ဖော်မဲ့ အက်ဆေး
by Zay Ya on Friday, December 30, 2011 at 9:42am
ပြီးခဲ့တဲ့ နှစ်နှစ်ကျော်က ရေးလက်စ ။
ဝတ္ထုလား၊ အက်ဆေးလား။ ဘာလားတော့ ကျနော်လည်း မသိ။
..................
မျက်ခွံ တစ်ခုလုံး လေးလံနေသည်။ တိတ်ဆိတ် နေသည့် အသံမှ လွဲ၍ ဘာမှ မကြား ရသောကြောင့် မိုးလင်းဦးမည် မဟုတ်ကြောင်း တော့ အသိဝင် လာပါသည်။ ညဥ့်ဦး ကတည်းက အိပ်ပျော် သွားခဲ့သည် ဖြစ်၍ အခုဆိုလျင် သန်းခေါင်တိုင် တော့ ရောက်နေလိမ့်မည်။ နာရီထ ကြည့်ချင် သော်လည်း မျက်လုံးက ဖွင့်မရသောကြောင့် စိတ်ပျက် လက်ပျက်နှင့် ဆက်မှိန်း နေလိုက်သည်။
ရုတ်တရက် - ချွတ်နင်းသံ တစ်ချက် ကြားလိုက်ရသည်။ ကျနော့ မှတ်ဥာဏ်သာ ကောင်းသေးသည် ဆိုလျင် ဤအခန်းကို ကျနော်မအိပ်ခင် ကတည်းက ဂျက်ချ ထားခဲ့ပါသည်။ ကျနော်မှ လွဲ၍ ဘယ်သူမှ မရှိ။ တစ်ဦး တစ်ယောက်တည်း နေရသည်ကို ကြိုက်သောကြောင့် ဤ အခန်းကို မောင်ပိုင်စီး ထားခဲ့သည် ဖြစ်၍လည်း တစ်စုံတစ်ဦးမှ ဒီအခန်းထဲ ၀င်လာစရာ အကြောင်း မရှိ။ သို့နှင့် တစ်ချက် နား ပြန်စွင့်ကြည့် လိုက်သည်။ တိတ်ဆိတ်သော အသံမှ လွဲ၍ ဘာမှ မကြားရ။ စိတ်ထင်၍ ဖြစ်မည်။
အာရုံက- ဟိုး ပြီးခဲ့သည့်နေ့.တစ်နေ့က ..ညနေခင်း ဆီသို့ ရောက်သွားသည်။
အဲ့တုန်းက ကျနော် အခန်းကျယ်တစ်ခုအတွင်းမှာ ထိုင်နေသည်။ ကျနော်နှင့် အတူ ထိုင်နေသော သူများလည်း ရှိသည်။ အားလုံးရဲ့ မျက်နှာမှာ တစ်ခုခုကို စိုးရွံ့ ထိတ်လန့် နေသလိုမျိုး ..။ ကျနော်ပါ ထိုကဲ့သို့  ကြောက်ရွံ့မှု ရှိနေသည် လား ကိုယ့်ကိုယ်ကိုယ် တော့ မသိ။ ငြိမ်သက်စွာ ထိုင်နေစဉ်တွင် ယူနီဖောင်းဝတ် လူ လေးယောက် ရောက်လာသည်။ သူတို့ လမ်းလျောက် လာပုံက လမ်းလျောက်လာသည်နှင့်မတူ..။ ခြေထောက်တွေ မရွေ့ပဲ အလိုလို ရွေ့လျား လာ သလိုမျိုး။ တအံ့တဩတော့  မဖြစ်မိပါ ။ကိုယ် စိတ်ထင်၍ ပဲ ဖြစ်မည်။
အခန်း အလယ်တွင် စားပွဲတစ်လုံးရှိသည်။ နေအလင်းရောင် မပျောက်သေးသော်လည်း ၎င်း အလယ်တည့်တည့် အပေါ်မျက်နှာကြက် တွင် ဖန်ချောင်း ဖြူဖြူ ထွန်းထားသည်။ ထိုလေးယောက်အနက် နှစ်ယောက် က ယင်းနေရာရှိ ထိုင်ခုံ နှစ်လုံးတွင် ထိုင်လိုက်သည်။ ယင်းတို့က အရာရှိတွေ ဖြစ်မည် ထင်သည်။ ကျန်နှစ်ယောက် က ကျနော့်ဘေး - တစ်ယောက်ကျော်- နှစ်ယောက်ကျော် - သုံးယောက်ကျော်လောက်က လူတစ်ယောက် ကို လာခေါ်သည်။ ထိုလူက ကုတ်ကုတ်ကလေးနှင့် လိုက်သွားပြီး အရာရှိ နှစ်ယောက်ရှေ့တွင် မတ်တပ်ရပ်လျက်--။
အရာရှိ တစ်ယောက်က သူ့ကို လှမ်းမေးသည်။ " မင်းနာမည် ?"
"စိုးနိုင်ပါ ဆရာ"
ကျန် အရာရှိ တစ်ယောက်က စာရွက်ထဲတွင် ရေးခြစ်လိုက်သည်။ သို့သော် တော်တော်နှင့် မပြီး ။ ဒီနာမည်လေး နှစ်လုံးကို ရေးနေတာမှ ဟုတ်ပါ လေစ။ တော်တော်ကြာကြာနှင့် ငြိမ်သက် နေသောကြောင့် မတ်တတ်ရပ်လျက် လူက ပင် စကားဆက်ဆိုသည်။
"ကျနော့်အကိုတစ်ယောက်က *^*&^*& ပါ ..။ သူ အခုလောလောဆယ်တော့ ဒီမှာ မရှိသေးဘူး ခင်ဗျ။ သူသိပါတယ် ကျနော် ရိုးရိုးသားသားပါ ဆရာ။ ဘာမှမလုပ်ခဲ့ပါဘူး ။ ကျနော်.."
အရာရှိ နှစ်ယောက်က မော်၍ ပင် မကြည့်.။ တစ်ယောက်က မပြီးနိုင်သေးသော နာမည်နှစ်လုံးကို ရေးလျက်။ ကျန်တစ်ယောက်က စာရွက်ပိုင်းတွေကို လှန်လှောလျက်။
" ကျနော် .................."
ဆက်မပြောလိုက်ရပါ ..။ ဖြောင်းကနဲ အသံနှင့် ဆွဲခေါ်သွားသံ ကိုတော့ ကျနော်ကြားလိုက်မိသည်။ အဲ့အချိန်က ကျနော် နည်းနည်း အိပ်ငိုက် နေပါသည်။မည်မျှကြာအောင် ငိုက်မျဉ်း မိသည်မသိလိုက် ။ ကျနော့ပခုံးပေါ်သို့ ခပ်ကြမ်းကြမ်း အထိအတွေ့ ရောက်လာသော အခါမှ အသိဝင်လာမိသည်။
"ဟေ့ကောင် ..။ ထ.."
ငါ ဘယ်နေရာကို ရောက်နေပါသလဲ။ - သိပ်မကြာသောအချိန်အတွင်း အာရုံက ပြန်အသိဝင် လိုက်နိုင်သည်။ စိတ်လှုပ်ရှားမှုတော့ သိပ်မရှိ။ ဘာ အာရုံနောက်စရာရှိသနည်း ။ အရာရှိနှစ်ယောက်ရှေ့ကို လျောက်သွားလိုက်သည်။
"မင်းနာမည် - ဇေယျ -နော် "
"ဟုတ်"
"မင်းအဆောင်ခန်းထဲမှာ သေတ္တာ ဘယ်နှစ်လုံးထားလဲ "
"တစ်လုံးမှ မရှိဘူးဗျ"
တကယ်လဲ သေတ္တာ ဟူ၍ ကျနော့ အခန်းတွင် တစ်လုံးမှ မရှိပါ။ ကျနော့အခန်းထဲမှာ အိပ်ရာခင်း တစ်ခု၊ စောင်တစ်ထည် ၊ဖက်လုံးတစ်ခု၊ ခေါင်းအုံး တစ်လုံး ၊ အ၀တ်အိပ်တစ်လုံးနှင့် အတွင်းတွင် အ၀တ် လေး၊ငါးစုံ၊။ ယင်းတို့မှ လွဲ၍ ကျန်ရှိသည်တို့မှာ စာအုပ်များသာ ဖြစ်သည်။ အသေးစိတ် ထပ်ဖြည့်၍ ပြောရလျင် - တယောအိုတစ်လက်၊ ဆေးလိပ်ခွက် တစ်ခု၊ ဆေးတံတစ်ချောင်း၊ ဆေးဗူးနှစ်ဗူး ( တစ်ဗူးက ကုန်နေပါသည် )၊ မီးခြစ်လေးလုံး ၊ဖယောင်းတိုင်တို နှစ်တိုင်၊ စီးကရက်ဗူးခွံ ငါးခု၊ စီးကရက် ဆယ်လိပ်ကျော် ကျန်သေးသော Red Ruby တစ်ဗူး၊ အရှေ့အဆောင်မှ ငှားထားသော အင်္ကျီချိတ် နှစ်ချောင်း ၊ ပိုက်ဆံအကြွေ အနည်းငယ်ပါသော ပိုက်ဆံအိတ်တစ်အိတ် ၊ ဖိနပ်တစ်ရံ၊ လုံးကြေ နေသော စက္ကူစများနှင့် ဖုန်များသာရှိသည်။ ထိုလူပြောသော သေတ္တာနှင့် တူသည် ဆို၍ ဘာတစ်ခုမှ မရှိ။
