ယောဂါစာရ ဗုဒ္ဓဒဿန (နောက်ဆုံးပိုင်း)
Lynn Htet Swe
ဤသို့လျှင် သံကိလိဋ္ဌ ၀ိညာဏ် သည် အတိတ် ကံမျိုးစေ့ (ကမ္မဗီဇ)များ အရ ပစ္စုပ္ပန်လောက ၏ အာရုံခံစားမှုများ ကို ဖန်ဆင်းတည်ဆောက် နေသလို ထို အာရုံခံစားမှုများ ကို အမှန်သဘာဝ အတိုင်း မမြင်သောကြောင့် ဖြစ်ပေါ်လာသော ကိလေသာ နှင့် ပစ္စုပ္ပန် ကောင်းမှု မကောင်းမှု များ ကို ပစ္စုပ္ပန် ကံမျိုးစေ့ (ကမ္မဗီဇ)များ အဖြစ် သိုမှီးခြင်း ကိုလည်း တစ်ပြိုင်နက် ပြုလုပ် ဆောင်ရွက်နေလေ၏။စင်စစ် ဗောဓိမဏ္ဍိုင်တွင် တဏှာယောကျာ်း လက်သမား (ဂဟ ကာရက) ဟူ၍ ဘုရားရှင် ကျူးရင့် သည် မှာ ဤ သံကိလိဋ္ဌ ၀ိညာဏ် ပင်ဖြစ်ပါ၏။ ၎င်း ကို သိမြင်ပယ်သတ်နိုင်ခြင်း သည်သာ ဘ၀သံသရာ ကို အရင်းအမြစ်မှ သုတ်သင်ရှင်းလင်းနိုင်သည် မည်ပါ၏။
(၃) စိတ္တ၏ တတိယအလွှာ မှာ မူ မြင်သိစိတ် ကြားသိစိတ် နံသိစတ် အရသာသိစိတ် တွေ့ထိသိစိတ် နှင့် တွေးသိစိတ် များ ဖြစ်သော ၀ိညာဏ (၆) ပါးဖြစ်၏။ နက်ရှိုင်းသော အာလယစိတ္တ ၏ တုန်ခါမှု စီးကြောင်းများအဖြစ် ဖြာထွက်လာသော ကြောင့် ပရ၀ီထိဝိညာဏ ဟူ၍လည်းခေါ်လေ၏။ သတ္တ၀ါ ၏ အာရုံသိလောက တစ်ခုလုံး သည် ပရ၀ီထိဝိညာဏ တို့ ၏ နယ်ပယ်ပင် ဖြစ်၏။
ဤနေရာတွင် ယောဂါစာရဂိုဏ်း၏ ဒဿနအမြင်သည် ရှေးဦးဗုဒ္ဓ၀ါဒ အဘိဓမ္မာဂိုဏ်း များ ၏ အမြင်များ နှင့် လုံးဝခြားနား နေသည်ကို တွေ့ ရလေသည်။ သဗ္ဗတ္ထိဝါဒ ဂိုဏ်း ၏ အမြင်တွင် ၀ိညာဏ (၆) ပါး ဖြစ်ပေါ်လာပုံမှာ အတွင်းဒွါရများ ဖြစ်သော မျက်စိ နား နှာ လျှာ ကိုယ် စိတ် (မနော) တို့ နှင့် အပြင်အာရုံများ ဖြစ်သော အဆင်း အသံ အနံ့ အရသာ အထိတွေ့ နှင့် ဓမ္မာရုံ များ တိုက်ခတ်မိရာ မှ ဖြစ်ပေါ်လာပြီး သိစိတ် သည် မိမိ ၏ ဗဟိဒ္ဓ ရှိ အာရုံ ကို ပကတိ အတိုင်း သိရှိခြင်း ဖြစ်၏။ ထို့ကြောင့် သိစိတ် နှင့် ဒွါရများ ရှိသလို ပြင်ပ အာရုံလောကကြီးလည်း ပကတိ တည်ရှိနေသည်ဟု သဗ္ဗတ္ထိဝါဒ ဂိုဏ်း ၏ အမြင် က ဆိုသည်။ ယင်း အမြင် ကို ယောဂါစာရဂိုဏ်း၏ ဒဿနအမြင် က လက်မခံပေ။ ယောဂါစာရဂိုဏ်း၏ ဒဿနအမြင် တွင် ပြင်ပ ဗဟိဒ္ဓလောကကြီးသည် သီးခြားပကတိ ရှိနေသည်မဟုတ်ပေ။ အထက်တွင် ဆိုခဲ့သည့် အတိုင်း အာလယ၀ိညာဏ် အတွင်း ၌ ကိန်းဝပ်တည်ရှိနေသော ကံမျိုးစေ့ များ က သံကိလိဋ္ဌ ၀ိညာဏ် ကြောင့် ဖူးပွင့်ပေါက်ဖွား လာရာတွင် သိမှုခဏတိုင်း အတွင်းဒွါရများ နှင့် အတွင်းဒွါရများအနေ ဖြင့် အစုံအစုံ ပေါ်ပေါက် နေခြင်း ဖြစ်၏။
ယောဂါစာရဂိုဏ်း က ဤဖြစ်စဉ် ကို အိပ်မက် နှင့် ရူပကတင်စားပြ လေသည်။ အိပ်မက် မက်သူသည် မိမိ အိပ်မက်တွင်း ၀ယ် ပြင်ပ အာရုံလှုံ့ဆော်မှု မပါပဲ နှင့် တောတောင်ရေမြေကို လဲ မြင်တွေ့ ရသလို နန်းတော်ကြီးများ ကိုလဲ တွေ့မြင်နိုင် သည်။ အိပ်မက် ပတ်ဝန်းကျင် နှင့် အိပ်မက်လူသား သည် စင်စစ် အိပ်မက်သူ၏ စိတ်တွင်း ၌ ကိန်းအောင်းနေသော အမှတ် သညာ နှင့် ခံသားမှုများ၏ ရုပ်လုံးများသာ ဖြစ်သကဲ့ သို့ သတ္တ၀ါတို့ သိမြင်နေသော အာရုံ ၆ ပါး လောက သည်လည်း စင်စစ် သိစိတ်၏ ပြင်ပတွင် ရှိနေသော ဗဟိဒ္ဓတရားများ မဟုတ်ပေ။ ပြင်ပဗဟိဒ္ဓလောက ဟူ၍ မရှိသော ကြောင့် အတွင်း အဇ္ဈတ္တဟူ၍လည်း မရှိနိုင်ပေ။ သိသူ (သိစိတ်) နှင့် အသိခံ (ပြင်ပလောက) ဟူသည်မှာ အာလယ ၀ိညာဏ် နှင့် သံကိလိဋ္ဌ ၀ိညာဏ် တို့ က အယောင်ဆောင် ပြသသော အတုအယောင် (ပဋိဗိမ္ဗ) လောက သို့မဟုတ် ကံလွှမ်းမိုးချက်ခံ ရသည့် စိတ်အတွေးက ဖန်ဆောင်သော ပရိကပ္ပိတ သဘာဝ သက်သက် အနေဖြင့်သာ ဖြစ်ကြောင်း ယောဂါစာရဂိုဏ်း က ဆိုပါသည်။
