Friday, October 19, 2012

ငါးကလေးတစ်ကောင်ဖမ်းမိတယ်


by မင်းလူ၏ ၀တ္တုတိုများ on Friday, October 19, 2012 at 6:37pm ·


ပါးလှပ်လှပ် အိုဇုံးလွှာကိုဖြတ်ပြီး ကျဆင်းလာသော နေရောင်ခြည်က ပင်လယ်ရေ မျက်နှာပြင်ကို အရေပြားကင်ဆာဖြစ်စေနိုင်မလား၊ ထင်ရ၏။ ပင်လယ်သည် စိတ်ရှိလက်ရှိ ပြာခွင့်မရဘဲ မှုန်မှုန်မှိုင်းမှိုင်းဖြစ်နေ၏။ ရေပြင်ပေါ်မှာတောင် တံလျှပ်တွေ ထနေသလားပဲ။

    ရာသီဥတုက တစ်နှစ်ထက်တစ်နှစ် ပိုပိုပူလာသည်ဟု မိုးလေဝသပညာရှင်တွေပြောနေကြသည်။ ဟုတ်မှာပဲ။ မနှစ်ကထက် ဒီနှစ်ပိုပူသည်ဟု ထင်မိ၏။ ပင်လယ်လေညှင်း တိုက်ခတ်နေသောကြောင့်သာ နည်းနည်းနေသာထိုင်သာ ရှိနေခြင်း ဖြစ်၏။
    ဘာပဲဖြစ်ဖြစ် သူကတော့ ပင်လယ်ထဲမှာ လှေကလေးတစ်စင်းနဲ့ ခုလိုမျှောနေရတာကို သဘောကျမိ၏။ မြို့ပေါ်ကလူတွေ ရှုပ်ယှက်ခတ်နေသော ကားတွေကြားထဲမှာ သွားလာနေရတာထက် အပုံကြီး လွတ်လပ်မှုရှိသည်ဟု ထင်၏။
    " အင်း... ပင်လယ်ကိုချစ်တတ်လာတာလည်း မျိုးရိုးလိုက်သလား မသိဘူး"
    ဟု သူကတွေးမိလိုက်၏။
    တကယ်တော့ သူရော သူ့အဖေပါ ရုံးဝန်ထမ်းများသာဖြစ်၏။ သူ့အဘိုးကတော့ ငါးဖမ်းသင်္ဘောတစ်စင်း၏ မာလိန်မှူး၊ ပင်လယ်ပျော်ကြီးဖြစ်ခဲ့၏။ ငါးနှင့်ပက်သက်ပြီးတော့လည်း အလွန်ကျွမ်းကျင်သည်။ ထိုဗီဇက တစ်ဆက်ငုပ်ပြီးသူ့ဆီမှာ လာပြန်ပေါ်လာပုံရ၏။
    သူကငါးမျှားဝါသနာပါသည်။ အဘိုးလို စပယ်ရှယ်လစ်တစ်ယောက်မဟုတ်သော်လည်း ဝါသနာရှင်အဆင့်ထဲမှာတော့ ထူးချွန်သူဖြစ်၏။ ထို့ကြောင့်လည်း ငါးမျှားပြိုင်ပွဲမှာ နှစ်နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့ခြင်းဖြစ်၏။ ဒီနှစ်လည်း သူပဲနိုင်လိမ့်မည်ဟု  အားလုံးက တစ်ပေးထားကြသည်။
    တကယ်လို့ ဒီနှစ် သူအနိုင်ရလျှင် သုံးနှစ်ဆက်တိုက် ဗိုလ်စွဲခြင်းဖြစ်သောကြောင့် ရွှေသားစစ်စစ် ငါးမျှားချိတ်ဆုကြီးကို အပိုင်ရပေတော့မည်။
    ဟိုအရင် နှစ်ပေါင်းများစွာတုန်းက ဒီပင်လယ်ပြင်ကြီးမှာ ငါးတွေ အလွန်ပေါများခဲ့သည်။ ပင်လယ်ထဲကို လှေကလေးနဲ့ မိုင်ဝက်လောက်ထွက်ပြီး ပိုက်ကွန်နဲ့ ပစ်လိုက်ရုံနဲ့ ငါးတွေအလွယ်တကူ ဖမ်းနိုင်သည်ဟု သူ့အဖေက ပြောဖူးကြောင်း အဘိုးပြန်ပြောပြတာ ကြားဖူးသည်။