သို့သော် ထိုလူက ဆက်ပြောသည်။
" မင်း - သူရိန်ဆိုတဲ့သူကို သိလား "
သူရိန်ဆိုတာ မြန်မာလို နေမင်းကို ခေါ်တာဖြစ်မည်။ ကိုနေမင်းကိုတော့ ကျနော် သိပါသည်။ ကျနော် ငယ်စဉ်ကတည်းက ကျနော်ဆိုးသမျှ ဒိုင်ခံဖြေရှင်းပေးတတ်သော အကိုတစ်ယောက် ။ သို့သော်အခု သူ လူ့ပြည်တွင် ရှိမနေတော့ပါ.။ တနေရာရာသို့ အလည်အပတ် သွားနေသည်မှာ သေချာသည်။ နောက်- ကိုညီနေမင်းကိုလည်း သိသည်။ သူက တော့ အွန်လိုင်းပေါ်မှာ ကွန်ပျူတာ နည်းပညာပိုင်း ဘလော့ ရေးသောသူ တစ်ယောက် ။ နာမည်ရှိပြီးသားသူ ။ နောက်- နေမင်းနှင့် သက်ဆိုင်သော နာမည်တော်တော်များများကို ကျနော်သိပါသည်။ နေမင်းအောင်၊ နေမင်းထွန်း ၊ ကျော်နေမင်း စသည် ။ သူရိန်ဆိုသည့် နာမည်အတိုင်းကြီးတော့...ကျနော့အသိထဲတွင် မရှိ။
" မသိဘူး ဗျ "
"မင်း အခန်းထဲက မင်း သေတ္တာထဲမှာ - သူရိန်ဆိုတဲ့ လူရဲ့ အလောင်းကို ငါတို့တွေ့ထားတယ် ။ အဲ့ဒီ လူက ငါတို့ဆီမှာ လူပျောက်တိုင် ထားတဲ့ လူ။ သုံးရက် ရှိပြီ။ မင်းဘာပြောချင်သေးလဲ "
အံ့ဩစရာ လား ရယ်စရာလား မခွဲခြားတတ်တော့ သောကြောင့် ယင်းအခိုက်အတန့်တွင် ကျနော် နည်းနည်း မအီမသာ ဖြစ်သွားသည်။ သေတ္တာ တစ်လုံးမှ မရှိသော ကျနော့အခန်း ထဲတွင် ကျနော် တစ်ခါမှ မပိုင်ဆိုင်သော ကျနော့ သေတ္တာအကြောင်းကိုလည်း ပြောနေသည်။ ကျနော်မသိသော သူတစ်ယောက် အကြောင်း ကိုလည်း ပြောနေသေးသည်။ ထိုသူ ရူးနေသောကြောင့်ပင်ဖြစ်မည်။ ပြောချင်း ပြောလျင် ..မင်းအိပ်ရာပေါ်မှာ သူရိန်ဆိုတဲ့သူကို တွေ့တယ် ဟု ပြောပါက ကျနော် လက်ခံနိုင်ပါသည်။ အလွန်အကျွံသောက်မိသော တစ်ခါတစ်ရံ ညများတွင် တစ်စုံတစ်ယောက်ကို ကျနော် အဖော်အဖြစ် ခေါ်ကောင်းခေါ်မိခဲ့မည် ။ သို့သော် သေတ္တာအတွင်းတွင် ဆိုသည်ကတော့ လုံးဝ ရယ်စရာ ကောင်းပါသည်။ မဖြစ်နိုင်။
"မဖြစ်နိုင်ဘူးဗျ....။ ကျနော် .................................................."
