Monday, October 8, 2012

အို ... မေမေ - ၁


by Thorn Nay Soe on Sunday, October 7, 2012 at 4:36am 


ကျနော် ဟိုနေ့ညက ဆေးခန်းသွားပြတော့ သူငယ်ချင်းက လိုက်ပို့ပေးတယ်။ ပို့ရင်း သူပြောတာက မင်းဘ၀ကိုယ်၌က ၀တ္ထုတစ်ပုဒ်ဖြစ်နေပြီတဲ့။
အနိမ့်အမြင့်အတက်အကျတွေ သိပ်များခဲ့တာကို သူဆိုလိုတာပါ။ သူ့ကို ကျနော်ကတိပေးလိုက်တယ်။ ငါ နောက်ဆို ငါ့ကိုချစ်တဲ့ခင်တဲ့သူတွေ ၀မ်းနည်းစိတ်ပူရအောင် ဘယ်တော့မှ မလုပ်တော့ပါဘူးကွာလို့။
နောက်တစ်ဆက်တည်း နာကျင်စွာ ပြောမိတာက သူတို့ ငါ့အတွက် ဂုဏ်ယူစေရပါမယ်။ ငါမသေခဲ့ရင်ပေါ့ ... လို့ပါ။
ကုန်လွန်ခဲ့တဲ့ ၅လတာမှာ သေခြင်းတရားနဲ့ နီးနီးစပ်စပ် အခြေအနေကို ရောက်ခဲ့ရတာ နှစ်ကြိမ်တိတိရှိတာကိုး။ ကံဆိုးမိုးမှောင်ကျခြင်းနဲ့၊ သေခြင်းဟာ ချိန်းဆိုမထားပဲ လျှင်မြန်စွာ ဖျပ်ကနဲ ရောက်ရှိလာတတ်မှန်း ကျနော်နားလည်လိုက်ပြီ။

သူငယ်ချင်းရဲ့ စကားကနေ တစ်ဆက်တည်းပဲ ကျနော့်အကြောင်းလေးလဲ ရေးဖို့ စိတ်ကူးရတယ်။
အပိုင်း၃ပိုင်းပါ ပါမယ်။ တစ်ပိုင်းက ကျနော့်အဖေအကြောင်း၊ တစ်ပိုင်းက ကျနော့် အမေအကြောင်း၊ နောက်တစ်ပိုင်းက ကျနော့်သူငယ်ချင်းတွေအကြောင်း။ တကယ်တော့ ကျနော်ဟာ အဲဒီ၃မျိုးနဲ့ ဖွဲ့စည်းထားတာပါ။ အဲဒီ၃မျိုးကသာ ကျနော့်နားမှာ မရှိရင်၊ ကျနော့်အတွက် မကယ်တင် မရပ်တည်ပေးကြရင် ကျနော်ပျက်သုဉ်းကြေမွသွားခဲ့တာ ကြာပေါ့။

အဲဒီ ၃ပိုင်းကို စုစည်းပြီးမှ သွန်းနေစိုးကို ဖန်ဆင်းခြင်းလို့ နာမည်ပေးထားတယ်။


သူများတွေက အမေကိုဖြစ်ဖြစ် အဖေကိုဖြစ်ဖြစ် ခင်တွယ်ကြသတဲ့။
ဒါပေမဲ့ ကျနော်ကတော့ အမေကိုရော အဖေကိုရော ခင်တွယ်တဲ့သားတစ်ယောက်ပါ။
ပြောရမယ်ဆို မိဘကို ခင်တွယ်တတ်တဲ့စရိုက်ကို မမွေးခင်ကတည်းက ပြခဲ့တာပေါ့။

ကျနော့်ကို မွေးတာ ဂန္ဓီဆေးရုံမှာ ...
အဲဒီတုန်းက မေမေရော ဖေဖေရောဟာ အလုပ်သမား ၀န်ကြီးဌာနမှာ အောက်တန်းစာရေးလေးတွေ။
စက်တင်ဘာလ ၂၀ရက်ရဲ့ တစ်ခုသော နံနက်ခင်းမှာ ကျနော်လူ့လောကထဲ ရောက်လာခဲ့ပါတယ်။

`နင့်ကို မွေးတော့ ညှပ်ဆွဲမွေးရတယ်´
တခါတစ်လေ စိတ်ဆိုးတဲ့အခါမျိုးမှာ မေမေက အဲဒီလို ပြောပြလေ့ရှိပါတယ်။
`ဘာလို့လဲ မေမေ´