    အဘိုးငါးဖမ်းသင်္ဘောမှာအလုပ်စဝင်ခဲ့သော အချိန်တုန်းကတောင်မှ ပင်လယ်ထဲ ခပ်ဝေးဝေး ထွက်ရသည့်တိုင် ငါးတွေက အတော်အသင့် ပေါများနေတုန်းဟုဆို၏။ အဘိုး မာလိန်မှူးဖြစ်လာသော ကာလမှာတော့ ငါးတွေရှားပါးစပြုလာပြီး၊ ပင်လယ်ပြင်ထဲမှာ လပေါင်းများစွာကြာအောင် ခရီးနှင်ရင်း ငါးအုပ်တွေကို လိုက်ရှာရတာပိုခက်လာသည်။ ငါးမပါသလောက်နဲ့ ပြန်ခဲ့ရသောအခေါက်တွေတောင်ရှိလာသည်။ စရိတ်စကတောင်မကာမိအောင်ဖြစ်လာ၏။ နောက်ဆုံးတော့ ငါးဖမ်းလုပ်ငန်းများ ရပ်ဆိုင်းလိုက်ရလေတော့သည်။
    ခုလိုဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာ-
    ပထမတစ်ချက်က-
    ရာသီဥတုဖောက်ပြန်ပြောင်းလဲလာခြင်းပင် ဖြစ်၏။ ရေနံလောင်စာ အလွန်အကျွံသုံးစွဲမှု၊ စီဆက်ဖ်စီ ဓာတ်ငွေ့ထုတ်လွှတ်မှု၊ သစ်တောပြုန်းတီးမှုတို့ကြောင့် ဖြစ်၏။
    ဒုတိယအချက်က-
    အဏုမြူလောင်စာ စွန့်ပစ်ပစ္စည်းများ၊ စက်ရုံများမှ စွန့်ပစ်ဓာတုပစ္စည်းများကြောင့် ပင်လယ်ပြင် အဆိပ်သင့်ရခြင်းဖြစ်၏။ ထိုအရာများကြောင့် ငါးများ ခိုအောင်းပျော်မွေ့ရာ သန္တာကျောက်တန်းများပျက်စီးကုန်သည်။ ငါးတို့၏ အစာအဟာရဖြစ်သော ရေမှော်များ၊ ရေညှိပင်များမျိုးတုန်းကုန်သည်။
    တတိယအချက်ကတော့-
    လူတွေက ငါးရှားပါးလာသောအခါ ရှိသမျှအကောင်အကြီးအသေးမရွေး အလွတ်မပေးဘဲ အကုန်ဖမ်းသည်။ ထို့ကြောင့် ငါးတွေပေါက်ဖွားမှုနည်းလာရာမှ ငါးမျိုးကန်းတဲ့အထိဖြစ်လာသည်။
    ခုချိန်ခါမှာတော့ ငါးဆိုသည်မှာ စားဖို့မဟုတ်တော့။ ပြတိုက်ထဲမှာ ထားဖို့သာဖြစ်၏။ ငါးကိုမမြင်ဖူးရှာသော မျိုးဆက်သစ်ကလေးငယ်တွေကို ဗဟုသုတအလို့ငှာ ပြသဖို့သာဖြစ်၏။  ကုန်းတွင်းပိုင်းနှင့် တောင်ပေါ်ဒေသတွေမှာဆိုလျှင် ငါးအရှင်တောင် မရှိ၊ ဆေးရည်စိမ်ထားသောငါးတွေကိုသာ ပြသထားနိုင်သည်။
    အပြည်ပြည်ဆိုင်ရာ ငါးဥပဒေကိုလည်းပြဌာန်းထားရသည်။ မျိုးပွားဖို့ အတွက် မွေးမြူရန်၊ သုတေသနပြုလုပ်ရန်စသော အထူးခွင့်ပြုထားသည့် ကိစ္စများမှလွဲ၍ ဘယ်သူ့ကိုမှ ငါးဖမ်းခွင့်မပြု။ နှစ်စဉ်ကျင်းပမြဲဖြစ်သော ငါးမျှားပြိုင်ပွဲမှာ ဖမ်းမိသော ငါးကိုတောင်စားသုံးခွင့်မရှိ။ ပြတိုက်ကို အခမ်းအနားနှင့်လှူရသည်။
