Tuesday, October 16, 2012

သမိုင်းထဲက ဆရာဝန်များ (ဒေါက်တာ ဂျိုဆေးရီဇယ်)


ဖိလစ်ပိုင် မျိုးချစ်သူရဲကောင်း၊ငြိမ်းချမ်းရေးသမား ဒေါက်တာဂျိုဆေးရီဇယ်

            ဖိလစ်ပိုင်နိုင်ငံ၏ အမျိုးသားသူရဲကောင်းအဖြစ် သတ်မှတ်ခြင်းခံရသည့် ဒေါက်တာဂျိုဆေးရီဇယ်ကို ၁၈၆၁ခု၊ ဒီဇင်ဘာလ ၃၀ရက်နေ့တွင် မွေးဖွားခဲ့သည်။ တရုန်ပြည်မှ ဒေါက်တာဆွန်ယက်ဆင်၊ အိန္ဒိယမှ စာဆိုကျော် တဂိုးတို့နှင့် ခေတ်ပြိုင်ဖြစ်သည်။ ဒေါက်တာရီဇယ်၏ အကြမ်းမဖက်ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်သည့်နည်းလမ်းကို အိန္ဒိယနိုင်ငံခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီက အတုယူခဲ့သည်ဟု ထောက်ပြကြသူများရှိသည်။
အနောက်နယ်ချဲ့ကိုလိုနီလက်အောက်မှ အလွတ်ရုန်း၍ လွတ်လပ်သောအာရှနိုင်ငံသစ်များ ပေါ်ပေါက်လာသည့် အခန်းကဏ္ဍတွင် ဒေါက်တာရီဇယ်၏ လှုပ်ရှားမှုများသည် တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်ခဲ့သည်။
            ရီဇယ်သည် ကယ်လမ်ဘာမြို့ရှိ ချမ်းသာသော စပိန်နှင့်ဂျပန်သွေးများ ရောနှောနေသည့် ဖိလစ်ပိုင်မိသားစုတစ်ခုမှ ပေါက်ဖွားလာခဲ့ပြီး မွေးချင်း၁၁ယောက်မြောက်အနက် ၇ယောက်မြောက်ဖြစ် သည်။ ငယ်စဉ်ကမနီလာမြို့ရှိ အတန်နီရိုမြူနီစပယ်ကျောင်း တွင်ပညာသင်ကြားခဲ့ပြီး အထူးချွန်ဆုံး ကျောင်းသား ကိုးယောက်တွင် တစ်ယောက်အပါအ၀င်ဖြစ်လျက် ဆန်တိုတောမတ်စ်တက္ကသိုလ်တွင် ဥပဒေပညာများဆက်လက်ဆည်းပူးသည်။ ထိုအချိန်တွင် မိခင်ဖြစ်သူမှာ မျက်စိကွယ်သဖြင့်  မိခင်၏ မျက်စိရောဂါကို ကုသပေးနိုင်ရန် အထက်ပါတက္ကသိုလ်မှာပင် ဆေးပညာကိုပြောင်းလဲသင်ယူခဲ့သည်။
            မိဘများ မသိစေပဲ အစ်ကိုဖြစ်သူ၏ထောက်ပံ့မှုဖြင့် ၁၈၈၂ခု၊မေလတွင် စပိန်နိုင်ငံ၊မဒရပ်မြို့သို့ တိတ်တဆိတ်ထွက်ခွာလျက် မဒရပ်တက္ကသိုလ်တွင် ဆေးပညာဆက်လက်သင်ယူသည်။ ထိုတက္ကသိုလ်မှ ဆေးပညာဘွဲ့ရပြီး ပါရီတက္ကသိုလ်နှင့် ဂျာမဏီနိုင်ငံ ဟီဒယ်ဘတ်ဂ်ျတက္ကသိုလ်များတွင် ဘွဲ့လွန်ပညာများ ဆက်လက်ဆည်းပူးသည်။ ၁၈၈၇ခုနှစ်တွင် ဟီဒယ်ဘတ်ဂ်ျတက္ကသိုလ်၊မျက်စိပါမောက္ခ အော်တိုဘက်ကာ လက်အောက်တွင် မျက်စိပညာဘွဲ့လွန်သင်တန်းပြီးဆုံးသည်။ထိုအချိန်က ရီဇယ်၏အသက်မှာ ၂၅နှစ်ဖြစ်သည်။နောင်တွင် သူသင်ယူခဲ့သည့် မျက်စိကုပညာဖြင့် မိခင်၏မျက်စိရောဂါအား ခွဲစိတ်ကုသ ပေးနိုင်ခဲ့သည်။
            ရီဇယ်မှာ ပန်းချီ၊ပန်းပုစသည့် လက်မှုပညာ၊ကဗျာ၊စာ၊ပြဇာတ်များရေးခြင်းစသည့် အနုပညာများ ၀ါသနာထုံသူဖြစ်ပြီး ကိုယ်ခံပညာ၊ပစ္စတိုသေနတ်ပစ်၊ရှေးဟောင်းမနုသပညာစသည်တို့တွင်လည်း နှံ့စပ်သည်။ဘာသာစကား ၂၂မျိုးကိုလည်း ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်သည်။အက်ဆေး၊ကဗျာ၊နေ့စဉ်မှတ်တမ်း၊သတင်းနှင့် ၀တ္တုရှည်များ ရေးသားခဲ့ပြီး သူ၏၀တ္တုရှည်နှစ်ပုဒ်မှာ အလွန်ထင်ရှားသည်။
            ၁၈၉၂ခု၊ ဖိလစ်ပိုင်သို့ပြန်လာပြီး La Liga Filipina အမည်ရ လူထုအသင်းကြီးကို ဦးဆောင်တည်ထောင်သည်။ထိုအသင်းကြီးကြောင့် နယ်ချဲ့တော်လှန်ရေး ပုန်ကန်မှုကြီးတစ် ခုဖြစ်လာခဲ့ သဖြင့် ရီဇာ့တွင်တာဝန်ရှိသည်ဟုစပိန်အစိုးရက သတ်မှတ်ပြီး ထိုနှစ်ဇူလိုင်လတွင် ဒပ်ပီတန်မြို့သို့ နယ်နှင်ဒဏ်ပေးခဲ့သည်။ထိုဒေသတွင် ရီဇယ်ဦးဆောင်ပြီး စာသင်ကျောင်းဆောက်သည်။ ဆေးရုံဆောက်သည်။ ရေရရှိရေးဆောင်ရွက်ပေးပြီး လယ်ယာစိုက်ပျိုးတတ်စေရေး
အတွက် သင်တန်းများဖွင့်လှစ်ပေးခဲ့သည်။
            ရီဇယ်၏ရည်မှန်းချက်က ဖိလစ်ပိုင်နိုင်ငံကို လွတ်လပ်ပြီး အခြေခံဥပဒေတစ်ရပ်ရှိသော အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ရပ်ဖြစ်စေလိုသည်။ အကြမ်းဖက်နည်းကို နောက်ဆုံးကျည်ဆန်အဖြစ်သာ အသုံးပြုလိုသည်။ အမျိုးသားလွတ်မြောက်ရေးနှင့် လွတ်လပ်သည့်နိုင်ငံတစ်ခုတည်ထောင်ရေးတွင် နိုင်ငံသားတိုင်း၏ စိတ်ဓာတ်အဆင့်အတန်း မြင့်မားဖို့လိုသည်ဟု ယုံကြည်သည်။ “ဒီကနေ့ ကျွန်တွေဟာ နောက်နေ့မှာ သခင်တော့ ဖြစ်ပါရဲ့။ဒါပေမယ့် သခင်ဆိုး၊ သခင်ညစ်တွေ ဖြစ်နေရင် လွတ်လပ်ရေးရလည်း ဘာထူးခြားမလဲ။”ဟု ရီဇယ်ကပြောခဲ့သည်။တော်လှန်ရေးတစ်ခုစတင်သည့် နေရာမှာ ခေါင်းဆောင်လုပ်သူသည် ဘယ်အချိန်မှာတော်လှန်ရေးကိုစရမည်၊ လက်နက်ကိရိယာတွေ စုံ၊မစုံ