ဆိုတော့
`ရိုးရိုး ထွက်မလာလို့ပေါ့ လူ့လောကထဲ ရောက်လာဖို့ တောင် ထော်လော်ကန့်လန့်လုပ်တတ်တဲ့ ပေကပ်ကပ်ကောင်လေးလေ´
မေမေမြင်တာ လုံးဝမှားလိမ့်မယ်လို့တော့ ကျနော် မငြင်းလိုပါ။ ဒါပေမဲ့ ကျနော်က ဆင်ခြေကန်မိတယ်။
`မဟုတ်ပါဘူးမေမေရယ်၊ သားက မေမေ့ကို ခင်တွယ်လွန်းလို့ မေမေ့ဝမ်းတွင်းကနေထွက်ဖို့တောင် အကြောက်အကန်ငြင်းခဲ့တာပါ´

အဲဒီလို ဆင်ခြေပေးတော့ မေမေက ရယ်တယ်။
`တော်တော် စကားတတ်တဲ့ ကောင်လေး´ တဲ့။
ဟုတ်ကဲ့ ငယ်ငယ်ကတည်းက စာရေးဆရာဗီဇပါမယ်ထင်ပါရဲ့ အင်မတန်ဆင်ခြေကန်တတ်တယ်။
ပြီးတော့ မေမေပြောသလိုပဲ ဂျစ်ကန်ကန် ပေကပ်ကပ်နဲ့။

တကယ်တော့ ကျနော် မွေးစကတည်းက နားလည်ခဲ့ဖို့ ကောင်းတာ။ လောကကြီးကို ဂျစ်ကန်ကန်ပေကပ်ကပ်လုပ်ရတာ ဘယ်လောက် ပင်ပန်းသလဲဆိုတဲ့ အကြောင်းလေ။
ညှပ်ဆွဲမွေးခဲ့ရလို့တဲ့ ကျနော့်ခေါင်းလေးတစ်ဘက်မှာ နည်းနည်း မသိမသာ ချိုင့်နေတယ်လို့ မေမေက ပြောပြလေ့ရှိပါတယ်။ အခုတောင် ဒီစာရေးရင်း ကျနော့်ခေါင်းကျနော် ပြန်စမ်းမိသေးရဲ့။ အင်း ... ပုံမှန်အတိုင်း ပြည့်ပြည့်ဖြိုးဖြိုးပါပဲ။ မေမေဆိုရင်တော့ ထူးခြားမှုကို သိလိမ့်မလားပဲပေါ့။ တစ်ခါတစ်လေ မေမေက ကျနော့်ကိုယ်ကျနော်ထက်တောင် ကျနော့်အရိပ်အကဲကို နားလည်နေတတ်ပါတယ်။

`နင်ဟာ ငယ်ငယ်က ညှပ်ဆွဲမွေးရလို့ ခေါင်းထိခဲ့တယ် ထင်ပါရဲ့ တခါတလေ တော်တော်အူကြောင်ကြောင်နိုင်တယ်´
အဲဒါတော့ ဟုတ်ပါတယ်။ လူတကာထက် အစွဲလန်းကြီးတတ်တာ။ ခင်တွယ်လွန်းတာ။ တစ်ခါတစ်လေတော့လည်း ဘာမဟုတ်တာလေးနဲ့ ကြေကွဲနေတတ်ပြန်ရော။

ကျနော့်မေမေက ဘာပဲဖြစ်ဖြစ် တခြားမေမေတွေထက်စာရင် မာတဲ့နေရာမှာ တော်တော်မာပြီး ပျော့ပြောင်းတော့လည်း သူ့အပြင်မရှိပြန်ဘူး။
မေမေ့နာမည်က ဒေါ်မြင့်ကြည်တဲ့။ ယောက်ျားနာမည်လိုလို ဘာလိုလို။
မွေးချင်း၎ယောက်မှာ နို့ညှာလို့ ပြောရမလား။ အောက်ဆုံး ပြန်ရေရင် ဒုတိယမြောက်။
မေမေတို့ကို မွေးပြီး သိပ်မကြာခင်မှာပဲ မေမေ့ဖေဖေ (ကျနော့်အဘိုး) ဟာ ဆုံးပါးသွားခဲ့ပါတယ်။
အဘိုးနာမည်က ဦးတင်မောင်။ စာရေးကြီးတဲ့။ အရက်ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘ၀ဆုံးရှာတာ။