    သူ့လှေကလေးက ဆယ့်နှစ်ပေရှည်သည်။ ပဲ့ပိုင်း၌ ပေါင်းမိုးပါသည်။ အမိုးပေါ်မှာ ဆိုလာဆဲလ်ပြားတပ်ဆင်ထားသည်။ နေရောင်ခြည်စွမ်းအင်သုံး အင်ဂျင်စက်ကလေးဖြင့် ခုတ်မောင်းရသည်။
    သူ့မှာ ဘက်စုံသုံး ခရီးဆောင်ကွန်ပျူတာ တစ်လုံးပါသည်။ အချိန်ရတုန်း ပင်လယ်ပြင်အခြေအနေကို ကွန်ပျူတာမှတစ်ဆင့် လေ့လာကြည့်နေလိုက်သည်။ ရေစီးကြောင်း အခြေအနေ၊ လေတိုက်နှုန်း၊ အပူချိန်အားလုံးပုံမှန်ရှိနေ၏။
    ဒီလိုရာသီဥတုမျိုး၊ ဒီလိုအခြေအနေမျိုးမှာ ငါးအချို့ ပင်လယ်ကွေ့ထဲ ဝင်ရောက်ကျက်စားတတ်သည်။ ထို့ကြောင့်လည်း နှစ်စဉ်ဒီအချိန်မှာ ငါးမျှားပြိုင်ပွဲကျင်းပခြင်းဖြစ်၏။ ငါးအရေအတွက်က တစ်နှစ်ထက်တစ်နှစ် ပိုနည်းလာသောကြောင့် ငါးမျှားပြိုင်ပွဲသည်လည်း ပိုပိုပြီး ခက်ခဲလာသည်။
    မနှစ်က ဝင်လာသောငါးအုပ်မှာ သိသိသာသာနည်းသွားသည်။ အားလုံးပေါင်းမှ အကောင်နှစ်ဆယ်တောင် မပြည့်ချင်။ ဒီနှစ်တော့ ဘယ်လိုနေမလဲမသိ။
    မစ္ဆဗေဒပညာရှင်တွေကတော့ ဒီနှစ်ကောင်ရေပြန်တက်လာနိုင်ကောင်းပါရဲ့ဟု မျှော်လင့်နေသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ကတော့ ဒီနှစ်အဖို့ ငါးတစ်ကောင်မှ ဝင်ရောက်လာခြင်းမရှိတာမျိုးတောင် ဖြစ်နိုင်သည်ဟု ခန့်မှန်းထားသည်။
    သူတို့ပြောတဲ့အတိုင်းဖြစ်များဖြစ်နေမလားဟု စိုးရိမ်စရာလည်းရှိနေ၏။ ငါးမျှားပြိုင်ပွဲ စတင်ကျင်းပခဲ့တာ ဒီနေ့ပါဆိုလျှင် သုံးရက်ရှိပြီ။ ခုချိန်ထိ ငါးတွေရဲ့ အရိပ်အယောင် မမြင်ရသေး။ ပြီးခဲ့သော နှစ်ရက်စလုံး မနက်ရှစ်နာရီကစ၍ ပင်လယ်ထဲမှာ စောင့်ဆိုင်းခဲ့တာ ညနေငါးနာရီကျော်သည်အထိ ငါးဝင်မလာသဖြင့် အခြေစိုက်စခန်းမှာ ပြန်နားခဲ့ရသည်။ ဒီနေ့လည်း အလုပ်ဖြစ်မှဖြစ်ပါ့မလား။ ခုပဲ ညနေသုံးနာရီကျော်ပြီ။
    ပျင်းပျင်းရှိသဖြင့် ဒီရာသီမှာ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားသော ငါးအမျိုးအစားများအကြောင်းကို အင်တာနက်မှတစ်ဆင့် လေ့လာကြည့်နေလိုက်၏။
    အင်ဂျင်စက်လည်သံကို ကြားရသဖြင့် မော့ကြည့်လိုက်သည်။ ရဟတ်ယာဉ်တစ်စင်းသည် ခပ်နိမ့်နိမ့်လှည့်ပတ်ပျံဝဲနေသည်။ ကိုယ်ထည်ပေါ်မှ တံဆိပ်ကိုမြင်ရသဖြင့် ရုပ်မြင်သံကြားဌာနမှဖြစ်ကြောင်းသိရသည်။
