Saturday, October 13, 2012

အင်တာနက်ပေါ်မှ အနိုင်ကျင့်မှု၏ နောက်ဆက်တွဲ ရင်နင့်ဖွယ်ဖြစ်ရပ်


by General Knowledge on Friday, October 12, 2012 at 10:26pm ·

Saturday, 13 October 2012

အင်တာနက်ပေါ်မှ အနိုင်ကျင့် နှိပ်စက်ကလူပြုမှုများကြောင့် အသက်ကို စတေးခဲ့ရသည့် ရင်နင့်သနားစရာ မိန်းကလေးတစ်ဦး၏ ဖြစ်ရပ်ကို The Sun သတင်းဌာနက ဖော်ပြခဲ့သည်။

အသက်(၁၅)နှစ်သာ ရှိသေးသော အမန်ဒါ မိုက်ချယ်လ်တော့ဒ်သည် ဗန်ကူးဗားရှိ သူမ၏ နေအိမ်တွင် ဗုဒ္ဓဟူးနေ့က သေဆုံးနေသည်ကို တွေ့ရသည်။ 


ရဲများက အမန်ဒါသည် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သွားခြင်းဟု သတ်မှတ်ခဲ့ပြီး သူမသည် အင်တာနက်ပေါ်မှ အနိုင်ကျင့် စော်ကားမှုများကို မခံမရပ်နိုင်သည့်အဆုံး ယခုလမ်းကို ရွေးသွားခြင်းဟု ကောက်ချက်ချခဲ့သည်။

အမန်ဒါသည် စက်တင်ဘာ (၇)ရက်နေ့ ကတည်းက အဖြူအမည်း ဗီဒီယိုဖိုင် တစ်ခုကို အင်တာနက်တွင် လွှင့်တင်ကာ သူမ၏ စိုးရိမ်ထိတ်လန့်နေရသော ဘဝကို ရင်ဖွင့်ခဲ့ဖူးသည်။ 

ထိုဗီဒီယိုထဲတွင် စကားလုံးဝ မပြောသော အမန်ဒါသည် ကတ်ပြားများဖြင့် စာရေးကာ သူမ၏ သောကကို ဖွင့်ဟခဲ့သည်။ နောက်ကြောင်းပြန် စုံစမ်းမှုများအရ အထီးကျန် ပျင်းရိမှုကြောင့် Chat Room များတွင် ဝင်ရောက်စကားပြောရင်း အမန်ဒါနှင့် လူတစ်ဦးတွေ့ဆုံခဲ့သည်။ ထိုသူက ပတ်ချွဲနှပ်ချွဲဖြင့် အမန်ဒါအား အပေါ်ပိုင်း ဗလာကျင်း ကိုယ်ဟန်ပြရန် တောင်းဆိုခဲ့သည်။

ငယ်ရွယ်နုနယ်သေးသော မိန်းကလေးသည် ယင်းကို အယုံလွယ်ကာ တစ်ကြိမ်လိုက်လျှောမိသွားခဲ့သည်။ ယင်းတစ်ကြိမ်သည်ပင် သူမဘဝအတွက် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်ပေါ်လာရန် လုံလောက်သွားစေခဲ့သည်။

 နောက်တစ်နှစ်မျှအကြာတွင် ထိုသူက အမန်ဒါအား Facebook မှ ဆက်သွယ်လာကာ အလားတူ ပြုလုပ်ပြရန် တောင်းဆိုခဲ့သည်။ အမန်ဒါက ငြင်းဆန်ချိန်တွင် ပထမတစ်ကြိမ်က သူမ၏ ပုံရိပ်များကို အမန်ဒါ၏ မိတ်ဆွေများ၊ အတန်းဖော်များ၊ ဆွေမျိုးများထံသို့ ယုတ်ယုတ်မာမာ ဖြန့်ဝေပစ်ခဲ့သည်။  

“ကျွန်မ ဓာတ်ပုံကို ဘယ်တော့မှ ပြန်မရတော့ဘူးလေ” ဟု ရေးထားသော ကတ်ပြားတစ်ချပ်ကို အမန်ဒါက သူမလွှင့်တင်ခဲ့သော ဗီဒီယိုတွင်  ကိုင်ဆောင် ပြသခဲ့သည်။ 

  အမန်ဒါ လွှင့်တင်ခဲ့သော ဗီဒီယိုကိုကြည့်ရန် LINK။

 မကြာမီမှာပင် သူမသည် ကျောင်းအသစ်တွင် ဆယ်ကျော်သက် တစ်စုက ဝိုင်းဝန်းရိုက်နှက်ပြီး ယင်းမြင်ကွင်းကို ဗီဒီယိုရိုက်ယူသည့် အခြေအနေနှင့်လည်း ကြုံခဲ့ရပြန်သည်။ 