ကြည့်ရမည်၊ ဖိလစ်ပိုင်လူလတ်တန်းစားများ၏ “အား”ကို ယူရမည်ဟု ယုံကြည်သည်။
            ရီဇယ်အား ကျူးဘားသို့ တိမ်းရှောင်ရာလမ်းတွင် စပိန်တို့က ဖမ်းမိပြီး မနီလာသို့ပြန်ပို့ခံရသည်။ လမ်းခရီးတွင်လွတ်မြောက်ဖွယ် အခွင့်အလမ်းများ အကြိမ်ကြိမ်ကြုံသော်လည်း ထွက်မပြေးခဲ့ချေ။ အစိုးရအား ပုန်ကန်မှု၊သူပုန်ထမှုစသည်တို့ဖြင့် တရားရုံးတွင် စစ်ဆေးပြီး သေဒဏ်ပေးခံရသည်။ အသတ်ခံရမည့်နေ့ မိသားစုထံသို့ နောက်ဆုံးရေးခဲ့သည့်စာတွင် သည်လိုရေးခဲ့သည်။ “ကိုယ့်ကို ဂရုစိုက်ခံစေချင်သလို အိုမင်းမစွမ်းမိဘများကို ပြုစုစောင့်ရှောက်ပါ။ စိတ်မှတ်ဥာဏ်ထဲမှာ မိဘများကို ထာဝရ ချစ်သွားပါ့မယ်။
            မိတ်ဆွေတစ်ဦးအားရေးသားခဲ့သည့် နောက်ဆုံးစာတွင် “မနက်ဖြန်မနက် ၇နာရီမှာ ကျွန်တော့်ကိုပစ်သတကြလိမ့်မယ်ဗျ။တော်လှန်ရေးကြီးရဲ့ ရာဇ၀တ်မှုတွေထဲမှာ ကျွန်တော် လုံးဝမပါခဲ့ပါဘူး။ လိပ်ပြာသန့်သန့်နဲ့ပဲ ကျွန်တော်သေမှာပါ။” ဟုရေးခဲ့သည်။
            ရီဇယ့်ကို စပိန်လက်အောက်ခံ ဖိလစ်ပိုင်စစ်သားများက  သေနတ်ဖြင့်ပစ်သတ်ခဲ့သည်။ထိုဖိလစ်ပိုင်စစ်သည်များ၏ နောက်မှာ စပိန်စစ်သားများက စောင့်နေသည်။ အမိန့်မနာခံသည့် ဖိလစ်ပိုင်စစ်သည်များကို ပစ်သတ်ဖို့ဖြစ်သည်။စပိန်စစ်တပ်ဆရာဝန်ဗိုလ်ချုပ်က ပစ်သတ်ခါနီးမှာ ရီဇယ့်၏ သွေးခုန်နှုန်းကိုစမ်းသပ်ကြည့်ရာ မြန်နေခြင်းမ၇ှိ၊ပုံမှန်ပင်ဖြစ်ကြောင်း သတင်းပို့ခဲ့သည်။
            စပိန်ကိုလိုနီလက်အောက်ခံဘ၀မှ လွတ်မြောက်နိုင်ရေးအသက်စွန့်ကြိုးပမ်းမှုများအတွက် ဖိလစ်ပိုင်အမျိုးသား သူရဲကောင်းများဆိုင်ရာကော်မတီမှ  ဒေါက်တာရီဇယ်ကို အမျိုးသားသူရဲကောင်း အဖြစ်သတ်မှတ်ပြီး စပိန်နယ်ချဲ့၏ အဆုံးစီရင်ခြင်းခံခဲ့ရသည့် ၁၈၉၆ခုနှစ်၊ဒီဇင်ဘာလ ၃၀ရက်နေ့ကို ရီဇယ်နေ့အဖြစ်သတ်မှတ်လျက် ဖိလစ်ပိုင်နိုင်ငံ၏ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...