    သူသည် ကွန်ပျူတာကို ရုပ်မြင်သံကြားလိုင်းသို့ပြောင်းလဲဖမ်းယူလိုက်သည်။ ကွန်ပျူတာမျက်နှာပြင်မှာ သူ့လှေကလေးပုံပေါ်လာသည်။ သူတို့ကသူ့လှေကို ရိုက်ကူးပြီး တိုက်ရိုက်လွှင့်နေတာပဲ။ သူကခေါင်မိုးအပြင်သို့ထွက်လိုက်ပြီး ရဟတ်ယာဉ်ကို လက်ပြနှုတ်ဆက်လိုက်သည်။ သူ့ပုံကို အနီးကပ်ဆွဲယူရိုက်ပြမှာသေချာသည်။ သူကကွန်ပျူတာရှိရာကို လှည့်ကြည့်သည်။ သူလှည့်ကြည့်သည့်ပုံအတိုင်းပြန်မြင်ရသည်။ သူကပြုံးလိုက်ပြီး ကွန်ပျူတာရှိရာသို့ ပြန်လာပြီး ထိုင်ကြည့်နေလိုက်၏။
    ပြီးခဲ့သော နှစ်တွေက သူပထမဆု ရခဲ့ပုံအကြောင်းတွေ ပြန်ပြသည်။ ဒီနှစ်လည်း သူပဲရလိမ့်မည်ဟု ထင်ကြေးပေးနေကြပုံများကိုလည်း ရိုက်ပြသည်။
    ထို့နောက်ပင်လယ်ပြင်မှာ တစ်ချိန်က ငါးတွေအလွန်ပေါများပုံအကြောင်းကို ပြန်ပြောသည်။ ပင်လယ်ရေအောက်ရှုခင်း၊ သန္တာကျောက်တန်းတွေကြားမှာ လှပသော ရောင်စုံငါးများ ကျက်စားနေပုံ၊ ရေမှော်ပင်များ၊ ကျောက်ခက်ပင်များ၊ ရင်သပ်ရှုမောဖွယ်ရာ အံ့မခန်းမြင်ရသည်။
    ပြီးတော့ ငါးဖမ်းသင်္ဘောတစ်စင်းကိုပြသည်။ ငါးဖမ်းပိုက်ကိုဆွဲတင်လိုက်သောအခါ ငါးတွေတစ်ထွေးကြီးပါလာသည်။ ကုန်းပတ်ပေါ်သွန်ချလိုက်သောအခါ ဖိုးလိုးဖတ်လပ်ဖြစ်နေသော ငါးတွေဆိုတာ ဖွေးဖွေးလှုပ်နေတာပဲ။ သင်္ဘောသားတွေကို လိုက်ပြီးကြီးကြပ်နေသော မာလိန်မှူးမှာ တောင့်တင်းသန်မာသော လူရွယ်တစ်ယောက်ဖြစ်၏။ ထိုသူမှာ သူ၏အဘိုးပင်ဖြစ်လေသည်။
    နောက်ပြကွက်တစ်ခုကတော့ ငါးတွေကို ကင်လို့တစ်မျိုး၊ ကြော်လို့တစ်ဖုံ၊ ပေါင်းလို့တစ်နည်း အားပါးတရစားသောက်နေကြပုံများဖြစ်၏။ သူ တံထွေးတောင် မျိုချလိုက်မိ၏။
    ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဝင်တစ်ယောက်၏ပုံပေါ်လာသည်။ ငါးတွေအလွန်ပေါများခဲ့သော ပင်လယ်ပြင်ကြီးသည် လူတို့၏ မဆင်မခြင်ပြုလုပ်မှုများကြောင့် ငါးတစ်ကောင်တလေတွေ့ရဖို့တောင် ခဲယဉ်းသည့် အခြေအနေရောက်လာပြီဖြစ်ကြောင်း၊ ထိုကိစ္စအတွက် အသိပညာပေးလိုသောကြောင့် ငါးမျှားခြင်းပွဲကို နှစ်စဉ်ကျင်းပရခြင်းဖြစ်ကြောင်း ပြောနေသည်။
    သူက တီဗီအစီအစဉ်ကိုပိတ်လိုက်ပြီး တယ်လီဖုန်းလိုင်းကို ပြောင်းတင်လိုက်သည်။ အိမ်ကိုဆက်သွယ်လိုက်၏။ ခဏအကြာတွင် ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ သူ့ဇနီး၏ပုံပေါ်လာသည်။