ဆိုးရွားသော၊ အထင်သေး စက်ဆုပ်ခံရသော အခြေအနေများစွာကို ကြုံလာရပြီးနောက် အမန်ဒါသည် သူမ၏ ဘဝကို အစွန်းချွတ်ဆေး တစ်ပုလင်း သောက်သုံးခြင်းဖြင့် အဆုံးသတ်ရန် ရွေးချယ်ခဲ့သည်။

သို့သော်လည်း သူမ မသေခဲ့ချေ။ ဆေးရုံပေါ်တွင် သူမ သက်သာလာချိန်တွင် အင်တာနက်ပေါ်မှ ဖိစီးအနိုင်ကျင့်သူများက အခြားအစွန်းချွတ်ဆေး ပုလင်းများ၏ ဓာတ်ပုံကို လွှင့်တင်ကာ “တကယ်တော့ သူက တခြားဆေးတစ်မျိုးကို သုံးသင့်ခဲ့တာပါ။ နောက်တစ်ခါဆို ဒီကောင်မ သေစေချင်တယ်။ ဒါက ရူးတယ်တော့ မဟုတ်ဘူးလို့ ပြောရမလား” စသဖြင့် စာများလည်း ရေးသားခဲ့သည်။ တစ်ချိန်ကCheerleader တစ်ဦး ဖြစ်ခဲ့သည့် မိန်းမလှလေးက “ကျွန်မ ဒီမှာ ဆက်ရှိနေသင့်သလား။ ကျွန်မအတွက် ဘယ်သူမှ မရှိဘူး။ ကျွန်မ တစ်ယောက်ယောက်ကို လိုအပ်နေပါတယ်” ဟူသော စာတန်းပါ ကတ်ပြားကိုMy Story: Struggling, bullying, suicide and self-harm ဆိုသော အမည်တပ်ထားသည့် သူမ၏ ဗီဒီယိုတွင် ပြသခဲ့သည်။

ဗုဒ္ဓဟူးနေ့ကမူ သူမ၏ ရုပ်အလောင်းကို ရဲများက နေအိမ်ထဲတွင် ကြေကွဲဖွယ်ရာ ရှာဖွေတွေ့ရှိခဲ့သည်။ သူမသည် မသေဆုံးမီ အနိုင်ကျင့်သူများအား လူအများက ဆန့်ကျင်ရန်နှင့် သားကောင်များဘက်မှ ရပ်တည်ပေးပါရန် ပန်ကြားသော Slide Presentation တစ်ခုကို ပြုလုပ်ထားခဲ့သေးသည်။ ဗြိတိသျှ ကိုလံဘီယာဒေသ အုပ်ချုပ်ရေးမှူး ခရစ်ဆီကလာ့ခ်က သူမ၏ ကြေကွဲမှုကို အမန်ဒါ၏ မိသားစုအတွက် စာနာမျှဝေသည့်အနေဖြင့် ဗီဒီယိုတစ်ခုကို လွှင့်တင်ခဲ့သည်။  

“အနိုင်ကျင့်တယ်ဆိုတာ ဘယ်သူ့အတွက်မှ မဖြစ်သင့်ပါဘူး။ ဘယ်သူနဲ့မှ မထိုက်တန်ပါဘူး။ ဒါဟာ မှန်ကန်စွာ ကျင့်သုံးရမယ့် အမူအကျင့်လည်း မဟုတ်ဘူး။ အနိုင်ကျင့် ဖိနှိပ်မှုတွေကို ရပ်တန့်ရပါမယ်”ဟု သူမက ဆိုသည်။ ယခုအခါ Facebook ပေါ်တွင် Rest in paradise Amanda Michelle Todd ဆိုသော အမှတ်တရ Page  လေး တစ်ခုကို ဖန်တီးထားပြီး လူပေါင်း (၂၈၀၀၀)မျှ Like ထားပြီး ဖြစ်သည်။  

အမန်ဒါ၏ မိခင် ကာရိုးလ်က သူမ၏ သမီးဖြစ်သူ နောက်ဆုံး ဖန်တီးခဲ့သည့် ဗီဒီယိုလေးသည် အခြားသော လူငယ်များအတွက် အလားတူ ဖြစ်ရပ်ဆိုးများမှ ရှောင်လွှဲနိုင်ရန် ဆင်ခြင်စရာ သင်ခန်းစာတစ်ခု ဖြစ်စေလိုကြောင်း ဝမ်းနည်းပက်လက် ပြောကြားခဲ့သည်။

 “ဒီဗီဒီယိုကို မျှဝေသင့်တယ်လို့ ကျွန်မ ထင်ပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကိရိယာ တစ်ခု အနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ ဒါကို ကျွန်မရဲ့ သမီးကလည်း လိုလားပါလိမ့်မယ်” ဟု ကာရိုးလ်က ကြေကွဲစွာ ပြောဆိုသွားခဲ့သည်။

Planet News မှကူးယူဖော်ပြသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...