မေမေက သူ့အဖေ(ကျနော့်အဘိုး) နဲ့ တထေရာတည်း တူတယ်လို့ ပြောသံကြားဘူးတယ်။
အဘိုးကလည်း သူ့ကို အရမ်းချစ်တယ်။
မေမေ့ကို ငယ်စဉ်က ချီပွေ့ရင်း
`သမီး ၂ယောက်၊ သားမက် ၂ယောက်´
လို့ နောက်လေ့ရှိသတဲ့။ မေမေတို့မှာ မေမေရယ် မေမေ့ညီမရယ် မိန်းကလေး၂ယောက်ရှိတာကိုး။ ကျနော့်အဖွားက ကလေးတွေကို ငယ်ငယ်လေးနဲ့ အဲဒီလို နောက်ရမလားလို့ မကျေနပ်ဘူး။ ဒါပေမဲ့ မေမေ ကျနော့်အဖေနဲ့ အိမ်ထောင်ကျတာ တော်တော်နောက်ကျပါတယ်။ ၃၀ပြည့်ကာနီးမှ ဆိုလား။

ကျနော့်မေမေက ဒိုက်ဦးဆိုတဲ့ မြို့ကလေးကပါ။ ပဲခူးအလွန် နောက်တစ်ဘူတာက။

ကွာစိထွက်တဲ့မြို့လေ။ ဂြိုဟ်တုကွာစိဆိုတာ အဲဒီမြို့မှာ နာမည်ကြိးပေါ့။
ကျနော်ကတော့ မေမေ့ မွေးဇာတိကို အဲဒီလိုပဲ သိထားမိတယ်။ ငယ်ငယ်က မေမေတို့ မြို့မှာ အတန်ကြာ အလည်သဘောနေခဲ့ဘူးပေမဲ့ ကျနော့်အမှတ်သညာထဲမှာ အခုတော့ တော်တော်မှုန်ဝါးနေပါပြီ။

မေမေငယ်ငယ်က ဓာတ်ပုံတွေ သိပ်မတွေ့ဖူးဘူး။
အဲဒီတုန်းက ဒိုက်ဦးဟာ တော်တော်ခေါင်တော့ ဓာတ်ပုံရိုက်လေ့ သိပ်မရှိကြဘူးထင်ပါရဲ့။
၁၀တန်းအောင်အပြီးမှာ မေမေရန်ကုန်တတ်လာတယ်။

သူ့အကို ညွှန်ကြားရေးမှုးအဖြစ်လုပ်နေတဲ့ အလုပ်သမား ၀န်ကြီးဌာနမှာ အလုပ်ဝင်တယ်။
နယ်မြို့သူကလေး မေမေနဲ့ ကျနော့်ဖေဖေ ရန်ကုန်သားကြီးဟာ အဲဒီမှာ တွေ့ကြတော့တာပေါ့။

[ကျနော် အသက်၃၀လောက်ရောက်လာချိန် တော်တော်အသိတရားဝင်လာချိန်မှာ ဆန္ဒတစ်ခု ဖြစ်မိတယ်။ ကျနော့်အတွက် မေမေနဲ့ ဖေဖေ ဂုဏ်ယူစေ့ချင်တာပါ။ ဒါပေမဲ့ ထော်လော်ကန့်လန့်ကောင်လေးကျနော့်မှာ ခုထိမေမေတို့ ဂုဏ်ယူစရာ မယ်မယ်ရရ မလုပ်ပြနိုင်သေးပါ။ ဘာပဲဖြစ်ဖြစ် ဒီစာစုလေးတွေက မေမေ့ကို ဘယ်လောက်လေးစားတန်ဘိုးထားကြောင်းသက်သေပါ။ ဒီစာစုလေးတွေကို ဖတ်ပြီး တခြားသူတွေလည်း ကိုယ့်အမေကိုယ် သတိရ လွမ်းဆွတ်စိတ်ဝင်ခဲ့ရင်ဖြစ်ဖြစ် အမေ့ကျေးဇူး နည်းနည်းလောက်ဆပ်ဘူးရင်ဖြစ်ဖြစ် ဗုဒ္ဒဘာသာကို ယုံကြည်သက်ဝင်မှုကြီးမားလှတဲ့ ၊ မိဘကျေးဇူးမမေ့ဖို့၇ာ တွေ့သူတိုင်းကို တဖွဖွဆုံးမတတ်တဲ့ ကျနော့်မေမေ ကျေနပ်ပျော်ရွှင်နေလိမ့်မယ် ထင်မိပါတယ်။]


သွန်းနေစိုး Thorn Nay Soe

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...