ပိုမို ရှင်းလင်းအောင် အများသိလွယ်မြင်လွယ်သော ဥပမာ ဖြင့် ပြပါဦးမည်။ ရုပ်ရှင်ဖလင် ကြိုးခွေ ကို ပြစက်မှ မီးဖြင့်ထိုး၍ ပိတ်ကားအဖြူပေါ်ထင်စေသော အခါ အရုပ်သဏ္ဍာန်များ လှုပ်ရှားမှုများ ပေါ်လာရပုံနှင့် ဥပမာ စပ်ဟပ်ကြည့်ပါ။ ဤ ဥပမာ တွင် ရုပ်ရှင်ပြစက်မှ ထွက်လာသောမီးရောင် သည် မူလ သန့်စင်သော အာလယ၀ိညာဏ် နှင့် အလားတူ၏။ ထို မီး အလင်းဓါတ်သည် ဖလင်ကော်ပြား ပေါ်မှ ထွေထွေရာရာ ရုပ်ပုံများ ကို ဖြတ်သွားသော် အခါဝယ် မူလ အလင်းစစ် ကဲ့ သို့ မသန့်စင်နိုင်တော့ ပြီ။ ဤနေရာတွင် ဖလင်ကော်ပြား ကို သံကိလိဋ္ဌ၀ိညာဏ် ကဲ့သို့ မှတ်ယူနိုင်၏။ ရုပ်ရှင်ဖလင် ကြိုးခွေ ကို ပြစက်မှ မီးဖြင့်ထိုး၍ ပိတ်ကားအဖြူပေါ်ထင်စေသောအခါ ပေါ်ပေါက်လာသော အရုပ်သဏ္ဍာန်များ လှုပ်ရှားမှုများ ကိုမူ ၀ိညာဏ (၆) ပါး နှင့် ယင်းတို့ ၏ တွဲဖက် အာရုံ (၆) ပါး လောက ကဲ့သို့ မှတ်ယူနိုင်၏။
ရှေးဟောင်း ယောဂါစာရ ဆိုင်ရာ စာပေများ တွင်လည်း ဤ ၀ိညာဏ (၃) ပါး ၏ ဆက်သွယ်မှု ကို ပင်လယ်သမုဒ္ဒရာ ၏ လှိုင်းလုံးများ နှင့် ဥပမာ ဆောင်လေ့ရှိ၏။ ပင်လယ်သမုဒ္ဒရာ ၏ မူလ သဘာဝ သည် တည်ကြည်ငြိမ်သက်သော သဘာဝ ဖြစ်၏။ ပကတိ တည်ငြိမ်သော ပင်လယ်သမုဒ္ဒရာ ၏ သဘောသည် အာလယ၀ိညာဏ် နှင့် အလားတူ၏။ လေပြင်းမုန်တိုင်းများ ကျရောက်လေသောအခါ ပကတိ တည်ငြိမ်သော ပင်လယ်သမုဒ္ဒရာ ၏ သဘောသည် ဖေါက်ပြန် ရွေ့လျော ကာ မတည်မငြိမ်ပဲ လှိုင်းတံပိုးများ ထကြွလှုပ်ရှား လာကြဘိသကဲ့သို့ သံကိလိဋ္ဌ၀ိညာဏ် တည်းဟူသော လေပြင်းမုန်တိုင်းများ ကျရောက်လေသောအခါ ပကတိ တည်ငြိမ်သော အာလယ၀ိညာဏ် သည် ခြောက်စုံသော သိစိတ် နှင့် အသိခံ လှိုင်းတံပိုးများ အဖြစ် သို့ ပြောင်းလဲ ထကြွလှုပ်ရှား လာကြလေသည်။
