချိန်လည်း မရဘူး။ ဒါပေသိ သားအမိစကားကတော့ပြောဦးမှ ဖြစ်မှာပါလေ။ သည်စကားပြောတာတော့ သားမောင်ရင်ထဲ အောင့်လှချည်ရဲ့။ အမေ့ဘာအမေချော့ချင်ချော့ မချော့ချင်နေ။ ပြောတော့ ပြောမှာပဲ။ ဒီအခါမှာ အမေကလည်း မိခင်မေတ္တာနဲ့မို့သူပြောချင်တဲ့စကားတွေ ရှိမှာပေါ့။ ဆုံးမသွန်သင်စရာတွေလည်း ရှိမှာပေါ့။ အဲသလို ဆက်ဆံရေးကသာအပြန်အလှန် နှစ်လမ်းသွားတဲ့ ဆက်ဆံရေး အစစ်ဖြစ်ပါတယ်။ တကယ်လို့များ အမေ့နားမှာ ဟုတ်ကဲ့တစ်ရာအင်းပါတစ်သိန်းနဲ့ ဘယ်သူကမှ ခွန်းတုံ့မလှန် သြဇာခံလာတဲ့တစ်နေ့မှာ ကိုယ့်အမေတော့ ဒုက္ခကြီးစွာရောက်ရတော့မှာဗျ။ အဲဒါ “Yes Intoxication” လို့ ခေါ်ရမလား မသိဘူး။ လူဆိုတာ စိတ်တစ်ခုယုတ်ကိုးဆယ်အမေရဲ့။ လူတစ်ယောက်တည်းတောင် စိတ်က အခုတစ်မျိုး တော်ကြာတစ်မျိုးရယ်။ လူသန်းခြောက်ဆယ်စလုံးအမေ့စိတ်တစ်ခုတည်းနဲ့ ပြားပြားဝပ် တစ်သွေးတစ်သံတစ်မိန့် ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။အမေကြားတဲ့ ဟုတ်ကဲ့တစ်သိန်းဟာ ဘယ်နည်းနဲ့မှ တစ်သိန်းသောဟုတ်ကဲ့ ဖြစ်မှာ မဟုတ်ဘူး။ ဟုတ်ကဲ့လို့အသံထွက်လိုက်ရတဲ့ ဟင့်အင်းတွေ ကြာလေကြာလေ များလာလိမ့်မယ်။ အဲသလိုဆိုရင် အမေဟာ အမှန်တရားနဲ့တဖြေးဖြေး ဝေးကွာပြီး အမေကိုယ်တိုင် တစ်သက်လုံးဆန့်ကျင်တိုက်ပွဲဝင်ခဲ့တဲ့ အာဏာရှင်ကြီးအဖြစ်ကိုရောက်မှန်းမသိ ရောက်သွားလိမ့်မယ်။ ဒါကြောင့် အမေ့နားကလူတွေကို ဟုတ်ကဲ့မဟုတ်ရင် ကြိမ်းလားမောင်းလားလုပ်တာ လျှော့ခိုင်းပါဦး အမေရယ်။ ဟုတ်တာ မဟုတ်တာ အမေက လူကြီးပဲ။ ပိုသိတာပေါ့။ ဒါပေမယ့်ကိုယ့်သားတွေ ဘာဖြစ်နေသလဲဆိုတဲ့ အသံကလေးတော့ ကိုယ်တိုင် နားမထောင်ရပါလား။ ဟင့်အင်းတိုင်းဟာငါသွားမယ့်လမ်းကို ကန့်လန့်တိုက်နေတာ လို့ မထင်ရင်ပြီးတာပါပဲ။ သားချည့်ပဲ နှစ်ယောက်တောင်မွေးထားတဲ့ အမေဟာ သားယောင်္ကျားလေးတွေ ဘယ်လို စိတ်သဘောမျိုး ရှိတတ်တယ်ဆိုတာ နောကျေနေလောက်ပါရဲ့လေ။နော့။
0 comments:
Post a Comment