    " မောင်အဆင်ပြေရဲ့လား "
    ဟုသူ့မိန်းမက မေးသည်။
    " ပြေပါတယ်၊ ဒီလိုပဲ ထိုင်စောင့်နေရတာပေါ့ "
    " ဒီနေ့ကော ငါးတွေက လာဦးမှာလား "
    " အဲဒါတော့ ဘုရားသခင်တောင် အာမခံနိုင်မယ်မထင်ဘူး "
    " နိုင်အောင်တော့ ကြိုးစားနော်၊ ကလေးတွေက တို့အဖေကြီးပဲ နိုင်မှာပဲလို့ ကျောင်းမှာကြွားထားကြတာ "
    " စိတ်ချပါ၊ မောင်အစွမ်းကုန် ကြိုးစားမှာပါ၊ ဒါနဲ့ကလေးတွေကော "
    " သမီးကြီးက တီဗီရှေ့ကကို မခွာတမ်းကြည့်နေတာ၊ သူတို့ကလည်း ပြိုင်ပွဲကို စိတ်ဝင်စားအောင် အမျိုးမျိုးပြနေတာကိုး "
    " သားငယ်ကော "
    " သားငယ်ကတော့ ပြိုင်ပွဲစလို့ တိုက်ရိုက်ပြရင် လှမ်းခေါ်ပါလို့မှာထားတယ်၊ ခုတော့ သူ့ငါးကန်နားမှာ အလုပ်ရှုပ်နေတယ်လေ "
    သားငယ်ကလည်း သူ့မျိုးရိုးဗီဇကိုဆက်ခံမည့်သူ ဖြစ်၏။ ငါးတွေကို အလွန်စိတ်ဝင်စားတတ်သည်။ သူ့အတွက် ငါးကန်လေးတစ်ခုဝယ်ပေးထားရသည်။ သူက ရွှေရောင်ငါးလေးတွေ မွေးထားသည်။ ငါးအစစ်တော့မဟုတ်၊ အစစ်နှင့်တူအောင်ပြုလုပ်ထားသော အီလက်ထရွန်နစ် ငါးကလေးများသာဖြစ်၏။
    အရုပ်ဆိုသော်လည်း တကယ့်ငါးအစစ်လို ဂရုစိုက်ရသည်။ ကန်ထဲကရေကိုမှန်မှန်လဲပေးရသည်။ ဓာတုဗေဒပစ္စည်းများဖြင့် ပြုလုပ်ထားသော အစာလုံးကလေးတွေကို မှန်မှန်ကျွေးရသည်။ ထိုအစာလုံးကလေးတွေကို ငါးတွေကစားသောအခါ ဓာတ်ပြုမှုဖြစ်ပေါ်လာပြီး လှုပ်ရှားကူးခတ်ဖို့ စွမ်းအင်ကိုရရှိသည်။ ဂရုမစိုက်ဘဲ ပစ်ထားလျှင် ငါးကလေးတွေ သေသွား(ပျက်သွား)တတ်သည်။
    တီတီဆိုသော အချက်ပေးသံပေါ်လာသည်။ တစ်စုံတစ်ခုထူးခြားပြီ။ ထို့ကြောင့် ပြိုင်ပွဲအခြေစိုက်စခန်းနှင့် ဆက်သွယ်လိုက်သည်။ ကွန်ပျူတာပေါ်မှာ သတင်းအချက်အလက်တွေပေါ်လာသည်။
    " အခြေစိုက်စခန်းမှ အရှေ့မြောက် သုံးဆယ့်သုံးဒီဂရီ၊နှစ်ဒသမလေးကီလိုမီတာအကွာနေရာသို့ ငါးတစ်ကောင်ရောက်လာသည် "
    ငါးက တစ်ကောင်တည်းပဲတဲ့။ ငါးတစ်ကောင်ကို လှေအစင်းနှစ်ဆယ် ဝိုင်းလုပြီး ဖမ်းရမှာဆိုတော့ တကယ့် ပွဲကြီးပွဲကောင်းပဲပေါ့။
    သူ့လှေရောက်ရှိနေသော နေရာကို ရှာသည်။ ငါးရောက်ရှိနေသောနေရာကို တွက်ချက်သည်။ ကီလိုမီတာ တစ်ဝက်ကျော်ကျော်ဝေးသည်။ စက်နှိုးလိုက်ပြီး ငါးရှိမည့်နေရာသို့ လှေကိုခုတ်မောင်းလာခဲ့သည်။