ဆိုခဲ့ပြီးသော အာလယ၀ိညာဏ် သံကိလိဋ္ဌ၀ိညာဏ် နှင် ပရ၀ီထိဝိညာဏ် များ ကို ရှေးဦးဗုဒ္ဓ၀ါဒ မှ ကိလေသာ-ကမ္မ-၀ိပါက ၀ဋ်များ လည်ပတ်ပုံနှင့် လည်း ထပ်တူပြုလေ့လာ နိုင်ပါ၏။ အာလယ၀ိညာဏ် သံကိလိဋ္ဌ၀ိညာဏ် တို့ သည် ကိလေသာဝဋ် သဖွယ်ဖြစ်၏။ ယင်းတို့ လှုပ်ရှားသက်ဝင်မှုကြောင့် ဖြစ်ပေါ်နေရသော ပရ၀ီထိဝိညာဏ် များ သည် ရှုထောင့်တစ်ခုက ကြည့် လျှင် အကျိုးဆက်တရားများဖြစ်သောကြောင့် ၀ိပါက၀ဋ် ဟုဆိုနိုင်ပြီး နောက်ရှုထောင့်တစ်ခုက ကြည့်လျှင် ကမ္မမျိုးစေ့အသစ်များ ကို ဖန်တီးနေသောကြောင့် ကမ္မ၀ဋ် ဟုလည်းခေါ်နိုင်ပါ၏။
ယောဂါစာရ ဒဿန သည် နာမ်ဝါဒ မဟုတ်
လောက သံသရာဟူသည် ဤ ၀ိညာဏ အလွှာ (၃) ပါး တွင် ကိလေသာ-ကမ္မ-၀ိပါက ၀ဋ်များ တရစပ် ဖန်ဆင်းလည်ပတ် နေသော ဖြစ်စဉ်သာ ဖြစ်၏။ သတ္တ၀ါ အသီးသီး တို့ ၏ သုခ ဒုက္ခ ခံစားရာ ထွေထွေရာရာ ဘုံဘ၀ ဋ္ဌာန တို့ သည် လည်း ဂန္ဓဗ္ဗနတ်တို့ ဖန်ဆင်းအပ်သော အတုအယောင် မာယာလောက များကဲ့ သို့ စိတ်ဖန်ရုပ်သွင် အရိပ်အယောင် သက်သက် ၀ိညတ်သက်သက် များသာ ဖြစ်ကြပါ၏။ ထို့ကြောင့် ယောဂါစာရ ဒဿန ကို ၀ိညတ္တိမတ္တ၀ါဒ ဟု ခေါ်ဆိုခြင်း သည် သင့်လျှော်၏။ လောကသုံးပါး နှင့် အနန္တ သတ္တ၀ါ တို့ သည် စိတ်ဖန်ရုပ်သွင် အရိပ်အယောင် သက်သက် ၀ိညတ်သက်သက် များသာ ဖြစ်ကြောင်း အတည်ပြုပြောဆိုခြင်း ဖြစ်၏။
ယောဂါစာရ ဒဿန ၏ အဘိဓမ္မာ တွင် စိတ်ဖန်ရုပ်သွင် အရိပ်အယောင် သက်သက် လောက ကို ဖွဲ့စည်းထားသော အခြေခံယူနစ် ဓမ္မတရား များ ကို အမျိုးအစားပေါင်း (၁၀၀) အထိ အသေးစိတ်ခွဲခြမ်းစိတ်ဖြာ မှု များ ပြုခဲ့ ၏။ အကျဉ်းအား ဖြင့် ရေတွက် ဖေါ်ပြရလျှင် အောက် ပါအတိုင်း ဖြစ်၏။
· ၀ိညာဏဓါတ် (၈)ပါး (စက္ခု-သောတ-ဃာန-ဇိဝှာ-ကာယ-မန-သံကိလိဋ္ဌ-အာလယ၀ိညာဏ် စသည်…..)
· သာမည စေတသိက် (၅) ပါး ( ဖဿ-မနသိကာရ-ဝေဒနာ-သညာ-သင်္ခါရ စေတနာ)
· ၀ိသေသ စေတသိက် (၅) ပါး ( ဆန္ဒ-အဓိမောက္ခ-မှတ်ဥာဏ်-သမာဓိ-ပညာ)
· ကုသိုလ်စေတသိက်(၁၁) ပါး (သဒ္ဓါ-ဟီရိ-သြတပ္ပ-အလောဘ-အဒေါသ-အမောဟ-၀ီရိယ-ဓီတိ-ဥပေက္ခာ-အဟိံသာ စသည်…..)
