Thursday, October 25, 2012

တံတွေးခွက် ပျော်မွေ့တဲ့တို့ပြည်သူ


by Mar Ga Luelin on Thursday, October 25, 2012 at 10:51am 


ခေါင်းစောင်းပြီးမကြည်နဲ့
ဒို့ အိမ်မှာဘာမှမရှိဘူး
ခပ်တည်တည် ပြီတီတီနဲ့တက်နေတဲ့
ဧည်သည်တွေတော့ရှိတယ်

ကွန်မြူနစ် ကွန်မြူနစ်ဆိုပြီး
တောင်ပါ ဖြိုပစ်တဲ့ ဧည့်သည်တွေတော့ရှိတယ်
လာမကြည့်နဲ့ ဘာမှမရှိတော့ဘူး . . .

အကုန်လုံးလည်း ဖြူခါ ပြာခါ ကျနေပြီ
အနှစ်လေးဆယ်လောက် မျှော့အကိုက်ခံနေရတော့လည်း
အသားအရေတောင် ဖြူစုတ်စုတ်ဖြစ်နေပြီ
ကျွန်းသစ်တွေလည်း တွေ့ရဖို့ထောက်လှမ်းနေရပြီ
သဘာဝဓါတ်ငွေ့တွေလည်း ပိုက်လုံးကြီးမှတဆင့်
ရေခြား မြေခြား ဂန္ဒာရီခရီးသွားဖြစ်နေပြီ
ဒို့ကိုယ်က တုံးတာပါကွယ်
လုပ်သမျှတွေ ငြိမ်ခံနေတော့လည်း . . .

ပါလီမန်လား လွတ်တော်လား
အိမ်ရှေ့မှာ ထရံကာဖို့ကိစ္စဆွေးနွေးကြ
ရုပ်တည်ကြီးနဲ့စင်မြင့်ပေါ်က သဘာပတိလား ဥက္ကဌလား
ခပ်စင်းစင်း မျက်လုံးတွေနဲ့ နားထောင်ပါ
ခေါ်နေကြအတိုင်း ခေါ်လေ့ရှိတဲ့အတိုင်းခေါ်လိုက်မယ်
အဘတို့ အဘတို့ရေ
ပြည်သူပြည်သားတွေ ရေကြီးလို့ငတ်ကုန်ပြီ
မီးမလာလို့ ဆန္ဒပြကုန်ပြီ
တိုင်းတပါးသားတွေ ခုတ်သတ်လို့သေကုန်ပြီ
တောင်ကြီးဖြိုလို့ငိုကုန်ပြီ
ဝ တို့ ဇနီးရှာလို့ အမျိုးပျက်ကုန်ပြီ
ရွှေနားတော်တွေနဲ့ ဆင်တော်မူ
ထိုင်းမှာ ဖာတွေဖြစ်လို့ သောက်ရှက်ရကုန်ပြီ . . .

သွပ်ဖြုတ်ရောင်း တိုင်ဖြုတ်ရောင်းခေတ်ကနေ
လယ်ကိုသိမ်း ယာကိုသိမ်းခေတ်ရောက်ပြီ
ခရိုနီ ခရိုနီ မအော်ကြနဲ့ ကိုယ့်လူတို့
ခရိုနီက အယောင်ပြ နောက်ကွယ်မှာ အဘတို့ရှိဆဲ
ဒီတပ်မတော်ကြီးက လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်က
လွတ်လပ်ရေး ရယူပေးခဲ့တယ်မဟုတ်လား
ဒီတော့ကာ နောက် နှစ်၁၂၀ လောက်
အကြွေးဆပ်ကြ . . . ၀ဋ်ကြွေးဆပ်ကြ
ဗိုလ်ချုပ်သာမြင်ရင် ရှက်လွန်းလို့
အဆိပ်သောက်သေမဲ့ခေတ်
ထွီ . . . ပြောင်းဝ ကို အမျိုးအချင်းချင်း လှည့်နေတော့ . . .

ဘယ်သူက အားအားယားယား
တောထဲတောင်ထဲ သူပုန်ဖြစ်ချင်မှာလဲ
ပင်လုံကနေ နှစ်ခြောက်ဆယ်အတွင်း
တိုင်းရင်းသားတွေအတွက် ဘာလုပ်ပေးခဲ့သလဲ
ဒီမှာ အဘတို့
ရခိုင်က ဓါတ်ငွေ့
ရှမ်းပြည်က ကျွန်းသစ်
ကချင်က ကျောက်စိမ်း
ပြည်နယ်အရပ်ရပ် တိုင်းအထပ်ထပ်က
အဖိုးထိုက်တန်ပါတယ်ဆိုတဲ့ သယံတွေ
ဥုံဖွ မန္တာန်မှာ ပျောက်ကုန်သလား
အဘတို့ ဘဏ်တွေမှာ မှောက်ကုန်သလား
တံတားနဲ့ ဆည်တွေဆောက်ပေးတာပါတဲ့
ဘဘတို့ရေ . . . အရင်းတမတ် အတိုးတကျပ်
အဖတိုင်းပြည်ဟာ နိုင်ငံတကာတံတွေးခွက်ထဲ
နှစ်နှစ်ဆယ်လောက် ပျောက်နေလေတော့ . . .

