Tuesday, October 16, 2012

ဖွဲ့စည်းပုံကို မည်သူ အဓိပ္ပာယ် ဖွင့်မည်နည်း



by ပြည်သူ့ခေတ် on Tuesday, October 16, 2012 at 12:47am ·

 ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာများ မျက်နှာဖုံးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်” ဟူ၍ လည်းကောင်း၊ The New Light of Myanmar သတင်းစာတွင် USDP Chairman President U Thein Sein ဟူ၍လည်းကောင်း ဖော်ပြထားသော ခေါင်းစီးစာလုံးကြီးများ မြင်တွေ့ရသည့်အခါ ခေါင်းထဲတွင် တစ်စုံတစ်ရာ မှတ်သားထား သူတို့ အံ့အား သင့်ကြ၏။

            တချို့ကလည်း ဇဝေဇ၀ါ။
            ငါများ အမှတ်မှားသလား၊ ဟူ၍။
            ထို့ကြောင့်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) စာအုပ်ကြီးကို လှန်လှော ကြည့်သည့်အခါ၊...
            တွေ့ပါပြီ။
            ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၂ တွင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတ များသည် မည်သည့်လွှတ်တော် ကိုယ်စားလှယ်မျှ မဖြစ်စေရ၊ ဟူ၍လည်းကောင်း၊
            ပုဒ်မ ၆၃ တွင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် လွှတ်တော် ကိုယ်စားလှယ်ဖြစ်လျှင် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း ဖြစ်လျှင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှလည်းကောင်း နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများ အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်၊ ဟူ၍လည်းကောင်း ဖော်ပြထားတာ တွေ့ရသည်။
            သမ္မတကြီး ဦးသိန်းစိန်သည် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြု၍ ဇမ္ဗူသီရိ မဲဆန္ဒနယ်၌ ၀င်ရောက်ယှဉ်ပြိုင်ကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်းခံခဲ့ရသည်။ ထို့နောက် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည့်အခါ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးသကဲ့သို့ ဖြစ်သွားသဖြင့် လစ်လပ်သွားသော ဇမ္ဗူသီရိ မဲဆန္ဒနယ်နေရာအတွက် ၂၀၁၂ ဧပြီ ကြားဖြတ် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်သစ် ရွေးချယ်ခဲ့ကြပြီး ဖြစ်သည်။
            တစ်ဖန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၄ တွင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ မိမိတို့ ရာထူး သက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်း မပြုရဟု ဖော်ပြထားရာ ၎င်းအရဆိုလျှင် သမ္မတကြီးသည် လောလောဆယ်၌ ပြည်ခိုင်ဖြိုး ပါတီ၏ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုဟု မှတ်ယူရမည့် သဘောဖြစ်သည်။
            သတင်းစာများပါ သတင်းတွင် သမ္မတကြီးသည် ညီလာခံသို့ တက်ရောက်လာသော ပါတီ ကိုယ်စားလှယ်များအား တွေ့ဆုံနှုတ်ဆက် အားပေးကြောင်းများသာ ဖော်ပြထားရာ ပါတီ လုပ်ငန်း ဆောင်ရွက်ခြင်း မဟုတ်ဘဲ ကြွရောက် ချီးမြှင့်ခြင်းဟု ရှုမြင်စရာ ရှိပါသည်။
            သို့သော် လောလောဆယ် ပါတီလုပ်ငန်း ဆောက်ရွက်ခွင့်မပြုသော ပုဂ်္ဂိုလ်အား ပါတီ ဥက္ကဋ္ဌအဖြစ် ဖော်ပြခြင်းကမူ ပရိသတ်အတွက် နားမရှင်းစရာ ဖြစ်ပါသည်။
            သည်အတွင်း ယင်းကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောဆိုသံများလည်း ကြားလာရပါ သည်။
            ရှင်းလင်းချက်တစ်ခု၌ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၃၊ ၆၄ တို့တွင် ဖော်ပြထားချက်နှင့် စပ်လျဉ်း၍ ....
            ..... နိုင်ငံတော်သမ်္မတကြီးသည် ပါတီဥက္ကဋ္ဌဖြစ်လျှင် ပါတီဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက် ရမည်ဟု ပြဋ္ဌာန်းထားခြင်း မရှိကြောင်း၊ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန်သာ ပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း ဖွင့်ဆိုပြီး၊
            ..... ပါတီညီလာခံ ကျင်းပသည့်အခါ ပါတီဥက္ကဋ္ဌအနေဖြင့် သွားရောက် တွေ့ဆုံ နှုတ်ဆက်ခြင်းသာဖြစ်ပြီး၊ ပါတီညီလာခံ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုခဲ့ကြောင်း၊ လက်ရှိကာလတွင် ပါတီဥက္ကဋ္ဌအနေဖြင့် ဆက်လက် တည်ရှိနေဆဲ ဖြစ်ကြောင်း ရှင်းလင်း ဖော်ပြထားတာ တွေ့ရသည်။
            ကျိုးကြောင်းပြ ရှင်းလင်းချက်တစ်ခုအဖြစ် ဤသည်က စဉ်းစားစရာ ဖြစ်ပါသည်။
            သို့သော် အခြားမတူသော သုံးသပ်ချက်များလည်း ရှိနေသေးသည်ဖြစ်ရာ ယခုကဲ့သို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အဓိပ္ပာယ်ဖွင့်ဆိုသည့် ကိစ္စမျိုးတွင် အားကိုးပြုရသည့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို အမှတ်ရစရာ ဖြစ်သည်။
            သို့သော် လောလောဆယ်တွင် ခုံရုံးအဖွဲ့တစ်ခုလုံး နုတ်ထွက်ထားသဖြင့် သည်ကိစ္စကို တရားဝင် ရှင်းလင်းဖွင့်ဆိုပေး နိုင်မည့်သူမရှိ ဖြစ်နေရာ နောက်ထပ် ခုံရုံးအသစ် တစ်ခုတော့ ဖွဲ့စည်းခန့်အပ်ဖို့ လိုအပ်နေပြီဟု တင်ပြလိုပါသည်။  
    
ပြည်သူ့ခေတ်  အယ်ဒီတာ
၁၅၊  ၁၀၊  ၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...