· အကုသိုလ်စေတသိက် (၆) ပါး (လောဘ-ဒေါသ-မောဟ-မာန-၀ိစိကိစ္ဆာ-မိစ္ဆာဒိဋ္ဌိ)
· အရံ အကုသိုလ်စေတသိက် (၂၀) (ကောဓ-ဣဿာ-မစ္ဆရိယ-မာယာ-သာထေယျ-မုသာ-ဟိံသာ-မာန-အဟီရိက- အနောတပ္ပ-ဥဒ္ဒစ္စ-ထိန-မိဒ္ဓ-သံသယ-မဒ္ဒ-ကုက္ကစ္စ-အမနသိကာရ စသည်…)
· အနေကန္တ စေတသိက် (၄) ပါး (နောင်တ-ငိုက်မြီးခြင်း-ပြန်လည်သုံးသပ်ခြင်း-စူးစမ်းခြင်း)
· ရူပ (၁၁) ပါး (မျက်စိ နား နှာခေါင်း ကိုယ် လျှာ အဆင်း အသံ အနံ့ အထိတွေ့ အရသာ စိတ်ဖန်ရုပ်သွင်)
· စိတ္တ၀ိပ္ပယုတ္တ တရား (၂၄) ပါး (ပညတ်တရားစုများ)
· အသင်္ခတ ဓမ္မ (၆) ပါး (အာကာသ- ပဋိသင်္ခါနိရောဓ-အပဋိသင်္ခါနိရောဓ-သဘာဝနိရောဓ-နိဝိကပ္ပနိရောဓ-တထတာ)
အထက်ဖေါ်ပြပါ ဓမ္မတရား တို့ သည် အသင်္ဂ၏ အဘိဓမ္မသမုစ္စယ ကျမ်းကြီး ၏ အလို ဖြစ်ပြီး ၎င်းတို့ အားလုံး သည် ပရိကပ္ပတိ-ပရတန္တရ-ပရိနိပ္ဖန္န သဘာဝ (၃) ပါး အတွင်း တွင် အကျုံးဝင် နေသော တရားစု များ ဖြစ်ကြလေသည်။
ထို့အပြင် ယောဂါစာရ ဒဿန ကို စိတ္တမတ္တ၀ါဒ ဟု ခေါ်ဆိုခြင်းသည် ၎င်း ကို နာမ်ဝါဒ ဖြစ်သည်ဟု မထင်မှတ်သင့်ပေ။ နာမ်ဝါဒ ၏ သဘော မှာ မူလနာမ်စွမ်းအင်တရားကြီးတစ်ခုသည် မပြောင်းမလဲ အမြဲတည်နေပြီး ၎င်းမှ မိမိ ကိုယ်ပိုင်စွမ်းအင် သတ္တိအားဖြင့် လောကသုံးပါး နှင့် အနန္တ သတ္တ၀ါ တို့ ကို ဖန်ဆင်းခဲ့သည် ဟူသော အမြင်မျိုး ဖြစ်၏။ လောကရှိ ထာဝရဘုရားရှိဝါဒ (Theism) များ အားလုံးသည် အဆိုပါ နာမ်ဝါဒ မျိုး ဖြစ်ကြ၏။ ဘာကလေ ဟေဂယ် ဘရက်ဒလေ စသော အနောက်တိုင်း ဒဿနပညာရှင်များ ၏ တက္ကိကနာမ်ဝါဒ (Metaphysical Idealism) များ သည်လည်း အဆိုပါ နာမ်ဝါဒ မျိုး ဖြစ်ကြ၏။ တက္ကိကနာမ်ဝါဒ ဟူသည် သဿတ၀ါဒ တစ်မျိုးသာ ဖြစ်သောကြောင့် ဗုဒ္ဓ၀ါဒ အခြေခံသော ယောဂါစာရ ဒဿန အနေဖြင့် လက်ခံ နိုင်သော အမြင်မဟုတ်ပေ။ လောကမာယာ သည် စိတ် ပန်းချီ စိတ်ပန်းပု စိတ်ဂီတ သာ ဖြစ်ကြောင်းကို သိမှုဗေဒအမြင်ဖြင့်သာ ချဉ်းကပ်ပြခြင်း ဖြစ်၏။