ဒီမှာ ဗိုလ်ချုပ်ပြောခဲ့တဲ့ ဖာနိုင်ငံဆိုတာ
လတ်တလော မျက်စိရှေ့မှာတင်ရှိတယ်
ဟိုလူလာဖားရ ဒီလူလာကြောက်ရ
နိုင်ငံတခုမဟုတ်တဲ့ အဖွဲ့အစည်းကိုတောင် တုန်ရ ရီရ
အရင်လို ခပ်ဟဟ တောင်မရယ်နိုင်တော့ဘူး
ကမ္ဘာအရပ်ရပ်မှာ မျက်စိသငယ် နားသငယ်
လူကြီးတွေ အပြစ်မပါပါဘူး
တပ်မတော်အပြစ်မပါပါဘူး
ဗိုလ်ချုပ်တွေ အပြစ်မပါပါဘူး
ဒါတွေဟာ ဒို့ပြည်သူတွေကြောင့်ဖြစ်ရတာပါ
ဟုတ်ပါတယ် ဒို့တွေကိုယ်နိုက်က ညံ့တာပါ
နုံတာပါ ချာတာပါ . . . အကုန်ပြည်သူတွေအပြစ်တွေပါ အဘရယ် . . .

အဘတို့တော်ပါတယ်
အဘတို့တတ်ပါတယ်
အဘတို့ကျွမ်းပါတယ်
ဌာနဆိုင်ရာအကုန်လုံးမှာ အဘတို့လူကြီးလုပ်နိုင်လောက်အောင်
အဘတို့ ဟာ ချက်ချင်းတတ်တဲ့ ဂျီးနီးယပ်စ်တွေဖြစ်ပါတယ်
အမေရိကန်က လူတွေတောင်အဘတို့လောက်မတော်
ဂျပန်က လူတွေတောင်အဘတို့လောက်မတတ်
အဘတို့ ဟာ စစ်တက္ကသိုလ်ကဆင်းတာနဲ့
ဝန်ကြီးဌာနတွေ အကုန်ကိုဦးစီးနိုင်လောက်အောင်တော်နေတော့လည်း
သတင်းစာရှင်းလင်းပွဲတွေမှာ ဂရုဏာထားတတ်
မေတ္တာထားတတ်နေတော့လည်း
အဘတို့ နိုဘယ်ဆုမရတာ ပြည်သူတွေ ၀မ်းနည်းရပါတယ် . . .

အဘတို့ ကိုယုံပါတယ်
ဒါကြောင့် အဘတို့ ဘာလုပ်လုပ်လက်ခံပါတယ်
တတိုင်းပြည်လုံးက အမျိုးသမီးတွေ ဖာ တြွေ့ဖစ်ပစေ
တတိုင်းပြည်လုံးက အမျိုးသားတွေ သူပုန်ဖြစ်ပါစေ
အဘတို့ကို ကိုးစားတဲ့အတွက်
အခုအချိန်မှာပဲ အမျှဝေခဲ့ပါတယ်
ဒီဘ၀က ပစ္စည်းတွေ နောက်ဘ၀မှာပါ ပါစေ
ဒီဘ၀က အကုသိုလ်တွေ နောက်ဘ၀မှာပါ ပါစေ
အဘတို့ကောင်းကျိုးနဲ့
ကျနော်တို့တွေလည်း ဘင်္ဂရုပ် ဖြစ်ရပါစေ
အသားဖြူဖြူနဲ့ ခေါင်းမီးခြုံရပါစေ
အဘတို့ကျန်းမာပါစေ
အဘတို့ ချမ်းသာပါစေ
နောင်ဘ၀မှာ ဗုဒ္ဓဘာသာတော့ဖြစ်ရင်လည်း
အဘတို့ ရှိနေသေးရင် မြန်မာမဖြစ်ရပါစေနဲ့
ဒီက ပြည်သူလူမိုက်လေး တောင်းဆုချွေခဲ့ပါတယ်

ခွင့်လွတ်ပါ အဘတို့ရယ် . . . ဒို့ပြည်သူတွေက အသိညဏ်နည်းတဲ့အတွက် . . .
--
မာဃသစ္စာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...