    ကွန်ပျူတာပေါ်မှာ ထပ်မံရရှိသော အချက်အလက်တွေပေါ်လာပြန်သည်။ ငါးက တစ်မီတာခွဲလောက်ရှည်သည်။ ရေအနက်ဆယ်မီတာနှင့် ဆယ့်ငါးမီတာကြား စောစောကတည်ရှိနေရာ တစ်ဝိုက်မှာပင်လှည့်ပတ်ကူးခတ်နေသည်။ ငါးမန်းအမျိုးအစားဟု ယူဆရသည်။
    ငါးမန်းဆိုပါလား။ ငါးမန်းတို့သည် ဆူးတောင်၊ အသည်း၊ အဆီစသော ဆေးဖက်ဝင်ပစ္စည်းများကြောင့် လည်းကောင်း၊ လူတို့ကို ရန်မူတတ်သည်ဟု အထင်မှားခံရသောကြောင့် လည်းကောင်း၊ တရားလွန်သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ပြီးတော့ ငါးမန်းတွေက တစ်ခါသားပေါက်လျှင် နှစ်ကောင်သာ မွေးနိုင်သည်။ ကောင်ရေ တိုးပွားမှုနှုန်းက နှေးပြီး သတ်ဖြတ်ခံရတာက များနေသည်။ ထို့ကြောင့် မျိုးတုံးလုနီးပါးဖြစ်ပြီး လူမြင်ကွင်းက ပျောက်ကွယ်နေခဲ့တာကြာပြီ။
    ခုတော့ ငါးမန်းတစ်ကောင်ကို ပြန်တွေ့ရပြီ။ ဒီရာသီအတွင်းပင်လယ်ကွေ့ထဲကို ဝင်ရောက်လာသည့် တစ်ကောင်တည်းသော ငါးသတ္တဝါ။ ဒါတွင်မက အလွန်ရှားပါး အဖိုးတန်သော ငါးမန်းတဲ့။ ဒီငါးမန်းကိုသာ မိအောင်ဖမ်းနိုင်လျှင် ကမ္ဘာကျော်ပေတော့မည်။ ရွှေငါးမျှားချိတ်ဆုသာမက တခြားဂုဏ်ထူးဆောင်ဆုကြီးတွေပါ ရဖို့အလားအလာရှိ၏။
    ခုချိန်ဆိုလျှင် ရုပ်မြင်သံကြားဌာနမှ ငါးမန်းနှင့် ပက်သက်သော သတင်းမှတ်တမ်းတွေ အချိန်ကိုက်ပြီး ပြနေပေလိမ့်မည်။ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေကလည်း ငါးမန်းဖမ်းမိသူကို ဆုကြေးငွေတွေထပ်ပေးဖို့ ကမ်းလှမ်းနေကြတော့မည်။
    ငါးဝင်ရောက်လာသည်ဆိုသော ဧရိယာအတွင်းသို့ ရောက်လာသည်။ ဆိုလာကိရိယာကိုဖွင့်လိုက်၏။ ငါး၏အရိပ်အယောင်ကို မတွေ့ရသေး။ လှေကိုအနည်းငယ်ကွေ့ပတ်ပြီးမောင်းသည်။
    တစ်နေရာမှာမသဲမကွဲသဏ္ဌန်တစ်ခုကိုမြင်ရသည်၊ လှေကို ရှေ့နည်းနည်းထပ်တိုးလိုက်တော့ သိသာလာသည်။ ငါးတစ်ကောင်ပါပဲ။
    ဆိုလာမှလာသော အသံလှိုင်းများကို ကွန်ပျူတာမှတစ်ဆင့် တွက်ချက်ပုံဖော်ကြည့်သည်။ ငါးတစ်ကောင်၏ပုံသဏ္ဌန်ပေါ်လာသည်။ ခန့်မှန်းခဲ့တာမှန်သည်။ ကျားငါးမန်းတစ်ကောင်ဖြစ်၏။
    ပြိုင်ပွဲစည်းကမ်းအရ တခြားပြိုင်ပွဲဝင်လှေတွေဆီသို့ ငါးမန်းကိုရှာတွေ့ပြီဖြစ်ကြောင်း သတင်းပို့လိုက်သည်။ လှေတွေအားလုံး ဝိုင်းအုံရောက်ရှိလာကြသည်။ ငါးမန်းတည်ရှိရာနေရာကို ဗဟိုပြုပြီး အချင်းမီတာတစ်ရာလောက်ရှိသော စက်ဝိုင်းပုံအတိုင်း ဝိုင်းရံလိုက်ကြသည်။ ထို့နောက်