-----------------------------------
ချွတ်နင်းသံ ပြန်ကြားလာရပြန်သည် ။ အတိတ်သို့ လွှင့်ထားသော အာရုံများ -ပစ္စက္ခအနေအထားဆီသို့ ပြန်လည် စုစည်း လိုက်သည်။ ဒီတစ်ခါ ပီပီသသ ကြားရသောကြောင့် စိတ်က ပိုပြီး စူးစိုက်မှုရှိသည်။ ကျနော် ထမှ ဖြစ်တော့မည်။ မျက်လုံးကို စုံဖွင့်လိုက်တော့ မှောင်မည်း နေလျက်သားပင် ဖြစ်သည်။ မျက်လုံးမှိတ် ထားသည်နှင့် ဘာမှ မထူးခြား ။မီးခြစ်လိုက်စမ်းလိုက်သည်။ ထားနေကျနေရာတွင် ဘာမှမရှိ။ ယင်းအစား အချို့တွင် ကျနော်မသိသော အရာဝတ္ထုများကို စမ်းမိသည်။ ဘာတွေလဲ ..........။ တစ်စုံတစ်ခုတော့ မှားယွင်းနေပါသည်။
ဖတ်ဖူးသော Psycho စာအုပ်တော်တော်များများထဲက Mental - Distortion ဖြစ်ခြင်းဆိုတာ -။ ကျနော့အာရုံတွေအပေါ် ကျနော် ယုံကြည် သည်က ပုံမှန်ဟုသာ ထင်ပါသည်။ သို့သော် အကို တစ်ယောက်က ပြောခဲ့ဖူးသည်။ မင်းဆေးလိပ်တွေ သောက်တာ များနေပြီတဲ့။ ဆေးလိပ်သောက်ခြင်း နှင့် စိတ်ကျန်းမာရေး သက်ဆိုင်ပုံ အကြောင်း အကျယ်တ၀င့် ရေးထားသည်များ ဖတ်ခဲ့ရဖူးသည်။ သို့သော် ၎င်းတို့ ရေးထားသည်နှင့် ကျနော် - မည်ကဲ့သို့ သက်ဆိုင်ပါသနည်း ။ ထားပါစို့။
ကျနော့အတွေး ကို ကျနော် စတင်၍ သံသယ ၀င်လာမိပြီ။ အခု နိုးနိုးချင်း တွေးသမျှတွင် ပထမဆုံးဖြစ်ပါမည်။ ပြန်လည် တွေးမိသည်က - ညက ဘယ်လို ဘယ်ပုံစံနှင့် ငါပြန်လာခဲ့ပါသလဲ။ ငါ ဘာတွေဖြစ်ခဲ့သလဲ ။ ငါ- ငါ့အခန်းထဲ ငါပြန်ရောက်လာတာကော ဟုတ်ပါလေစ။
ချွတ်နင်းသံ ကြားရပြန်ပါသည်။ ဒီတစ်ကြိမ်တွင်တော့ ကျနော် နည်းနည်း ချွေးပြန်စပြုနေပြီဖြစ်သည်။ ဒါ ဘယ်နေရာလဲ ။ဘာမှ မမြင်ရ သောကြောင့် ဘာမှန်း မသိပါ။ အန္တရာယ်ဟူသော စကားလုံးကို ခံစားချက်ထည့်၍ နားထောင်ကြည့်သောအခါ လူတစ်ယောက်အမူအရာ မည်သို့ ဖြစ်သွား မည်နည်း ။ အရင်က ကျနော်သိချင်ခဲ့ဖူးသည်။ ဆန္ဒပြည့်ဝပါပြီ။
