Wednesday, October 3, 2012

အက်ဆေး (သို့မဟုတ်) Essay


by Harry Lwin on Thursday, July 12, 2012 at 10:40am 

အက်ဆေး (Essay) နဲ့ ပတ်သက်လို့ အရင်က Poemscorner မှာ ရေးခဲ့ဖူးတာလေး နည်းနည်းပြုပြင်ပြီး ပြန်တင်ပေး လိုက်ပါတယ်။
တချို့က Essay ကို ဆောင်းပါးလို့ ထင်နေကြပါတယ်။ Essay ဟာ ဆောင်းပါး မဟုတ်ပါဘူး ... ဆောင်းပါးက Article လို့ခေါ်ပါတယ်။ Essay က အက်ဆေးလို့ပဲ ပြောရမှာပါပဲ။ ငယ်ငယ်တုန်းကရေးရတဲ့ ''စာစီစာကုံး'' ကိုလည်း Essay လို့ခေါ်ပါတယ်။ ဒါပေမယ့် အဲဒါချည်းပဲမဟုတ်ပါဘူး။ စာပေဗိမာန် ကတော့ ''စာတမ်းငယ်'' လို့ နာမည်ပေးထားပါတယ်။ ဆရာအောင်သင်းကတော့ အက်ဆေးဟာ ရသပါတဲ့အတွက် ''ရသစာတမ်းငယ်'' လို့ခေါ်တာပိုသင့်တော်ပါသတဲ့။ မင်းလူရေးတဲ့ ''အက်ဆေးချစ်သူ'' ထဲမှာ ပါပါတယ်။ ဖတ်ကြည့်ပါ။ တချို့ကတော့လည်း ''အက်ဆေး'' လို့ပဲ တိုက်ရိုက် အသံဖလှယ်ပြီး မွေးစားစကားလုံးအနေနဲ့ သုံးကြပါတယ်။ ကျနော်ကတော့ အဲဒါကို ပိုကြိုက်ပါတယ်။


အက်ဆေးဆိုတာ ပြင်သစ်စကား  essayer  ကနေလာတာဖြစ်ပါတယ်။ “to try or to attempt” လို့ အဓိပ္ပါယ် ရပါတယ်။ အင်္ဂလိပ်စကား essay ဆိုတာကလည်း “a trial or an attempt” ဆိုတဲ့ အဓိပ္ပါယ်နဲ့ စသုံးခဲ့တာပါ။ အခုထိလည်း အဲဒီ အဓိပ္ပာယ်နဲ့ သုံးလို့ရပါသေးတယ်။ ပထမဆုံး အက်ဆေး ဆိုပြီး စတင်ဖော်ပြ သုံးစွဲခဲ့တဲ့ စာရေးဆရာကတော့ ပြင်သစ် စာရေးဆရာ Michel de Montaigne (1533-1592) ပါတဲ့။ ၁၆-ရာစု ကတည်းကနော်။ သူက သူရေးထားတဲ့စာတွေဟာ သူ့အတွေး၊ စိတ်ကူး ခံစားချက်တွေကို စာအဖြစ် လုံလုံလောက်လောက် ပြောင်းလဲဖော်ပြနိုင်ဖို့ ကြိုးပမ်းချက်တခု အနေနဲ့တင်ပြတာမို့ ဒီလို essayer လို့ သုံးတာပါ။ အင်္ဂလိပ်စာပေမှာတော့ Francis Bacon က ၁၅၉၇-မှာ အက်ဆေးဆိုပြီး စတင်စာအုပ်ထုတ်ခဲ့ပါသတဲ့။

တကယ်တော့ အက်ဆေးဆိုတာက စာတိုလေးပါပဲ။ ရေးတဲ့သူက သူ့ ကိုယ်ပိုင်ခံစားချက်၊ ထင်မြင်ယူဆချက်တွေကို တင်ပြတာ ပါပဲ။ ၀တ္ထုတို (short story) နဲ့ ကွာတာက ၀တ္ထု ဆိုရင် အတိုဖြစ်ဖြစ်၊ အရှည်ဖြစ်ဖြစ် ဇာတ်လမ်း၊ ဇာတ်ကွက်ပါရမယ်။ ဇာတ်ဆောင်တွေပါရမယ်။ လှည့်ကွက်လေးတွေလည်း ပါရမယ်ပေါ့။ ဇာတ်ရှိန်တက်အောင် လုပ်တာတွေ ဘာတွေလည်းပါရမယ်။ နောက်ပြီး အစနဲ့ အဆုံးရှိရပါမယ်။ အက်ဆေးကတော့ အဲဒါတွေ ဘာမှမလိုပါဘူး။ ပါချင်လည်းပါမယ်၊ မပါချင်လည်းမပါဘူးပေါ့။

ဆောင်းပါး (article) ကျပြန်တော့ အချက်အလက်ခိုင်မာမှုရှိရမယ်။ တိကျမှုရှိရမယ်။ အဆိုးအကောင်းတွေ ခွဲခြားပြနိုင်တယ်။ သုတပိုင်းကို ပိုပြီးဦးတည်ရေးလေ့ရှိတယ်ပေါ့လေ။ အက်ဆေးကတော့ ရသကို ဦးစားပေးရေးတာပါ။ ဒီထဲမှာ အချက်အလက်တွေ ဘာတွေ ပါချင်လည်းပါမယ်၊ ပါချင်မှလည်းပါမယ်၊ ဘာအကြောင်းအရာမဆိုဖြစ်နိုင်ပါတယ်။ အဓိကကတော့ ရေးတဲ့သူရဲ့ စိတ်ကူးစိတ်သန်းက အဓိကပါပဲ။ ဘလော့တွေမှာ ရေးနေကြတဲ့ ပို့စ် တွေဟာ တကယ်တော့ အက်ဆေးတွေများပါတယ်။

ဒါပေမဲ့ အက်ဆေးကို တိတိကျကျ အဓိပ္ပာယ် ဖွင့်ဆိုဖို့တော့ ခက်ပါတယ်။ article နဲ့ short story ကြားမှာ overlap ဖြစ်နေတယ် လို့ပဲ ပြောရမှာပါပဲ။

ဟယ်ရီလွင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...