ရေအောက်သို့ မိုက်ကရိုလှိုင်းတွေ ထုတ်လွှတ်လိုက်ကြသည်။ ငါးမန်းသည် ထိုလှိုင်းများကို ဖြတ်ကျော်မထွက်နိုင်။ ထို့ကြောင့် ကွန်ချာစည်းဝိုင်းအတွင်းမှာသာ လှည့်ပတ်သွားလာနေရတော့သည်။
    တကယ်တော့ ဒီငါးမန်းကို ဖမ်းမိဖို့ရာ လွယ်လွယ်လေးဖြစ်၏။ ပစ်မှတ်ကိုမလွဲတမ်းမှန်နိုင်သော မေ့ဆေးမှိန်းနှင့် ပစ်ဖမ်ရုံသာဖြစ်၏။ သို့ရာတွင် ခုပွဲက ငါးမျှားစွမ်းရည်ပြိုင်ရမှာဖြစ်သောကြောင့် ခေတ်ဟောင်းပုံ ငါးမျှားတံတွေကိုသာ သုံးကြရသည်။
    ငါးမန်းသည် အသားစားသတ္တဝါဖြစ်၏။ ထို့ကြောင့် သွေးညှီနံ့ထုတ်လွှတ်သော ငါးစာအတုကို သုံးရသည်။ ငါးမျှားတံကို လွှဲပြီးငါးမျှားချိတ်ကို ခပ်ဝေးဝေးရောက်အောင် လွှင့်ပစ်လိုက်သည်။ ရေထဲသို့ ငါးမီတာအနက်အထိ နစ်နေအောင် ဖော့တုံးကို ချိန်ထားသည်။
    ထို့နောက် လက်ရှိအနေအထားကို ကွန်ပျူတာပေါ်မှာ ကြည့်လိုက်သည်။ ဝိုင်းရံထားသောလှေတွေကို  အနက်ရောင်အစက်များအဖြစ်မြင်ရသည်။ ငါးကိုတော့ အနီရောင်အစက်ငယ်ဖြင့်ပြထားသည်။
    ငါးသည် သူ့လှေနှင့် အနီးဆုံးဖြစ်၏။ သို့ရာတွင် ဆန့်ကျင်ရာဘက်သို့ တရွေ့ရွေ့ကူးခတ်နေတာမြင်ရသည်။ ဒီအတိုင်းဆိုလျှင်တစ်ဖက်ခြမ်းမှလှေက ငါးမျှားချိတ်ကို သွားဟပ်တော့မည်။ သူကအဘိုးပြောခဲ့ဖူးသောနည်းကို ထုတ်သုံးလိုက်သည်။
    ငါးမျှားတံကို သံပိုက်လုံးကလေးဖြင့် စည်းချက်ကျကျ ခေါက်ပေးလိုက်သည်။ တုန်ခါမှုနှင့် အသံလှိုင်းတွေက ငါးမျှားတံမှတစ်ဆင့်ကြိုး၊ ထိုမှငါးမျှားချိတ်ဆီသို့ စီးဆင်းသွားသည်။ မင်းအစာက ဒီမှာလေကွာဟု အချက်ပေးသည့်သဘော။ သာမန်ကြည့်လျှင် မထူးခြားဟုထင်သော်လည်း ငါးမန်းကတော့ ဒါကို အာရုံခံစားပြီး သိနိုင်သည်ဟုဆို၏။
    မှန်သည်။ ကွန်ပျူတာမျက်နှာပြင်ပေါ်မှ အနီစက်ကလေးသည် တုံ့ခနဲရပ်သွားသည်။ လက်ဝဲဘက်သို့ အနည်းငယ်ကူးခတ်သွားပြီးနောက် ပြန်လှည့်လာသည်။ သူ့လှေရှိရာသို့ တန်းတန်းမတ်မတ်လာနေတာတွေ့ရ၏။ လှေနှင့်နီးလာသော အချိန်တွင် သူသည်ငါးမျှားတံကို မြဲအောင်ကိုင်ထားလိုက်သည်။