ထိုခဏတွင်ပင် တရားခွင်ရုံနှင့် တရားသူကြီးမျက်နှာ သည် လည်း ကောင်း ၊ ၎င်း၏ အောင်မြင်ခံညားသော ခပ်ညှက်ညှက်အသံဖြင့် သေဒဏ်ကျစေ ဟူသော စကားလုံးအသံကိုလည်းကောင်း ကျနော် ပြန်အမှတ်ရလာမိသည်။ ကျနော်၏ ငြင်းဆိုချက်များ ၊ အယူခံများ ၊ထို့နောက် ကျနော့အခန်းအတွင်းက ၀ါကျင့်ကျင့် စာအုပ်များနှင့် ဖုန်များ ..။
လူတစ်ယောက် ၏ ဘ၀ တွင် ဘာအရေးကြီးဆုံးနည်းဟု မေးခဲ့သမျှတွင် ဤအချိန်သည် ဖြေစရာအကောင်းဆုံးအချိန်ဖြစ်မည်။ လူသားတိုင်း လူသားတိုင်း ၏ နောက်ဆုံးအန္တိမ ပန်းတိုင်ကား သေခြင်းသာ ဖြစ်မည်။ အခု လောလော လတ်လတ် -ကျနော့ကို လာမေးလျင် ထိုသို့ပင် ရဲရဲဝံ့ဝံ့ ဖြေဖြစ်လိမ့်မည်။ လူတို့ အတွက် အရေးကြီးဆုံးသော သိမှတ်ရန် ၊ ရှုကြည့်ရန်၊ ဆင်ခြင်ရန် အကြောင်းအရာကား သေခြင်းတရား သာ ဖြစ်ပါသည် ဟု......။ကျနော့် ၏ နောက်ဆုံးအသိတွင် ကျနော်လက်ခံယုံကြည်သော ဘာသာတရားများ၊ အသိသညာများ၊ ချစ်ခင်မှုများ ၊မုန်းတီးမှုများ ၊မလိုတမာ ဣဿာမစ ၦရိယ စိတ္မ်ား ၊သခ်ာၤပညာမ်ား ၊ကြန္ပ်ဴတာ ပညာမ်ား ၊ စာအုပ်များသည် သေခြင်းဆီသို့သာ ညွှန်ပြလျက်ရှိနေကြကြောင်း အပြတ်သားဆုံး မြင်လိုက်ရမိသည်။ အခု အခိုက်အတန့်လေး တွင်ပင် စိတ်ကူးမိပါသည်။ သွေးရူးသွေးတန်း စိတ်ကူးလိုက်ခြင်းလည်း ဖြစ်နိုင်သည်။ရှေ့တွင် အချိန်အနည်းငယ် လောက်သာ ရမည်ဆိုပါက ကျနော်လေ့လာချင်သည့် တစ်ခုတည်းသော ဘာသာရပ်သည် သေခြင်းတရားသာ ဖြစ်မည်။ သေခြင်းအကြောင်း ကို စေ့စေ့ငှငှ စူးစမ်းမည်။ လေ့လာကြည့်မည်။ အသက်ရှူနေရခြင်းနှင့် အသက်ရှူရပ်သွားရခြင်း ၊အသိစိတ ရှိခြင်းနှင့် အသိစိတ်မဲ့သွားရခြင်း ။ခံစားနေရခြင်းနှင့် ခံစားမှု မဲ့သွားရခြင်း အကြောင်းများ ။ကျနော် ဆက်လက်လေ့လာကြည့်ချင်ပါသေးသည်။
သို့သော်....
ချွတ်နင်းသံကြားလာရပြန်သည်။ ဤတစ်ကြိမ်တွင်မူ ပထမအကြိမ်များကထက် ကျနော့ထံ တဖြေးဖြေးနီးကပ်လာနေပေပြီ ။ ထိုခဏ၌................................။
------------------------------------------
0 comments:
Post a Comment