ယောဂါစာရဒဿန အမြင်တွင် စိတ္တ ၏ သရုပ်သကန် ကို အလွန်ဝေေ၀ဆာဆာ ချဲ့ထွင်ရှင်းပြ ထားပြီး စိတ္တ သည် အမြဲ ပြောင်းလဲစီးဆင်းလှုပ်ရှားနေသော အစဉ် (Dynamic Process) အဖြစ်သာ မြင်လေသည်။ ထို စိတ္တ ၏ အနှစ်သာရ မှာ လည်း ပကတိအရှိတရားသဘောများ ဆိတ်သုဉ်းခြင်း ဟူသော ပရမတ္ထ-နိဿဘာဝ (သို့) ပရိနိပ္ဖန္န သဘာဝ (သို့) သုညတာ သာ ဖြစ်လေသည်။ ယောဂါစာရ၏ အမြင်၍ ယင်း သုညတာသဘာဝ သည် သာလျှင် အဆုံးစွန်သောအရှိတရား (Absolute Reality) ဖြစ်ပြီး သုညတာ ကို ပကတိ သူ့သဘာဝ အတိုင်းသူ ရှိနေသော အတိုင်းတိုင်းသဘော (တထတာ) ဟူ၍လည်း ခေါ်ဆို နိုင်ကြောင်း တင်ပြခဲ့၏။ ဓမ္မတရားဟူသမျှတို့ ၏ ဖြစ်မြဲနိယာမ သဘောသဖွယ် ဖြစ်သောကြောင့် ဓမ္မတာ ဟူ၍လည်း ခေါ်ဆို နိုင်ကြောင်း တင်ပြခဲ့၏။
ဤ အယူအဆများ သည် နှောင်းကာလ တွင် တထဂတ-ဂဗ္ဘ သုတ္တန်များ အဖြစ် ပေါ်ထွက်လာခဲ့ ပြီး ပီပြင်ထင်ရှားသော မဟာယာနဗုဒ္ဓဘာသာဆိုင် ရာ အယူအဆများ အဖြစ်သို့ ပွင့်ကားတိုးတက်ခဲ့ ၏။ (တထဂတ-ဂဗ္ဘ သုတ္တန်များ အကြောင်း ကို “ ဗုဒ္ဓ-သဘာဝ (Buddha Nature) နှင့် ဗုဒ္ဓ၏ ကာယ(၃)ပါး အကြောင်း” အခန်းတွင် ဆက်လက် တင်ပြ ပါမည်။) တထတာ ကို မျက်မှောက်ပြုသိမြင်နိုင်ရန် မှာ ကမ္မဋ္ဌာန်းဘာဝနာ-ယောဂကျင့်စဉ် အားထုတ်ခြင်းမှ အပ မရှိ ကြောင်း အသင်္ဂ၏ ယောဂါစာရဘူမိ ကျမ်း ကြီးက လည်း ညွှန်ပြ နေပါ၏။ မဟာယာနဗုဒ္ဓဘာသာဆိုင် ရာ ကမ္မဋ္ဌာန်းဘာဝနာ-ယောဂကျင့်စဉ် အားထုတ်ခြင်း နှင့် ဗောဓိသတ္တ မဂ် ကျင့်စဉ် ၏ တက်စဉ်များ ကို ရှေ့တွင် ရေးသားဖေါ်ပြလတ္တံသော “ဗောဓိသတ္တဘူမိ (၁၀) ပါး နှင့် မဂ်လမ်း ကျင့်စဉ်” အခန်းတွင် ပိုမို ရှင်းလင်းစွာ အသေးစိတ် ရေးသား ဖေါ်ပြ သွားမည် ဖြစ် ပါသည်။ ။
0 comments:
Post a Comment