    ဖော့တုံးကလေး ချာခနဲလည်သွားသည်။ ငါးမန်းက အစာကိုရစ်ဝဲနေပြီ။ ဖော့တုံးကလေးနှစ်ချက်သုံးချက်မြုပ်ချည်ပေါ်ချည်ဖြစ်နေ၏။ အစာကို တွတ်နေပြီ။ခဏအကြာမှာ ဖော့တုံးကလေးဇွပ်ကနဲမြုပ်သွားသည်။ ငါးမျှားတံကိုင်ထားသောလက်က တင်းခနဲဖြစ်သွားတာခံစားရသည်။ ငါးကတော့ ဟပ်မိနေပြီ။ ငါးမျှားကြိုးတင်းသွားပြီး ဆတ်ခနဲ ဆတ်ခနဲ တုန်ခါနေသည်။ ငါးကရုန်းကန်နေခြင်းဖြစ်သည်။
    ရုန်းလို့မလွတ်မှန်းသိသောအခါ ကြိုးကိုဆောင့်ဆွဲပြေးသည်။ သူကကြိုးကိုလျှော့ပေးလိုက်သည်။ လက်ရစ်တံသည် မွတ်နေအောင်လည်သွားသည်။ကြိုးဆုံးသွားသောအခါ သူက ငါးမျှားတံကိုတင်းတင်းကိုင်ပြီး တောင့်ခံထားလိုက်သည်။ ငါးသည် ဆက်မဆွဲနိုင်တော့။ ထိုအခါကျမှ ရစ်တံကိုဖြေးဖြေးချင်းလှည့်ပြီး ပြန်ဆွဲသွားပြန်သည်။ သူကလျှော့ပေးလိုက်ပြန်သည်။ ဒီလိုလျှော့ချည်တင်းချည်အကြိမ်များစွာပြုပြီးနောက် ငါးမန်းလည်း မောပန်းပြီး လက်လျှော့လိုက်ဟန်တူသည်။ ထပ်မရုန်းတော့ဘဲ သူကြိုးဆွဲရာအတိုင်း လိုက်ပါလာသည်။
    ဒီပြိုင်ပွဲမှာ သူအနိုင်ရရှိသွားပြီ။
    ပြိုင်ဘက်လှေတွေကလည်း သူ့လှေအနီးသို့ ချဉ်းကပ်လာကြပြီး လက်ခုပ်ဩဘာပေးကြသည်။ ရုပ်မြင်သံကြားရဟတ်ယာဉ်လည်း ရေပြင်နားအထိဆင်းလာပြီး အနီးကပ်ရိုက်ကူး ထုတ်လွှင့်နေသည်။ ကမ်းခြေတစ်ဝိုက်မှ သင်္ဘောတွေကလည်း ဥဩဆွဲပြီး ဂုဏ်ပြုကြ၏။
    ထိုစဉ်တွင် သူ့ကွန်ပျူတာမှ အချက်ပေးသံထွက်လာသည်။ အိမ်က ဖုန်းလှမ်းဆက်ခြင်းဖြစ်၏။ ခလုတ်ကိုဖွင့်လိုက်သောအခါ သူ့ဇနီး၏ ရုပ်ပုံပေါ်လာသည်။
    " ကွန်ဂရက်ကျူလေးရှင်းပါမောင် "
    ထို့နောက် သမီးကြီးမြင်ကွင်း ပေါ်တက်လာသည်။
    " ဖေကြီးအတွက် ဂုဏ်ယူပါတယ် သမီး သိပ်ဝမ်းသာတာပဲ "
    သားအငယ်ကောင်၏မျက်နှာပေါ်လာပြန်သည်။
    " ဖေကြီး... အဲဒီငါးကို အိမ်ကိုယူခဲ့ပါလားဟင် "
    " မရဘူး သားရဲ့၊ ဒီငါးက ပြတိုက်ကိုလှူရမှာ၊ သားက ဘာလုပ်ချင်လို့လဲ "
    " စားချင်လို့ပါ၊ ငါးအစစ်ကို သား တစ်ခါမှ မစားဖူးသေးဘူး ဖေဖေ "ဟု ပြန်ဖြေ၏။

                                                              မင်းလူ
                                                (နွယ်နီမဂ္ဂဇင်း၊ ၂၀၀၃၊ ဖေဖော်ဝါရီ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...